"ဘာရပ်ကြည့်နေတာလဲ။ ကျွန်တော့်ရဲ့ လမင်းလေးတွေကို မြန်မြန်မြေမြှုပ်ပေးကြပါလို့"
အန်ချောင်တို့လူနှစ်ယောက်က ကြောင်တောင်တောင်နှင့်ရပ်နေသည်ကို မြင်သောအခါ ကျိယွမ်က ထိုနှစ်ယောက်သည် အလုပ်မလုပ်ချင်၍ ခိုကပ်နေသည်ဟု ထင်သွားပြီး သတိပေးလိုက်၏။
အန်ချောင်က မိစ္ဆာအလောင်းများကို တစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြာ့်ကာ ခက်ခဲစွာတံတွေးမျိုချသည်။
"ဒီ... မိစ္ဆာတွေကို... နင် သတ်လိုက်တာလား"
ကျိယွမ်အားကြည့်သော သူမ၏ အကြည့်များက ပြောင်းလဲသွားလေပြီ။
အနက်ရောင်ဝတ်ထားသူကလည်း ကျိယွမ်ကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေ၏။
"ဒါပေါ့။ အပါးမခိုနဲ့တော့၊ သူတို့ကို မြေမြှုပ်ပေးကြပါ"
ကျိယွမ်က အနီးမှအလောင်းတစ်ခုကို ခြေဦးဖြင့် ဘေးသို့တွန်းဖယ်ရင် လောဆော်လိုက်သည်။
"ဒါက..."
အန်ချောင်သည် မြေပြင်ပေါ်ရှိ ရက်စက်စွာခုတ်ပိုင်းခံထားရသောအလောင်းများကို ကြည့်ကာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်သွားခဲ့သည်။
သူမ လုံးဝ နားမလည်နိုင်ပါ။
ကျိယွမ်က လူသစ်တစ်ယောက် မဟုတ်ဘူးလား။
သူက ဘယ်လိုလုပ်ပြီး ဒီနေရာတစ်ခုလုံးကို အပြတ်ရှင်းနိုင်ခဲ့တာလဲ။
သူမတစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဝတ်စုံနက်နှင့်အမျိုးသားက သူမကို စူးခနဲတစ်ချက်ကြည့်လိုက်သဖြင့် ဆက်မပြောရဲတော့ပေ။
ကျိယွမ်သည် သာမန်လူတစ်ယောက် မဟုတ်သလို အလွန်ရက်စက်သော လူသတ်စက်တစ်လုံး ဖြစ်နေသည်မှာ သိသာလှသည်။
ငါတို့ကိုပါ သတ်သွားရင် ဘယ်လိုလုပ်မလဲ ။
ထို့ကြောင့် သူတို့သည် ကျိယွမ်၏ အမိန့်ကို နာခံပြီး ပြန့်ကျဲနေသောမိစ္ဆာအလောင်းများကို မီးရှို့ကာ မြေမြှုပ်ပေးခဲ့ကြသည်။
ကျိယွမ်ကတော့ ဘေးတွင် ရပ်နေရင်း ကျွမ်းကျင်သော တပ်မှူးတစ်ဦးကဲ့သို့ ညွှန်ကြားနေ၏။
"ဒါနဲ့ စောစောက အရူးက ဘယ်သူလဲ"
ကျိယွမ်သည် ကျောက်စိမ်းသွေးအဆင့်ရှိသောအရူးကို တော်တော်လေး စိတ်ဝင်စားမိသည်။
"ငါတို့လည်း မသိဘူး"
အန်ချောင်က ခေါင်းခါပြရင်းမှ ဆက်ပြော၏။
"ချန်မိသားစုအကြောင်း စုံစမ်းနေတုန်း သူ့ကို တွေ့ခဲ့တာပါ။ သူက ချန်မိသားစု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်နေနိုင်တယ်လို့ သံသယရှိတာနဲ့ နောက်က လိုက်ခဲ့တာ၊ ဒါပေမဲ့ သူကခွန်အားအရမ်းကြီးမားတဲ့ ကျောက်စိမ်းသွေးအဆင့် ကျင့်ကြံသူ ဖြစ်နေလို့ အရမ်းနီးနီးလည်း မလိုက်ရဲဘူး။ မဟုတ်ရင် တာဝန်မပြီးခင် ငါတို့ ဒီမှာ သေသွားရင် ခက်လိမ့်မယ်လေ"
"တာဝန်နဲ့ ပတ်သက်နေတာလား"
ကျိယွမ် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"ဟူး... အချိန်တွေ အများကြီး ကုန်သွားပေမဲ့ သဲလွန်စက အစအနတောင် မရသေးဘူး။ ဒီတာဝန်က ခက်လွန်းတယ်။ ငါ ဆက်မလုပ်ချင်တော့ဘူး။ ခိုးချချင်သလိုတောင် ခံစားနေရတယ်"
သူက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။
သူ တစ်နေ့ကုန် ကြိုးစားခဲ့သော်လည်း ဝိညာဉ်သွေးသားတော် အကြောင်းလောက်ကိုသာ သိခဲ့ရ၏။
လော့မိသားစုနှင့် ချန်မိသားစု သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍မူ မည်သည့်သဲလွန်စမျှ မရှိသေးပေ။
