အန်ချောင်နှင့် အခြားသူများက ချန်ဖန်နှင့် လော့ပုဖန်တို့ကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့သည် ။
ကျိယွမ်သည်လည်း ဟိုင်ရှီရွာထဲတွင် ဟိုတစ်စု ဒီတစ်စု ပျံ့နှံ့နေသော အလောင်းများကို ကြည့်ကာ မျက်လုံးထဲတွင် နာကျင်ရိပ်များ ဖြစ်ပေါ်နေ၏။
"လူတွေအများကြီး သေကုန်တာပဲ... ဒါမျိုးဆို ကြီးကျယ်တဲ့ စားပွဲသောက်ပွဲကြီး ဖြစ်မှာသေချာတယ် ။ နှမြောစရာကောင်းလိုက်တာ... ငါက စားလို့မရတော့ဘူး"
တာဝန်ပြီးဆုံးကြောင်း အကြောင်းကြားချက် ပေါ်လာပြီးဖြစ်သဖြင့် သူတို့သည် မကြာမီ မစ်ရှင်ကမ္ဘာမှ ထွက်ခွာကြတော့မည် ဖြစ်သည် ။
ကျိယွမ်သည် ပျက်စီးနေသော ဟိုင်ရှီရွာကို တည်ငြိမ်သော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်၏။
"တကယ်လို့ ပြန်လာဖို့ အခွင့်အရေးရရင်တော့ အဲဒီကျမှ အဝစားတော့မယ်"
ထိုအခိုက် အန်ချောင် ကျိယွမ်အနီးသို့ လေးစားသောမျက်နှာထားဖြင့် ရောက်လာ၏ ။
"အစ်ကိုကျိ၊ ကျွန်မတို့ ပြန်ရောက်တဲ့အခါ ခေါင်းဆောင်ရဲ့ ပစ္စည်းတွေကို အစ်ကို့ကို ပေးပါ့မယ်"
ယေဘုယျအားဖြင့် အသစ်ဝင်လာသူတစ်ဦးသည် သူ၏ ပထမဆုံးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးပါက ဝါရင့်အဖွဲ့ဝင်များရှိရာ စခန်းသို့ ပြန်ရောက်သွားလေ့ရှိသည် ။
"အင်း .. မင်းတို့ ပြန်သွားမယ့်နေရာ နာမည်က ဘာလဲ"
"သေခြင်းစွမ်းအင်ကမ္ဘာပါ၊ ဒါပေမဲ့... ကျွန်မတို့ကတော့ ဟွမ်ချွမ်ကမ္ဘာလို့ ခေါ်ရတာကို ပိုကြိုက်ပါတယ်။ ဟွမ်ချွမ်ကမ္ဘာဆိုတာ သေဆုံးသွားတဲ့လူတွေ၊ ဒါမှမဟုတ် သေခါနီးဆဲဆဲလူတွေ စုဝေးရာနေရာပေါ့"
"အို... ဒါဆိုလည်း ဟွမ်ချွမ်ကမ္ဘာလို့ပဲ ခေါ်ကြတာပေါ့။ ငါက မျိုးချစ်စိတ်ရှိပြီး ပြည်တွင်းဖြစ်နာမည်တွေကို အားပေးတယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် ။
သူ၏မှတ်ချက်ကြောင့် အန်ချောင်နှင့် အခြားသူများမှာ ခဏတာ ဆွံ့အသွားကြ၏။
"တာဝန်က ပြီးသွားပြီဆိုတော့ ကျွန်မတို့ နာရီဝက်ထက် ပိုနေလို့မရတော့ဘူး။ ပြန်မယ်လို့ပဲ စိတ်ထဲမှာ တွေးလိုက်ပါ၊ ဒါဆိုရင် စခန်းကို ပြန်ရောက်သွားပါလိမ့်မယ်"
အန်ချောင်က ကျိယွမ်ကို ရှင်းပြလိုက်သည် ။
"သိပြီ"
ကျိယွမ်သည် အဝေးတစ်နေရာမှ ရှောင်မေကို ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်၏ ။
သူမ၏ မွေးရာပါ အိမ်ထောင်ကျလွယ်သော ခန္ဓာကိုယ်နှင့်ဆိုလျှင် နောက်တစ်ကြိမ် ပြန်ဆုံသည့်အခါ သူမ ဘယ်နှကြိမ်မြောက် အိမ်ထောင်ပြုနေဦးမလဲ မသိနိုင်ပေ ။
"ပြန်မယ်"
ကျိယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်နှင့် ချက်ချင်းပင် အချိန်နှင့် ဟင်းလင်းပြင် ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက် သူ၏ နားထဲတွင် အဆုံးမရှိသော ငိုကြွေးသံများနှင့် တီးတိုးသံများကို ကြားလာရသည် ။
ထိုခံစားချက်သည် တစ်စက္ကန့်ပင် မပြည့်မီ လုံးဝပျောက်ကွယ်သွားပြန်သည် ။
သူ၏အမြင်အာရုံ ကြည်လင်လာသောအခါ ကျောက်ခန်းငယ်လေးတစ်ခုအတွင်း မတ်တပ်ရပ်လျှက်သားရောက်နေသည်ကို တွေ့လိုက်ရ၏ ။
ကျောက်ခန်းမှာ မကြီးလှဘဲ စတုရန်းမီတာ သုံးဆယ်ခန့်သာ ရှိလေသည် ။
အခန်း၏ တောင်ဘက်ပိုင်းတွင် ကျောက်စားပွဲတစ်ခုရှိပြီး ၎င်းအပေါ်တွင် ကျောက်မီးအိမ်တစ်ခု ရှိသည် ။ မီးအိမ်အတွင်းရှိ ဖယောင်းတိုင်မှ မှိန်ပျပျ ဝါကျင်ကျင်အလင်းရောင် ထွက်ပေါ်နေပြီး ၎င်းမှာ အခန်းအတွင်းရှိ တစ်ခုတည်းသော အလင်းရင်းမြစ် ဖြစ်၏။
"အင်း... အလကားရတဲ့ အိမ်ပေါ့"
ကျိယွမ်သည် သူ၏ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လေ့လာလိုက်သည် ။
အိမ်သည် ဧရာမကျောက်တုံးကြီးတစ်ခုကို ထွင်းထုထားခြင်းဖြစ်ပုံရပြီး ကျောက်စားပွဲမှာလည်း မြေပြင်နှင့် တစ်ဆက်တည်း ဖြစ်နေသည် ။
ကျောက်တံခါးကို တွန်းဖွင့်လိုက်သောအခါ သူသည် ကမ်းပါးယံတစ်ခုပေါ်တွင် ရပ်နေကြောင်း တွေ့ရှိလိုက်သည် ။
ဆိုလိုသည်မှာ ဤကျောက်ခန်းတစ်ခုလုံးသည် ကမ်းပါးယံတွင် ထွင်းထုထားခြင်းပင် ။
