လမ်းမကြီးပေါ်တွင်ဖြစ်သည်။
"မေမေ၊ ဘာလို့ ကောင်းကင်မှာ နေနှစ်စင်းရှိနေတာလဲ"
"နင်က ငယ်ငယ်လေးနဲ့ လိမ်တတ်နေပြီ။ မနေ့ကလည်း နင့်အဖေက မိန်းမချောချောနှစ်ယောက်နဲ့ ကစားနေတယ်လို့ လိမ်တယ်၊ ဒီနေ့ကျတော့ ကောင်းကင်မှာ နေနှစ်စင်းရှိတယ်လို့ ပြောပြန်ပြီ"
အမေဖြစ်သူက သူမ၏သားအား ဆူလိုက်သည်ကို မြင်သောအခါ အနီးမှလူငယ်တစ်ယောက်က ကလေးဘက်မှ ထောက်ခံ၏။
"ကလေးပြောတာအမှန်ပါ အစ်မ ၊ တကယ်ကြီးပါ၊ ကြည့်ကြည့်ပါဦး"
ဆေးရုံတစ်ခုတွင်ဖြစ်သည်။
" မင်းတို့ ခွဲစိတ်တာ မှားသွားတာလား၊ ဘာလို့ ကောင်းကင်မှာ နေနှစ်စင်း ဖြစ်နေရတာလဲ"
"နေနှစ်စင်းလား"
ထိုစကားကို ကြားလိုက်ရသဖြင့် ဆရာဝန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
လူနာအား မျက်စိကို ခွဲစိတ်ပေးထားခြင်း ဖြစ်သည်၊ ဦးနှောက်ကို ခွဲလိုက်ခြင်း မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ... လူနာကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့သင့်သည်လား။
ထိုသို့တွေးရင်း သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးသွားတော့သည်။
ငါလည်း မျက်လုံးစမ်းသပ်ဖို့လိုနေပြီ ၊ မဟုတ်ဘူး ဦးနှောက်ကိုလည်း စစ်ဆေးရမယ်။
လက်ရှိအချိန်တွင် ကုံရှင်းတစ်ခွင်လုံး၌ အာမေဍိတ်သံများ နေရာအနှံ့မှ ထွက်ပေါ်နေသည်။ လူများစွာသည် ကောင်းကင်သို့ မော့ကြည့်နေကြပြီး သူတို့၏မျက်နှာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"တကယ်ကြီး ကောင်းကင်မှာ နောက်ထပ် နေတစ်စင်း ရှိနေတာပဲ"
"ကောလာဟလတွေက တကယ်ပဲလား၊ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာတာ၊ မသေမျိုးလမ်းစဉ် နိုးကြားလာတာ၊ ဒဏ္ဍာရီတွေ ပေါ်ထွန်းလာတော့မှာလား"
"ဟား... ဒီနေကတော့ .. ငါ့မျက်လုံးတွေ ပူလောင်နေပြီ"
"ငါ့ရဲ့ သိပ္ပံပညာဗဟုသုတအရဆိုရင် ကုံရှင်းက မိနစ်အနည်းငယ်ကြာရင် ပျက်စီးတော့မှာ မဟုတ်လား"
"ဘာလို့ မိနစ်အနည်းငယ်ကြာမှလဲ"
"အလင်းက ဒီကိုရောက်ဖို့ မိနစ်နည်းနည်း ကြာတတ်လို့လေ။ နောက်ထပ် နေတစ်စင်း ထပ်တိုးလာတာကို ငါတို့ကုံရှင်းက ခံနိုင်ရည် ရှိပါ့မလား"
"နင်ကတော့ ငတုံးပဲ၊ အခု ငါတို့ နေကို မြင်နေရပြီဆိုကတည်းက အလင်းက ဒီကို ရောက်နေပြီပေါ့"
"ဟမ်"
နေရာအနှံ့အပြား၌ လူတိုင်း၏ အကြည့်များသည် ကောင်းကင်သို့ စုပြုံရောက်ရှိနေကြပြီး မှတ်ချက်အမျိုးမျိုးပေးကြသည်။ ကောင်းကင်တွင်ပေါ်လာသော အပိုနေတစ်စင်းကြောင့် တုန်လှုပ်မှု၊ စူးစမ်းလိုစိတ်နှင့် မသိနားမလည်သော အရာအပေါ် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ရှိ အပိုနေကို ဒူးထောက်ကာ ကန်တော့နေကြသူများလည်း ရှိ၏။
စစ်သင်္ဘောတစ်စင်းပေါ်တွင်ရောက်နေသော လော့ဖိန်မှာ အံ့အားသင့်နေပြီး လက်ရှိအခြေအနေများ၏ တိုးတက်ပြောင်းလဲမှုမှာ သူမျှော်လင့်ချက်ထားခဲ့သည်ထက် ကျော်လွန်နေသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ပြန်လည်ဝင်စားသူတစ်ဦးအနေဖြင့် သူသည် ကုံရှင်း၏ အဓိကဖြစ်ရပ်များကို ကောင်းစွာ သိထား၏။
လျှို့ဝှက်ရတနာများနှင့် ရှေးဟောင်းအမွေအနှစ် အမျိုးမျိုးကိုလည်း သူ ရင်းနှီးကျွမ်းဝင်သည်။
သို့သော် ကောင်းကင်တွင် အပိုနေတစ်စင်း ရှိနေခြင်းကတော့။
သူ ထိုသို့သောအရာကို အတိတ်ဘဝတွင် တစ်ခါမျှ မကြားဖူးခဲ့ပါ။
သူသည် လေးနက်သော အမူအရာဖြင့် ကောင်းကင်သို့ မော့ကြည့်နေသည်။
ထိုအချိန်တွင် အပြာရောင်စကတ်ကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး သူ့အနားသို့ ရောက်လာသည်။ လော့ဖိန်အပေါ် သူမ၏အကြည့်မှာ အလွန်နူးညံ့နေပြီး သူမ၏ မျက်လုံးများမှာ သူ၏အပေါ်၌သာ အာရုံစိုက်ထားသည်။
"အဖိုးဆီက ဖုန်းလာနေတယ်။"
လော့ဖိန်က ဖုန်းကို အမြန်ကိုင်လိုက်သည်။
"ဘိုးဘိုး..."