ဝန်ခံရလျှင် ဤစုံထောက်နှင့် ပုစ္ဆာဖြေဂိမ်းသည် သူနှင့် မကိုက်ညီပါ။
ငါက ဓားနဲ့လိုက်ခုတ်တဲ့ဂိမ်းပဲ ဆော့တတ်တာ ။
သူသည် ယခုလိုခေါင်းစားရသောဂိမ်းထက် ခေါင်းဆောင်ကွန်တို့လို နောက်ဆုံးဘောစ့်ကို အမှတ်အသား ပြထားသည့် တိုက်ခိုက်ရေးဂိမ်းများကိုသာ ပို၍ ကစားလိုက်ချင်၏။
ထိုဂိမ်းမျိုးက ဘောစ့်ဆီသို့တည့်တည့်သွားပြီး ရိုက်နှက်လိုက်ရုံသာ ဖြစ်သဖြင့် သူ့အတွက် ပို၍ ရိုးရှင်းလေသည်။
ကျိယွမ်သည် တွေးရင်းမှ ဂိမ်း၏တာဝန်ကို အောင်မြင်ရန် စိတ်ဓာတ်ကျသွားခဲ့သည်။
"တကယ် ကျွန်တော်ဒီတာဝန်ကို အောင်အောင်မြင်မြင် မလုပ်နိုင်ရင် ဘာဖြစ်မလဲ"
သူကအန်ချောင်အား မေးလိုက်သည်။
"ဘာဆုလာဘ်မှ ရမှာမဟုတ်ဘူး"
"ဟမ်..ဆုမရရုံတင်ပေါ့ ၊ ပြစ်ဒဏ်မရှိဘူးလား။ အဲဒါဆို ငါ တာဝန်ကို ပြီးအောင် လုပ်စရာမလိုတော့ဘူးပေါ့"
နဂိုကမှ မလုပ်ချင်သော ကျိယွမ်က ဝမ်းသာအားရဖြစ်သွားသည်။
ထိုပျင်းစရာကောင်းသောတာဝန်ကို မလုပ်ချင်လည်း ရသည်ဆိုလျှင် သူက ခေါင်းဆောင်ကွန်ဆိုသူကို အနိုင်ယူရမည့်တာဝန်မျိုးအား သူ့ဘာသာ တာဝန်အသစ် သတ်မှတ်နိုင်လောက်၏။
ဒါဆို ငါက သူ့အိမ်သွားပြီး ဓားနဲ့ထုတ်ပိုင်းလိုက်ရုံနဲ့ ဂိမ်းကပြီးပြီပေါ့ ၊ မမိုက်ဘူးလား ။
"တကယ်လို့ တစ်ယောက်ယောက်က တာဝန်ကို မပြီးမြောက်ဘူးဆိုရင် လက်တွေ့ကမ္ဘာကို ပြန်သွားလို့ မရဘူး။ ဒီတာဝန်လောကထဲမှာ ပိတ်မိနေမှာ ၊ ဒီနေရာမှာ အချိန်အကြာကြီး နေမိရင် ငါတို့ရဲ့ သွေးစွမ်းအင်တွေ ညစ်ညမ်းလာပြီး နောက်ဆုံးမှာ... ရူးသွပ်ပြီး သေသွားလိမ့်မယ်"
အန်ချောင် ကျိယွမ်ဘာတွေးနေသည်ကို သဘောပေါက်သလို ရှင်းပြ၏။
တစ်ခါက သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ပညာရှင်တစ်ဦးကို ချစ်မိသွားပြီး ဤလောကမှ မပြန်ချင်တော့ဘဲ သူနှင့်အတူ ထာဝရ နေထိုင်ချင်နေ၏။။
ထို့ကြောင့် ထိုလုပ်ဖော်ကိုင်ဖက်သည် တာဝန်တွင် တက်ကြွစွာ မပါဝင်တော့ဘဲ ချစ်သူနှင့်အတူနေရန်သာ စိတ်ကူးနေခဲ့သည်။
။
ရလဒ်အနေဖြင့် နောက်ဆုံးတွင် သူမသည် ရူးသွပ်သွားပြီး သနားစဖွယ်သေဆုံးသွားရှာသည်။
ထိုဖြစ်ရပ်သည် အန်ချောင်အတွက် မမေ့နိုင်စရာ အမှတ်ရစရာတစ်ခု ဖြစ်နေဆဲပင်။
"ဒါက ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ သတ်မှတ်ချက်လဲ"
ကျိယွမ်၏ မျက်နှာချောချောက စူပုတ်သွားလေလိုက်သည်။
တာဝန်ကို ရှောင်လွှဲရန် သူ၏အစီအစဉ်မှာ စတောင် မစရသေးခင်ကပင် ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။
"အဲဒါဆို အခု ခင်ဗျားတို့မှာ သဲလွန်စအသစ်လေးဘာလေးများ ရှိသေးလား"
နောက်ဆုံးတွင် ကျိယွမ်သည် စိတ်ပျက်လက်ပျက်နှင့် တာဝန်အား ပြန်ယူလိုက်ရတော့သည်။
"မရှိဘူး၊ ဒါပေမဲ့ အဲဒီအရူးကတော့ တစ်ခုခု သိကောင်းသိနိုင်တယ်"
အန်ချောင်က သူမ၏အယူအဆအရ ဖြေလိုက်၏။
သူတို့ ထိုအရူးကို တွေ့စဉ်က ချန်မိသားစုအိမ်ရှေ့တွင် ခါးသီးစွာ ငိုကြွေးနေခဲ့သဖြင့် သူက တစ်ခုခုကို သိထားပုံရသည်။
သို့သော် ပြဿနာမှာ ထိုအရူးသည် လူကသာရူးနေသော်လည်း သိုင်းပညာက ကျောက်စိမ်းသွေးအဆင့် ဖြစ်သဖြင့် ခွန်အားအလွန်ကြီးမားလှသည်။
သူတို့မှာ စုံစမ်းချင်သော်လည်း အနားသို့ပင် သွားမသီရဲပါ။
