"မင်းက.. လော့ပုဖန်လား"
လူငယ်သည် ချန်ဖန်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေသည် ။
ပင်လယ်နတ်ဘုရား ပူးကပ်ခြင်းခံထားရသော ရွာလူကြီးပင် ကြောင်တောင်တောင်ဖြစ်သွား၏။ ယနေ့ဖြစ်ပျက်နေသောအရာများကို မျှော်လင့်မထားသဖြင့် သူလည်းကြောင်သွားပုံရသည် ။
မြေပြင်ပေါ်တွင်ထိုင်ကာ လူးလှိမ့်မတတ်ဖြစ်နေသော လော့ပုဖန်ပင် ချန်ဖန်၏ ရင်းနှီးသောမျက်နှာကို ကြည့်ကာ ခဏတာ ဝေခွဲမရဖြစ်သွား၏။
အန်ချောင်သည် မျက်လုံးများဝိုင်းသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ပါသည်
"ဒါဆိုရင် ဒီမစ်ရှင်ရဲ့ ဇာတ်လိုက်ကခေါင်းဆောင်ပေါ့"
ကျိယွမ်နှင့် စတွေ့စဉ်က အန်းချောင်သည် မစ်ရှင်ကမ္ဘာကို အပြိုင်ကမ္ဘာဟု ရည်ညွှန်းခဲ့ဖူးသည် ။ ၎င်းသည် အပျော်ပြောသည့်စကားမဟုတ်ဘဲ လက်တွေ့အမှန်တရားတစ်ခုဖြစ်၏ ။
သူတို့ရောက်ရှိနေသော မစ်ရှင်ကမ္ဘာသည် သူတို့၏ တကယ့်ကမ္ဘာမှ အတိတ်ဖြစ်ရပ်များကို ပြန်လည်သရုပ်ဖော်ထားခြင်း ဖြစ်ပုံရသည် ။ ၎င်းသည် အချိန်နောက်ပြန်ဆုတ်ကာ သမိုင်းကြောင်းအမျိုးမျိုးသို့ သွားရောက်ပြီး တာဝန်များကို ထမ်းဆောင်ရသကဲ့သို့ ဖြစ်သည် ။
မစ်ရှင်များအတွင်း သူတို့သည် နာမည်ကြီးသမိုင်းဝင်ပုဂ္ဂိုလ်များ၏ ပုံစံတူဗားရှင်းများကို တွေ့ခဲ့ရပြီး၊ သမိုင်းစာအုပ်များထဲတွင် အစအနမကျန်ခဲ့ဘဲ ကံကြမ္မာ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသူများ ၊ တနည်းအားဖြင့် ထူးခြားသော်လည်း လူသိပ်မသိဘဲ မေ့လျော့ခံထားရသူ အများအပြားကိုလည်း သိကျွမ်းခဲ့ရသည် ။
သမိုင်းဟူသည် ကျယ်ပြောပြီး လေးလံလှ၏၊ သေးငယ်သော လူသားတစ်ဦးချင်းစီသည် အချိန်မြစ်စီးကြောင်းရှည်ကြီးထဲတွင် အလွန်ပင် အရေးမပါလှသော သဲမှုန်လေးများမျှသာ ဖြစ်သည် ။
"ဒါဆို ခေါင်းဆောင်ကလည်း လော့ပုဖန်လို အတွေ့အကြုံမျိုးကိုပဲ ဖြတ်သန်းခဲ့ရတာပေါ့"
ဝတ်စုံနက်နှင့်လူက ချန်ဖန်ကို သတိကြီးစွာဖြင့် ကြည့်ရင်း သက်ပြင်းချပြောလိုက်သည် ။
သတိမထား၍လည်း မရပါ ။လော့ပုဖန်သည် မိစ္ဆာနှိမ်နင်းရန်ဟုဆိုကာ စွမ်းအားတိုးပွားဖို့အတွက် မိသားစုတစ်ခုလုံးကို သတ်ဝံ့သည်အထိ ရက်စက်ခဲ့သူ မဟုတ်ပါလား ။
အကယ်၍ သူသည် သူ၏ အရင်းနှီးဆုံးဆွေမျိုးများကိုပင် သတ်ဝံ့လျှင် မည်သူ့ကို မသတ်ဝံ့ဘဲ ရှိမည်နည်း။
"ခေါင်းဆောင်က အဲဒီလိုလူမျိုး မဟုတ်ဘူး၊ ငါမယုံဘူး"
အန်ချောင်က လက်မခံနိုင်ဟန်အံကြိတ်ကာ ပြောလိုက်သော်လည်း သူမ၏ အမူအရာမှာလည်း ရှုပ်ထွေးနေပုံရသည် ။
"ဒီမှာ တခြားအကြောင်းအရင်း ရှိရမယ်"
လက်ရှိတွင် လူတိုင်း၏ အကြည့်များမှာ ချန်ဖန်ထံတွင် ရှိနေသည် ။
ချန်ဖန်သည် လော့ပုဖန်ကို ကြည့်ကာ ပြတ်သားသော အမူအရာဖြင့် စကားဆက်၏။
"ငါက နောက်ထပ် မင်းတစ်ယောက်ပဲ၊ တခြားကမ္ဘာက မင်းပေါ့။ မင်း အခုကြုံတွေ့နေရတာတွေကို ငါလည်း ကြုံခဲ့ဖူးတယ်။ ငါ နာကျင်ခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့တယ်၊ အဆုံးမရှိအောင်နောင်တရခဲ့တယ်၊ သေတောင် သေချင်ခဲ့တယ်။ ဒါပေမဲ့... နောက်ဆုံးတော့ ငါ ဒါကို ကျော်ဖြတ်နိုင်ခဲ့တယ်။"
"ငါသာ ဘာမှမလုပ်ဘဲ သေသွားရင် ငါ့မိဘတွေနဲ့ ငါ့မိသားစုတွေ အလကား သေသွားကြမှာ မဟုတ်လား"
"လော့ပုဖန်၊ မင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ယွင်ယန်ခရိုင်က သိန်းနဲ့ချီတဲ့ ပြည်သူတွေကို စဉ်းစားကြည့်ပါ။ ဒီမိစ္ဆာကြီးက ယွင်ယန်ခရိုင်တစ်ခုလုံးကို ရေနစ်အောင်လုပ်တာကို မင်း တကယ်ပဲ ကြည့်နေချင်တာလား"
ချန်ဖန်၏ အသံမှာ အက်ရှနေသော်လည်း ခိုင်မာနေပြီး ဝမ်းနည်းရိပ်များလည်း ပါဝင်နေခဲ့သည် ။
သူသည်လည်း ဤအရာများကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတွင် သူသည် ထိုမိစ္ဆာကြီးကို ချိပ်ပိတ်နိုင်ခဲ့၏ ။
ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် သူ၏ ကာလကြာရှည် ချိပ်ပိတ်ထားသော မှတ်ဉာဏ်များ ပြန်လည်နိုးထလာခဲ့ပြီး တစ်ဖန်နာကျင်ရပြန်သည် ။ သူသည် တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး ရှိပုံရသော်လည်း သူပြောလိုက်သည့် စကားလုံးတိုင်းသည် သူ၏ သွေးစွန်းခဲ့သော အတိတ်မှတ်ဉာဏ်ဟောင်းများကို နာကျင်စွာ ပြန်လည်ဖွင့်ဟနေခြင်းဖြစ်သဖြင့် သူ့ခွန်အားများကိုပင် ကုန်ခမ်းစေသည် ။
"လော့ပုဖန်၊ ဒီနေ့ ငါနဲ့အတူ... လော့မိသားစုရဲ့ နောက်ဆုံးလျှို့ဝှက်ပညာရပ်ဖြစ်တဲ့ 'သက်မဲ့လက်ဝါး' ကို ထုတ်ဖော်ဖို့ မင်း ပူးပေါင်းမလား"
ချန်ဖန်က ပြတ်သားစွာဟစ်အော်လိုက်သည် ။
ယနေ့ သူတို့ရင်ဆိုင်နေရသော ရန်သူသည် သူ ယခင်က ရင်ဆိုင်ခဲ့ရသူထက် ပိုမိုသန်မာပြီး ပိုမိုကောက်ကျစ်၏။
ချန်ဖန်၏ စကားကို ကြားသောအခါ လော့ပုဖန်၏ မျက်လုံးထဲမှ နောက်ဆုံးကျန်ရှိနေသော သံသယများ ကွယ်ပျောက်သွားသည် ။
'သက်မဲ့လက်ဝါး' သည် လော့မိသားစု၏ ဘိုးဘွားစဉ်ဆက် ပညာရပ်ဖြစ်ပြီး မိသားစုခေါင်းဆောင်အဆက်ဆက်ကိုသာ လက်ဆင့်ကမ်းပေးခဲ့သောပညာဖြစ်သည်။ သူ၏ဖခင်မှလွဲ၍ သူတစ်ဦးတည်းသာ သိသည် ။
ထိုပညာရပ်ကို ပြင်ပလူများ မသိရှိကြသလို သိသွားလျှင်ပင် အခြားသွေးနှောသူများလည်း လေ့ကျင့်၍ မရနိုင်ပါ ။
ထို့ကြောင့် ချန်ဖန်သည် လိမ်ညာနေခြင်း မဟုတ်နိုင်တော့ပါ။
လော့ပုဖန်သည် ချန်ရှင်းလျန်၏ အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော အပြစ်ရှိစိတ်နှင့် နောင်တများ ပြည့်နှက်နေ၏ ။
နောက်ဆုံးတွင် သူ၏ အကြည့်မှာ ပြတ်သားသွားပြီး အံကြိတ်လ်ုက်သည်။
"ကောင်းပြီ"
သက်မဲ့လက်ဝါးသည် ၎င်း၏အမည်အတိုင်းပင် ပြန်လမ်းမရှိသော ပညာရပ်တစ်ခု ဖြစ်သည် ။
အတိတ်မှ လော့ပုဖန်နှင့် လက်ရှိချန်ဖန်တို့သည် လမ်းစဉ်တစ်ခုတည်းကိုသာ ရွေးချယ်လိုက်ကြ၏ ။ လော့ပုဖန်၏ စိတ်ထဲတွင် သူ၏မိသားစု၊ စေ့စပ်ထားသူနှင့် သေဆုံးသွားသူအားလုံး၏ မျက်နှာများမှာ ထင်ထင်ရှားရှား ပေါ်လာခဲ့သည် ။ ယခု သူ့ကိုယ်ထဲတွင် စီးဆင်းနေသော သွေးများသည်ပင် သူ့သွေးများ မဟုတ်တော့ဘဲ သူတို့၏ သွေးများ ဖြစ်သည် ။
"သက်မဲ့လက်ဝါး"
လော့ပုဖန်သည် ကျောက်စိမ်းသွေးအဆင့်စွမ်းအားဖြင့် အော်ဟစ်လိုက်၏ ။
ချန်ဖန်ကလည်း သွေးစွမ်းအင်အထွတ်အထိပ်အဆင့် စွမ်အားဖြင့် ဟိန်းဟောက်လိုက်သည် ။
"သတ်..."
ကြောက်မက်ဖွယ်ကောင်းသော လူနှစ်ဦးသည် ပင်လယ်နတ်ဘုရား ပူးကပ်ထားသော ရွာလူကြီးထံသို့ တုန့်ဆိုင်းခြင်းမရှိဘဲ အတူတကွ ပြေးဝင်သွားကြ၏ ။
သွေးရောင်လက်ဝါးရိုက်ချက်များသည် မုန်တိုင်းမိနေသော တောအုပ်ထဲမှ ကြွေကျနေသော သစ်ရွက်များကဲ့သို့ နေရာအနှံ့ ပျံနှံ့သွားခဲ့သည် ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လော့မိသားစု၏ ဘိုးဘေးသည် မေပယ်တောအုပ်တစ်ခုတွင် 'သက်မဲ့လက်ဝါး' ကို တီထွင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့သည် ။
ထိုအချိန်မှစ၍ လော့မိသားစုတွင် ဤထူးခြားသော ပညာရပ် ရှိနေခဲ့သော်လည်း မည်သည့်သားစဉ်မြေးဆက်မျှ အသုံးမပြုခဲ့ကြပါ ။
ယနေ့တွင်တော့ လော့ပုဖန်သည် 'သက်မဲ့လက်ဝါး' ကို ပြန်လည်အသက်သွင်းခဲ့လေပြီ ။
ကျောက်စိမ်းသွေးအဆင့်ထက် သာလွန်သော စွမ်းအားရှိသည့် ဤပညာရပ်သည် ကြောက်မက်ဖွယ်ကောင်းသောအစွမ်းကို ပြသနေသည် ။ အေးစက်ပြီး တားဆီးမရသော စွမ်းအားမှာ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများ၏ မူလစွမ်းရည်နှင့်ပင် ဆင်တူနေ၏ ။
"မဟုတ်ဘူး"
ပင်လယ်နတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး ခုခံရန်ပြင်လိုက်သည်။
သို့သော် တိုက်ကွက်နှစ်ခုကို ရင်ဆိုင်ရချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ မလှုပ်ရှားနိုင်တော့ဘဲ အစွမ်းထက်သော ကာကွယ်ရေးပညာရပ်မှာလည်း ထိရောက်မှုမရှိတော့ပေ။
သူ၏ အကောင်းဆုံး လှည့်စားမှုများမှာလည်း ကျရှုံးသွားခဲ့သည် ။
သွေးရောင်လက်ဝါးရာ နှစ်ခုသည် သူပူးကပ်ထားသော ခန္ဓာကိုယ်ပေါ်သို့ ကျတပြိုင်နက်တည်းရောက်သွား၏။
ဘုန်း...