"ကောင်းကင်က နေအကြောင်းလား... ကျွန်တော်လည်း မသိဘူး။ ဘဝ ပြန်မစခင်က ကောင်းကင်မှာ အပိုနေတစ်စင်း မှ မရှိခဲ့ဘူး။ ဒါက... မမျှော်လင့်ထားတဲ့ ထူးခြားမှုတစ်ခု ဖြစ်နိုင်တယ်။"
"ဟုတ်ကဲ့၊ ရှောင်ချင်းနဲ့ ကျွန်တော် ရှင်းယွင်ကျွန်းကို သွားနေကြပြီ။ ပစ္စည်းကို ယူပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။"
ဖုန်းချပြီးနောက် လော့ဖိန်သည် ကောင်းကင်ရှိ အပိုနေကို တစ်ချက်ကြည့်လိုက်ပြီး အနီးနားရှိ သူ၏ ငယ်ရွယ်ချောမောသော ဇနီးသည်ကို ကြင်နာစွာကြည့်လိုက်သည်။
သူ၏ရင်ထဲတွင် ကျေနပ်မှုနှင့်အတူ ချမ်းမြေ့သာယာမှုကို ခံစားလိုက်ရ၏။
"ကိစ္စမရှိပါဘူး။ ကောင်းကင်မှာ နေတစ်စင်း ပိုလာတာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီး ပြန်လည်စတင်တာပဲဖြစ်ဖြစ်... အဲ့ဒါတွေက ငါတို့နဲ့ အလှမ်းဝေးလွန်းပါတယ်။ ငါတို့ရဲ့ မိသားစုလေးကိုပဲ ဂရုစိုက်ကြရအောင်။"
တစ်ချိန်တည်းမှာပင် ကန်ရှင်းဂြိုဟ်တွင် ကြီးမားသော အာကာသယာဉ်အုပ်စုကြီးတစ်ခုသည် ကမ္ဘာ့အပြင်ဘက်ရှိ အာကာသနက်နက်ထဲ၌ ခရီးနှင်နေသည်။
အဖြူရောင် အရည်ကဲ့သို့လက်နေသော တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး၏ အမူအရာတွင် သံသယအရိပ်အယောင်များ ရှိနေသည်။
"ပရော်ဖက်ဆာ လီ၊ စုံစမ်းစစ်ဆေးမှု ရလဒ်တွေက ဘာလဲ"
အသက်ကြီးပိုင်း ပရော်ဖက်ဆာသည် သူ၏ရှေ့မှ ကြီးမားသော ဖန်သားပြင်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် ရှားရှားပါးပါး ဇဝေဇဝါ ဖြစ်နေသည့် အသွင်ရှိနေ၏။
"သတ္တမအဆင့် ချန်းအလင်းကို ထုတ်လွှတ်တဲ့ ကျွန်တော်တို့ရဲ့ စမ်းသပ်ကိရိယာက... အသစ်ပေါ်လာတဲ့ နေနဲ့ အဆက်အသွယ် မရခဲ့ဘူး။"
"အဆက်အသွယ် မရခဲ့ဘူးလား"
ပထမဆုံးအကြိမ်အဖြစ် လူငယ်၏မျက်လုံးများတွင် လေးနက်သော အမူအရာ ပေါ်လာသည်။
ချန်းအလင်းသည် မောနင်းစတားနိုင်ငံမှ အာကာသအတွင်းပိုင်းရှိ အမွေအနှစ်တစ်ခုမှ ရယူထားသော ထူးခြားသော အလင်းအမျိုးအစား ဖြစ်ပြီး ဤအလင်းတွင် ထူးခြားသော ဂုဏ်သတ္တိများရှိ၏။ သတ္တမအဆင့် ချန်းအလင်းသည် စူးစမ်းရှာဖွေမှုအတွက် အသင့်တော်ဆုံးလည်း ဖြစ်သည်။
၎င်းသည် ကောင်းကင်ရှိ ဂြိုဟ်အမျိုးမျိုးကို စုံစမ်းနိုင်သည်။
အာကာသတွင်းနက်ကြီးများကိုပင် ပတ်ပတ်လည်၌ စူးစမ်းနိုင်၏။
အခု ချန်းအလင်းတောင် ကျရှုံးသွားတယ်တဲ့လား။
"အဲ့ဒါက ရှိနေသလိုလို၊ မရှိသလိုလိုနဲ့ လက်တွေ့နဲ့ စိတ်ကူးယဉ်ကြားမှာ ဝဲပျံနေသလိုပဲ။"
ပရော်ဖက်ဆာ လီသည် သူ၏စကားကို ခေတ္တရပ်လိုက်သည်။
လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းယမ်း၏။
ထိုစကားကို သူ နားမလည်ပါ။
"ကျွန်တော်တို့မှာ သဲလွန်စတစ်ခုခု ရှိလား ၊ ဥပမာ... အဲ့ဒါက ဘယ်ကလာတာလဲ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ကန်ရှင်းဂြိုဟ်အပေါ်မှာရော သက်ရောက်မှု ရှိနိုင်လား"
ပရော်ဖက်ဆာ လီက ခေါင်းယမ်းလိုက်သည်။