မဟုတ်ပါက တာဝန်မပြီးဆုံးမီ သေဆုံးသွားရမည်ကို စိုးရိမ်ရ၏။
ကျိယွမ်က ခေတ္တမျှစဥ်းစားနေပြီးမှ တစ်မျိုးထပ်မေးသည်။
"ယွင်ယန်ခရိုင်မှာ သတင်းအချက်အလက် အများဆုံးရှိတာ ဘယ်သူလဲ"
"ရေသတ္တဝါ မိစ္ဆာတွေရဲ့ ခေါင်းဆောင် ကွန်ပဲ"
အန်းချောင်က ထိုသို့ဖြေလိုက်သော်လည်း သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ခေါင်းဆောင်ကွန်ဟူခေါ်သော ကွန်လောင်တသည် ကျောက်စိမ်းသွေးအဆင့်မိစ္ဆာကြီး တစ်ကောင်ဖြစ်၏။
ယခုတာဝန်ကို ယူထားသော မိစ္ဆာနှိမ်နင်းရေးဌာနမှ အဖွဲ့ဝင်လေးဦးလုံး ပေါင်းလျှင်ပင် ကွန်လောင်တကို ရင်ဆိုင်ပြီး အသက်ရှင်ရန် ခက်ခဲလှသည်။
ထို့ကြောင့် သူတို့သည် ရေသတ္တဝါ မိစ္ဆာများနှင့် ပတ်သက်သည့် သဲလွန်စများကို တွေ့လျှင်ပင် ကွန်လောင်တထံ တိုက်ရိုက်မသွားရဲဘဲ အခြားဘက်မှသာ ကွေ့ပတ်ပြီးစုံစမ်းနေကြရ၏။
"အဲဒီ ကွန်လောင်တက ဘယ်မှာလဲ"
ကျိယွမ်ကတော့ မထူးဆန်းသလိုမေးလိုက်သည်။
မိစ္ဆာစုဝေးပွဲတွင် အကြီးအကဲဟွမ်အား မေးခဲ့သော်လည်း ထိုအဘိုးကြီးက အူကြောင်ကြားစကားများပြောကာ အဖြေကိုမပေးခဲ့ချေ။
ထိုအချက်က သူ့ကို တော်တော်လေး စိတ်မကောင်း ဖြစ်စေခဲ့သည်။
အန်ချောင်က ခေါင်းခါပြလိုက်သည်။
သို့သော် သူမက တစ်ခုခုကို သတိရသွားဟန်ဖြင့် သတိပေး၏။
"ကွန်လောင်တက ကျောက်စိမ်းသွေးအဆင့် မိစ္ဆာကြီး။ နင် သတိထားရမယ်။ အဲဒီမိစ္ဆာက လူသားတွေကို အမုန်းဆုံးလို့ ကြားဖူးတယ်။ သူ့နယ်မြေထဲ တစ်ယောက်ယောက် ဝင်သွားရင် အရှင်လတ်လတ် ဝါးမြိုခံရတယ်ဆိုပဲ "
ကျိယွမ်၏ အံသြသွားသလို မျက်ခုံးများက မြင့်တက်သွားလေသည်။
"အိုး... ဒီလောက် ယုတ်မာတဲ့ မိစ္ဆာဆိုရင် သူက ဂိမ်းထဲက ဖုံးကွယ်ထားတဲ့ ဘော့စ်ဖြစ်နိုင်လောက်တယ် ။ လော့မိသားစုနဲ့ ချန်မိသားစု သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ ကွန်လောင်တ ရှိနေတာ သေချာသလောက်ပဲ "
ကျိယွမ်၏ စုံထောက်စွမ်းရည်က ထိုမျှထက်မြတ်လေ၏။ သူက ထင်ရာမြင်ရာကို အတည်အပေါက်ကောက်ချက်ချကာ စိတ်သက်သာရာရသွားသည်။
သို့သော် အန်ချောင်ခမျာမှာတော့ ပြောစရာစကားများ ပျေက်ဆုံးသွားရသည်။
တရားခံရှာရတာက ဘယ်တုန်းက အဲဒီလောက်လွယ်သွားတာလဲ ။
ဝတ်စုံနက်နှင့်အမျိုးသားက အနေရခက်စွာ ပြုံးလိုက်ပြီး ဝင်ပြောလေ၏။
"တကယ်လို့ သူသာဆိုရင်တော့ ဒါက ခက်ခဲလိမ့်မယ်"
အမှန်တော့ သူ၏စိတ်ထဲတွင် "ဒါမျိုးကို ပေါ့ပေါ့ပါးပါး မပြောနဲ့ ၊ အထောက်အထား သက်သေမရှိဘဲနဲ့ အန္တရာယ်ကြီးတဲ့မိစ္ဆာကို ရန်သွားစမလို့လား" ဟု ပြောချင်နေသည်။
"နှမြောစရာပဲ၊ ဒီမှာ အင်တာနက် မရှိဘူး။ ရှိရင် သူ့အကြောင်း ဆောင်းပါးရှည်ကြီး တစ်ပုဒ်လောက် ရေးလိုက်ရမှာ"
ကျိယွမ် သက်ပြင်းချလိုက်သည်။
၄င်းကို လျှော့မတွက်သင့်ပေ ။ ဆောင်းပါးရှည်ကြီးတစ်ပုဒ်၏ စွမ်းအားက ကြီးမားလှ၏။
သူ အလင်းနန်းတော်ကို ဖျက်ဆီးစဉ်က ထိုဆောင်းပါးသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့ခြင်း မဟုတ်ပါလား။
"ကဲ...ကျွန်တော် ဂိမ်းသွားကစားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့"
ထိုသို့ ပြောပြီးနောက် ကျိယွမ်၏ ပုံရိပ်သည် ခြံဝင်းထဲမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