ရွာလူကြီး၏ ခန္ဓာကိုယ်မှာ ကြေမွသွားပြီး အသားနှင့် အရိုးအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည် ။ ထိုတိုက်ကွက်သည် ပင်လယ်နတ်ဘုရား၏ ဝိညာဉ်ကိုပင် ထိမှန်သွားခဲ့သည် ။
"မဖြစ်နိုင်ဘူး"
ပင်လယ်နတ်ဘုရားက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်ပုံရိပ်သည် လေထဲတွင် လွင့်မျောသွားလေ၏။သူ၏ မျက်လုံးများထဲတွင် ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"မင်းတို့ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုကို ဖျက်ဆီးလိုက်တာလား။ ခွင့်မလွှတ်နိုင်စရာပဲ၊ ခွင့်မလွှတ်နိုင်စရာပဲဟေ့ .."
ပင်လယ်နတ်ဘုရားသည် ဒေါသထွက်နေသော်လည်း သူ၏ ဒေါသထဲတွင် နာကျင်မှုများ ရောယှက်နေသည် ။ နှစ်ပေါင်းများစွာ သူသည် လှည့်စားမှုများကို အသုံးပြုကာ ကွန်လောင်တအား ကို သူ၏ ဝိညာဉ်စိတ်ပိုင်းများအတွက် ခိုနားရာ ခန္ဓာကိုယ်ဖြစ်လာစေရန် ဆွဲဆောင်ခဲ့ရ၏ ။
သို့သော် ယခုအခါ သေမင်းလို ပြတ်သားသော စိတ်ဓာတ်ဖြင့် ပေါင်းစပ်ထားသည့် ချန်ဖန်နှင့် လော့ပုဖန်၏ တိုက်ကွက်က သူ၏ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်ခဲ့လေသည် ။
သူသည် သက်မဲ့လက်ဝါး တိုက်ကွက်နှစ်ခုကို ခံနိုင်ရည်ရှိရန် ကွန်လောင်တ၏ ပုံသဏ္ဌာန်ကို အသုံးပြုခဲ့ရရုံသာမက သူပူးကပ်ထားသော အခြားခန္ဓာကိုယ်များစွာလည်း ပေါက်ကွဲသွားခဲ့ရသည် ။
ဟိုင်ရှီးရွာတစ်ခုတည်းတွင်ပင် ငယ်ရွယ်သန်စွမ်းသော အမျိုးသား တစ်ရာကျော် ချက်ချင်းပေါက်ကွဲသေဆုံးကုန်၏ ။
ထိုသို့ အစားထိုးများရှိလင့်ကစား သူသည် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သေးသည် ။
အသက်နှင့်လဲကာ တိုက်ခိုက်သည့် ကြောက်ရွံ့မှုကင်းမဲ့သော သိုင်းပညာစွမ်းရည်မှာ သူ ဆယ်စုနှစ်များစွာ စုဆောင်းထားသမျှကို တိုက်ရိုက်ပင် ကုန်ခမ်းစေခဲ့၏။
အထူးသဖြင့် ကျောက်စိမ်းသွေးအဆင့်တွင် ရှိသော ကွန်လောင်တ၏ ပုံသဏ္ဌာန်မှာ နှမြောစရာအကောင်းဆုံးပင်။
ယနေ့တွေ့ဆုံမှုသည် သူ့အတွက် အမှန်တကယ်ပင် ဘေးအန္တရာယ်တစ်ခု ဖြစ်သွားခဲ့သည်။
"တောက်... မင်းတို့အားလုံး သေရမယ်၊ မင်းတို့အားလုံး သေရမယ်"
ပင်လယ်နတ်ဘုရား၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီသွားသည် ။ သူ၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ဝေးကွာသော ပင်လယ်ရေပြင်တစ်နေရာသည် နဂါးတစ်ကောင် ရေစုပ်ယူလိုက်သကဲ့သို့ ရုတ်တရက် လှုပ်ခတ်နိမ့်ဆင်းသွားသည် ။
ထို့နောက် တောင်တစ်လုံးကဲ့သို့ မြင့်မားသော လှိုင်းလုံးကြီးသည် ကောင်းကင်ယံသို့ မြင့်တက်လာ၏ ။
ဧရာမလှိုင်းလုံးကြီးပေါ်တွင် အရုပ်ဆိုးဆိုးရှိသည့် ပျော့ပျောင်းသောသတ္တဝါကြီးတစ်ကောင်သည် မီးအိမ်ကြီးများကဲ့သို့ ကြီးမားသော မျက်လုံးသုံးလုံးကို ဖွင့်လိုက်သည် ။
မျက်လုံးတစ်လုံးစီသည် မတူညီသော သိုင်းပညာစွမ်းရည်များကို ကိုယ်စားပြုနေသဖြင့် ကြောက်မက်ဖွယ်ကောင်းလှ၏။
မျက်လုံးအဖြူသည် လှည့်စားမှု ကို အဓိကထားသည် ။
မျက်လုံးအနီသည် တိုက်ခိုက်မှုကို အဓိကထားပြီး ခရမ်းရောင်မျက်လုံးကတော့ ထိန်းချုပ်မှုကို အဓိကထားလေသည် ။
ထိုအရာက ပင်လယ်နတ်ဘုရား၏ ပုံသဏ္ဌာန်အစစ်ဖြစ်ပြီး ကွန်လောင်တာ ပြောခဲ့သော "ဝိညာဉ်သွေး၏သားတော်" ဆိုသည့်အရာလည်း ဖြစ်လေသည် ။
"ဝိညာဉ်သွေး၏သားတော်" ဆိုသည်မှာ လှည့်ဖြားမှုတစ်ခုသာ ဖြစ်ပြီး ကွန်လောင်တကို ဝါးမြိုပြီးနောက် သူ၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲကာ ပင်လယ်နတ်ဘုရားသည် ယွင်ယန်ခရိုင်ရှိ မိစ္ဆာအားလုံးကို သူ၏ ထောင်ချောက်ထဲသို့ ဆွဲဆောင်ရန် သတင်းအမှားများကို ဖြန့်ဝေခဲ့ခြင်းပင်။
