ကျိယွမ်ကတော့ ရွာသားနှစ်ဦး၏ မျက်လုံးထဲမှ လှောင်ပြောင်ရိပ်ကို လျစ်လျူရှုထားပြီး သူပြောချင်ရာကိုသာ ဆက်ပြော၏။
"လမ်းပြပေးပါဦး။ ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ဘယ်လိုကျင်းပရမလဲဆိုတာ ငါလေ့လာဖို့ လိုတယ်"
ရွာသားနှစ်ယောက်ထဲမှ အသားညိုညိုနှင့်လူသည် ထိုစကားကို ကြားသောအခါ ကျိယွမ်အား မြို့နယ်ထဲမှ လူမိုက်သူဌေးတစ်ဦးအဖြစ်သာ မှတ်ယူလိုက်သည် ။
"ငါတို့ပင်လယ်နတ်ဘုရားရဲ့ မင်္ဂလာပွဲထက် ဘယ်သူ့ပွဲက ပိုခမ်းနားအောင်လုပ်နိုင်မှာလဲ။ ငါတို့ပင်လယ်နတ်ဘုရားက အမြင့်မြတ်ဆုံး နတ်ဘုရားပဲ"
သူက ပင်လယ်နတ်ဘုရား၏ ကြီးမြတ်မှုအကြောင်းပြောရင်း ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်၏ ။
"ဒါနဲ့ ပင်လယ်နတ်ဘုရားက မိန်းမဘယ်နှစ်ယောက် ယူပြီးပြီလဲ"
ကျိယွမ်၏ မေးခွန်းကြောင့် အသားညိုညိုနှင့်လူက သူ့အား စူးစမ်းသလိုကြည့်သည်။
"ငါက လေ့လာဖို့ လာတာပါ"
"အင်း..."
"ငါလည်း အတိအကျ မမှတ်မိတော့ဘူး။ ပင်လယ်နတ်ဘုရားက ဒီမှာရှိနေတာ သုံးနှစ်ရှိပြီ၊ နှစ်လတစ်ကြိမ် မိန်းမပျိုတစ်ယောက် ယူတယ်။ မကြာသေးခင်က ဘာဖြစ်လို့လဲတော့ မသိဘူး၊ ပြီးခဲ့တဲ့လကပဲ သတို့သမီးတစ်ယောက် ယူထားပြီးတာကို ဒီလမှာ နောက်တစ်ယောက် ထပ်ယူပြန်ပြီ "
ထိုလူသည် ဤကိစ္စအတွက် အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည် ။ သူသည် အသက်သုံးဆယ် ရှိနေပြီဖြစ်သော်လည်း ဇနီးသည် မရှိသေးပေ ။ ပြည့်တန်ဆာရုံမှ သူ၏ ရည်စားဟောင်းပင် ပင်လယ်နတ်ဘုရားနှင့် လက်ထပ်ရန် လှည့်စားခြင်း ခံခဲ့ရ၏ ။
ရင်နာစရာပင်။
"သုံးနှစ်ပေါ့လေ"
ကျိယွမ် အနည်းငယ် စဥ်းစားသွားသည် ။
"ပင်လယ်နတ်ဘုရားက မြို့နယ်ထဲက ရေနေမိစ္ဆာတွေနဲ့ ပတ်သက်နေတာလား။ ဘယ်သူက ပိုသန်မာလဲ မသိဘူး"
မြို့နယ်၏ မိစ္ဆာခေါင်းဆောင်မှာ ရေသတ္တဝါ ခွန်လောင်တဖြစ်သည် ။ ယခုရွာမှာတော့ ပင်လယ်နတ်ဘုရားဆိုသူက မင်းမူနေ၏။
ထိုနှစ်ဦးမှာ တစ်နည်းနည်းဖြင့် ဆက်စပ်နေနိုင်သည် ။
"ရေနေသတ္တဝါခေါင်းဆောင်လား "
အသားညိုညိုနှင့်လူသည် ရင်ဘတ်ကို ထပ်မံ မို့လိုက်ပြန်သည် ။
"လွန်ခဲ့တဲ့ ခြောက်လက မြို့နယ်ထဲက ခွန်လောင်တဟာ ငါတို့ ဟိုင်ရှီရွာကို လာပြီး ပင်လယ်နတ်ဘုရားကို တွေ့ခွင့်တောင်းခဲ့ဖူးတယ်"
ထိုအရာက ပင်လယ်နတ်ဘုရား၏ အဆင့်အတန်းမှာ ခွန်လောင်တထက် မနိမ့်ကျကြောင်း၊ သာလွန်ကောင်း သာလွန်နိုင်ကြောင်း သက်သေပြနေသည် ။
"နားလည်ပြီ"
ကျိယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည် ။
ရွာသား၏စကားအရဆိုလျှင် ပင်လယ်နတ်ဘုရားသည်လည်း အနိမ့်ဆုံး ကျောက်စိမ်းသွေးအဆင့်ရှိသော မိစ္ဆာကြီးတစ်ကောင် ဖြစ်ရမည် ။
လက်ရှိတွင် ယွင်ယန်မြို့နယ်ရှိ မိစ္ဆာများအားလုံး စခန်းသုံးခုတွင် စုဝေးနေကြသည် ။
ထိုစခန်းများအနက် နှစ်ခုကို အကြီးအကဲဟွမ်နှင့် မြွေမိစ္ဆာတို့က ဦးဆောင်ပြီး မိစ္ဆာအမျိုးမျိုးကို စုဝေးရန် ခေါ်ယူထားခဲ့သည် ။
ကံမကောင်းသည်မှာ ထိုစခန်းများ၏ တည်နေရာများမှာ ကျိယွမ်၏ မျက်စိအောက်တွင် ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်သည် ။
ရလဒ်အနေဖြင့် ထိုမိစ္ဆာများအားလုံးကို ကျိယွမ်က သတ်ပစ်လိုက်၏ ။
သို့သော် ခွန်လောင်တနေထိုင်သည့် စခန်းတစ်ခုတည်းသာ ကျိယွမ်အတွက် ပဟေဋိဖြစ်နေပြီး လုံးဝရှာမတွေ့သေးပေ။
သဘာဝကျကျဖြစ်ပျက်မည်ဆိုလျှင် ယွင်ယန်မြို့နယ်ရှိ ထင်ရှားသောမိစ္ဆာတိုင်းသည် စခန်းသုံးခုအနက် တစ်ခုခုသို့ ဦးတည်သွားရမည်မှာ သေချာပေါက်ပင် ။