"တကယ်လို့ ကမ္ဘာပျက်ပြီး ဇွန်ဘီတွေ ကျူးကျော်လာရင် ငါ ဒီမှာ ရိက္ခာတွေစုပြီး ပုန်းနေလို့ရတာပဲ။ ဘယ်ဇွန်ဘီမှ ဒီနေရာကို ရှာတွေ့မှာမဟုတ်ဘူး"
အကယ်၍ သူသာ ကလေးတစ်ယောက်ဖြစ်ပါက ဤကျောက်ခန်းကို အလွန်သဘောကျပြီး လျှို့ဝှက်စခန်းတစ်ခုအဖြစ် အသုံးပြုမည်မှာ သေချာသည် ။
သို့သော် ယခု လူကြီးတစ်ယောက်အနေနှင့်မူ သူသည် အနည်းငယ်သာ စိတ်ဝင်စားတော့သည် ။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကမ်းပါးယံပေါ်တွင် သူ၏ အခန်းကဲ့သို့ ကျောက်ခန်းများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည် ။
ကမ်းပါးအောက်ခြေတွင် ပန်းရနံ့များ သင်းပျံ့နေသော ချိုင့်ဝှမ်းတစ်ခု ရှိနေပြီး ထိုနေရာမှလေကို တစ်ချက်ရှူလိုက်ရုံဖြင့် မည်သူမဆို ခေါင်းအနည်းငယ် မူးသွားနိုင်လောက်အောင် ရနံ့ပြင်း
လေ၏ ။
ကျိယွမ်သည် ကမ်းပါးယံမှ လှေကားထစ်များအတိုင်း ဆင်းလာခဲ့လိုက်သည် ။
"အစ်ကိုကျိ... ဒီဘက်မှာ"
အန်ချောင်သည် မလှမ်းမကမ်းမှ ကျိယွမ်ကို လက်လှမ်းပြနေသည် ။
သူမသည် မစ်ရှင်ကမ္ဘာထဲက အသွင်အပြင်နှင့် မခြားနားဘဲ မိစ္ဆာနှိမ်နင်းရေးဌာန၏ တိုက်ပွဲဝင်ဝတ်စုံနက်ကို ဝတ်ဆင်ထားဆဲ ဖြစ်၏ ။
သို့သော် ဤစခန်းတွင် ခေတ်မီစတိုင်လ် ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး အများအပြားကိုလည်း သူ သတိထားမိသည် ။
ထိုစဉ် အဖိုးအိုတစ်ဦးသည် ကျိယွမ်ထံ ချဉ်းကပ်လာပြီး အလောတကြီး အမူအရာဖြင့် သူ့ကို အနံ့ခံကြည့်ကာ
စပ်စု၏။
"လူသစ်လား... မစ်ရှင်ဆုက ဘာရတာလဲ၊ ခန္ဓာကိုယ်သန့်စင် သွေးဆေးလုံးလား ၊ မင်းမှာ ရှိရင် ငါအဖိုးကြီးနဲ့ လဲမလား"
အဘိုးအိုက ကျိယွမ်အနားသို့ကပ်ကာ တစ်နေရာသို့ လက်ညှိုးထိုးပြသည်။
"ဟိုဘက်က ဝါးဆောင်ထဲက အလှလေးတွေနဲ့ ချောချောလေးတွေကို မြင်လား"
"မင်းသာ ငါ့ကို ခန္ဓာကိုယ်သန့်စင် သွေးဆေးလုံး ပေးရင် အဲဒီက အလှလေး သုံးယောက် ဒါမှမဟုတ် ချောချောလေး သုံးယောက်ထဲက ကြိုက်တဲ့သူနဲ့ ကစားလို့ရတယ်"
"
လူတိုင်း ဒီလိုအခွင့်အရေး ရတာမဟုတ်ဘူးနော်။ ငါက မင်းမှာ အလားအလာရှိတာကို မြင်လို့ မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့ ကမ်းလှမ်းတာ"
ကျိယွမ် လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ဝါးဆောင်တစ်ခုတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး ထိုင်နေသည်ကို တွေ့ရသည် ။
အမျိုးသားများမှာ ချောမောကြပြီး အမျိုးသမီးများမှာ လှပကြ၏။သူတို့အားလုံးက ပုံစံအမျိုးမျိုး ဝတ်ဆင်ထားကြသည် ။
အမျိုးသမီးအချို့မှာ ရှေးဟောင်း ချင်ဝတ်စုံများ၊ အချို့မှာ ခေတ်မီ ချောင်ဆမ်းဝတ်စုံများနှင့် အချို့မှာ စကတ်တိုနှင့် စတော်ကင်ခြေအိတ်ရှည်များ လှပစွာ ဝတ်ဆင်ထားကြ၏ ။
အမျိုးသားများမှာလည်း ထိုနည်းတူပင် ခေတ်အဆက်ဆက်၏ ဆွဲဆောင်မှုများကို ကိုယ်စားပြုဝတ်ဆင်ထားကြသည် ။
"လင်းယဲ့ရှန်း၊ လူတွေကို လိမ်ဖို့ မကြိုးစားနဲ့တော့။ အစ်ကိုကျိက လူသစ်လေး မဟုတ်ဘူး"
အန်ချောင်က အနီးသို့ရောက်လာပြီး လင်းယဲ့ရှန်းဆိုသော အဘိုးအိုကို စိုက်ကြည့်လိုက်သည် ။
"ဒါက လင်းယဲ့ရှန်းပဲ၊ စခန်းမှာ လူသစ်တွေကို လိုက်လိမ်နေတဲ့ နာမည်ကြီးလူလိမ်ပေါ့။ ခန္ဓာကိုယ်သန့်စင် သွေးဆေးလုံးက အရမ်းတန်ဖိုးရှိပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ ခွန်အားကို အများကြီး တိုးစေတာ။ ဝါးဆောင်မှာ ပျော်ပါးဖို့အတွက် အဲဒီဆေးလုံးကို အလဟဿ အဖြုန်းမခံပါနဲ့"
အန်ချောင်သည် လင်းယဲ့ရှန်း၏ လှည့်ကွက်များကို ဖော်ထုတ်ပေးလိုက်သည် ။
လင်းယဲ့ရှန်းက ရှက်ကိုးရှက်ကန်း ရယ်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် ထူးဆန်းသလို အကြည့်တစ်ခု ရှိနေ၏ ။
အန်ချောင်ကိုယ်တိုင်ကလည်း အတော်အတန် စွမ်းဆောင်နိုင်သည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သူသိထားပါသည်။
သို့သော် သူမက အဘယ့်ကြောင့် ဤလူသစ်ကို 'အစ်ကိုကျိ' ဟု ခေါ်နေရပါသနည်း။