သို့သော် ယခုတော့ အရာအားလုံး လွဲချော်သွားခဲ့လေပြီ ။
အားကိုးရသော အစွမ်းထက်ခန္ဓာကိုယ်တစ်ခုလည်း ပျက်စီးသွားပြီး သူ၏ ခွန်အားသုံးပုံတစ်ပုံ ဆုံးရှုံးသွားသဖြင့် သူ ဒေါသအလွန်ထွက်နေတော့သည် ။
သူ၏ ကြီးကျယ်သော စီမံကိန်းမှာ ပျက်စီးသွားသဖြင့် ဆက်၍ ဖုံးကွယ်မနေတော့ဘဲ ယွင်ယန်ခရိုင်ကို ရေလွှမ်းမိုးမည့် အစီအစဉ်ကို တိုက်ရိုက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏ ။
လော့ပုဖန်သည် ပင်လယ်နတ်ဘုရား၏ အန္တရာယ်ကို သတင်းကြိုတင်ရရှိပြီး ထိုကိစ္စအားအလွန်စိတိပူသွားကာ နန်းတော်၏ အကူအညီကို တောင်းခံခဲ့ခြင်းပင် ။
သို့သော် ငွေစများစွာပေးခဲ့သော်လည်း အကူအညီမည်မည်ရရတော့ မရခဲ့ပါ။
ပင်လယ်နတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် ပင်လယ်ရေများမှာ မရပ်မနားစုစည်းနေပြီး လှိုင်းလုံးကြီးများကလည်း ပို၍မြင့်မားလာခဲ့သည် ။
သူသည် ယွင်ယန်ခရိုင်ကို ရေဖြင့်နှစ်မြုပ်ပစ်ရန် အခိုင်အမာ ဆုံးဖြတ်ထားပုံရ၏ ။
"ငါတို့ ဘာလုပ်ကြမလဲ ၊ ပင်လယ်နတ်ဘုရားက မသေသေးဘူး"
"ငါတို့ သေပြီ၊ သူ ဒေါသထွက်နေပြီ!"
"ခေါင်းဆောင်"
မိစ္ဆာနှိမ်နင်းရေးဌာနမှ အဖွဲ့ဝင် သုံးဦးသည် ချန်ဖန်ထံသို့ ပြေးသွားကြသည် ။
ယခုအခါတွင် ချန်ဖန်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေပြီး ပင်လယ်ပြင်မှ တလိမ့်လိမ့်တကိလာနေသော ရေလှိုင်းကြီးများကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် စိုးရိမ်မှုများနှင့်အကူအညီမဲ့မှုများ မြင့်မားလာ၏။။
"ယွင်ယန်ခရိုင်... ဒါကတော့ သွားပြီပဲ"
သူ ယခင်က ရင်ဆိုင်ခဲ့ရသော ရန်သူသည် ဤရန်သူထက်ပင် ပိုမိုသန်မာပလေသည် ။ သို့သော် အခြားသူများ၏ အကူအညီဖြင့် ထိုမိစ္ဆာကြီးကို ချိပ်ပိတ်နိုင်ခဲ့သည် ။
ဒါပေမဲ့ ဒီနေ့.. ယွင်ယန်ခရိုင်ကတော့...
အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော ခေါင်းမွှေးစုတ်ဖွားလော့ပုဖန်သည်လည်း တောင်လုံးကြီးများပမာ မြင့်တက်နေသော ရေတောင်တန်းကြီးကို စိုက်ကြည့်ရင်း မျက်လုံးများ နီမြန်းနေသည်။
"ငါ... ငါ ရှုံးသွားပြီ၊ ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်မှာလဲ..."
သူချစ်ရသူများ အားလုံးသေကုန်ပြီး သူ အသေချင်ဆုံး မိစ္ဆာကတော့ အသက်ရှင်နေသေးလေသည် ။သူ၏ အသက်ကို စတေးခဲ့လျှင်တောင် ဘာမှ ပြောင်းလဲမသွားနိုင်တော့ပါ ။
ဘယ်လောက်တောင် မကျေနပ်စရာ ကောင်းလိုက်သလဲ။
ဘယ်လောက်တောင် နောင်တရစရာ ကောင်းလိုက်သလဲ...။
ဘယ်လောက်တောင်ကြေကွဲစရာကောင်းလိုက်သလဲ။
လော့ပုဖန်သည် ပင်လယ်ပြင်ကို ကြည့်ကာ ငေးငိုင်နေပြီး မျက်လုံးဖွင့်လျက်ဖြင့်ပင် သေဆုံးသွားတော့မည့်ပုံ ပေါ်နေခဲ့သည် ။
ချန်ဖန်ကတော့ မော့ဟိုက်စွာ အသက်ရှူရင်းမှ သွေးများ အန်နေ၏ ။ အန်ချောင်သည် သူ၏ကျောပြင်ကို ဖိထားပေးနေရင်း မျက်ရည်များ ဝဲလာသည်။
"ဘာတွေဖြစ်နေတာလဲ ၊ မစ်ရှင်က ပြီးသွားပြီလေ၊ ဘာလို့ ငါတို့ ပြန်သွားလို့ မရသေးတာလဲ"
သူမသည် ပင်လယ်နတ်ဘုရားကို ရှောင်ရှားရန်သာမက ချန်ဖန်ကို ကယ်တင်ရန် ဆေးဝါးပစ္စည်းအချို့နှင့် လဲလှယ်ရန်အတွက် အမြန်ဆုံး ပြန်ချင်နေ၏ ။
ချန်ဖန်ကို ကယ်တင်နိုင်သေးသည်ဟု သူမ ယုံကြည်နေခဲ့သည် ။
သူမ၏ အတွေးများကို နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော ချန်ဖန်က သိရှိနေပုံရ၏။
"ငါက ဟိုးအရင်ကတည်းက သေသင့်တဲ့လူပါ၊ ငါ့ကို ကယ်လို့မရတော့ဘူး"
သူ့နှလုံးသားမှာ ကြေမွနေပြီဖြစ်ပြီး သွေးများမှာလည်း တဖြည်းဖြည်းခမ်းခြောက်နေကာ သေမင်းနှင့် ခြေတစ်လှမ်းစာပင် မဝေးတော့ပါ။
"နှမြောစရာပဲ..."