အန်ချောင်ကတော့ စွန့်ပစ်ခြံဝင်းကြီးအား အနည်းငယ်တွေဝေနေဟန်ရှိသည်။
ယွင်ယန်ခရိုင်တွင် အဓိက အင်အားစု သုံးခု ရှိပြီး မြွေပါမိစ္ဆာများ၊ မြွေမိစ္ဆာများနှင့် ရေသတ္တဝါ မိစ္ဆာများ ဖြစ်သသည်။
ယခု မြွေပါမိစ္ဆာများကတော့ အစုလိုက်အပြုံလိုက် အပြတ်ရှင်းခြင်း ခံလိုက်ရပြီ ဖြစ်၏။
ရေနေမိစ္ဆာ ကွန်လောင်တမှာမူ ပျောက်ချက်သား ကောင်းနေဆဲပင်။
ယခုအကြိမ်၌ ကျိယွမ်သည် ရှာရခက်သောကွန်လောင်တအစား မြွေမိစ္ဆာများကို ရှာဖွေရန် ထွက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထိုမြွေများသည် လည်း အစားထိုး မျှော်လင့်ခြင်းလမင်းများ မဟုတ်ပါလား။
၎င်းတို့က အတွေ့အကြုံရမှတ်များ မပေးနိုင်သော်လည်း သွေးအဆီအနှစ်ကိုတော့ ပေးနိုင်ပါလိမ့်မည်။
ကျိယွမ် ထွက်သွားသည်ကို ကြည့်ပြီးဝတ်စုံနက်နှင့် အမျိုးသားက သက်ပြင်း အရှည်ကြီး ချလိုက်သည်။
"သူက လူသစ်လေးပဲလေ။ ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ အနည်းဆုံးတော့ သူက မဟာသွေးစွမ်းအင်နယ်ပယ်ကိုများ ရောက်နေများ လား"
"သူက တကယ်ပဲ ပါရမီရှင်တစ်ယောက် ဖြစ်နေတာထင်တယ်"
လောကတွင် သိုင်းပညာ ပါရမီရှင်များ အမှန်တကယ် ရှိကောင်းရှိနိုင်၏။
သူတို့အဖွဲ့တွင် အသန်မာဆုံးမှာ ချန်ဖန် ဖြစ်သည်။
သို့သော် ချန်ဖန်၏ အထက်တွင် ကျိယွမ်ကဲ့သို့ ထူးချွန်သောပါရမီရှင်များစွာ ရှိနေသေးသည်။
ယခုပင်ကြည့်ပါ တာဝန်ပင် မပြီးသေးဘဲ သူက မဟာသွေးစွမ်းအင်အဆင့်သို့ ရောက်ရှိနေလေပြီ။
"ဒုက္ခပါပဲ၊ သူ့ကို 'ကောင်းကင်တုန်ဟည်းကျင့်စဥ်' မပေးလိုက်သင့်ဘူး။ အဲဒီကျင့်စဉ်က မပြည့်စုံဘူးလေ။ သူ ကျောက်စိမ်းသွေးနယ်ပယ်ကို ရောက်ချင်ရင် အခြားကျင့်စဉ်တစ်ခုကို ပြောင်းကျင့်ရလိမ့်မယ်"
...........
သုံးနာရီ ကြာပြီးနောက်။
ကျိယွမ်သည် တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲတောက်နေပြန်လေပြီ။
စိတ္တဇ လူသတ်သမားတစ်ဦးနှင့်ပင် ဆင်တူနေခဲ့သည်။
သူက အဝတ်အစားများပေါ်မှ သွေးများကို ခါလိုက်ပြီးနောက် ကျေနပ်စွာ ရေရွတ်လိုက်၏။
"မိုးတောင် လင်းနေပြီလား။ ဒီတစ်ခေါက် ရလဒ်တွေကလည်း... မဆိုးပါဘူး"
မြွေပါမိစ္ဆာများကို ရှင်းလင်းပြီးနောက် ကျိယွမ်သည် တစ်ညလုံး ခရီးနှင်ကာ မြွေမိစ္ဆာများ၏ အခြေစိုက်စခန်းသို့ သွားခဲ့၏။
ကျိယွမ်က အလွန် သန်မာချင်လွန်းနေပြီဖြစ်သောကြောင့် မြွေပါမိစ္ဆာများက သူ့ကို မတင်းတိမ်စေနိုင်တော့ဘဲ အစားထိုးလမင်းအသစ်များကို ရှာဖွေရန် လိုအပ်လာခဲ့သည်။
ရလဒ်အနေဖြင့် မြွေမိစ္ဆာများသည်လည်း သူ၏လက်ချက်ဖြင့် မျိုးပြုတ်မတတ် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
ယခုအခါ သူ့တွင် မိစ္ဆာသွေးအဆီအနှစ်အစက်ပေါင်း နှစ်ရာကျော် ရှိနေပြီဖြစ်ပြီး ကျန်နေသော အစက်ငါးဆယ်နှင့် ပေါင်းလျှင် စုစုပေါင်း နှစ်ရာ့ခြောက်ဆယ် ရခဲ့လေပြီ။
"ဒီလောက် မိစ္ဆာသွေးအဆီအနှစ်တွေနဲ့ဆိုရင် ငါ ကျောက်စိမ်းသွေးအဆင့်ကို တက်လှမ်းဖို့ လုံလောက်မှာပါ"
ကျိယွမ်က အမြန်ဆုံးသန်မာလာချင်နေ၏ ။ မဟုတ်ပါက စိတ်မချသလို မလုံမခြုံခံစားနေရသည်။