"ဟဲဟဲ... မင်းတို့ မစ်ရှင်မှာ ဒီလူသစ်က တော်တော်လေး စွမ်းခဲ့ပုံရတယ်"
သူ၏ လှည့်ကွက် မအောင်မြင်ကြောင်း သိသွားသောအခါ လင်းယဲ့ရှန်းက လေသံပြောင်းလိုက်သည် ။
"ကောင်းပြီလေ၊ ဒါပေမဲ့ မင်းသာ ဆန္ဒရှိရင် ဝါးဆောင်က ကောင်မလေးတွေနဲ့ တွေ့ဖို့ ငါ စီစဉ်ပေးနိုင်ပါသေးတယ်"
အန်ချောင်သည် လင်းယဲ့ရှန်းကို မကျေမနပ် ကြည့်၏ ။
"အစ်ကိုကျိ..လာပါ။ ကျွန်မ ခေါင်းဆောင်ရဲ့ နေရာကို လိုက်ပို့ပေးပါမယ်"
အန်ချောင်သည် ကျိယွမ်ကို ခေါ်ဆောင်သွားလေသည် ။
လင်းယဲ့ရှန်းသည် ခဏတာ ကြောင်အမ်းသွားပြီးမှ လှမ်းမေး၏။
"ချန်ဖန် ဘာဖြစ်သွားလို့လဲ "
ချန်ဖန်သည် တစ်ကိုယ်တည်းသမားဖြစ်ပြီး သူ့နေရာသို့ ပြင်ပလူကို ဘယ်သောအခါမှ ပေးမဝင်ကြောင်း နာမည်ကြီး၏။
ယခု အန်ချောင်က ကျိယွမ်ကို ထိုနေရာသို့ ခေါ်သွားခြင်းမှာ ဘာကို ဆိုလိုနေသနည်း။
"ခေါင်းဆောင်က... မရှိတော့ဘူး"
အန်ချောင်က ဝမ်းနည်းရိပ်သန်းနေသော အသံဖြင့် တိုးညှင်းစွာ ပြောလိုက်သည် ။
ဖြစ်နိုင်သည်မှာ ၎င်းသည် အနာဂတ်တွင် သူမ၏ ကံကြမ္မာလည်း ဖြစ်လာနိုင်၏ ။
လင်းယဲ့ရှန်းမှာ အံ့အားသင့်သွားပြီး ကျိယွမ်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပါ ။
အန်ချောင်သည် ကျိယွမ်အား ချိုင့်ဝှမ်းကို ဖြတ်၍ အခြားကမ်းပါးယံတစ်ခုဆီသို့ ခေါ်သွားခဲ့သည် ။
"မင်းတို့ဆီက လူတွေက တော်တော်ဖော်ရွေတာပဲ။ ငါ မမှားဘူးဆိုရင် စောစောကလူက ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်မှာ ရှိတယ်။ ဒါတောင် မင်းက သူ့ကို အဲဒီလို ငေါက်တာကို သူ ဒေါသ မထွက်ဘူးနော်"
ကျိယွမ်က ချီးမွမ်းသလိုမှတ်ချက်ချလိုက်၏။အခြားနေရာဆိုလျှင် မိမိထက်အဆင့်နိမ့်သူက ထိုလေသံမျိုးနှင့် ငေါက်ငမ်းခြင်းကို မည်သူမှခံမည်မဟုတ်ပါ။
"သူက...သိုင်းပညာအဟောင်းကိုသင်ထားမိတဲ့ အဘိုးကြီး တစ်ယောက်ပါ။ စခန်းမှာတော့ သူက ကျောက်စိမ်းသွေးအဆင့် ရှိပေမဲ့ မစ်ရှင်ကမ္ဘာထဲ ရောက်ရင်တော့ သူ့ခွန်အားက သွေးစွမ်းအင်အဆင့် အလယ်အလတ်လောက်အထိ ကျသွားတတ်တယ်။ ဒါကြောင့်......"
အန်ချောင်က စကားကို မဆုံးသတ်ခဲ့သော်လည်း ကျိယွမ် နားလည်လိုက်သည် ။
နောင်အခါ မစ်ရှင်များတွင် သူတို့သည် အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ရသည့်အခါမျိုး ရှိနိုင်၏ ။ထိုအခါမျိုးတွင် မစ်ရှင်ကမ္ဘာတွင် လင်းယဲ့ရှန်း၏ ခွန်အားမှာ အတော်လေး အားနည်းသွားမည်ဖြစ်လေသည်။ထို့ကြောင့် သူက သည်းခံနေခြင်းခြင်းပင်။
အဓိကအချက်မှာ ကျောက်စိမ်းသွေးအဆင့်တွင်တိုးတက်ရန်ကလည်း သွေးစွမ်းအင်အဆင့်ထက် အဆပေါင်းများစွာ ပို၍ခက်ခဲနေခြင်းဖြစ်သည်။
ထို့ကြောင့် လင်းယဲ့ရှန်းကဲ့သို့သော အဖွဲ့ဝင်အိုကြီးများအတွက် စခန်းအတွင်းရှိ သူတို့၏ အဆင့်အတန်းမှာ သိသိသာသာ နိမ့်ကျနေခြင်းဖြစ်၏။
မကြာမီ အန်ချောင်၏ လမ်းပြမှုဖြင့် ကျိယွမ်သည် ချန်ဖန်၏ ကျောက်ခန်းသို့ ရောက်ရှိသွားခဲ့သည် ။
"စခန်းမှာ အလုံခြုံဆုံးနေရာက ကျောက်ခန်းတွေပဲ။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်လို့မရဘူး။ ခေါင်းဆောင် မသေခင်က ကျွန်မကိုတော့ ဝင်ခွင့်ပေးခဲ့တယ်လေ ဒါကြောင့်ဝင်လို့ရတာ ။ နောက် သုံးရက်နေရင်တော့ ဒီကျောက်ခန်းက အခန်းလွတ်တစ်ခု ဖြစ်သွားလိမ့်မယ်"
အန်ချောင်က အခန်းထဲသို့ဝေ့ဝဲကြည့်ရင်းမှ ဝမ်းနည်းရိပ်သန်းလျှက် ရှင်းပြသည် ။
သူမက ကျောက်ခန်းအတွင်းမှ ကျောက်သေတ္တာတစ်ခုပေါ်သို့ အကြည့်ရောက်သွား၏ ။
"ဒါက ခေါင်းဆောင်ရဲ့ ပစ္စည်းတွေပါ၊ သူက အစ်ကို့ကို ပေးခဲ့ချင်တာ"
အန်းချောင်သည် ကျောက်သေတ္တာကို ဖွင့်ကာ ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည် ။
ကျိယွမ်ကလည်း ထိုအထုပ်ကို တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်းယူလိုက်သည် ။
ဒါက အပိုဆောင်းတာဝန်အတွက် ငါ့ရမယ့် ဆုလာဘ်ပဲ၊ ဘာလို့ မယူဘဲ နေရမှာလဲ။
"သွေးငြိမ်သက် ဆေးလုံးလား"
"ရွှေခေါင်းလောင်း အကာအကွယ်တဲ့ "
"လေဆင်နှာမောင်းဓားသွားတစ်ထောင် သိုင်း"