အဝေးမှလှိုင်းလုံးကြီးများကို ကြည့်ကာ ချန်ဖန်က မိမိကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်၏ ။
"နောင်မျိုးဆက်တွေက ငါ့ကို ပါရမီရှင်လို့ ခေါ်ကြပေမဲ့၊ ကမ္ဘာတိုင်းမှာတော့... ငါက အမှိုက်ပဲ ဖြစ်နေပုံရတယ်။ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်ခဲ့ဘူး"
အတိတ်က ဖြစ်ရပ်များသည် သူ့နှလုံးသားထဲမှ အနက်ရှိုင်းဆုံး နာကျင်မှုများ ဖြစ်သည် ။
ယခုတော့ သူသည် ထိုသို့သော နာကျင်မှုကို ဆက်လက် ခံစားနေရန် မလိုတော့ပါ ။
ပင်လယ်ရေများမှာ ရေလှိုင်းကြီးများထဲသို့ ဆက်လက်တိုးဝင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများမှာ ပို၍ပင် မြင့်မားလာနေသည် ။
ယွင်ယန်ခရိုင်တစ်ခုလုံး ကြီးမားသောဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရလေပြီ ။
သို့သော် ဤအရာကို အာရုံစိုက်နေသူက အနည်းငယ်သာ ရှိလေ၏ ။
လှိုင်းလုံးပေါ်တွင် ဝင့်ကြွားစွာ ထိုင်နေသော ပင်လယ်နတ်ဘုရားသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား ကျေနပ်စွာကြည့်နေသည် ။
ထိုစဉ်၌ တည်ငြိမ်သော အသံတစ်ခုသည် လှိုင်းသံများကို ဖြတ်ကျော်ကာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာခဲ့သည် ။
" ဒီဂိမ်းမှာ ငါက နောက်ဆုံးမှရောက်လာပြီး ကယ်တင်ရှင်လုပ်ရမယ့် သူရဲကောင်း ဟုတ်ပုံရဘူး။ အဲဒီအစား ငါက သူများတွေ လုပ်ထားသမျှကို ဝင်ရှင်းပြီး နောက်ဆုံးအချီကို နှိုက်စားမယ့် 'လောင်လျို' တစ်ယောက်ပဲ ဖြစ်နေတယ်"
ကျိယွမ်၏ ပုံစံမှာ အလွန်ပျင်းရိနေကာ ပေါ့ပျက်ပျက်နိုင်လှ၏။ သူသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးကို ရင်ဆိုင်နေရသည်ဟု မထင်ရဘဲ သေလုနီးပါး ဖြစ်နေသော ပစ်မှတ်တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ရှိသည် ။
ပင်လယ်နတ်ဘုရား၏ အကြည့်မှာ ကျိယွမ်ထံသို့ ကျရောက်သွားပြီး အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားခဲ့သည် ။
"ငါတို့... အရင်က တွေ့ဖူးလား"
"ဟင်း... တွေ့ဖူးတယ်လို့ ပြောလို့ရတာပေါ့။ အပြင်ဘက်စစ်မှန်ကမ္ဘာမှာတော့ ငါ မင်းကို စားဖူးတယ်။ တကယ်တော့... မင်းထက် ပိုဝတဲ့ ဗားရှင်းပေါ့"
ကျိယွမ်သည် လက်တွေ့ကမ္ဘာတွင် သူစားခဲ့သော 'မိုလီ ငါးဘုရင်ကို ပြန်၍သတိရသွား၏ ။၎င်းသည်လည်းသူ့အတွက် မှတ်မှတ်ရရ အတွေ့အကြုံတစ်ခုပင် ။
ထိုငါးမှာ မိစ္ဆာသူရဲကောင်းအဆင့်ရှိသော ဧရာမမိစ္ဆာကြီးဖြစ်ပြီး ယခုသူ၏ရှေ့မှ ကျောက်စိမ်းသွေးအဆင့် မိစ္ဆာထက် အဆပေါင်းများစွာ သာလွန်လေသည် ။
"မိုက်ရိုင်းလှချည်လား"
ပင်လယ်နတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးရောင်မျက်လုံးများက ကျိယွမ်ထံသို့ စိုက်ကြည့်လာသည် ။
ချက်ချင်းဆိုသလို သွေးရောင်မြှားတစ်စင်းက ကျိယွမ်ထံသို့ တိုးဝင်သွား၏။
"ဝှီး..."
"ဆောရီးပဲ၊ ငါလည်း ကျောက်စိမ်းသွေးအဆင့်ပဲ။ ရှောင်လိုက်ပြီ"
ကျိယွမ်သည် တိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်တိမ်းလိုက်သည် ။
ပင်လယ်နတ်ဘုရား၏ မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ပေါ်လာ၏။
"ကျောက်စိမ်းသွေးအဆင့် အညတရလေးကများ ရဲတင်းလှချည်လား"
လော့ပုဖန်နှင့် ချန်ဖန်တို့ ပူးပေါင်းပြီး ကျောက်စိမ်းသွေးအဆင့် နှောင်းပိုင်း နီးပါးရှိသော တိုက်ကွက်ကို ထုတ်ဖော်ခဲ့ချိန်တွင်ပင် ပင်လယ်နတ်ဘုရားမှာ ရှင်သန်နေဆဲ ဖြစ်ပါသည် ။
"မင်းသာ ပုံမှန်အခြေအနေမှာဆိုရင် ငါ နည်းနည်း သတိထားမိမှာပါ။ ဒါပေမဲ့ အခုတော့ မင်းက ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်လိုပါပဲ၊ အပြင်ပန်းကသာ ခြောက်ခြားစရာကောင်းနေတာ၊ တကယ်တော့ ခြိမ်းခြောက်မှု မရှိပါဘူး"
ကျိယွမ်ကလည်း အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ပြလိုက်သည် ။
သူသည် အားနည်းနေသော ရန်သူများကို ကိုင်တွယ်ရသည်ကို အလွန်နှစ်သက်၏ ။ အခြေအနေကို ဝင်ရှင်းပြီး အားနည်းနေသော ပြိုင်ဘက်များကို အနိုင်ယူသည့် 'လောင်လျို' ဟုခေါ်သော အခွင့်ရေးသမား လုပ်ရသည်မှာ သူ၏ ကျွမ်းကျင်မှုပင်။ ။