ကျောက်စိမ်းသွေးအဆင့်ရှိသော ပင်လယ်နတ်ဘုရားကဲ့သို့ မိစ္ဆာကြီးတစ်ကောင်၏အဆင့်အတန်းက ခွန်လောင်တနှင့်အတူရှိနေပြီး ဝိညာဥ်သွေးသားတော်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးရန် အဆင့်မှီ၏ ။
ဆွေးလည်း ဆွေးနွေးနေသင့်၏။
သို့သော် ပင်လယ်နတ်ဘုရားသည် တစ်ကိုယ်တော် ဆက်လက် လှုပ်ရှားနေဆဲဖြစ်ပြီး ဤနေရာတွင် သတို့သမီးများကို ယူနေဆဲပင်ရှိသည် ။
ထိုအချက်က စိတ်ဝင်စားဖို့ ကောင်းလှသည် ။
ဖြစ်နိုင်တာက... ။
ကျိယွမ် ရဲရင့်သောခန့်မှန်းချက်တစ်ခုကို ချကြည့်၏။
ခွန်လောင်တ က ပင်လယ်နတ်ဘုရားရဲ့ ဇနီးများလား။
ခွန်လောင်တက ပင်လယ်နတ်ဘုရားကို အသိမပေးဘဲ ပျောက်ကွယ်သွားတဲ့အတွက် ပင်လယ်နတ်ဘုရားက သဝန်တိုပြီး ဒေါသထွက်ပြီး သတို့သမီးနှစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်နေမလား။
ထိုအရာက ယုတ္တိရှိပြီး အခြား သမိုင်းမှတ်တမ်း အလွဲများထက် ပိုမို ခိုင်လုံပုံရသည် ။
ကျိယွမ်သည် ဟိုင်ရှီရွာ၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်လိုက်ရင်းမှ သူ၏ စိတ်ဝင်စားမှုများ ပို၍တိုးပွားလာလေ၏။
အသားညိုညိုနှင့်လူနောက်မှနေ၍ ကျိယွမ်သည် ဟိုင်ရှီရွာထဲသို့ ဝင်လာခဲ့သည် ။
ဟိုင်ရှီရွာတွင် အဝတ်ကြမ်းများ ဝတ်ဆင်ထားပြီး ရင်ဘတ်ဗလာနှင့် လူငယ်အများစု နေထိုင်ကြသည်ကို တွေ့ရပြီး အမျိုးသမီးငယ်များကတော့ တော်တော်ရှားပါးပုံရသည် ။
ပင်လယ်နတ်ဘုရားက နှစ်လကို မိန်းမ တစ်ယောက်ယူနေသဖြင့် ဟိုင်ရှီရွာထဲ၌ အပျိုလေးများရှားပါသည်မှာ မဆန်းတော့ပါ။
ရွာထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ငါးညှီနံ့ကို သူ ချက်ချင်းရလိုက်သည် ။ သက်ကယ်မိုးထားသော အိမ်ခေါင်မိုးနိမ့်နိမ့်များပေါ်တွင် ငါးခြောက်လှန်းထားသည့် ခြင်းတောင်းများ ရှိနေပြီး အချို့ အိမ်စွန်းများတွင် ငါးခြောက်များကို တွဲလောင်း ဆွဲထားပြီး အခြောက်ခံထားကြ၏ ။
လမ်းများ၏ ထောင့်ချိုးများတွင် မိုးရေကြောင့် နံရံခြေရင်းသို့ ရောက်သွားဟန်ရှိသော မင်္ဂလာစက္ကူအနီအစုတ်များကို တွေ့ရသည် ။
ဤတံငါရွာလေးတွင် အသက်ရှူကျပ်ဖွယ် ကောင်းသော်လည်း ပွဲလမ်းသဘင် အငွေ့အသက်များ ရှိနေသည်မှာ ထင်ရှား၏ ။
ထိုအချိန်တွင် အနီးအနားမှ အငြင်းပွားသံတစ်ခု ကြားလိုက်ရသည် ။
"မင်းတို့က ရုံးတော်က ဖြစ်နိုင်ပေမဲ့ ငါတို့ ဟိုင်ရှီရွာမှာတော့ ပင်လယ်နတ်ဘုရားက နံပါတ်တစ်ပဲ၊ ရုံးတော်က ဒုတိယပဲ ။ ပင်လယ်နတ်ဘုရားကို တွေ့ချင်တယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး"
"ဟွန်း... ဥပဒေဆိုတာ အဓိပ္ပာယ်မရှိတာတွေ။ ဥပဒေဆိုတာ မင်းတို့ ရုံးတော်ကလူတွေ ငါတို့လည်ပင်းကိုညှစ်ဖို့ သုံးတဲ့ ကြိုးတစ်ချောင်းပဲ"
"မြို့နယ်ဝန်က ငါတို့ ဗိုက်ဝအောင် လုပ်ပေးနိုင်လို့လား။ ဧကရာဇ်က ငါတို့ ငါးဖမ်းတဲ့အခါ ဘေးကင်းအောင် စောင့်ရှောက်နိုင်လို့လား"
"သူတို့ မလုပ်နိုင်ဘူးလေ၊ ပင်လယ်နတ်ဘုရားကသာ အကြီးမြတ်ဆုံးပဲ"
ရွာလူကြီးသည် သူ၏ ရှေ့တွင်ရှိသော ရဲမက်အချို့ကို စိုက်ကြည့်ရင်း မုတ်ဆိတ်မွေးများ တလှုပ်လှုပ် ပြောဆိုနေခြင်းဖြစ်၏။ သူက အာဏာပိုင်များ ရှေ့တွင်ပင် ဝန်လေးခြင်း မရှိဘဲ စိတ်ထဲရှိသလို ဒဲ့ပြောဆိုနေတော့သည် ။
လွန်ခဲ့သည့် သုံးနှစ်အတွင်း ဟိုင်ရှီရွာသည် ပိုမို အင်အားကြီးလာခဲ့ပြီး ရွာတွင် လူငယ်ထောင်ချီနှင့် လှေကြီးလှေငယ် ရာချီ ရှိ၏ ။
အစပိုင်းတွင် ဟိုင်ရှီရွာသည် အိမ်နီးချင်းရွာများကို နှိမ်နင်းရန် အစိုးရ၏ အကူအညီ လိုအပ်ခဲ့သည် ။