အထုပ်အတွင်းမှ ကျိယွမ်သည် သွေးငြိမ်သက်ဆေးလုံး အချို့နှင့် သိုင်းကျမ်း အမျိုးမျိုးကို တွေ့လိုက်ရသည် ။
သိုင်းပညာများမှာ အဆင့်မြင့်လွန်းသည်တော့ မဟုတ်သော်လည်း ကျိယွမ်မှာ အတော်လေး စိတ်ဝင်စားသွားခဲ့သည် ။
ဒါက သိုင်းပညာအသစ်တွေပဲ ၊ ငါ့မှာကျင့်စရာမရှိတာနဲ့ ကွက်တိပေါ့။
ထိုအရာများက သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မှာ အသေအချာပင်။
၎င်းတို့အထဲမှ ကျောက်တုံးတံဆိပ်တစ်ခုကလည်း ကျိယွမ်၏ အာရုံကို ဆွဲဆောင်လိုက်သည် ။
"ဒါက ဘာလဲ"
တံဆိပ်ပေါ်တွင် "ကောင်းကင်" ဟူသော စာလုံးကို ထွင်းထုထား၏ ။
သူ၏ ထူးခြားသော မျက်လုံးများဖြင့် ကျိယွမ်သည် ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်သော်လည်း ၎င်းက တံဆိပ်၏ ကုန်ကြမ်းနှင့် ပြုလုပ်ပုံအဆင့်ဆင့်ကိုသာ ဖော်ပြလေသည် ။
"ဒါက... ပါရမီရှင် မဟာမိတ်အဖွဲ့ ရဲ့ ဝင်ခွင့်တံဆိပ်ပါ။ ဟွမ်ချွမ်ကမ္ဘာမှာ စခန်းတွေ အများကြီးရှိသလို အဖွဲ့အစည်းတွေလည်း အများကြီး ရှိပါတယ်။ ပါရမီရှင် မဟာမိတ်အဖွဲ့ကတော့ ထူးချွန်တဲ့သူတွေကို စုဆောင်းတဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုပေါ့။ ခေါင်းဆောင်မှာ အရမ်းမြင့်မားတဲ့ အရည်အချင်းရှိတယ်လေ၊ ဒါကြောင့်လည်း ပါရမီရှင် မဟာမိတ်အဖွဲ့ရဲ့ သတိပြုမိခြင်းကို ခံခဲ့ရတာ။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ အဖုအထစ်တစ်ခု ရှိနေခဲ့လို့ အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ပါရမီရှင် မဟာမိတ်အဖွဲ့ဆီကို သူ ဘယ်တော့မှ မသွားခဲ့ဘူး"
"အိုး... တော်တော်လေး ကောင်းမယ့်ပုံပဲ။ ငါ သိမ်းထားလိုက်မယ်"
ပစ္စည်းများကိုယူပြီးနောက် ကျိယွမ်သည် အန်ချောင်ကို နှုတ်ဆက်ကာ ချန်ဖန်၏ အခန်းမှထွက်လာခဲ့သည် ။
အန်ချောင်ကတော့ ချန်ဖန်၏ အခန်းတွင် ကျန်ရစ်ခဲ့ပြီး ချန်ဖန်နှင့် သက်ဆိုင်သမျှ အရာအားလုံးကို အမှတ်တရအနေနှင့် သိမ်းဆည်းချင်ပုံရလေသည် ။
သူ၏ ကိုယ်ပိုင်ကျောက်ခန်းသို့ ပြန်ရောက်သောအခါ ကျိယွမ်သည် ခန္ဓာကိုယ်သန့်စင် သွေးဆေးလုံးများကို ထုတ်ယူလိုက်၏ ။
"ဒါတွေက မိစ္ဆာသွေး စက်ပေါင်း ဒါဇင်နဲ့ချီ တန်ဖိုးရှိတာပဲ... အသေးအမွှားလေးဆိုပေမဲ့ မဆိုးပါဘူး"
အခြားသူများအတွက်မူ ယခုဆုလာဘ်မှာ အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်လေသည် ။
သူတို့သည် ကျိယွမ်ကဲ့သို့ ဝါးမြိုနိုင်စွမ်း မရှိကြသဖြင့် မိစ္ဆာသွေးအဆီအနှစ်များကို လွတ်လွတ်လပ်လပ် မသောက်သုံးနိုင်ကြပါ ။
သေချာသန့်စင်ထားသော ခန္ဓာကိုယ်သန့်စင် သွေးဆေးလုံးမှာပင် သောက်သုံးနိုင်သည့် အကန့်အသတ် ရှိသည် ။
"ဒါပေမဲ့ ခြင်ခြေထောက်လည်း အသားပဲ ။ အသုံးချရမယ်"
" စနစ်ရေ ...ငါ့ကို အဆင့်မြှင့်ပေးစမ်း"
သို့သော် သူ့တွင်စနစ်မရှိသဖြင့် သူ့ဘာသာပင် နောက်ခံစကားပြောရပြန်၏။
ပင်လယ်နတ်ဘုရားကို သတ်ပြီးနောက် ကျိယွမ်ထံ၌ မိစ္ဆာသွေးအဆီအနှစ်အားလုံးပေါင်း သုံးရာအထိ ရောက်ရှိသွားခဲ့သည် ။
ထိုသုံးရာဖြင့် ချန်ဖန်ထံမှ ရရှိခဲ့သော စသိုင်းပညာသုံးမျိုးကို ကျွမ်းကျင်အောင် လေ့ကျင့်ရန် စိတ်ကူးထား၏။
[သင်သည် မိစ္ဆာသွေး ငါးဆယ်ကို အသုံးပြုကာ 'ရွှေခေါင်းလောင်း အကာအကွယ်' ကို စတင်လေ့ကျင့်ပါပြီ။]
[ ရွှေခေါင်းလောင်း အကာအကွယ်၏ သော့ချက်မှာ အာရုံစူးစိုက်မှု၊ မာကျောမှုနှင့် အင်အားကို လွှဲဖယ်ခြင်းတို့ဖြစ်သည်။ မိစ္ဆာသွေး အချို့ကို အသုံးပြုကာ သင်သည် ရွှေခေါင်းလောင်း အကာအကွယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။ မိစ္ဆာသွေးများ ထပ်မံအသုံးပြုကာ သင်သည် ဒုတိယအဆင့်သို့ ရောက်ရှိပါသည်... ရွှေခေါင်းလောင်း အကာအကွယ်မှာ ပြီးပြည့်စုံသွားပြီဖြစ်သော်လည်း သင် ရှေ့ဆက်မတိုးနိုင်တော့ပါ။]
[ သင်သည် ရုတ်တရက် ထိုးထွင်းသိမြင်မှု ရရှိသွားပြီး မသေမျိုးလမ်းစဉ် ၏ အခြေခံမူများကို သိုင်းပညာလမ်းစဉ်တွင် အသုံးချလိုက်ပါသည်။ မိစ္ဆာသွေးများကို အသုံးပြုလိုက်သောအခါ... ရွှေခေါင်းလောင်း အကာအကွယ်မှာ... လုံးဝ ပြီးပြည့်စုံသွားပါပြီ။]