ထို့အပြင် ဂိမ်းထဲတွင်ခွန်အားတိုးတက်လာခြင်းက ကျိယွမ်ကို ကန်းလန်လောကမှာပါ အောင်မြင်မှုကို ပေးနိုင်သဖြင့် ပို၍ စိတ်အားထက်သန်နေခြင်းလည်းဖြစ်နိုင်၏။
ယခုတစ်ခါတွင် မူလမျိုးစေ့ကြောင့် ဤလောကတွင် သူရရှိသမျှ ခွန်အားအားလုံးသည် ကန်းလန်လောကရှိ သူ့ထံသို့ ပြန်လည် ထင်ဟပ်သွားမည်ဖြစ်သောကြောင့် သူကရနိုင်သမျှခွန်အားမှန်သမျှကို တိုးတက်ချင်နေတော့သည်။
"စနစ်..အမှတ်ပေါင်းထည့်မယ်... အဆင့်တက်မယ်"
ကျိယွမ်က အော်ဟစ်လိုက်၏။
သို့သော် သူ့တွင်စနစ်မရှိသဖြင့်မည်သည်တုန့်ပြန်မှုမှ မရှိခဲ့ပါ။
ကျိယွမ်က ထုံးစံအတိုင်း သူ့ဘာသာ နောက်ခံစကားပြောလုပ်လိုက်သည်။
"ခြွေတာတတ်တဲ့ သင်ဟာ မိစ္ဆာသွေးအဆီအနှစ် သုံးစက်ကို အသုံးပြုပြီး ကျောက်စိမ်းသွေးနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သင့်ရဲ့ 'ကောင်းကင်တုန်ဟည်းကျင့်စဉ်' က မရဘူးလို့ ငြင်းဆိုလိုက်တယ်၊ ကျင့်စဉ်က မပြည့်စုံသေးတဲ့အတွက် မလုံလောက်ပါ "
"သင်သည် အံကြိတ်ပြီး မိစ္ဆာသွေးအဆီအနှစ် ၅၀ ကို သုံးကာ 'ကောင်းကင်တုန်ဟည်းကျင့်စဉ်' ကို ထပ်မံ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဒါပေမဲ့ သင့်ရဲ့ အထူးမျက်လုံးတွေရဲ့ အကူအညီနဲ့တောင် မအောင်မြင်ခဲ့ဘူး"
"သင် နောက်တစ်ခါ ထပ်အံကြိတ်လိုက်တယ်၊ နောက်ထပ် မိစ္ဆာသွေးအဆီအနှစ် ၅၀ ကို ထပ်သုံးလိုက်တယ်။ နောက်ဆုံးမှာတော့ မင်း အသိဥာဏ်ပွင့်သွားပြီး 'ကောင်းကင်တုန်ဟည်းကျင့်စဉ်' ကို ကျောက်စိမ်းသွေးအဆင့်အထိ ဆင်ခြင်နိုင်ခဲ့ပြီ။ အသိဥာဏ်ပွင့်လာတဲ့ အချိန်မှာပဲ မင်းရဲ့ ကျင့်ကြံမှုကလည်း ကျောက်စိမ်းသွေးအဆင့်ကို ချိုးဖျက် တက်လှမ်းသွားနိုင်ခဲ့ပါပြီ"
ကျိယွမ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့သည်။
သူ၏ ခွန်အားများက သိသိသာသာ တိုးလာသည်ကိုလည်း ခံစားလိုက်ရ၏။
အကယ်၍ သူသည် အကြီးအကဲဟွမ်သာမကက မြွေမိစ္ဆာများကိုပါ တပြိုင်နက်တည်း ထပ်မံတွေ့ဆုံပါက သတို့သမီးလေးနှင့် ပေါင်းစပ်ရန် မလိုဘဲ အလွယ်တကူ ကိုင်တွယ်နိုင်ပါလိမ့်မည်။
"ဒါပေမဲ့... အဲဒီအရူးနဲ့ နှိုင်းယှဉ်ရင် ငါက နည်းနည်း အားနည်းနေသေးပုံပဲ"
ခွန်အားတိုးလာသော်လည်း သူ့တွင် သိုင်းစွမ်းရည်များ မရှိသေးပါ။
ထို့ကြောင့် တိုက်ခိုက်ရပြီဆိုလျှင် သူ၏ သွေးစွမ်းအင်ကိုသာ လုံးဝအားကိုးနေရ၏။
ကျောက်စိမ်းသွေးအဆင့်၏ သိုင်းပညာ စွမ်းရည်များကို မျက်စိဖြင့်မြင်ခဲ့ရပြီးနောက် ကျိယွမ်သည် ဂိမ်းထဲမှ ဇာတ်ကောင်များကို လျှော့မတွက်ရဲတော့ပါ။ဂိမ်းက ပျင်းစရာကောင်းသော်လည်း NPC များက တော်တော်ကျွမ်းနေကြ၏။
"ငါ သိုင်းပညာတစ်ခုခု အမြန်ဆုံးသင်ယူဖို့ လိုနေပြီ ၊ မဟုတ်ရင် အားနည်းချက် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီမှာက... အကုန်လုံးက ရှေးဟောင်း သိုင်းပညာတွေချည်းပဲ"
ကျိယွမ် အနည်းငယ် ခေါင်းစားသွားခဲ့သည်။
ရှေးဟောင်းသိုင်းပညာများသည် ကံမကောင်းဟု ယူဆကြသဖြင့် သူလည်း မသင်ယူချင်ပေ။
ထို့ကြောင့် လောလောဆယ်၌ ကျင့်စရာသိုင်းမရှိဖြစ်နေရသည်။
"နေဦး၊ ငါ့ရဲ့ ပင်ကိုယ်သိုင်းပညာရှိသေးတယ်လေ... အဲဒါကလည်း သိုင်းအသစ် ဖြစ်လောက်တယ် မဟုတ်လား"
အန်ချောင်နှင့် ပြောခဲ့သောစကားများကို သူ ပြန်လည်သတိရမိလိုက်ခြင်းဖြစ်သည်။