"ဒါက ရှေးဟောင်း မသေမျိုးလမ်းစဉ်နဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် သံသယရှိတယ်၊ ဒါပေမဲ့ နောက်ထပ် အချက်အလက်တွေ ရဖို့အတွက် အမျိုးသား မော်ကွန်းတိုက်ကို သွားဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဝင်ရောက်ခွင့် မရှိဘူးဖြစ်နေတယ်။"
အမျိုးသား မော်ကွန်းတိုက်သည် ကန်ရှင်းဂြိုဟ်ရှိ အကြီးဆုံး စာကြည့်တိုက်ဖြစ်ပြီး ရှေးဟောင်းစာအုပ်များ၊ အချက်အလက်များနှင့် မှတ်တမ်းများ အများဆုံး စုဆောင်းထားသည့် နေရာလည်းဖြစ်သည်။
ထိုနေရာရှိ ရှေးဟောင်းစာအုပ် အများစုမှာ အဖိုးမဖြတ်နိုင်သလို ငှားရမ်း၍လည်း မရပေ။
အချို့သော အချက်အလက်များသည် အထူးအကြောင်းရင်းများကြောင့် သာမန်နည်းပညာဖြင့် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲ၍မရသလို၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်သို့ တင်၍လည်း မရပေ။ ထို့ကြောင့် ၎င်းတို့ကို အမျိုးသား မော်ကွန်းတိုက်တွင်သာ သိမ်းဆည်းထားရသည်။
ပရော်ဖက်ဆာ လီသည် ရုတ်တရက် ပေါ်လာသော နေကို စုံစမ်းရန် အမျိုးသား မော်ကွန်းတိုက်သို့ ဝင်ရောက်လိုနေ၏။
"ကောင်းပြီ၊ ကျွန်တော်တို့ သင်္ဘောစု ပြန်ရောက်တဲ့အခါ အထက်လူကြီးတွေဆီ ချက်ချင်း တင်ပြပေးပါ့မယ်"
လူငယ်သည် ထူးဆန်းသော နေကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး သင်္ဘောစုကို ကန်ရှင်းဘက်သို့ ပြန်လည် မောင်းနှင်သွားတော့သည်။
... .......
ဟန်မိသားစု နေအိမ်တွင်ဖြစ်သည်။
ဟန်ရှန်းယွင်သည် အိမ်ထဲမှ ထွက်လာရင်း သူ၏ကြက်ဖကေအား သပ်ကာ အပျင်းကြောဆန့်လိုက်၏။
ကိုယ်ခံပညာ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် သူသည် ပြိုင်ပွဲနှင့် ပတ်သက်သည့် အချို့ကိစ္စများကို ဆွေးနွေးရန် ကျိယွမ်နှင့် တွေ့ဆုံချင်နေသည်။
သို့သော် သူအိမ်ရှေ့ပေါက်သို့ ရောက်သည်နှင့် အနက်ရောင် ဂျာကင်ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ၏လမ်းကို ပိတ်ဆို့ထားသည်ကို ကြုံလိုက်ရ၏။
ထိုလူကို မြင်လိုက်ရသဖြင့် ဟန်ရှန်းယွင်၏ အမူအရာမှာ လေးစားမှုရှိသွားပြီး အနည်းငယ် ကြောက်လန့်နေသည့် ပုံပင် ပေါ်လာသည်။
"အစ်ကိုကြီး"
"မင်း ကျိယွမ်နဲ့ သွားတွေ့မလို့လား"
ဟန်ခန်း၏ အသံမှာ အာဏာရှင်တစ်ဦး၏ လေသံပင်။
ဟန်ရှန်းယွင်သည် အလိုလိုခေါင်းငုံ့သွားပြီး ဖြေလိုက်၏။
"ဟုတ်ကဲ့"
"အခုလောလောဆယ် သူ့ကို မတွေ့ဖို့ မင်းကို ငါ အကြံပေးမယ်။ သူက တစ်ခုခုမှာ ပတ်သက်နေပုံပဲ။"
ဟန်ခန်းက သတိပေးလိုက်သည်။
"ဟင်"
ဟန်ရှန်းယွင် ဇဝေဇဝါ ဖြစ်သွားပြီး ဟန်ခန်းအားမော့ကြည့်၏။
"စီနီယာကျိက ပြဿနာ တစ်ခုခု တက်နေလို့လား"
သူက စိုးရိမ်တကြီးဖြစ်သွားသည်။
သို့သော် ကျိယွမ်၏ အစွမ်းကို သတိရသွားပြီးမှ ပြန်၍စိတ်အေးသွား၏။
ကျိယွမ်က ကွေ့ရန် စစ်စခန်းကြီးကို ပင် တစ်ကိုယ်တော်ဖျက်ဆီးပစ်ခဲ့သူ ဖြစ်သည်။
သူ့မှာ ဘယ်လို ပြဿနာ ရှိနိုင်မှာလဲ။