ချီယွမ်သည် 'ရွှေခေါင်းလောင်း အကာအကွယ်' ပညာရပ်ကို တစ်ထိုင်တည်းနှင့် အထွတ်အထိပ် ရောက်အောင် မြှင့်တင်လိုက်လေသည် ။
မိစ္ဆာသွေးအဆီအနှစ်ကို သောက်သုံးလိုက်စဉ် သူသည် ထိုးထွင်းသိမြင်မှုအချို့ကို ရရှိခဲ့၏ ။
လမ်းစဉ်အားလုံးသည် ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်သည်ဟူသော အဆိုရှိသည့် အတိုင်းပင် ။
သိုင်းပညာလောကမှ 'ရွှေခေါင်းလောင်း အကာအကွယ်' နှင့်မသေမျိုးလမ်းစဥ်မှ 'ကာကွယ်ရေးမန္တာန်များ' မှာ အလွန်ဆင်တူ၏။
သို့သော် တူညီသည်ဆိုသော်လည်း သာမန်လူများအတွက်ဆိုလျှင် ကြီးမားသော ကွာခြားချက်များ ရှိနေပြီး စံနမူနာပြုရန်မလွယ်နိုင်ပါ ။
ကျိယွမ်ကတော့ အခြားသူများနှင့်မတူပါ ။သူက လမ်းစဉ်နှစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်ထားလေ၏။
ထို့အပြင် သူ၏ မျက်လုံးများက ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်သလို၊ သူသည် မသေမျိုးလမ်းစဉ်တွင်လည်း ထူးခြားသော အခြေခံအုတ်မြစ်ရှိပြန်သည်။
နည်းစနစ်များကို ဟိုဟာဒီပို့ ဒီဟာဟိုပေါင်း ၊ ကပြောင်းကပြန်လုပ်ကာ ကျင့်ကြံရာ၌လည်း သူမတူအောင်ကျွမ်းကျင်ကြောင်းကိုလည်း ကျိယွမ်ကျမ်းက သက်သေပြနေ၏။
ထို့ကြောင့် မတူသောနည်းလမ်းများမှ တူသောလမ်းစဥ်ကိုဦးတည်စေရန်မှာ သူ့အတွက်ကြီးမားသောပြဿနာ မဟုတ်ခဲ့ပါ။
'ရွှေခေါင်းလောင်း အကာအကွယ်' ကို အထွတ်အထိပ်ရောက်အောင် လေ့ကျင့်ပြီးနောက် ကျိယွမ်သည် မိစ္ဆာသွေးများ ထပ်မံအသုံးပြုကာ လေဆင်နှာမောင်းဓားသွားတစ်ထောင်သိုင်း ကိုလည်း လျင်မြန်စွာ ကျွမ်းကျင်သွားခဲ့သည် ။
သူသည် ပစ္စည်းသိုလှောင်အိတ်နှင့် ဆင်တူသော သိုင်းပညာတစ်ခုကိုလည်း လေ့ကျင့်ခဲ့ပြီး ရိက္ခာများ သိုလှောင်ရန်အတွက် သူ၏ ခန္ဓာကိုယ်အတွင်း ဟင်းလင်းပြင်တစ်ခုကို တည်ဆောက်လိုက်၏ ။
"ဒီ'ထျန်းယန် လက်ညှိုးသိုင်းကလည်း ကြည့်ကောင်းသားပဲ၊ ငါ ဒါကိုလည်း လေ့ကျင့်သင့်လား"
ထျန်းယန် လက်ညှိုးသိုင်းသည် ပါရမီရှင် မဟာမိတ်အဖွဲ့၏ တံဆိပ်ထဲတွင် ပေးအပ်ထားသော သိုင်းပညာတစ်ခု ဖြစ်သည် ။ ထျန်းယန် လက်ညှိုးကို ကျွမ်းကျင်သူ မည်သူမဆို ထိုတံဆိပ်ဖြင့် ပါရမီရှင် မဟာမိတ်အဖွဲ့သို့ တိုက်ရိုက် ဝင်ရောက်နိုင်၏ ။
[သင်သည် မိစ္ဆာသွေးအဆီအနှစ် တစ်ရာကို အသုံးပြုကာ ထျန်းယန် လက်ညှိုးကို စတင်လေ့ကျင့်ပါပြီ။ ထျန်းယန် လက်ညှိုး ဒုတိယအဆင့်သို့ ရောက်ရှိပါသည်... ထို့နောက် အထွတ်အထိပ်သို့ ရောက်ရှိပါပြီ။]
"ဘာလဲ မလောက်သေးဘူးလား"
[သင်သည် မိစ္ဆာသွေးအဆီအနှစ် ငါးဆယ် ထပ်မံအသုံးပြုပါသည်၊ ထျန်းယန် လက်ညှိုးမှာ... လုံးဝ ပြီးပြည့်စုံသွားပါပြီ။]
ဟခုအချိန်တွင် ကျိယွမ်သည် သူ၏ သိုင်းပညာ တစ်ခုတည်းဖြင့်ပင် ယခင်က ကျိယွမ်ကို အလွယ်တကူ အနိုင်ယူနိုင်သွားပြီဖြစ်၏ ။
သူလေ့ကျင့်ခဲ့သော သိုင်းပညာများသည် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးလေသည်။ အထူးသဖြင့် 'ရွှေခေါင်းလောင်း အကာအကွယ်' အထွတ်အထိပ်သို့ ရောက်သွားချိန်တွင် ဖြစ်သည် ။
တိုက်ပွဲအတွင်း သွေးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်အနှံ့ စုစည်းသွားပြီး သူ၏ အရေပြားမှာ သံမဏိကဲ့သို့ မာကျောသွားကာ သာမန်မိစ္ဆာတစ်ကောင်က ကျိယွမ်ကို ဓားဖြင့် ခုတ်လျှင်ပင် ဘာဒဏ်ရာမှ ရမည်မဟုတ်ပါ ။
ဤမျှ မာကျောသော ပညာရပ်နှင့်ဆိုလျှင် သူသည် ရှေ့တန်းမှနေ၍ တိုက်ပွဲဝင်၍ပင် ရနေလေပြီ။
"ကောင်းပြီ၊ အခုတော့ တကယ့်ကမ္ဘာကို ပြန်ပြီး သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ဖို့ အချိန်တန်ပြီ"
ဟွမ်ချွမ်ကမ္ဘာရှိ အခြားနေထိုင်သူများနှင့် မတူသည်မှာ ကျိယွမ်သည် သူတို့ကဲ့သို့ သေဆုံးပြီးမှ ဝင်လာခဲ့ခြင်း မဟုတ်ပါ ။
သူ၏ အခြေအနေက ထူးခြားလေသည် ။
ထို့ကြောင့် သူသည် ပိုမိုလွတ်လပ်ပြီး တာဝန်မရှိသည့်အချိန်မျိုးတွင် အပြင်လက်တွေ့ကမ္ဘာတွင် နေထိုင်နိုင်၏။
အခြားသူများမှာတော့ ကျိယွမ်ကဲ့သို့ ကံမကောင်းကြပါ ။