လက်တွေ့ကမ္ဘာမှ သိုင်းပညာများသည်သိုင်းပညာအသစ်များ ဖြစ်ကြသည်ဟု ဆို၏။
"ဒါဆို ငါ့မှာလည်း သိုင်းပညာတစ်ခု ရှိတယ်လေ ။အဲဒါက အဆင့်နည်းနည်း နိမ့်နေပေမဲ့ မရှိတာနဲ့စာရင် အသုံးဝင်တာပဲ"
သူ၏ ပေါက်ကွဲငှက်လက်သီးသည် အမှန်တကယ်ပင် အခြေခံဆန်လွန်းလှ၏။
၎င်းသည် ကျောက်စိမ်းသွေးအဆငိ့စွမ်းရည် မဟုတ်ရုံသာမက ထိုအောက်နိမ့်သော သွေးစွမ်းအင်အဆင့် စွမ်းရည်ပင် မဟုတ်ပါ။
"ထားတော့ ..ဘာပဲပြောပြော အခြားနည်းမရှိဘူး ။ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေရဲ့ လတ်ဆတ်တဲ့ သွေးတွေကို သုံးပြီး ဒီငှက်မုန်းတီးရေးစွမ်းရည်ကို မြှင့်တင်ပေးမယ်"
သူ့တွင် ကျန်နေသော မိစ္ဆာသွေးအဆီအနှစ်များနှင့် 'ကောင်းကင်တုန်ဟည်းကျင့်စဉ်' ကို ဆက်လက် ဆင်ခြင်ရန် မဖြစ်နိုင်တော့သဖြင့် အခြားကျင့်စဉ်များ ရရှိရန် လိုအပ်လာသည်။
ထို့ကြောင့် လက်ရှိတွင် သူ၏ ကျင့်ကြံမှုကတော့ တစ်ဆို့သွားခဲ့လေပြီ ။ကျင့်စဥ်အသစ်ရမှသာ ရှေ့ဆက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူ၏ သိုင်းပညာ စွမ်းရည်များကိုသာ မြှင့်တင်ရုံရှိတော့သည်။
ဂိမ်းထဲတွင် ကျန်ရှိနေသော ဘော့စ်ကြီးများမှာ ကွန်လောင်တနှင့် ဝိညာဉ်သွေးသားတော်တို့ ဖြစ်န်ုင်၏။
ကျိယွမ်သည် သူ၏ ခွန်အားကို မြန်မြန် မြှင့်တင်ရန် လိုအပ်နေသဖြင့် အချိန်မဆိုင်းတော့ပါ။
"အမှတ် ပေါင်းမယ်"
ကျိယွမ်က နောက်တစ်ကြိမ် သူ့ဘာသာ နောက်ခံစကားပြော ပြုလုပ်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သူသည် မိစ္ဆာသွေးအဆီအနှစ် အမြောက်အမြားကို အသုံးပြုပြီး သူ၏ သိုင်းပညာ စွမ်းရည်ကို အဆင့်မြှင့်တင်လိုက်ခြင်းဖြစ်၏။
နောက်ဆုံးတွင် သူ၏ ပင်ကိုယ်သိုင်းပညာဖြစ်သော ပေါက်ကွဲငှက်လက်သီး' သည် ခမ်းနားစွာ ပြောင်းလဲသွားပြီး ဘာလချာစွမ်းရည်မှသည် 'ကျောက်စိမ်းသွေးအဆင့် ပေါက်ကွဲငှက်လက်သီး' အဖြစ်သို့ အဆင့်မြင့်တက် သွားလေသည်။
"ဒီလက်သီးက အသံလောက်ကို မြန်တာပဲ ၊ ငှက်တွေအတွက်ဆိုရင် ပိုပြီးတော့တောင် အသက်အန္တရာယ်ရှိစေတယ်"
ကျိယွမ် အနည်းငယ် စိတ်ချသွားသော်လည်း လုံလောက်သေးသည်ဟုတော့ မခံစားရသေးပေ။
"ဟူး... စနစ်မရှိတော့ စနစ်အစားစကားတွေ အများကြီး ပြောရတာ လည်ချောင်းတွေ ခြောက်လှပြီ။ ငါ့အတွက် နောက်ခံစကားပြောပေးမဲ့ စနစ်တစ်ခု ဘယ်တော့ရမလဲ မသိဘူး ။ အဲဒါမှ မဟုတ်ရင် ငါ့ရဲ့ အတွေးတွေကို အပြင်ကို အလိုအလျောက် ပြောပေးမဲ့ စက်တစ်ခုလောက် ငါ့ကိုယ်မှာ တပ်ဆင်ထားချင်တယ်"
ကျိယွမ် စိတ်ကူးယဉ်နေမိသည်။ ကန်းလန်တွင် ထိုအရာက မဖြစ်နိုင်သော်လည်း ကုံရှင်းဂြိုဟ်ပေါ်တွင်မူ အမှန်တကယ် ဖြစ်လာနိုင်၏။
လူတို့၏ အတွေးများကို အသံထွက်ပြောပေးနိုင်သည့် အီလက်ထရောနစ် ပစ္စည်းများပင်ရှိနေသည်။
ဇာတ်ညွှန်းရေးဆရာတစ်ဦးသည် ဇာတ်ညွှန်းများ မြန်မြန်ရေးနိုင်ရန် ထိုအရာကို အသုံးပြုခဲ့ဖူးသည်ဟု သူသတင်းထဲ၌ ကြည့်လိုက်ရသည်။
"အိမ်ပြန်ပြီး အိပ်ရမယ်"
ကျိယွမ်သည် အနည်းငယ် မိုးလင်းစပြုနေသော ကောင်းကင်ကို ကြည့်ကာဆုံးဖြတ်လိုက်၏။
တစ်နေ့ကုန် ကြိုးစားခဲ့ရသဖြင့် ကောင်းကောင်း အိပ်စက်ရန် အချိန်တန်လေပြီ။
.........