"ပြဿနာက ကြီးတယ်၊ ပြီးတော့ ကြယ်ခုနစ်ပွင့်မိသားစုကြီးတွေနဲ့ တောင်ဆက်စပ်နေပုံရတယ်။ ငါက ပြည်နယ်ကက်ဘိနက်ထဲဝင်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတာ။ ဒီလိုအခြေအနေမျိုးမှ မင်းက ပိုသတိထားဖို့ လိုပြီး ပြဿနာ မရှာဖို့ လိုတယ်၊ နားလည်လား"
ဟန်ခန်းက ထပ်မံ သတိပေးလိုက်သည်။
သူ၏ ရာထူးမှာ မြင့်မားနေပြီဖြစ်ပြီး နောက်တစ်ဆင့်တက်လျှင် ကျိယွမ်၏ ယခင်ဘဝ ဘလူးစတားရှိ ပြည်နယ်ကော်မတီ အတွင်းရေးမှူးကဲ့သို့ ပြည်နယ်ကက်ဘိနက်ထဲသို့ ရောက်ရှိတော့မည်ဖြစ်သည်။
"ကြယ်ခုနှစ်ပွင့်မိသားစုလား"
ဟန်ရှန်းယွင် မျက်မှောင်ကြုတ်လိုက်မိ၏။
တခြား ပြဿနာဆိုလျှင် ဟန်ရှန်းယွင် မကြောက်သလို ကျိယွမ်အနေဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု သူ ယုံကြည်သည်။
သို့သော် ကြယ်ခုနစ်ပွင့်မိသားစုကြီးများကမူ ကွဲပြားလေသည်။
ထိုမိသားစုသည် နတ်ဘုရားလက်နက်တစ်ခုဖြစ်သော ကောင်းကင်မျက်လုံးကို ထိန်းချုပ်ထား၏။
ကောင်းကင်မျက်လုံးအောက်တွင် သက်ရှိအားလုံးမှာ အတူတူသာဖြစ်လေ၏။
၎င်းသည် နျူကလီးယား လက်နက်ထက်ပင် ပို၍ ကြောက်စရာကောင်းပြီး အဖျက်စွမ်းအားမှာ ယုံနိုင်စရာပင် မရှိပေ။
"ဟုတ်တယ် "
ဟန်ခန်းက ခေါင်းညိတ်ပြပြီး ထပ်မပြောတောဘဲ ဝင်းထဲသို့ ပြန်ဝင်သွားသည်။
ဝင်းအတွင်းသို့ သူရောက်သောအခါ အိမ်ထိန်းကြီးက သူ့အားတိုးတိုးပြော၏။
"သခင်ကြီး၊ ဒုတိယသခင်လေးရဲ့ စရိုက်အရဆိုရင် ဖြစ်နိုင်တာက... သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်သင့်သလား"
ဟန်ခန်း ခေတ္တ ရပ်သွားသည်။
သူသည် ကျိယွမ်၏ အခြေအနေကို အနည်းငယ် ကြားဖူးသော်လည်း လုံးဝရှင်းရှင်းလင်းလင်းတော့ မသိပေ။
သူ၏ရာထူးအရ ထိုကဲ့သို့သော အဆင့်မြင့် ပဋိပက္ခများထဲတွင် ပါဝင်ပတ်သက်ခွင့်မရှိပေ။
ကျိယွမ်သည် အုပ်စုနှစ်စုကြားက ပဋိပက္ခကို မီးရှို့လိုက်သော ယမ်းတောင့်တစ်ခုလောက်သာ ဖြစ်သည်ဟု သူ ဝေဝေဝါးဝါးသာ သိထားသည်။
သို့သော် ဘယ်အုပ်စုဘက်က ပါရမလဲဆိုတာကိုတော့... ဟန်ခန်း ယခုထိ သဲလွန်စ မရသေးပေ။
သူသည် ပြည်နယ်ကက်ဘိနက်သို့ တက်လှမ်းရန်အတွက် ဘက်တစ်ခုခုကို ရွေးချယ်ရမည့် အခြေအနေတွင် ရှိနေသည်။
"သူ့နောက်ကို လိုက်ဖို့ မလိုဘူး။"
ဟန်ခန်းက ခေါင်းယမ်းလိုက်သည်။
"အဖေနဲ့ အမေက အရာအားလုံးကို ငါ့ဆီမှာပဲ ထားခဲ့တာ၊ ငါ့ညီအပေါ် ငါ အကြွေးတွေ အများကြီး တင်နေတယ်။ ဒီတစ်ခါတော့... သူ့စိတ်တိုင်းကျ လွှတ်ထားပေးလိုက်မယ်။ "
"ညီအစ်ကိုတွေ စည်းလုံးရင် မအောင်နိုင်တာ မရှိဘူး လို့ ပြောကြတယ်မဟုတ်လား၊ ဒီတစ်ခါတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူ့နောက်ကနေ လိုက်ပေးလိုက်မယ်။"
ဟန်ခန်းက ခြံဝဘက်သို့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
သူသည် ညီအတွက် အဖေတစ်ယောက်ကဲ့သို့ အရွယ်ရောက်နေလေပြီ ။
သူတို့၏ ဆက်ဆံရေးမှာ အမြဲတမ်းလိုလို တင်းမာနေခဲ့၏။
မိသားစု၏ နိုင်ငံရေးအရင်းအမြစ် အားလုံးကို သူ၏အပေါ်၌သာ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် သူ၏ညီမှာ အရေးမပါသော သိုင်းပညာလောကထဲတွင်သာ ရုန်းကန်နေရသည်ကို သူ အပြစ်မကင်းသလို ခံစားရသည်။