ဥပမာအားဖြင့် ချန်ဖန်သည် လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း ပြင်ပကမ္ဘာသို့ ထွက်နိုင်ခဲ့သော်လည်း အရေအတွက်မှာ လက်ချိုးရေ၍ပင် ရလေသည်။
"ဝိုး... ငါးရက်တောင် ကုန်သွားပြီလား ၊
အပိုဆောင်းဂိမ်းထဲက ကမ္ဘာရဲ့ အချိန်စီးဆင်းမှုက လက်တွေ့ကမ္ဘာနဲ့ ဆင်တူပုံရတယ်"
အဆင့်တက်ရန်အတွက် အခန်းအောင်း ကာ ကျင့်ကြံခြင်းမပြုမီ ကျိယွမ်သည် သူ့ကို လာမနှောင့်ယှက်ရန် ဟိုတယ်ကို အထူးမှာကြားခဲ့သည် ။
ထို့ကြောင့် သူ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာသောအခါ၌ အခန်းမှာ သူထားခဲ့သည့်အတိုင်း အတိအကျ ရှိနေ၏ ။
သို့သော် စပ်စုတတ်သူအချို့ ဝင်လာချင်လျှင်ပင် သူတို့သည် အခန်းထဲသို့ရောက်ရန်မလွယ်ပါ ။
ကျင့်ကြံခြင်းမပြုမီ ကျိယွမ်သည် အစီအရင်တစ်ခုကို တည်ဆောက်ထားခဲ့သည် မဟုတ်ပါလား ။
"ဒီနေရာကမှ အကောင်းဆုံးပါပဲ။ ဂိမ်းကမ္ဘာမှာတော့ ငါက... အရမ်း အားနည်းလွန်းတယ်"
မစ်ရှင်ကမ္ဘာသို့ ဝင်ရောက်စဉ် သူ၏ မသေမျိုးကျင့်ကြံမှုမှာ ဖိနှိပ်ခံရပြီး အဆင့်ကြီး တစ်ဆင့်အထိ လျော့ကျသွားခဲ့သည် ။
ထိုအချက်ကြောင့်ပင် သူ၏ပထမဆုံးတာဝန်တွင် အထူးသတိထားခဲ့ရပြီး ကြောက်စရာကောင်းသော မိစ္ဆာနှင့် တွေ့မည်ကို စိုးရိမ်သဖြင့် ညဘက်တွင် ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပါ ။
ဂိမ်းကမ္ဘာထဲရှိ လော့ပုဖန်၏ဘဝက ခက်ခဲခဲ့သလို ကျိယွမ်၏ဘဝသည်လည်း ခက်ခဲခဲ့လေသည် ။
လူတိုင်း၌ ကိုယ်စီ အခက်အခဲများ ရှိကြသည်ဆိုသောစကားမှာ အမှန်ပင် ။
ဥပမာအားဖြင့် အချို့သူများသည် မိဘမဲ့အဖြစ် မွေးဖွားလာကြ၏ ။
ကျိယွမ်တွင်လည်း အခက်အခဲ ရှိပါသည် ။ သူ့မှာ ယောက္ခမပင် မရှိပါ ။
သူ့ကို ဂရုစိုက်မည့်သူ၊ ချစ်မည့်သူ သို့မဟုတ် ကာကွယ်ပေးမည့်သူလည်း မရှိပါ ။ သူ၏ ခွန်အားမှာလည်း တစ်ဆင့်တိတိ ဖိနှိပ်ခံထားရပြီး ဂိမ်းကမ္ဘာတွင် မိစ္ဆာကြီးများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံရမည်စိုးသဖြင့် သူသည် အမြဲတမ်း စိုးရိမ်ထိတ်လန့်နေခဲ့ရလေသည် ။
ကံကောင်းထောက်မစွာဖြင့် သူ၏ သတိကြီးစွာ ထားတတ်သော သဘာဝကြောင့် တာဝန်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်၏ ။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်ပြီး သူ၏ အခြေတည်အဆင့် အထွတ်အထိပ် ခွန်အားကိုပြန်ရမှသာ ယုံကြည်မှုများ ပြန်လည်ရရှိလာလေသည် ။
"ကြည့်ရတာ... ငါအမြုတေကို ဖွဲ့စည်းဖို့ လိုနေပြီ"
ကျိယွမ်သည် တည်းခိုခန်းပြတင်းမှတဆင့် ကောင်းကင်ယံရှိ နေမင်းကို ကြည့်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေခဲ့သည် ။
ဒီပုံဆိုရင် ကောင်းကင်မှာနောက်ထပ်နေတစ်စင်းပေါ်လာဖို့ သိပ်မကြာတော့ဘူး။
အမြုတေကို ဖွဲ့စည်းခြင်းဖြင့် သူ၏ကြယ်တာရာအမြုတေကို တဖြည်းဖြည်း ဆွဲယူနိုင်ပေတော့မည်။
ပထမဆုံး ဆွဲယူခံရမည့်အရာမှာ နင်းထောင်ရှိနေသည့် ကြယ်ဖြစ်ပြီး ၎င်းမှာ ကျိယွမ်၏ ပထမဆုံး အမြုတေလည်း ဖြစ်သည် ။
"ငါ အဆင့်တက်ဖို့... အချိန်တန်ပြီ"
.............
စစ်စခန်းတစ်ခုတွင် ယူနီဖောင်းဝတ်ထားသော စစ်သားထောင်ပေါင်းများစွာ လေ့ကျင့်နေကြပြီး သူတို့၏ အော်ဟစ်သံများမှာ စည်းချက်ညီညာစွာ ထွက်ပေါ်နေသည် ။
သူတို့၏မာန်သွင်းသံများနှင့်အပြိုင် အင်ဂျင်သံများမှာလည်း မိုးခြိမ်းသံကဲ့သို့ ဆူညံလျှက်ရှိ၏ ။
အမြောက်အမျိုးမျိုးကိုလည်း လွတ်လပ်စွာ ပစ်ခတ်နေကြလေသည် ။
သို့သော် သံမဏိအဆောက်အအုံကြီးတစ်ခုအတွင်း၌မူ အလွန် တိတ်ဆိတ်နေလေသည်၊ အသံလုံစနစ်မှာ အလွန်ကောင်းမွန်သဖြင့် အပြင်ဘက်မှ ဆူညံသံများ မဝင်ရောက်နိုင်ပေ။
ယူနီဖောင်းဝတ်ထားသော ဗိုက်ပူပူနှင့် အမျိုးသားတစ်ဦးသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် သူ၏ ရှေ့ရှိ အမျိုးသားကို ကြည့်ကာ စကားပြောလိုက်သည် ။
"ရှောင်ဟွမ်း၊ ဒီကိစ္စက ကြယ်ခုနှစ်ပွင့်မိသားစုကြီးတွေရဲ့ အာရုံစိုက်မှုကိုတောင် ခံနေရပြီ။ သူလုပ်ခဲ့တဲ့အရာက .."