ကျိယွမ်၏စကားကြောင့် ပင်လယ်နတ်ဘုရား၏ မျက်လုံးထဲမှာတော့ လှောင်ပြောင်ရိပ်များက ပို၍ပင် ပေါ်လာခဲ့လေ၏။
"ငါ့အတွက်လည်း အချိန်ကိုက်ပဲပေါ့ ၊ ကွန်လောင်တရဲ့ ရုပ်သေးရုပ်က ပျက်စီးသွားပြီ။ မင်းက... ငါ့ရဲ့ ရုပ်သေးအသစ် ဖြစ်လာစေရမယ်"
ကွန်လောင်တ၏ ရုပ်သေးရုပ် ပျက်စီးသွားသဖြင့် ပင်လယ်နတ်ဘုရားမှာ သူ၏ တိုက်ခိုက်ရေးစွမ်းအား သုံးပုံတစ်ပုံ ဆုံးရှုံးသွားသော်လည်း သူ၏ အကောင်းဆုံး လှည့်စားမှု ပညာရပ်ကတော့ အကောင်းအတိုင်း ရှိနေသေးသည်
။
ကွန်လောင်တနှင့် လော့ပုဖန်တို့ကို ကိုင်တွယ်ရန် ထောင်ချောက်များ လိုအပ်သော်လည်း၊ ကျိယွမ်ကဲ့သို့သော ကျောက်စိမ်းသွေးအဆင့် အညတရလေးအတွက်မူ လှည့်စားမှုလောက်ဖြင့် လုံလောက်သည် ။
ပင်လယ်နတ်ဘုရား၏ အမိန့်နှင့်အတူ အဖြူရောင်မျက်လုံးသည် ကျိယွမ်ထံသို့ အာရုံစိုက်လာ၏ ။
ရုတ်တရက် ကျိယွမ်သည် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးက တိတ်ဆိတ်သွားသည်ဟု ခံစားလိုက်ရ၏ ။
သူက သဘောပေါက်သွားပြီး မျက်လုံးများကို မှေးကာ ပြုံးလိုက်သည်။
"အိုး... မင်း ငါ့ရဲ့ အတွေးတွေကို နားထောင်ချင်တာလား"
ပင်လယ်နတ်ဘုရား၏ လှည့်စားမှု တိုက်ကွက်သည် ကျိယွမ်၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ သူ၏ မှတ်ဉာဏ်များကို ထုတ်ယူရန်နှင့် အတွေးများကို နားထောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည် ။
"ဟူး......အရမ်း အားနည်းလွန်းတယ်။ တံခါးတောင် မဖွင့်နိုင်ဘူးပဲ။ လာပါ၊ ငါ ကိုယ်တိုင်တံခါးဖွင့်ပေးမယ်၊ လာနားထောင်ပါ"
စိတ်တူကိုယ်တူရှိသော ရင်ဖွင့်ဖော် သူငယ်ချင်းရှာရန် ခက်ခဲသည်ဟု ဆိုကြ၏ ။ သူ၏အတွင်းစိတ်ကို နားထောင်ချင်သူမှာ အလွန်ရှားပါးသဖြင့် ယခုအခါ တစ်စုံတစ်ယောက်က နားထောင်ချင်နေသောကြောင့် ကျိယွမ်မှာ ဝမ်းသာအားရပင် တံခါးဖွင့်ပေးချင်မိသည်။
ကျိယွမ်၏ခွင့်ပြုချက်ရကာ တံခါးပွင့်သွားသည်နှင့် ပင်လယ်နတ်ဘုရား၏ စိတ်ဝိညာဥ်ကလည်း ဝမ်းသာအားရပြေးဝင်သွား၏ ။သို့သော် အဆုံးမရှိသော စိတ်ဝိညာဥ်များက ပင်လယ်နတ်ဘုရားအား ဆီးကြိုလိုက်ကြပြီး သူ၏ အသိစိတ်ထဲသို့ အလုံးအရင်းနှင့် စုပြုံဝင်ရောက်ကြတော့သည် ။
ရှုပ်ထွေးခြင်းများ၊ ရူးသွပ်ခြင်းများ၊ စနစ်မကျသော ကျိန်စာများ၊ တီးတိုးသံများနှင့် ပျော်ရွှင်သော အသံအားလုံးသည် ပင်လယ်နတ်ဘုရား၏ စိတ်ထဲသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြ၏ ။
ဘုန်း.....
ရလဒ်အနေဖြင့် ပင်လယ်နတ်ဘုရား၏ အဖြူရောင်မျက်လုံးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မျက်လုံးအိမ်ပင် ကြေမွကာ နေရာအနှံ့သို့ လွင့်စင်သွားတော့သည် ။
"အား... ဘာ... ဘာတွေလဲ..."
ပင်လယ်နတ်ဘုရား၏ အတွေးများမှာ လည်း ကမောက်ကမ ဖြစ်သွားသည် ။
လွန်ခဲ့သော ခဏက သူသည် ကျိယွမ်၏ စိတ်ဝိညာဥ်အကာအကွယ်ကို ဖောက်ထွင်းကာ အတွေးများကို နားထောင်ပြီး လှည့်စားမှုပညာရပ်ကို အသုံးပြုခဲ့သည် ။
သို့သော် သူ မည်သည့်အရာကို ကြားလိုက်ရသနည်။
"အား..."
ပင်လယ်နတ်ဘုရားမှာ ရူးသွပ်သွားပြီး လက်သည်းများဖြင့် သူ၏ အဖြူရောင်မျက်လုံးအိမ်ကို ကုတ်ဖဲ့ပစ်ကူ အပြီးအပိုင် ချေမှုန်းပစ်ချင်နေပုံရသည် ။
"ဟူး....ဘာလို့ ခဏလောက် ထပ်မနေတာလဲ ၊ ငါ့ရဲ့စိတ်ဝိညာဉ်လေးတွေက ပျင်းနေကြတာ၊ သူတို့နဲ့ အဖော်လုပ်ပေးဖို့ လူတစ်ယောက်လာတာ ရှားပါးတယ် ၊ မင်းက မဖော်ရွေလိုက်တာ ၊ အထဲဝင်ရုံရှိသေးတယ် ချက်ချင်းပြန်ထွက်ပြေးတော့ သူတို့စိတိမကောင်းဖြစ်သွားမှာပေါ့ "
ကျိယွမ်က တစ်ယောက်တည်းကျန်ရစ်ခဲ့ရသော အဖိုးအိုတစ်ဦးကဲ့သို့ ဝမ်းနည်းရိပ်သန်းနေသော လေသံဖြင့် ရေရွတ်လိုက်သည် ။
သို့သော် မကြာမီ သူ၏ အမူအရာမှာ ကောက်ကျစ်သော အခွင့်အရေးသမားတစ်ဦး၏ အပြုံးသို့ ပြောင်းလဲသွား၏ ။
"အခုတော့ မင်းကို ဘာလို့ ဒဏ်ရာရနေတဲ့ ခွေးလို့ ခေါ်လဲ နားလည်သွားပြီလား ၊ ကွန်လောင်တသာ မရှိရင် မင်းက... ဘာမှမဟုတ်တော့ဘူး"