လက်ရှိတွင် သူသည် ဘယ်ဘက်ကိုမှ မရွေးရသေးသလို မည်သည့်ဘက်ကို ရွေးရမှန်းလည်း မသိသဖြင့် သူ၏ညီကိုသာ ဘက်ရွေးခိုင်းရန်သာ ဆုံးဖြတ်လိုက်တော့မည်။
ထိုအချိန်တွင် ဟန်ရှန်းယွင်မှာလည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေ၏။
အစ်ကိုဖြစ်သူ၏ စကားများက သူ့ကို စိုးရိမ်လာစေသည်။
"မဟုတ်ဘူး၊ ငါ ဒီအကြောင်းကို စီနီယာကျိကိုကြိုပြီး အသိပေးရမယ်။ သူသာ မရှိရင် ပြီးခဲ့တဲ့အကြိမ်က အဲ့ဒီဂျိုကြီးနဲ့မိန်းမသတ်လို့ ငါ သေနေလောက်ပြီ။"
ဟန်ရှန်းယွင်သည် အလွန် သစ္စာရှိသူဖြစ်၏။
ပြီးခဲ့သည့်အကြိမ်က သူသည် ထူးဆန်းသော နေရာတစ်ခုသို့ မတော်တဆ ရောက်သွားပြီး ကျိယွမ်သာ မကယ်ခဲ့လျှင် သူ သေဆုံးသွားမှာ အသေအချာပင်။
'အသတ်ခံရမည့်သူကို ကယ်တင်သူသည် အသက်ကို ပေးသကဲ့သို့ ဖြစ်သည်' ဟု ဆိုကြသည့်အတိုင်း ကျိယွမ်က သူ၏အသက်ကို ကယ်ခဲ့သဖြင့် သူသည် ကျေးဇူးပြန်ဆပ်ရမည် ဖြစ်သည်။
အစ်ကို၏ သတိပေးချက်ကိုမူ သူ လောလောဆယ် ဘေးဖယ်ထားလိုက်သည်။
ဟန်ရှန်းယွင်၏ အတွေးမှာ သူ၏ဆံပင်ကေထက် များစွာရိုးရှင်းလေ၏။
ရွှေငွေရတနာများ၊ အာဏာနှင့် ဩဇာတို့သည် အသက်ထက်တော့ အရေးမကြီးပါ။
ထိုသို့တွေးပြီးသည်နှင့် သူသည် ကျိယွမ်တည်းခိုနေသော ဟိုတယ်သို့ အမြန် မောင်းနှင်သွားတော့သည်။
"စီနီယာကျိက ကြယ်ခုနစ်ပွင့်မိသားစုနဲ့ ဘယ်လို ပတ်သက်သွားတာလဲ"
ဟန်ရှန်းယွင် စဉ်းစား၍ မရပါ။
သို့သော် ယခုအချိန်သည် စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။
ကမ္ဘာပေါ်တွင် ထူးဆန်းသောအရာများစွာ ဖြစ်ပျက်နေပြီး သူ နားမလည်သော အရာများစွာ ရှိနေသည်ကို သူတဖြည်းဖြည်းနားလည်လာ၏။
လောလောလတ်လတ်မှာပင် ကောင်းကင်မှာ အပိုနေတစ်စင်းထွက်လာပြီ မဟုတ်ပါလား။
ထိုနေမင်းက ဘယ်လိုထွက်လာသလဲဆိုသည်ကို မည်သူသိသနည်း။
မည်သူမှ မသိကြပါ။
နာရီဝက်ခန့် ကြာပြီးနောက် သူဟိုတယ်သို့ ရောက်ရှိလာသည်။
ကားတောင် မရပ်ရသေးခင်မှာပင် သူ၏ စူးရှသော မျက်လုံးများက ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ချက်ချင်း တွေ့လိုက်ရ၏။
“စီနီယာကျိ”
ဟန်ရှန်းယွင်သည် ကားပေါ်မှ အမြန်ဆင်းကာ ကျိယွမ်ရှိရာသို့ ပြေးသွားလိုက်သည်။
သို့သော် ကျိယွမ်၏ ဘေးတွင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော အလွန်ညှိငင်နိုင်စွမ်းရှိသည့်မိန်းကလေးတစ်ဦး ရပ်နေသည်ကို သူ တွေ့လိုက်ရသဖြင့် အလွန်အံ့သြသွား၏။
ထိုမိန်းကလေးတွင် ဖြူဝင်းသော အသားအရေရှိသဖြင့် အနက်ရောင်ဝတ်စုံနှင့် အလွန်လိုက်ဖက်ကာ နေရောင်အောက်တွင် အထူးပင် ထင်ရှားနေသည်။ သူမ၏ဝတ်စုံအနားသတ်များက အနက်ရောင် ခြေအိတ်ရှည်များဝတ်ဆင်ထားသော သွယ်လျလျခြေတံများကို ပေါ်လွင်စေ၏။
အထူးခြားဆုံးမှာ သူမ၏ ရှည်လျားသော ဆံပင်နက်ကြီးများမှာ အောက်သို့ စီးကျနေပြီး သမိုင်းထဲက ထွက်ပေါ်လာသကဲ့သို့ ရှေးဆန်သလို ခေတ်မီသော အလှတရားမျိုးလည်း ရှိနေသည်။