"လန်ဟိုင်မြို့စားဆီကို ခေါင်းတလား ပို့လိုက်တာကိုပြောတာ ၊ အဲဲဒါက ငါတို့ကို ခက်ခဲတဲ့အခြေအနေထဲ ရောက်စေတယ်။ လန်ဟိုင်မြို့စားရဲ့ လုပ်ရပ်က နည်းနည်း လွန်သွားတယ်ဆိုပေမဲ့၊ ဘာပဲဖြစ်ဖြစ်... သူ့ရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်အတွက်နဲ့ ချင်းယွမ်အတွက်ပဲလေ"
"ဒါကို ဒီလိုလုပ်ရင် ဘယ်လိုလဲ၊ ငါ လန်ဟိုင်မြို့စားကိုလည်း ပြောလိုက်မယ် ၊ သူ့ဆီကိုယ်တိုင်သွားပြီး တောင်းပန်ခိုင်းလိုက်မယ် ၊ ပြီးတော့ ဒီကိစ္စကို အဆုံးသတ်လိုက်ကြတာပေါ့"
စခန်းအရာရှိ၏ စကားလုံးများက မကြမ်းတမ်းသော်လည်း အေးစက်သော အငွေ့အသက်များ ပါဝင်နေ၏ ။
မကြာသေးမီက 'ကွေ့ရန်' စစ်စခန်းတစ်ခုလုံး သုတ်သင်ခံရမှုသည် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည် ။
ထိုကိစ္စကြောင့် ချင်းယွမ်နိုင်ငံ၏ အထက်တန်းလွှာများသည်လည်း ကျိယွမ်ကို သတိပြုမိလာကြသည် ။
ဖြစ်နိုင်သည်မှာ လောဘစိတ်ကြောင့် သို့မဟုတ် အဆင့်မြင့်ပုဂ္ဂိုလ်အချို့၏ အမိန့်ကြောင့် လန်ဟိုင်မြို့စားသည် ကျိယွမ်၏ ဖုန်းနှင့် ကွန်ပျူတာအတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ကာ သတင်းအချက်အလက်များ အသေးစိတ်ရယူရန် ကြိုးစားခဲ့ပုံပင် ။
မထင်မှတ်ဘဲ ထိုအရာကို 'ဇီးရိုးဝမ်း' က ရှာဖွေတွေ့ရှိကာ ကြားဖြတ်ဟန့်တားခဲ့သည် ။
ထို့ကြောင့် ကျိယွမ်သည် ဇီးရိုးဝမ်းကို လန်ဟိုင်မြို့စားထံသို့ ခေါင်းတလားတစ်လုံး ပို့ခိုင်းလိုက်၏ ။
ထိုကိစ္စများကြောင့်ပင် ခွမ်းဟွမ်သည် ဤနေရာသို့ရောက်နေရခြင်းပင်။
ခွမ်းဟွမ်သည် အရာရှိကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ ပြောလိုက်သည်။
"အကြီးအကဲ၊ ကျွန်တော့်မှာလည်း မစ္စကျိရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အရည်အချင်း မရှိပါဘူး"
အရာရှိပုဂ္ဂိုလ်က လက်မခံပါ။
"မင်းမှာ အရည်အချင်း ရှိမရှိက အရေးမကြီးဘူး။ ငါတို့စကားတွေကို သူ့ဆီ သွားပြောပြဖို့ပဲ လိုတာ။ မဟုတ်ရင် ဒီနေ့ သူက လန်ဟိုင်မြို့စားဆီကို ခေါင်းတလား ပို့ဝံ့တယ်ဆိုရင်၊ မနက်ဖြန် ကြယ်ခုနစ်ပွင့် မိသားစုဝင်တွေကို သတ်ဖို့ရော မလုပ်ရဲဘဲ နေပါ့မလား"
" သူက တကယ်ကို သန်မာတာ မှန်ပေမဲ့ ငါတို့ ချင်းယွမ်နိုင်ငံရဲ့ 'ကောင်းကင်မျက်လုံး' ကလည်း အပျော်တမ်းကြည့်ဖို့ပြထားတာ မဟုတ်ဘူး။ ကောင်းကင်မျက်လုံးအောက်မှာ နတ်ဘုရားတွေတောင် မရှင်သန်နိုင်ဘူးဆိုတာ မင်းလည်းသိတယ်"
"ဒါပေမဲ့ ငါတို့က ငြိမ်းချမ်းရေးကိုပဲ လိုလားပြီး ပဋိပက္ခကို အလွယ်တကူ မစတင်ချင်ဘူး။ သူသာ စေတနာထားပြီး လန်ဟိုင်မြို့စားကို ခွင့်လွှတ်ပေးမယ်ဆိုရင် အရာအားလုံးကို ဆက် ဆွေးနွေးလို့ရပါတယ်"
အရာရှိ၏အမူအရာတွင် ခြိမ်းခြောက်ရိပ်များ ပါဝင်နေပြီး ခွမ်းဟွမ်အား ဖိအားပေး၏။
ကျိယွမ်ကဲ့သို့သော မတည်ငြိမ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်၍ အထက်ပိုင်းတွင်လည်း ငြင်းခုံမှုများစွာဖြစ်ပွားနေခဲ့သည် ။
အချို့က သူ့ကို စည်းရုံးချင်ကြပြီး အချို့ကတော့ သူ့ကို ဖယ်ရှားပစ်ချင်ကြ၏ ။
လောလောဆယ်တွင်တော့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အသာစီးရနေသည် ။
သို့သော် ပူးပေါင်းဆောင်ရွက်မှုအတွက်ပင် နည်းဗျူဟာအချို့အတိုင်း လုပ်ရန်လိုအပ်လေသည်။
ပထမဆုံးအနေဖြင့် အနည်းငယ် ဖိနှိပ်ထားရန် လိုသည် ။ မဟုတ်လျှင်... မည်သူက ပိုကြီးမားသော ကတ်များကို ကိုင်ထားသနည်းဆိုသည်ကို သူ သိမည်မဟုတ်ပါ ။
"ဒါက..."