သို့သော် ယခုအခါ ဟိုင်ရှီရွာသည် အစိုးရကို အလေးမထားတော့ပေ ။
ခန့်မှန်းရလျှင် ဤရွာမှတံငါသည်များသည် ပင်လယ်ဓားပြများပင် ဖြစ်နေနိုင်လောက်သည် ။
ထို့ပြင် ပင်လယ်နတ်ဘုရား၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် သူတို့သည် မည်သူ့ကိုမျှ မကြောက်ကြတော့ပေ။
ခြေရာခံခွေးကို ပွေ့ချီထားသော အန်ချောင်သည် ရွာလူကြီး၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည် ။
"ပင်လယ်နတ်ဘုရားနဲ့ လက်ထပ်ရတဲ့ ဒီမိန်းကလေးတွေက ဘယ်လောက်တောင် အပြစ်မဲ့လိုက်သလဲ"
သူမသည် ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာသူဖြစ်သဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်များကို ကြုံဖူးသော်လည်း လက်ခံရန် သို့မဟုတ် ခွင့်လွှတ်ရန် ခက်ခဲနေဆဲ ဖြစ်သည် ။
ရွာလူကြီးအဘ်ုးကြီးက အန်ချောင်အား အထင်သေးစွာ ကြည့်လိုက်သည် ။
"မိန်းကလေးနည်းနည်းပါးပါးကို တစ်နှစ်စာရိတ်သိမ်းမှုနဲ့ လဲလှယ်တာက ကောင်းတဲ့ အရောင်းအဝယ်ပဲ။"
"လူတွေဆိုတာ နောက်ဆုံးတော့ အစိုးရအတွက် ကျွန်ခံရတာ ဒါမှမဟုတ် ပင်လယ်နတ်ဘုရားအတွက် အစေခံရမှာပဲလေ။"
"ဒါကြောင့်မို့လို့ အစေခံရမဲ့အတူတူ ငါတို့အတွက် အကျိုးရှိမယ့် လမ်းကို ဘာလို့ မရွေးချယ်ရမှာလဲ"
ရွာလူကြီးအတွက်မူ လူဆိုသည်မှာ အရင်းအမြစ်တစ်ခုသာ ဖြစ်သည် ။
အရင်းအမြစ်ဆိုသည်မှာ ကုန်သွယ်ရန်နှင့် လဲလှယ်ရန်အတွက်သာ မဟုတ်ပါလား ။လောကတွင် မည်သည့်အရာမှ အလကားမရပေ။လိုချင်လျှင် ပေးရ၏။ ကိုယ်ပေးသည်နှင့် ထိုက်တန်စွာပြန်ရဖို့တော့ လိုအပ်လေသည်။
အခြားရွာသားများသည်လည်း အန်ချောင်နှင့် သူမ၏ ဘေးရှိ ရဲမက်များကို မလိုတမာ ကြည့်နေကြပြီး ရွာလူကြီး၏ စကားကို ထောက်ခံလိုက်ကြသည် ။
အတိတ်တုန်းကဆိုလျှင် သူတို့သည် မိုးလင်းမှမိုးချုပ်အထိ ပင်ပန်းဆင်းရဲစွာ ငါးဖမ်းခဲ့ကြရပြီး သူတို့ဖမ်းမိသမျှ၏ ၇၀ ရာခိုင်နှုန်းကျော်ကို နန်းတော်နှင့် အစိုးရထံ ပေးဆောင်ခဲ့ရသည် ။
ထို့အပြင် အကျင့်ပျက်ခြစားသော အရာရှိများ၏ နှိပ်စက်မှုကိုလည်း ခံခဲ့ရသေး၏ ။
အရာရှိဝတ်စုံ ဝတ်ထားသူများကိုမြင်တိုင်း ဘယ်သူလာလာ ဦးညွှတ်နေရခြင်းမှာလည်း ထုံးစံတစ်ခုလို ဖြစ်ခဲ့သည် ။
ထိုအချိန်က ဘဝမှာ မျှော်လင့်ချက် မရှိခဲ့ပေ ။
သို့သော် ယခုအခါ သူတို့သည် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နေရပြီး ရဲမက်များကိုပင် လက်ညှိုးငေါ့ငေါ့ ပြောဝံ့နေလေပြီ ။
အန်ချောင် အလွန် ဒေါသထွက်သွားသည် ။ အဓိကမှာ ရွာလူကြီး၏ စကားများက အတိုင်းအတာတစ်ခုအထိ ယုတ္တိရှိနေသည်ဟု ခံစားရသောကြောင့် ဖြစ်သည် ။
"တကယ်လို့ ရှင်သာ ပင်လယ်နတ်ဘုရားနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းခံရတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ဆိုရင် ရှင် လိုလိုလားလား ရှိပါ့မလား"
ရွာလူကြီးသည် အန်ချောင်အား အထင်သေးစွာ ကြည့်ပြီး ချက်ချင်းပြန်ဖြေသည် ။
"မိန်းကလေး... မင်းက ကောင်းတဲ့ နောက်ခံက လာတာဖြစ်ရမယ်၊ အဲ့ဒါကြောင့် ဒီအရွယ်အထိ ဒီလိုမိုက်မဲတဲ့ မေးခွန်းမျိုး မေးနေတာ။"
"ပင်လယ်နတ်ဘုရားနဲ့ လက်ထပ်မှာက သူတို့လေ၊ ငါမှ မဟုတ်တာ။"
"တကယ်လို့ ငါသာဆိုရင်တော့ ဟုတ်တာပေါ့၊ ငါ မလိုလားဘူး။ ဒါပေမဲ့... ဒါက ငါ မဟုတ်ဘူးလေ။"
"မင်းလို မေးကြေးဆိုရင် ....ဧကရာဇ်မင်းမြတ်ကို သွားမေးကြည့်ပါလား၊ သူကော နေ့တိုင်း ရွှံ့နွံတွေထဲမှာ တောင်သူလုပ်ပြီး အစိုးရကို အခွန်တွေအများကြီး ပေးဆောင်ချင်ပါ့မလားလို့"
"ရှင်..."