ဟန်ရှန်းယွင်သည် မင်းသမီးဟွမ်ရှားအား အလွန်လှသည်ဟု ထင်ခဲ့၏။သို့သော်လည်း ယခု သူ၏ရှေ့မှ မိန်းကလေးနှင့် မည်သို့မှနှိုင်းယှဉ်၍ မရတော့ပါ။
"ဒါက ဟန်ရှန်းယွင်တဲ့၊ အင်း... ငါသိတဲ့ လူတစ်ယောက်ပေါ့၊"
ကျိယွမ်က သူ၏ဘေးမှ မိန်းကလေးကို ရှင်းပြနေသည်။
"သူ့မှာ ထူးခြားတဲ့ အကြိုက်ရှိတယ်၊တော်တော်အစွမ်းထက်တဲ့ အမျိုးသမီးတွေကို ကြိုက်တာပဲ။"
ထိုသို့ ပြောပြီးနောက် ကျိယွမ်က ဟန်ရှန်းယွင်ကို မိတ်ဆက်ပေးလိုက်၏။
၊"ဒါက နင်းထောင်၊ ကနေရီ(စာဝါငှက်လေး)လို့လည်း ခေါ်တယ်။ သူက ငါ့ရဲ့..."
"အဟမ်း .. အင်း... ငါတို့ လက်ထပ်လက်မှတ် သွားယူတော့မလို့။"
နောက်ဆုံး စကားကို ပြောသောအခါ ကျိယွမ် အနည်းငယ် တုံ့ဆိုင်းသွားသည်။
အနက်ရောင်ဝတ်စုံနှင့် ချစ်စရာကောင်းနေသောနင်းထောင်က ကျိယွမ်၏ စကားကို ကြားသောအခါ ရှက်သွေးဖြန်းသွားပြီး ရှက်ပြုံးလေးပြုံး၏။
"ဟီး ... သွေးပုလဲ၊ ရှင်က ယောက်ျားချင်း ကြိုက်တယ်လို့ ကျွန်မ ထင်နေတာ"
ကျိယွမ်က သူမအား အလန့်တကြားလှည့်ကြည့်၏။
နေပေါ်မှာတစ်ယောက်တည်းအနေကြာလို့ ဦးနှောက်များထိသွားတာလား။
ခုလိုကျပ်မပြည့်တဲ့ပုံဆို နင်းထောင်မဟုတ်ဘူး ၊ ကနေရီမလေး ပဲ။
ကနေရီက ထိုသို့ပြောရင်း ကျိယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဖက်လိုက်သည်။
“လျှောက်မပြောနဲ့၊ ငါက ပုံမှန်ပါပဲ၊”
ကျိယွမ်က ထို့သို့ပြောရင်း ဟန်ရှန်းယွင်ကို တစ်ချက်ကြည့်၏။
ဘယ်သူက မူမမှန်တာလဲဆိုရင် ဟန်ရှန်းယွင်ပဲနေမှာ။ ဒီကောင်က ကြွက်ဖြစ်ပြီး ကြက်ဖကေကြီးနဲ့လေ ။
"မင်း ရောက်လာပြီဆိုတော့၊ မင်းက ဒီနေရာနဲ့လည်း ရင်းနှီးတယ်၊ ကနေရီက အခုမှ ရောက်တာ။ ငါတို့ အဝတ်အစားနဲ့ တခြားပစ္စည်းတွေ ဝယ်မလို့၊ လမ်းပြပေးဦး။"
ကျိယွမ်သည် အခြားသူများက အလုပ်အကျွေးပြုခြင်းကို သဘောကျ၏။
မည်သို့ပင်ဖြစ်စေ ယခုလောကသည် နေ့စဉ်အပန်းဖြေ ဂိမ်းတစ်ခု ဖြစ်သည်။
ထိုသို့သော ဂိမ်းမျိုးတွင် သင်၏ အလွန်လှပသော ဇနီးသည်အတွက် လှပသောအဝတ်အစားများ မဝယ်ပေးလျှင် ၊ သူမကို အဝတ်အစားများလဲခိုင်းပြီး မကြည့်ရဘူးဆိုလျှင် သင် ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ၎င်းသည် မျက်စိပသာဒ ဖြစ်စေမှာသေချာ၏။အထူးသဖြင့် ကနေရီလို အလွန်လှပသောအမျိုးသမီးလေးကို ပိုင်ဆိုင်ထားသောအမျိုးသားတစ်ဦးအနေနှင့် ဖြစ်သည်။
"စီနီယာကျိ၊ အခုက ဈေးဝယ်ထွက်ရမယ့် အချိန်မဟုတ်ဘူး။ ဒါက အရေးကြီးတဲ့ ကိစ္စပါ"
ဟန်ရှန်းယွင်က စိုးရိမ်တကြီး ပြောလိုက်သည်။
"ကျွန်တော့်အစ်ကို ပြောတာကတော့ ကြယ်ခုနှစ်ပွင့် မိသားစုကြီးတွေထဲက တစ်ခုက စီနီယာ့ကို ပစ်မှတ်ထားနေပြီး ဒုက္ခပေးဖို့ ကြံစည်နေတယ်လို့ သိရတယ်"
ကြယ်ခုနစ်မိသားစုဆိုသည်မှာ ချင်းယွမ်နိုင်ငံတွင် တားမြစ်ထားသော အမည်တစ်ခု ဖြစ်၏။
ထိုမိသားစုများသည် ရှေးခေတ်ကတည်းက ဤနိုင်ငံကို အုပ်ချုပ်လာခဲ့ကြခြင်း ဖြစ်ပြီး ဘုရင့်မိသားစုများစွာ သာ ပြောင်းလဲခဲ့သော်လည်း ထိုမိသားစုကြီးများမှာမူ မြဲမြံစွာ ရှိနေဆဲပင်။