ခွမ်းဟွမ် အခက်တွေ့နေပုံဖြင့် စကားဆက်ရန်ထစ်နေ၏။
ကွေ့ရန်စစ်စခန်းတွင် မစ္စတာကျိ၏ ခွန်အားကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးကတည်းက နတ်ဘုရားတစ်ပါးကဲ့သို့ သူက သတ်မှတ်ထားပြီးသားပင်။
သို့သော် မစ္စတာကျိ မည်မျှပင် သန်မာပါစေ၊ ချင်းယွမ်နိုင်ငံ၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်သော ကောင်းကင်မျက်လုံးကို ယှဥ်နိုင်ဖို့က တကယ်ပင်မလွယ်ကူပါ။
အခြားအင်အားကြီးဂြိုဟ်များ၏ ကျူးကျော်ခြင်းကိုခံခဲ့စဉ်က ကုံရှင်းဂြိုဟ်သည် သိမ်းပိုက်မခံရဘဲ လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ခြင်းမှာ ကောင်းကင်မျက်လုံးကြောင့် အဓိက ဖြစ်သည် ။
ထိုလက်နက်နှင့်ပတ်သတ်လျှင်တော့ ခွမ်းဟွမ်မှာ ကျိယွမ်အတွက် စိုးရိမ်မိလေ၏။
ထို့အပြင် ကျိယွမ်၏ စရိုက်ကို သူကောင်းကောင်း သိလေသည် ။
ကျိယွမ်သည် သူလုပ်ခဲ့သော အရာအတွက် မည်သည့်အခါမှ နောင်တရမည် မဟုတ်ပါ ။
ကောင်းကောင်းမွန်မွန် ပြောဆိုလျှင် အဆင်ပြေနိုင်သော်လည်း ဤကဲ့သို့ သိသိသာသာ အထက်စီးဆန်သော အမူအရာနှင့်ဆိုလျှင် မစ္စတာကျိသည် သူတို့ကို သေချာပေါက် အထင်သေးပါလိမ့်မည် ။
ထိုအခါ ရလဒ်ကဘာဖြစ်လာမည်နည်း။
ခွမ်းဟွမ်ထစ်ငေါ့နေတော့သည်။
"ကျွန်တော်..."
သူ၏အမူအယာကို မြင်သောအခါ အရာရှိက အခြေအနေကို နားလည်သွားပုံရသည် ။
လောလောဆယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အသာစီးရနေသော်လည်း စစ်လိုလားသောအဖွဲ့က လည်း တိတ်တဆိတ် လှုပ်ရှားနေ၏ ။
"ခွမ်းဟွမ်...၊ ငါက မင်းအဖိုးရဲ့ ရဲဘော်ဟောင်းပါ။ မင်းက သူ့ကို သွားမပြောချင်ဘူးဆိုရင်တော့ ဒီကိစ္စမှာ ဝင်မပါနဲ့တော့"
သူသည် လန်ဟိုင်မြို့စားကို ကျိယွမ်နှင့် ကိုယ်တိုင်သွားတွေ့ခိုင်းရန် ဆုံးဖြတ်လိုက်သည် ။
အကယ်၍ ကျိယွမ်က တောင်းပန်မှုကိုငြင်းဆန်ပါက ကိစ္စက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါလိမ့်မည် ။
ထို့ကြောင့် သူက ခွမ်းဟွမ်ကို မကြာမီ ကျရောက်တော့မည့် မုန်တိုင်းထဲမှ ဘေးထွက်နေရန် သတိပေးလိုက်ခြင်းပင်။
"အကြီးအကဲ၊ လန်ဟိုင်မြို့စားမှာ အပြစ်ရှိပါတယ်...၊ပြီးတော့ .."
ခွမ်းဟွမ်က စကားမဆုံးသေးခင်မှာပင်
အရာရှိက ကြားဖြတ်ပြောလိုက်သည်။
"ရှောင်ဟွမ်း၊ မင်းက ကလေးမဟုတ်တော့ဘူး။ မင်းမိသားစုအတွက်လည်း စဉ်းစားသင့်တယ်။ မင်း ပြန်သွားတဲ့အခါ ဘာမှမဖြစ်ခဲ့သလိုမျိုး နေပါ၊ ဒါမှမဟုတ်... ဒီမှာ ခဏလောက် နေသွားပေါ့"
သူ၏ ရည်ရွယ်ချက်မှာ ဤကိစ္စ မပြီးမချင်း ခွမ်းဟွမ်ကို ထိန်းသိမ်းထားရန် ဖြစ်သည် ။
ဆက်ပြောရန်အခက်တွေ့နေသော်လည်း ခွမ်းဟွမ်၏စိတ်ထဲတွင် ရုန်းကန်မှု၊ အားကိုးရာမဲ့မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေ၏ ။
သူသည် ကျိယွမ်အတွက်လည်း အလွန်စိုးရိမ်နေသည် ။
သူ သိသလောက်တော့ ကျိယွမ်သည် အလျှော့ပေးမည့်သူမျိုး မဟုတ်ပါ ။
သူ တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ဘယ်သောအခါမှ စိတ်ပြောင်းမည်လည်း မဟုတ်ပေ ။
သူ ဘာလုပ်သင့်သနည်း။
သူ၏စိတ်မှာ အလွန်ရှုပ်ထွေးနေခဲ့ပြီးသံမဏိအဆောက်အအုံ၏ အပြင်သို့ သူ မည်မျှကြာအောင် လမ်းလျှောက်ခဲ့သည်ကိုပင် သတိမထားမိတော့ပါ ။
အစောင့်နှစ်ဦးက သူ့ကိုထပ်ချပ်မကွာ လိုက်ပို့ပေးနေ၏။
"ဒီနေ့ ရာသီဥတုက ဘာဖြစ်တာလဲ ၊ တော်တော်ပူတာပဲ"
"ဟုတ်တယ် ၊ ငါလည်း အဲဒါပြောမလို့"
သူ့အားလိုက်ပို့နေသော စစ်သားနှစ်ဦး၏စကားသံကြောင့် ခွမ်းဟွမ်သည်လည်း နေလုံးကြီးမှာ ထူးထူးခြားခြား စူးရှနေသည်ဟု ခံစားလ်ုက်ရသည် ။
စခန်းရှိ စစ်သားတော်တော်များများက ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကိုလည်း သူ ရုတ်တရက် သတိပြုမိလိုက်၏။
ဘာဖြစ်နေတာလဲ။
သိချင်းစိတ်ကြောင့် သူလည်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် နောက်ထပ် နေတစ်စင်း ပေါ်နေသည်ကို မြင်လိုက်ရ၏။
ခွမ်းဟွမ်၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
"ဒါ ..ဒါက .."
သူက နေမင်းကြီးအားအံ့သြစွာကြည့်နေရင်းမှ သူ၏အမူအယာမှာ တဖြည်းဖြည်းပြောင်းလဲလာ၏။
နောက်ဆုံးတွင်တော့ အားရပါးရပြုံးလိုက်ပြီး သံမဏိအဆောက်အဦးအား လှည့်ကြည့်ကာ အဖတ်မတန်သလို မှတ်ချက်ချလိုက်သည်။
"သိုင်းဘုရင် ကြယ်ခုနစ်ပွင့်မိသားစုကြီးတဲ့လား ၊ ဟားဟား ဟားဟား သူတို့က ခွေးချေးလောက်တောင် မတန်ပါဘူး"
***