အန်ချောင်သည် ဒေါသထွက်လွန်းသဖြင့် သူမ၏ ဓားကိုပင် ဆွဲထုတ်ချင်သွားသည် ။ သို့သော် သူမဘေးရှိ အနက်ရောင်ဝတ်စုံနှင့် လူက သူမကို တားဆီးလိုက်သည် ။
"မင်းတို့က တကယ်ပဲ အခမ်းအနားကို တက်ရောက်ချင်တယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြဿနာရှာချင်တယ်ဆိုရင်တော့... "
"ဟဲဟဲ... ဟိုင်ရှီရွာကနေ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မမျှော်လင့်နဲ့။"
"ဟိုင်ရှီရွာမှာ ပင်လယ်နတ်ဘုရားက ဧကရာဇ်ပဲ၊ ငါ အဘိုးကြီးကတော့ အိမ်ရှေ့စံမင်းသားပဲ"
အသက် ခုနစ်ဆယ်နီးပါး ရှိပြီဖြစ်သော ရွာလူကြီးသည် အလွန်ရဲရင့်ပြတ်သားသော လေသံဖြင့် သတိပေးလိုက်သည်။
ထိုအချိန်တွင် အံ့အားသင့်နေပုံရသော အသံတစ်ခု ထွက်ပေါ်လာ၏ ။
"ဆန်းကြယ်ချက် ..ဒီလောကမှာ အသက်ခုနစ်ဆယ်အရွယ် အိမ်ရှေ့စံတောင်ရှိတာလား"
"ဘုရင်ကြီးအရင် အိမ်ရှေ့စံက နတ်ရွာစံနေရင် ဘယ်လိုလုပ်မလဲ"
ကျိယွမ်သည် ထိုနေရာသို့ လျှောက်လာပြီး ရွာလူကြီးအဘိုးအိုအား အံ့အားသင့်စွာ ကြည့်လိုက်သည် ။
"အိမ်ရှေ့စံအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့တာ ကျေနပ်ရဲ့လား။"
"ရုပ်ရှင်တွေထဲကလို ဧကရာဇ် သေမှာကို တိတ်တဆိတ် မျှော်လင့်နေပုံရတယ်။"
"အော်... ခင်ဗျားဘေးက ဒီလူငယ်တွေကတော့ ခင်ဗျားတိတ်တဆိတ် လေ့ကျင့်ပေးထားတဲ့ လျှို့ဝှက်အစောင့်တပ်တွေ ဖြစ်ရမယ်"
ကျိယွမ်သည်ထိုသို့ပြောရင်းမှ ရွာလူကြီးအား စိုက်ကြည့်လိုက်ရင်းမှ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏ ။
"ဘုရားရေ... ဒီနေရာမှာ သွေးဆာနေတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတာကို ငါ မြင်နေရတယ်၊ ဒါဟာ တိုက်ပွဲဖြစ်တော့မယ့် နိမိတ်ပဲ၊ ဧကရာဇ်ကြယ်လည်း မှိန်နေပြီ။"
"ဒါဟာ အိမ်ရှေ့စံဖြစ်တဲ့ မင်းက မတရားဘူးလို့ ခံစားရပြီး ဒီလျှို့ဝှက်အစောင့်တပ်တွေကို ဝှက်ထားတာ မဟုတ်လား၊ ဒီနေ့ မင်္ဂလာပွဲမှာ ပင်လယ်နတ်ဘုရားကို လုပ်ကြံဖို့ စီစဥ်နေပုံရတယ်"
"အိမ်ရှေ့စံက အသက် ၇၀ ကျော်ပြီဆိုတော့ မစောင့်န်ုင်တော့ဘူးထင်တယ် "
ကျိယွမ်သည် စက်သေနတ်ပစ်သကဲ့သို့ စကားများကို အရှိန်အဟုန်ဖြင့် ပြောချင်တိုင်း ပြောတော့သည် ။
သူ၏ ချဲ့ကားထားသော သရုပ်ဆောင်မှုကြောင့် မူလကတည်းက အဆင်မပြေဖြစ်နေသောအခြေအနေမှာ ချက်ချင်းလိုလို ပို၍တင်းမာသွား၏ ။
ရွာလူကြီး၏ မျက်နှာအမူအရာမှာ လည်း အမျိုးမျိုးပြောင်းလဲသွားသည် ။
"မင်း...မင်း မဟုတ်တာတွေ "