ဟန်ရှန်းယွင် ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ နှင်းတောင်ရေခဲဂူထဲသို့ ရောက်သွားသကဲ့သို့ အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
ထိုအေးစိမ့်သော အရှိန်အဝါမှာ လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။
သူက ကနေရီအား အလန့်တကြားကြည့်လိုက်သည်။
ထိုအရှိန်အဝါသည် ကျိယွမ်ဘေးရှိ ဆွဲဆောင်မှုရှိသော မိန်းကလေးထံမှ လာခြင်းဖြစ်နိုင်သည်ဟု သူဝိုးတဝါးထင်လိုက်မိ၏။
ဟန်ချန်းယွင်၏ ကြက်ဖကေမှာ ပို၍ထောင်မတ်သွားပြီး သူ၏ စိတ်ထဲတွင်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။
သူမသည်လည်း ကျိယွမ်လို ဒဏ္ဍာရီလာ ထူးကဲသောပုဂ္ဂိုလ်တစ်ဦး ဖြစ်နေနိုင်သည်လား။
"အဲဒီကြယ်ခုနှစ်ပွင့်ဆိုတာတွေက ဘယ်မှာလဲ"
သိသိသာသာပင် ထိုအသံမှာ ကနေရီမဟုတ်တော့ ၊ နင်းထောင်၏ အသံမှာ ပျားရည်အိုးထဲက သကြားကဲ့သို့ ချိုမြိန်နေသော်လည်း သတ်ဖြတ်ချင်စိတ်များရောယှက်နေ၏။
ကျိယွမ်ကို ကြံစည်နေသည်ဟုကြားကတည်းက သူမက လူသတ်ချင်နေလေပြီ။
ကျိယွမ်က သူမ၏ သွယ်လျသောလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
“ဒါက ဂိမ်းတစ်ခုပဲ၊ NPC တွေနဲ့ ရန်မဖြစ်ပါနဲ့၊ မဟုတ်ရင် ခံစားချက်တွေ ဖြုန်းတီးရာ ရောက်လိမ့်မယ်။”
ထိုစကားကို ကြားသဖြင့် ကနေရီက ချိုသာစွာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
"စီနီယာကျိ...စီနီယာ အစွမ်းထက်တာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့... ကောင်းကင်မျက်လုံးက အရမ်း ကြောက်စရာကောင်းတယ်။ စီနီယာ ဖြစ်နိုင်တာက..."
ဟန်ရှန်းယွင် တုံ့ဆိုင်းနေသည်။
ကျိယွမ်က သဘောကျစွာရယ်မောလိုက်၏ ။
"ငါက အခုလောလောဆယ် အားကိုးရာမဲ့ပြီး အားနည်းနေပေမဲ့ ငါ့ဇနီးက ဒီမှာ ရှိနေပြီ။ တကယ်လို့ သူတို့ ငါ့ကို ဒုက္ခပေးရင် ငါ့ဇနီးက ကြည့်နေမှာမဟုတ်ဘူး ။ ငါက ဘာလို့ကြောက်ရမှာလဲ "
ကျိယွမ်သည် စပွန်ဆာကောင်းကောင်းရထားသော သူဌေးသားလေးတစ်ဦးကဲ့သို့ ဂုဏ်ယူစွာ ပြောလိုက်သည်။
အကောင်သေးသေးလေးကို ရိုက်လျှင် အကောင်ကြီးကြီး ထွက်လာလိမ့်မည်။
သို့သော် သူဂရုမစိုက်ပါ။
ကနေရီနင်းထောင် ရှိနေသဖြင့် သူသည် ကုံရှင်းဂြိုဟ်ပေါ်တွင် လမ်းကို ဘေးတိုက် ၊ ဇောက်ထိုး ၊ ကန့်လန့် လျှောက်ချင်သလို လျှောက်နိုင်လေပြီ။
ကနေရီက ကျိယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားပြီး ခေါင်းညိတ်လိုက်သည်။
“ဟီး..ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်၊ သွေးပုလဲ”
ဟန်ရှန်းယွင်သည် သူတိူ့နှစ်ဦးအား သံသယဖြင့် ကြည့်နေပြီး ဇဝေဇဝါ ဖြစ်ကာ မရေမရာခံစားနေရသည်။
ဒဏ္ဍာရီဆန်ဆန်လှပနုနယ်သော ကနေရီသည် ကျိယွမ်ထက်ပင် ပို၍ အစွမ်းထက်နေသည်လား။
ကျိယွမ်တစ်ယောက်တည်းကပင် စစ်စခန်းကြီးတစ်ခုလုံးကို ဓားတစ်ချောင်းဖြင့် ထင်သလိုသတ်ဖြတ်နိုင်၏။
ယခု ထိုမိန်းမလှလေးက ကျိယွမ်ထက် ပို၍အစွမ်းထက်နေသည်ဆိုလျှင်..