ကျိယွမ်သည် ကလေးတစ်ဦး၏ ဆူညံသံကြောင့် အိပ်ယာမှ နိုးလာခဲ့သည်။
သူ နိုးလာသောအခါ နေမှာ အတော်ပင် မြင့်နေပြီဖြစ်ကာ အချိန်ကို ခန့်မှန်းကြည့်လျှင် မွန်းလွဲ သုံးနာရီခန့် ရှိနေလောက်ပြီဟု ထင်ရ၏။
"မနက်စောစောစီးစီး ဘာလို့ တံခါးလာခေါက်နေတာလဲ"
အပြင်ဘက်မှ ကောင်လေးကို ကြည့်ကာ ကျိယွမ်က အလိုမကျသောအသံဖြင့် မေးလိုက်သည်။
ထီပေါက်ပြီး ငွေ ဆယ်ထရီလီယံ ရရှိကာ ကုံရှင်းဂြိုဟ်ကို ဝယ်ယူပြီး ဘဝ၏ အောင်နိုင်သူ ဖြစ်လာသည့် လှပသောအိပ်မက်ကို သူမက်နေခြင်းဖြစ်၏။
သူသည် ဝူယွင်ခန်းမသို့ သွားပြီး သူအားနှိပ်ကွပ်ခဲ့သူများကို ကုံရှင်းဂြိုဟ်တစ်ခုလုံးက သူ့အပိုင်ဖြစ်ကြောင်း ပြောရန် ပြင်နေစဉ်မှာပင် နှိုးခြင်း ခံလိုက်ရသည်။
သူ အနည်းငယ် စိတ်တိုသွားလေ၏။
သို့သော် သူသည် သဘောထားကြီးပြီး အာဃာတ မထားတတ်သူ ဖြစ်သဖြင့်
အလိုက်မသိ လာအော်နေသော ကလေးကို ဓားဖြင့်မခုတ်ခဲ့ပါ။
"ခင်ဗျားက... ကျိအာလား"
ကောင်လေး၏မျက်နှာမှာ ညှိုးနွမ်းနေပြီး အာဟာရချို့တဲ့နေပုံရလေသည်။
"ဆိုပါတော့ ...ဘာဖြစ်လို့လဲ"
ကျိယွမ်က ဖုံးကွယ်ထားသော ဂိမ်းဇာတ်လမ်းတစ်ခု ပွင့်လာပြီလားဟု တွေးလိုက်မိသည်။
အိပ်စက်ခြင်းကလည်း ဖုံးကွယ်ထားသော ဂိမ်းဇာတ်လမ်းများကို ပွင့်စေနိုင်မည်ဟု သူ ထင်မထားမိခဲ့ပါ။
နောက်ကို များများအိပ်ပေးသင့်လား။
"ရှောင်မေက ခင်ဗျားကို သွားရှာခိုင်းလိုက်တာပါ"
ကောင်လေးက ပျာပျာသလဲ ပြောလိုက်သည်။
"မနေ့ညတုန်းက ရှောင်မေ ကျွန်တော်တို့ရွာကို ရောက်လာပြီး ကျွန်တော်တို့အိမ်မှာ တည်းတယ်။ ဒါပေမဲ့ သန်းခေါင်ယံရောက်တော့ ဘေးရွာက လူတွေက သူမကို လာခေါ်သွားကြတယ်"
"ဪ... တစ်ယောက်ယောက်က သူမကို သဘောကျလို့နေမှာပေါ့"
ကျိယွမ်က တည်ငြိမ်စွာ မှတ်ချက်ချလိုက်သည်။
"ပင်လယ်နတ်ဘုရားက သူ့ကို သဘောကျတာလေ။ ဟိုင်ရှီရွာက လူတွေက သူ့ကို ပင်လယ်နတ်ဘုရားနဲ့ လက်ထပ်ပေးချင်နေကြတာ"
ကောင်လေးက စိုးရိမ်တကြီး ရှင်းပြ၏။
သူသိထားသလောက်ဆိုလျှင် ပင်လယ်နတ်ဘုရားနှင့် လက်ထပ်ရခြင်းမှာ ကောင်းသောကိစ္စ မဟုတ်ပါ။
ဟိုင်ရှီရွာသည် ပင်လယ်နတ်ဘုရားကို ကိုးကွယ်ကြပြီး မိန်းကလေးငယ်များကို ဖမ်းဆီးကာ မင်္ဂလာဝတ်စုံနီများ ဝတ်ဆင်ပေး၍ ပင်လယ်နတ်ဘုရားထံ ယဇ်ပူဇော်လေ့ ရှိခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ပင်လယ်နတ်ဘုရားက ငါးများများရစေရန်နှင့် ပင်လယ်ငြိမ်သက်စေရန် ကောင်းချီးပေးမည်ဟု သူတို့ယုံကြည်ကြ၏။
ကျိယွမ်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ချီးကျုးလိုက်သည်။
"ရှောင်မေက အသားမည်းပေမဲ့ တကယ်ကိုအိမ်ထောင်ကျလွယ်တဲ့ အမျိုးသမီးပဲ"
သူ ဤဂိမ်းထဲရောက်သည်မှာ မကြာသေးသော်လည်း ရှောင်မေသည် ဒုတိယအကြိမ်မြောက် လက်ထပ်ရန် ပြင်နေရပြီ မဟုတ်ပါလား ။
မည်သူမျှ သူမကို မမီနိုင်ပေ။
ဂိမ်း၏ သတ်မှတ်ချက်မှာ စိတ်ဝင်စားစရာကောင်းလှသည်။ ဟာသဇာတ်ကောင်တစ်ချို့ကို ထည့်သွင်းထားလေ့ ရှိ၏။
ကျိယွမ်၏ အမြင်တွင် ရှောင်မေသည် ထိုသို့သော ဟာသဇာတ်ကောင် တစ်ဦးသာ ဖြစ်သည်။
"ဒါနဲ့ ..ပင်လယ်နတ်ဘုရားက... မိစ္ဆာလား"
ကျိယွမ်က သူ စိတ်ဝင်စားသည့် အချက်ကိုသာ မေးမြန်းလိုက်၏။
ယခုအချိန်တွင် သူသည် မိစ္ဆာသွေးအဆီအနှစ်များကို မဟားဒယားလိုအပ်နေလေသည်။
ရေမျိုးနွယ်မိစ္ဆာကြီး ကွန်လောင်တမှအပ အခြားသော မိစ္ဆာအများစုကို သူ သတ်ဖြတ်ပြီး စုဆောင်းခဲ့သော်လည်း လိုအပ်နေဆဲပင်။
ကွန်လောင်တ၏တည်နေရာကို မသိရသေး၍ စိတ်ညစ်နေချန်မှာ ပင်လယ်နတ်ဘုရားဆိုသော ကယ်တင်ရှင်တစ်ပါးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါ်လာပြီ ဖြစ်သည်။
ကျိယွမ် ရုတ်တရက် စိတ်အားထက်သန်လာ၏။
"ငါ့ကို အဲဒီကို ခေါ်သွားပါ။ ငါ အဲဒီ ပင်လယ်နတ်ဘုရားနဲ့ သွားပြီး အကျိုးအကြောင်း ပြောရမယ်။ ရှောင်မေကို လက်မထပ်ဘဲ ငါ့ကိုပဲ လက်ထပ်ဖို့ ပြောရမယ်"
"ဗျာ..."