"ငါ မလုပ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါက ပင်လယ်နတ်ဘုရားအပေါ် အသက်လောက်သစ္စာရှိတယ်"
ကျိယွမ်က သူ၏စကားကို နားမထောင်ပါ ၊ သူထင်ရာများကိုသာ ဆက်ပြောနေသည်။
"ဟင်း... မနေ့က ငါ အိပ်မက်မက်တာ မဆန်းတော့ဘူး။ အိပ်မက်ထဲမှာ မြွေဖြူကြီးတစ်ကောင်က လူစကား ပြောနေတယ်။ သူက 'ဟိုင်ရှီ ထွန်းကားပြီး ရွာလူကြီးကလည်း ဘုရင်ဖြစ်လိမ့်မယ်' တဲ့။"
"အစကတော့ ဘာကို ဆိုလိုတာလဲ ငါ နားမလည်ဘူး၊ ဒါပေမဲ့ အခုတော့ ငါ သိပြီ။"
"ရွာလူကြီး... ခင်ဗျားက တကယ်ကို ရက်စက်တဲ့သူပဲ"
"ဒီအချိန်ထိ တိတ်တိတ်လေး ကြံစည်နေခဲ့တာကိုး၊ ကြောက်စရာကောင်းလိုက်တာ "
ရွာလူကြီးဘေးရှိ လူငယ်များသည် ဗီဇအရထင်၏။ ရွာလူကြီးနှင့် ဝေးရာသို့ မသိမသာ ခွာလိုက်ကြသည် ။
ရွာလူကြီးခမျာ ခေါင်းများပင် ကြီးလာသလို ခံစားရ၏ ။
ရိုးရိုးသားသား ပြောရလျှင် ကျိယွမ်၏ စကားများကို ကြားရသောအခါ သူသည် စိတ်လှုပ်ရှားသွားပြီး လူများကို စုစည်းကာ တကယ်ပင် ဘုရင်လုပ်ရန် စဥ်းစားမိသွားခဲ့သည် ။
သို့သော် မကြာမီ သူ သတိပြန်ဝင်လာ၏ ။
သူ့မှာ သားမရှိပေ ။ အကယ်၍ သူ ဘုရင်ဖြစ်လာလျှင် မည်သူက ထီးနန်းဆက်ခံမည်နည်း ။
ဒါက အခြားသူတစ်ယောက်ကို အကျိုးပြုရုံသာ မဟုတ်ပါလား ။
ဤသို့ တွေးမိသောအခါ သူသည် ကျိယွမ်အား စိုက်ကြည့်လိုက်သည် ။
"ဒီလို မုသားစကားတွေ လိုက်ပြောနေတဲ့ မင်းက ဘယ်သူလဲ"
"ငါကတော့ လောကအားလုံးက သွေးစုဆောင်းသူပဲ"
ကျိယွမ်က သူ့ကိုယ်သူ လက်မနှင့်ပြန်ထိုးပြကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည် ။
သူ ဤနေရာသို့ လာရခြင်းမှာ ပင်လယ်နတ်ဘုရား၏ သွေးကို ရယူရန် ဖြစ်၏။
ရွာလူကြီးမှာ အံ့အားသင့်သွားသည် ။
သူသည် ကျိယွမ်၏ စကားများကို အဓိပ္ပါယ်မဖော်နိုင်ပေ ။ သူ၏ ဦးနှောက်မှာလည်း ထူပူနေဆဲ ရှိ၏။
"မင်းက အရူးပဲ ဖြစ်ရမယ်"
သူက တည့်တိုးဝေဖန်လိုက်သည် ။
ထိုအချိန်တွင် အန်ချောင်သည် ကျိယွမ်အား ရယ်မောရင်း နှုတ်ဆက်လေသည် ။
"အစ်ကိုကျိ၊ ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ"
သူမသည် ကျိယွမ်အား လူသစ်လေး ၊ မောင်ချောလေးဟု ခေါ်ခဲ့ဖူးသော်လည်း ယခုအခါ အစ်ကိုကျိဟု ခေါ်နေပြီ ဖြစ်သည် ။
ကျိယွမ်မှာ သက်ပြင်းမချဘဲ မနေနိုင်ပေ ။
"အင်း... မိန်းမတွေဆိုတာ....."
"ငါငယ်ကတည်းက လက်ထပ်ဖို့ သတ်မှတ်ထားတဲ့ သတို့သမီးက ဒီနေ့ လက်ထပ်တော့မယ်လေ။ အဲ့ဒါကြောင့် သူ့မင်္ဂလာဆောင် တက်ဖို့ လာတာပါ"
ကျိယွမ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် ။
"ဘာ..."