မိုလီငါးဘုရင်၏ အစွမ်းထက်ဆုံးအချက်မှာ လှည့်စားခြင်းနှင့် စိတ်ထိန်းချုပ်ခြင်း ဖြစ်သည် ။ သို့သော် ကျိယွမ်၏စိတ်အာရုံအား လှည့်ဖြားရန် သို့မဟုတ် ထောင်ချောက်ထဲတွင် ပိတ်မိရန်တို့မှာ ပြောသလောက်မလွယ်ကူပါ ။
ဘာကြောင့်လဲ။
အကြောင်းပြချက်က ရိုးရှင်းပါသည်၊
ငါက ထက်မြက်ပြီး တော်တော်လေး ဉာဏ်ကောင်းတာကို ဘယ်လိုလုပ်ပြီး လှည့်စားလို့ရမလဲ။
ထို့အပြင် ဖုံးကွယ်ထားသော သတင်းအချက်အလက်များကို မြင်နိုင်စွမ်းရှိသောမျက်လုံးနှင့် အလိမ်အညာကိုဖော်နိုင်သော နှာခေါင်းကို ပိုင်ဆိုင်ထားသောကြောင့် သူ့အား လှည့်စားရန်မှာ သာမန်လူများအဖို့ ကောင်းကင်ပေါ်သို့ တတ်ရသလောက်ကို ခက်ခဲမှာ အသေအချာပင်။
ထို့ကြောင့် မိုလီငါးဘုရင် ကျရှုံးသွားရခြင်းဖြစ်၏။
ကွန်လောင်တ၏ ကာကွယ်မှုမရှိလျှင် ပင်လယ်နတ်ဘုရားသည် သတ်ဖြတ်ခံရတော့မည့် ဒဏ်ရာရ တိရစ္ဆာန်တစ်ကောင်သာ မဟုတ်ပါလား။
"တစ်စုံတစ်ယောက်က ပြောဖူးတယ်၊ 'မင်း မြစ်တစ်စင်းထဲကို နှစ်ခါ မဆင်းနိုင်သလို၊ ငါးတစ်ကောင်တည်းကိုလည်း နှစ်ခါ မစားနိုင်ဘူး' တဲ့။ ဒီနေ့တော့ ငါ အဲဒီစကား မှားကြောင်း သက်သေပြမယ်၊ မင်းနဲ့ အရင်တစ်ကောင် ဘယ်သူက ပိုအရသာရှိလဲဆိုတာ ကြည့်ရတာပေါ့"
ကျောက်စိမ်းသွေးအဆင့် ပေါက်ကွဲငှက်သတ်လက်သီးကို ကျိယွမ်က ရုတ်တရက် အသက်သွင်းလိုက်သည် ။
မည်သည့်ပရိယာယ်မှမပါဘဲ ရိုးရှင်းပြီး ပြတ်သားသော လက်သီးထိုးချက် တစ်ချက်ပင်။
သို့သော် ၎င်းသည် လှည့်စားမှုအားလုံးကို ဖြတ်ကျော်ကာ ပင်လယ်နတ်ဘုရား၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားလေသည် ။
ရူးသွပ်နေသော ပင်လယ်နတ်ဘုရားမှာ ခုခံနိုင်စွမ်း မရှိတော့ပါ ။အမျိုးပေါင်းသောင်းခြောက်စုံလင်လှသော စိတ်ဝိညာဥ်များ၏ တီးတိုးသံများသည် မိစ္ဆာနတ်ဘုရားတစ်ပါး၏ တီးတိုးသံများကဲ့သို့ သူ့ကို ရူးသွပ်သွားစေခဲ့၏ ။
လက်သီးချက်တစ်ချက်တည်းဖြင့် ကျိယွမ်၏ တိုက်ခိုက်မှုမှာ အောင်မြင်သွားပြီး ပင်လယ်နတ်ဘုရားမှာ လဲကျသွားကာ သူ၏ အသက်မီးတောက်မှာ ငြိမ်းလုနီးပါး ဖြစ်သွားသည် ။
မြင့်တက်နေသော ဧရာမလှိုင်းလုံးကြီးများမှာလည်း ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော နှစ်သစ်ကူးမီးရှူးမီးပန်းများကဲ့သို့ ချက်ချင်းပင် ကွယ်ပျောက်သွားကြလေသည် ။
ကျောက်စိမ်းရောင် သွေးစက်ပေါင်း သုံးဆယ်ကျော်သည် ကျိယွမ်၏ လက်ထဲတွင် ပေါ်လာ၏။
" စိတ်တောင် မကောင်းဘူး ။ ဟားဟား ဟားဟား "
သူ၏ အမူအရာမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ရွှင်မြူးနေလေသည် ။
ဤမစ်ရှင်မှာ မထင်မှတ်ဘဲ အလွန်လွယ်ကူနေသည့်အပြင့် အခမဲ့ပြဇာတ်ကပြမှုကိုပင် ကြည့်ရှုခွင့်ရခဲ့သည် ။
ထို့နောက် သူ၏ အကြည့်မှာ ချန်ဖန်ထံသို့ ကျရောက်သွား၏ ။
ယခုအချိန်တွင် ချန်ဖန်၏ ကိုယ်တွင်းအင်္ဂါများမှာ လုံးဝ ကြေမွနေကာ ယဲ့ယဲ့သာရှိတော့သည်။ သို့သော် သူ၏ အမူအရာမှာ စိတ်သက်သာရာရမှုနှင့် ထုံထိုင်းမှုတို့ ရောယှက်နေလေသည် ။
ရူးသွပ်နေသော လော့ပုဖန်မှာလည်း မြေပြင်ပေါ်တွင် လဲလျောင်းရင်မှ ပြုံးနေသော်လည်း သူ၏ အမူအရာမှာ နောင်တများကြောင့် အလွန်ဝမ်းနည်းပူဆွေးနေမှန်း သိသာ၏။
"ကျေးဇူးတင်ပါတယ်။ ဒီလို သေရတာက... လက်ခံရ ပိုလွယ်ကူစေတယ်"
ချန်ဖန်က တိုးညှင်းစွာ ပြောလိုက်ပြီး ရင်းနှီးသော်လည်း စိမ်းသက်နေသော ကျိယွမ်ကို ကြည့်လိုက်သည် ။
သူ၏ မျက်လုံးများမှာ အလင်းရောင်များ ကွယ်ပျောက်နေပြီဖြစ်ပြီး ဤကမ္ဘာပေါ်ရှိ အရာအားလုံးနှင့် ဝေးကွာလာပုံရသည် ။
သေဆုံးရခြင်းမှာ သူ့အတွက် လွတ်မြောက်မှုတစ်ခုကဲ့သို့ ခံစားရ၏ ။
အနည်းဆုံးတော့ ယွင်ယန်ခရိုင် ရှင်သန်ခဲ့သည် မဟုတ်ပါလား။
ကျိယွမ်သည် ချန်ဖန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း မသွားခင် ဂိမ်းထဲက ဝှက်ထားတဲ့ ဇာတ်ကွက် အသေးစိတ်အချို့ကို နားထောင်ချင်လား"
ချန်ဖန်၏ အသက်စွမ်းအားမှာ ဆက်လက်ကုန်ခမ်းနေပြီး ဘာမှ ပြန်မပြောခဲ့ပါ ။