ကောင်လေးမှာ ကျိယွမ်ကို ထိတ်လန့်တုန်လှုပ်သော မျက်နှာထားဖြင့် ကြည့်ရင်း ကြောင်အမ်းသွားခဲ့သည်။
......
နာရီအနည်းငယ် ကြာပြီးနောက် ကျိယွမ်သည် ထိုကောင်လေးနှင့် သူ၏အစ်ကိုဖြစ်သူတို့၏ လမ်းပြမှုဖြင့် ဟိုင်ရှီရွာသို့ ရောက်ရှိလာခဲ့သည်။
ကောင်လေးက ရှေ့ရှိ ရွာကို ညွှန်ပြကာ ကြောက်လန့်တကြား ပြောလိုက်သည်။
"ရှေ့ကဟာ ဟိုင်ရှိီရွာပဲ။ ကျွန်တော်တို့ အထဲကို မဝင်ရဲဘူး"
ဟိုင်ရှိီရွာသားများမှာ ပင်လယ်နတ်ဘုရားကို ကိုးကွယ်လာကြကတည်းက သူတို့၏ နာမည်မှာ အလွန်ဆိုးဝါးလာခဲ့၏။
သူတို့သည် ငါးများများရကာ ငွေများများ ရှာနိုင်ခဲ့သလို အရာရှိများနှင့်လည်း ပူးပေါင်းထားကြသည်။
ငါးဖမ်းမကောင်းသည့် အခါတိုင်း သူတို့သည် ပင်လယ်နတ်ဘုရားနှင့် လက်ထပ်ပွဲ ပြုလုပ်ကာ လာဘ်ခေါ်တတ်ကြသည်။
ထိုအတွက် လက်ထပ်ရန် မိန်းကလေးများကို သူတို့ ဘယ်က ရှာကြသနည်း။
ရွာထဲတွင် မိန်းကလေး မလုံလောက်တော့ပေ။
ထို့ကြောင့် သူတို့သည် အခြားရွာများကို ပစ်မှတ်ထားလာကြခြင်းပင်။
ကောင်လေး၏ရွာဖြစ်သော မုခရွာသည် ဤကိစ္စနှင့် ပတ်သက်၍ ဟိုင်ရှိရွာနှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူး၏။
သို့သော် ဟိုင်ရှိရွာတွင် အရာရှိများ၏ ကျောထောက်နောက်ခံ ရှိသဖြင့် မုခရွာက ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် ကောင်လေးသည် ဟိုင်ရှိရွာကို အလွန် ကြောက်ရွံ့နေ၏။
"လမ်းမကြီးက ဒီလောက် ကျယ်တာတောင် ဖြတ်သွားဖြတ်လာ တစ်ယောက်မှ မရှိဘူး။ ဟိုင်ရှိီရွာက... တကယ်ပဲ နာမည်ဆိုးနဲ့ ကျော်ကြားတာပဲ"
ကျိယွမ်က ရွာလမ်းမကြီးကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
ယွင်ယန်ခရိုင်သို့ သွားရန် ဟိုင်ရှိီရွာကို ဖြတ်သွားရသည့် လမ်းမကြီးကို အသုံးပြုရ၏။
ဤနေရာသို့ လာရာလမ်းတွင် ကျိယွမ်သည် လှည်းများနှင့် ကုန်သည်များကို မြင်တွေ့ခဲ့ရသော်လည်း ဟိုင်ရှိီရွာ အနီးတွင်မူ တစ်ဦးမျှ မရှိပေ။
ထိုကုန်သည်များသည် ဟိုင်ရှိီရွာကို ဖြတ်သန်းသွားမည့်အစား လမ်းလွှဲမှ သွားရန် ဆုံးဖြတ်ထားကြသည်မှာ သိသာလှသည်။
ကျိယွမ် ရွာထိပ်သို့ ချဉ်းကပ်သွားသောအခါ ရန်လိုသောမျက်နှာထားနှင့် အမျိုးသားနှစ်ဦးက သူ့ကို သံသယဖြင့် ကြည့်ကာ တားမြစ်ကြသည်။
"မင်းက ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ"
ချီယွမ်က ဖော်ရွေစွာ ပြုံးပြလိုက်ပြီး မိတ်ဆတ်စကားပြောလိုက်၏။
"ငါက ကျိယွမ် ပါ၊ အခု လက်ထပ်တော့မလို့။ ဒါ ငါ့ရဲ့ ပထမဆုံး... အာ မဟုတ်ဘူး၊ ဒုတိယအကြိမ်မြောက် လက်ထပ်ပွဲပဲ။ အတွေ့အကြုံ မရှိလို့။ ဒီက ပင်လယ်နတ်ဘုရား လက်ထပ်ပွဲ လုပ်နေတယ်လို့ ကြားလို့ လာကြည့်ပြီး အတွေ့အကြုံ ယူမလို့ပါ"
ထိုလူနှစ်ယောက်က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လာကြည့်သည်က ထားပါတော့ ၊ အတွေ့အကြုံယူမည်ဆိုသည်မှာကတော့...။
သို့သော် သူတို့၏ မျက်လုံးများတွင် လှောင်ပြောင်မှုနှင့် သနားမှု အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွားပြီးနောက် ပိုမို တက်ကြွစွာဖြင့် ဖိတ်ခေါ်လေသည်။
"လာကြည့်တာဆိုရင်တော့ အထဲကို ကြွပါဦး"
***