အန်ချောင်မှာ ဝေခွဲမရ ဖြစ်သွား၏ ။
ရွာလူကြီး၏ ကျိယွမ်အပေါ် ကြည့်သည့် အကြည့်မှာလည်း ပို၍ရန်လိုလာခဲ့သည် ။
အောက်မှာ ဖမ်းထားတဲ့ မိန်းကလေးက ဒီအရူးရဲ့ သတို့သမီး ဖြစ်နေတာလား။
သူသည် ကျိယွမ်အား ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည် ။
"ဒီနေ့ ပင်လယ်နတ်ဘုရားရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ဒီရွာကနေ အသက်ရှင်လျက် ထွက်မသွားရစေရဘူး"
ယခုလာလူများသည် အစိုးရဘက်မှ ဖြစ်သဖြင့် သူသည် အရမ်းကာရောတော့ မတိုက်ခိုက်ဝံ့သေးပေ ။သူတို့အား နည်းနည်းပါးပါး ဟောက်စားလုပ်ကာ ထိန်းထားရုံသာ တတ်နိုင်၏။
ထို့သို့ ခြိမ်းခြောက်ပြီးနောက် ရွာလူကြီးသည် ရွာသားများနှင့်အတူ ထွက်ခွာသွားလေသည် ။
ကျိယွမ်သည် ရွာလူကြီး ထွက်သွားသည်ကိုမြင်သောအခါ နောက်မှလှမ်းအော်ပြောလိုက်၏။
"အထင်မလွဲပါနဲ့။ ငါနဲ့ ငါ့သတို့သမီးက ကိစ္စပြတ်သွားတာ ကြာပါပြီ။ ငါ သတို့သမီး ခိုးမယ်ဆိုရင်တောင် သူ့ကို မခိုးပါဘူး။ ပင်လယ်နတ်ဘုရားကမှ... ငါ့ရဲ့ အချစ်ဦးပါ"
သို့သော် ရွာလူကြီးနှင့် သူ၏ လူများမှာ ထိုစကားကို မကြားတော့ပေ ။
ထိုအချိန်တွင် အန်ချောင်ကတော့ ရွာလူကြီး ပြောသည်မှာ မှန်နိုင်သည်ဟု ယူဆရမလိုဖြစ်နေသည်။
ကျိယွမ်သည် တကယ်ပင် အနည်းငယ် ရူးသွပ်နေပုံရ၏ ။
"အစ်ကိုကျိ၊ မနေ့က အရူးကို မှတ်မိလား။ ငါတို့ သူ့နောက်ကို လိုက်လာတာ။ ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင်က အခု ဒီမှာ ပုန်းနေတယ်၊ ငါတို့ နှစ်ယောက်ကတော့ သဲလွန်စရှိမလားလို့ ဟိုင်ရှီရွာကို ပေါ်ပေါ်တင်တင်လာစုံစမ်းတာပါ"
အန်ချောင်က သူတို့ ရောက်နေရသည့် အကြောင်းရင်းကို ရှင်းပြသည် ။
ကျိယွမ်က ခေါင်းညိတ်ကာ အသိပေးလိုက်၏။
"မင်းတို့ လုပ်ချင်တာ လုပ်ပါ။ ငါ့ရဲ့ သတို့သမီးခိုးမယ့် ကိစ္စကိုပဲ လာမနှောင့်ယှက်နဲ့"
"ဟင်"
"အစ်ကိုကျိ၊ ဒီပင်လယ်နတ်ဘုရားက... ကျောက်စိမ်းသွေးအဆင့် မိစ္ဆာကြီးတစ်ကောင် ဖြစ်ပုံရတယ်။ တကယ်လို့ ရှင်က သူ့မိန်းမကို ခိုးမယ်ဆိုရင် သူ သဘောကျမှာ မဟုတ်ဘူး"
"သူ့မိန်းမကို ခိုးမယ်လို့ ဘယ်သူပြောလဲ"
ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါသည်။
"စိတ်မပူပါနဲ့၊ ငါ့အတိုင်းအတာ ငါ သိပါတယ်။ အရင်ဆုံး အခမ်းအနားကို တက်ကြတာပေါ့။ မင်္ဂလာဆောင်တွေ ဘယ်လိုလုပ်လဲဆိုတာကိုလည်း ငါ လေ့လာချင်သေးတယ်"
ပထမဆုံးအကြိမ် လက်ထပ်တုန်းက သူသည် အိပ်ပျော်နေခဲ့သဖြင့် ဘာမှ မမှတ်မိပေ ။ သူသည် တစ်ဝက်တစ်ပျက် နိုးကြားနေရင်းနှင့် မင်္ဂလာခန်းဆောင်ထဲသို့ ရောက်သွားခဲ့သည်ကိုသာ မှတ်မိ၏။
ယခုအကြိမ်တွင်မူ သူသည် သေချာ ကြည့်ရန် ရည်ရွယ်ထားသည် ။
အန်ချောင်သည် ထိုစကားကို ကြားသောအခါ စကားမရှိ ဖြစ်သွားသည် ။
သူမက "အစ်ကို၊ တာဝန်က ပိုအရေးကြီးတယ်လေ" ဟု ပြောချင်နေ
သော်လည်း ကျိယွမ်၏ ခန့်မှန်းရခက်သော အစွမ်းနှင့် အမူအကျင့်များကို သတိရလိုက်သဖြင့် သူမကိုယ်သူမ အသေမခံချင်သောကြောင့် ဘာမှ မပြောတော့ပေ ။
နောက်တစ်ခဏတွင် သူတို့ သုံးဦးနှင့် ခွေးတစ်ကောင်သည် ရွာထဲတွင် လှည့်လည်သွားလာကြသည် ။
မောင်းသံ ဗုံသံများကြားတွင် ပင်လယ်နတ်ဘုရား၏ မင်္ဂလာပွဲသည်လည်း တရားဝင် စတင်နေလေပြီ ။
ရှည်လျားသော စီတန်းလှည့်လည်မှုနှင့်အတူ အလှဆင်ထားသောဝေါယာဥ်ကို ထမ်းလာကြပြီး မောင်းသံဗုံသံများက တစ်လမ်းလုံး ညံစီနေ၏ ။
အန်ချောင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းသော်လည်း မှတ်ချက်ချလိုက်သည်။