လော့ပုဖန်သည်လည်း ထိုနေရာမှာပင် လဲလျောင်းကာ သေမင်းလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။
သို့သော် ကျိယွမ်က ဂရုမစိုက်ပါ။သူပြောချင်ရာများကို ဆက်ပြောနေသည် ။
"မစ်ရှင်က တကယ်တော့ မပြီးသေးဘူး။ ဒါက တကယ်တော့ ရိုးရှင်းပါတယ်။ လော့မိသားစုနဲ့ ချန်မိသားစု သတ်ဖြတ်ခံရမှုတွေကို... မိုလီငါးဘုရင်က လုပ်ခဲ့တာ"
"ဂိမ်းရဲ့ တာဝန်က လော့မိသားစုနဲ့ ချန်မိသားစုနှစိခုလုံး မိစ္ဆာတွေ သတ်ဖြတ်တာခံရတဲ့ တကယ့်အကြောင်းရင်းကို စုံစမ်းဖို့ပဲ။ ရိုးရှင်းပါတယ် .. မိစ္ဆာကပဲ လုပ်ခဲ့တာ မဟုတ်လား"။
" တကယ်တော့... မင်းရဲ့ အဖေ၊ အမေ၊ မိသားစုနဲ့ မင်းရဲ့ စေ့စပ်ထားသူတွေဟာ မင်းလက်နဲ့ သေခဲ့တာ မဟုတ်ဘူး။
"
"သူတို့အားလုံး မိုလီ ငါးဘုရင်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပဲ၊ ဒါပေမဲ့ အဲဒီငါးက လှည့်စားမှုမှာ အလွန်ကျွမ်းကျင်ပြီး မင်းကိုယ်တိုင် သတ်ခဲ့တာလို့ မင်းယုံကြည်သွားအောင် လှည့်စားခဲ့တာပါ"
"အကြောင်းပြချက်ကလည်း ရိုးရှင်းပါတယ်။ မိုလီငါးဘုရင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရမ်းအားနည်းနေလို့ သူက အကာအကွယ် လိုအပ်နေတယ်လေ"။
"ကွန်လောင်တက ရွေးချယ်စရာ တစ်ခုဖြစ်သလို၊ ယွင်ယန်ခရိုင်ရဲ့ ပါရမီရှင် လော့ပုဖန်ကလည်း... နောက်ထပ် ရွေးချယ်စရာ တစ်ခုပေါ့"
ထိုအရာကို ကြားသောအခါ မြေပြင်ပေါ်တွင် လဲနေသောလော့ပုဖန်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားလေသည် ။
အန်ချောင်မှာလည်း ဝမ်းသာအားရ ဖြစ်သွားသည်။
"ခေါင်းဆောင်က အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်၊ သူက သူ့မိဘတွေကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး"
သို့သော် အန်ချောင် တွဲကူထားသော ချန်ဖန်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး တိုးညှင်းစွာ မေးလိုက်၏။
"ဒါတွေက အမှန်ပဲလား"
"အင်း"
ကျိယွမ်က ခေါင်းညိတ်ပြသည် ။
အန်ချောင်မှာ အလွန်ဝမ်းသာနေပြီး အမြန်တိုက်တွန်းတော့သည်။
"ခေါင်းဆောင် .. ငါတို့ ပြန်ကြမယ်။ရှငိ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိမှာသေချာတယ်"
ဝတ်စုံနက်နှင့် အခြားလူနှစ်ဦးသည်လည်း ပြုံးလိုက်ကြသည် ။
ဤမစ်ရှင်မှာ အံ့အားသင့်စရာများ ပြည့်နှက်နေသော်လည်း အခက်အခဲမရှိ ပြီးဆုံးသွားသဖြင့် ပြီးပြည့်စုံသော ရလဒ်တစ်ခုပင် မဟုတ်ပါလား။
အကယ်၍ ခေါင်းဆောင်ကိုသာ ကယ်တင်နိုင်လျှင် ၎င်းသည် ကြီးကျယ်သော အောင်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည် ။
ချန်ဖန်ကတော့ အန်ချောင်၏ စကားများကို မကြားဟန်ရှိသည် ။ သူသည် ဆက်လက် ချောင်းဆိုးနေပြီး ကိုယ်တွင်းအင်္ဂါ အစအနများ ရောနှောနေသော သွေးများကို အန်ထုတ်နေ၏။
သူက အန်ချောင်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"မစ်ရှင်ပြီးရင်... ငါ့ဆီကို သွားပြီး ငါ့ပစ္စည်းတွေကို... သူ့ဆီကို... ဆုလာဘ်အဖြစ်... ပေးလိုက်ပါ..."
ထိုသို့ပြောပြီးနောက် သူသည် မလှမ်းမကမ်းရှိ လူငယ်လော့ပုဖန်ကို လှမ်းကြည့်လိုက်သည် ။ ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်လုံးများတွင် စိတ်သက်သာရာရမှုနှင့် တည်ငြိမ်မှုများ ပေါ်လာပြီး သူ၏ လက်မှာ ဘေးသို့ အားပျော့စွာ ကျဆင်းသွားတော့သည် ။
ကမ္ဘာကြီးက သူ့အပေါ် ငြိမ်းချမ်းသွားပုံရသော်လည်း သူကိုယ်တိုင်ကတော့ မိမိကိုယ်ကိုယ် ငြိမ်းချမ်းသွားပုံ မရခဲ့ပါ။
ချန်ဖန်၏ သေဆုံးမှုမှာ ကျိယွမ်အတွက် တော့ စိတ်လှုပ်ရှားမှု များစွာ မဖြစ်ပေါ်စေခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူက ပြကွက်အနည်းငယ်သာပါတဲ့ NPC တစ်ယောက်ပဲ မဟုတ်လား ။
"နောက်ဆုံးတော့ မစ်ရှင် ပြီးသွားပြီ... ငါတို့ ဘယ်ကို ပြန်ကြမှာလဲ"
"မပြန်ခင် သေဆုံးသွားတဲ့သူတွေကို မြှုပ်နှံပေးကြရအောင်။ ဒါက ငါတို့ လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပဲ"
***