"တခြားအရာတွေ ထားပါဦး၊ ဒီလို ရှေးဟောင်း မင်္ဂလာပွဲတွေက တကယ် စိတ်ဝင်စားဖို့တော့ ကောင်းတယ်"
ရှည်လျားခမ်းနားသော ပြင်ဆင်မှုကြီးများ၊ မြင်းကြီးများ သို့မဟုတ် ဒေါင်းဦးရစ်များ မရှိသော်လည်း ရှေးဟောင်းအငွေ့အသက်ကတော့ အသက်ဝင်နေဆဲ ဖြစ်သည် ။
ကျိယွမ်ကတော့ စိတ်ပျက်ဟန်ဖြင့် ခေါင်းခါ၏ ။
"ငါ့ရဲ့ တူရိယာဝိုင်းလောက် မခမ်းနားပါဘူး၊ ငါ့ရဲ့ နာရေးအဖွဲ့လောက်တောင် အားရစရာမရှိဘူး"
အန်ချောင်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျိယွမ်အားကြည့်လိုက်သည် ။
"ဘယ်က တူရိယာဝိုင်းလဲ။ နာရေးအဖွဲ့လား ။ ဘယ်မှာလဲ"
ကျိယွမ်သည် အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီဟု သူမ သံသယဝင်သွား၏ ။
"သူတို့က... ငါ့နှလုံးသားထဲမှာ ရှိတယ်"
ကျိယွမ်၏ ပေါ့ပေါ့ပါးပါးအမူအရာမှာ အနည်းငယ် လေးနက်သွားသည် ။
ဖန်ထုန်လောကမှ ရွာသားများအားလုံးသည် သူ၏ စိတ်ဝိညာဥ်အစိတ်အပိုင်း များ ဖြစ်သွားကြပြီး သူ၏ ကိုယ်ပိုင်အစိတ်အပိုင်းများ ဖြစ်လာကြ၏ ။
ယခုအချိန်ထိ သူတို့ကို သူ မနှိုးနိုင်သေးပေ ။
အတိတ်ကို တွေးမိသောအခါ သူသည် မင်းသမီး ဝူချီကို သတိရမိသွား၏ ။
အန်ချောင်ကတော့ ကျိယွမ်နှင့် စကားပြော၍ မရနိုင်တော့ဟု ခံစားရသဖြင့် တိတ်ဆိတ်သွားသည် ။
မင်္ဂလာပွဲစီတန်းလှည့်လည်မှုသည် ပင်လယ်ကမ်းစပ် သဲသောင်ပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည် ။
ရွာသား ရှစ်ဦးသည် ဝေါယာဥ်ကို ထမ်းလာကြပြီး မျက်နှာများတွင် ပျော်ရွှင်မှုများပြည့်နှက်နေ၏ ။
ရွာလူကြီးသည် စင်မြင့်တစ်ခုပေါ်တွင် ရပ်နေပြီး အမွှေးတိုင်များ ထွန်းညှိကာ ပင်လယ်ကို ပူဇော်နေလေသည် ။
သူသည် အလွန်ကြည်ညိုဟန်ဖြင့် ဦးညွှတ်နေ၏ ။
"ကြီးမြတ်တဲ့ ပင်လယ်နတ်ဘုရား၊ အစွမ်းထက်တဲ့ ပင်လယ်နတ်ဘုရား၊ ကျေးဇူးပြုပြီး ဟိုင်ရှီရွာကို ရိတ်သိမ်းမှု ကောင်းမွန်ပြီး ငြိမ်းချမ်းစေဖို့ ဆုတောင်းပါတယ်"
ရွာလူကြီး၏ စကားအပြီးတွင် ရွာသားများအားလုံးသည် ပင်လယ်ဘက်သို့ မျက်နှာမူကာ အလွန် ကြည်ညိုစွာဖြင့် ဝပ်တွား အလေးပြုလိုက်ကြသည် ။
ကြည့်ရှုသူများနှင့် ဝေါယာဥ်ထမ်းလာသည့် ရွာသားများသာ မတ်တတ်ရပ်နေကြ၏ ။
ထို့နောက် ဝေါယာဥ်ထမ်းလာသည့် လူများသည် သဲသောင်ပြင်ပေါ်သို့ လျှောက်လှမ်းကာ ပင်လယ်ဆီသို့ ဦးတည်သွားသည် ။
ထိုအရာကို မြင်လိုက်ရသောအခါ အန်ချောင်မှာ စိတ်မကောင်းသလို မျက်နှာညှိုးသွားလေ၏ ။
အပြစ်မဲ့သော ဝိညာဥ်တစ်ခု ထပ်မံ ဒုက္ခရောက်တော့မည် မဟုတ်ပါလား ။
သူမ၏ဘေးတွင်ရပ်နေသော ချီယွမ်ကလည်း စိတ်ဝင်တစား ရှိလာပြီး ဝေခွဲမရဟန်ဖြင့် မေးခွန်းထုတ်သည်။
"အခမ်းအနားမှူးက သူတို့ လိုလိုလားလား ရှိမရှိကို ဘာလို့ မမေးတာလဲ။ သူ မမေးရင် ငါက သတို့သမီးကို ဘယ်လို ခိုးရမှာလဲ"
သူကြည့်ဖူးသော ရုပ်ရှင်တွေထဲမှာ အမြဲတမ်း အဲ့ဒီလိုပဲ မဟုတ်ပါလား ။
အခမ်းအနားမှူးက သူတို့အား နှစ်ဦးသဘောတူ ကြည်ဖြူခြင်း ရှိမရှိ မေးလိုက်စဥ် ကင်မရာက သတို့သမီး သို့မဟုတ် သတို့သားဆီ အာရုံရောက်သွားသောအချိန်မှာ သတို့သမီးခိုးသောကိစ္စက ဖြစ်ပွားသွားတတ်သည် ။
ကျိယွမ်ကိုယ်တိုင်လည်း ထိုအချိန်မှာ သတို့သမီးအားခိုးရန် အကောင်းဆုံးအချိန်ဟု ထင်သည် ။ မဟုတ်လျှင် တီဗွီများမှာ ထိုသို့ ပြသမည် မဟုတ်ပေ ။
ကျိယွမ်သည် အမြဲတမ်း စည်းကမ်းလိုက်နာသူ ဖြစ်ပြီး အရာရာကို စာအုပ်ကြီးအတိုင်း လုပ်ဆောင်ပြီး ဥပဒေကို မည်သည့်အခါမျှ မချိုးဖောက်တတ်ပေ ။
မည်သို့ပင်ဖြစ်စေ တီဗွီမှာ ပြတယ်ဆိုကတည်းက တရားမဝင်တာ မဖြစ်နိုင်ပေ ။ အကယ်၍ တရားမဝင်ဘူးဆိုလျှင် ထိုအရာမျိုး ပြသခွင့် ရမည် မဟုတ်ပါ။
"ဒီမှာတော့ အခမ်းအနားမှူး ရှိမယ်လို့ မထင်ဘူး"
အန်ချောင်သည် ကျိယွမ်ကို စကား သိပ်မပြောချင်တော့ပါ ။
"ဘာ.. အခမ်းအနားမှူး မရှိဘူးလား။ ဒါဆို ငါ သတို့သမီးကို ဘယ်လို ခိုးရမှာလဲ"
ချီယွမ် အခက်တွေ့သွားလေသည် ။
သူသည် ထိုနေရာတွင် ကြောင်စီစီဖြင့် ရပ်နေပြီး သူ၏ စိတ်ထဲတွင် အတွေးများစွာ ပြည့်နှက်နေ၏ ။
ထိုအချိန်တွင် အန်ချောင်၏ အကြည့်သည် ပင်လယ်ဆီသို့ ရောက်သွားသည် ။
ပင်လယ်ထဲမှ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် တက်လာသည်ကို သူမ မြင်လိုက်ရပြီး ထိုလှိုင်းလုံးမှာ အထပ်မြင့် အဆောက်အအုံတစ်ခုကဲ့သို့ မီတာပေါင်းများစွာ မြင့်မားလေသည် ။
လှိုင်းသံမှာလည်း နားကွဲမတတ် ပြင်းထန်ပြီး ရွာသားများသည် ပိုမို၍ ဝပ်တွားလိုက်ကြ၏။
ကျိယွမ်ကြောင့် စိတ်ရူးပေါက်ဖူးသည့် ရွာလူကြီး၏ အတွေးများအားလုံးသည် လည်း ဤသဘာဝတရား၏ စွမ်းအားကြီးရှေ့တွင် အစမကျန်အောင် ပျောက်ကွယ်သွားသည် ။
အိမ်ရှေ့စံဘဝပဲ ကောင်းတယ် ၊ အသက်ကြီးမှ အသေဆိုးနဲ့မသေချင်ဘူး။
အန်ချောင်သည် ဤမြင်ကွင်းကို ကြည့်ရင်း တည်ငြိမ်သော မျက်နှာဖြင့် မှတ်ချက်ချ၏။
"မျှော်လင့်ထားတဲ့အတိုင်း ကျောက်စိမ်းသွေးအဆင့်ပဲ။ ဒီလို လှိုင်းလုံးကို ငါတောင် မခုခံနိုင်ဘူး။ သနားစရာ မိန်းကလေး... သူတော့ သေပြီပဲ"
ပင်လယ်နတ်ဘုရားက ကိုယ်ထင်မပြသေးသော်လည်း သတို့သမီးကို ကြိုဆိုပုံမှာပင် အံ့အားသင့်ဖွယ် ကောင်းလှသည် ။
သို့သော် ကျိယွမ်ကမူ တည်ငြိမ်နေဆဲပင် ။
"ဒီလောက်လေးကတော့ သာမန်ပါပဲ။ အထူးပြုလုပ်ချက်တွေက သိပ်မကောင်းလှဘူး"
အန်ချောင်နှင့် အနက်ရောင် ဝတ်စုံနှင့် လူတို့သည် ကျိယွမ်၏ စကားကို အလိုအလျောက် မကြားချင်ဟန် ဆောင်လိုက်ကြသည် ။
ထိုအခိုက်တွင် ကျိယွမ်သည် မိုးကုပ်စက်ဝိုင်းသို့ အာရုံစိုက်ကာ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
သူ၏အမြင်အာရုံကို မြှင့်တင်ရန်အတွက် ချီစွမ်းအားအဆင့်ရှိ နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ သူ၏ အမြင်အာရုံမှာ ပိုမို ကောင်းမွန်လာပြီး ဝေးဝေးကို မြင်နိုင်စွမ်း ရှိလာ၏ ။
သို့သော် ပင်လယ်တွင်ရှိနေသော ပင်လယ်နတ်ဘုရား၏ ပုံသဏ္ဌာန်အစစ်အမှန်ကို သူ ရှာမတွေ့ပါ။
ထိုအချိန်တွင် ခြေရာခံခွေးသည် ခေါင်းမော့ကာ လေထဲတွင် ရုတ်တရက် အနံ့ခံလိုက်သည် ။
"ဟင်း... ဒီအနံ့က... အရမ်း ရင်းနှီးနေတယ်၊ ရေသတ္တဝါမျိုးနွယ်စုနဲ့ တော်တော် ဆင်တယ်၊ ဒါပေမဲ့ အတိအကျကြီးတော့ မဟုတ်ဘူး..."
ခြေရာခံခွေးသည် ကျိယွမ်အား ထိတ်လန့်တကြားဖြင့် မသင်္ကာသလို လှမ်းကြည့်၏။
"ဒါက မင်းရဲ့ အနံ့နဲ့ အတူတူပဲ။"
"မင်းက ပင်လယ်နတ်ဘုရားပဲ။"
"ဘာ"
အန်ချောင်မှာ ထိတ်လန့်သွားသည် ။
အနက်ရောင် ဝတ်စုံနှင့် လူသည်လည်း မှင်တက်သွား၏ ။
ကျိယွမ်က ပင်လယ်နတ်ဘုရားလား။
အန်ချောင် ကျိယွမ်အား ထိတ်လန့်သလိုကြည့်ကာ ရုတ်တရက် သတိရသွားသည် ။ ကျိယွမ်သည် သူတို့နှင့် အဆင့်တူသည်ဟု တစ်ခါမှ အတိအကျ မပြောခဲ့ဖူးပါ ။သူတို့ကသာ လူသစ်လေးဟု ခေါ်နေခဲ့ခြင်းဖြစ်၏။
လူသစ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားကြီးနိုင်မှာလဲ ။
ပင်လယ်နတ်ဘုရားက လူသစ်လေးကို ဝါးမြိုလိုက်ပြီး ကျိယွမ်အဖြစ် အယောင်ဆောင်ထားတာလား။
***