အောင်မလေး...။
ဟန်ချန်းယွင် ကြက်သီးထသလို ကျောတွန့်သွားတော့သည်။
............
တစ်ရက် ကြာပြီးနောက်။
စစ်အခြေစိုက် စခန်းတစ်ခု အတွင်း၌ ဖြစ်သည်။
စာရွက်စာတမ်းတစ်ခုကို စားပွဲပေါ်တွင် တင်ထား၏။
မြို့စားသည် စားပွဲဘေးတွင် လေးစားစွာ ရပ်နေလေသည်။
သူ၏ရှေ့တွင် ရွှေရောင်မျက်မှန် တပ်ထားသော အမျိုးသားတစ်ဦး ထိုင်နေ၏။
ထိုအမျိုးသားသည် စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် တောက်ပသွားသည်။
"တကယ်ပါပဲ၊ အစွမ်းထက်တဲ့ သိုင်းပညာရှိတာက အရာအားလုံးပိုင်ဆိုင်နိုင်တာလားပဲ။ ဒီလို အမျိုးသမီးမျိုးတောင် သူ့ကို စိတ်နှလုံး ပုံအပ်ထားတာပဲ။"
သူသည် လှပသောအမျိုးသမီးများစွာကို မြင်ဖူးပါသည်။
သို့သော် စာရွက်စာတမ်းထဲမှ အမျိုးသမီးမှာမူ မည်သည့် ပြင်ဆင်မှုမှ မပါဘဲ သာမန်ကင်မရာဖြင့် ရိုက်ထားသော်လည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှ၏။
အကယ်၍ အပြင်မှာဆိုလျှင် သူမသည် မည်မျှအထိ ရင်သပ်ရှုမောဖွယ် ကောင်းလိမ့်မည်နည်း။
ပြီးတော့ ဤကဲ့သို့သော အမျိုးသမီးက ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ကျိယွမ်ကို မခွဲတမ်းမှီတွယ်နေခြင်းကြောင့် သူ၏ စိတ်ထဲတွင် မနာလိုစိတ်များ ကြီးထွားလာသည်။
"သခင်လေး မူ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
လန်ဟိုင်မြို့စားက သတိထားပြီး မေးလိုက်သည်။
သူသည် ကျိယွမ်ကို လျှို့ဝှက် စုံစမ်းခဲ့ပြီး သခင်လေးမူ၏ အမိန့်အရ သူ၏ အချက်အလက်များကို ခိုးယူရန်ပင်ကြိုးစားခဲ့သည်။
ရလဒ်အနေဖြင့် သူ၏ လုပ်ရပ်များကို သိရှိသွားပြီး ခေါင်းတလား တစ်လုံး ပို့ပေးခြင်း ခံခဲ့ရသဖြင့် သူ အလွန် ကြောက်လန့်သွားရ၏။
ကျိယွမ်သည် သာမန်လူမဟုတ်ပါ ။ ကွေ့ရန် စစ်စခန်းကြီးကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော ရက်စက်သည့် လူတစ်ယောက် ဖြစ်သည်။
ကွေ့ရန်စစ်စခန်းမှာ အားနည်းပြီး ချင်းယွမ်စစ်စခန်းများထက် အများကြီး နိမ့်ကျသည်ဆိုသော်လည်း ကျိယွမ်ဆိုသူသည် သူ၏မျက်စိထဲတွင်မူ အလွန် ထိတ်လန့်စရာကောင်းသည့် လူတစ်ယောက် ဖြစ်နေဆဲပင်။
ချင်းယွမ်တွင်ပင် ကျိယွမ်ကို ကိုင်တွယ်နိုင်ပြီး ဖယ်ရှားသုတ်သင်နိုင်သည့် လက်နက် အနည်းငယ်သာ ရှိ၏။
"ဒါက လွယ်တယ်မဟုတ်လား၊ မနက်ဖြန်ကျရင် မင်း ကိုယ်တိုင် သွားပြီး သူ့ကို တောင်းပန်လိုက်။ ငါကတော့ သူ့ရဲ့ ရည်းစားလေးနဲ့ သွားတွေ့မယ်။"
" သူက နားလည်တတ်တဲ့သူဆိုရင် ဘာလုပ်ရမလဲဆိုတာ သိပါလိမ့်မယ်။ မဟုတ်ရင်တော့ သူ့ရဲ့ အဆုံးသတ်က... အရမ်း ဝမ်းနည်းစရာ ကောင်းလိမ့်မယ်။ သူ့ရဲ့ ရည်းစားလေးကတော့ မုဆိုးမလေး ဖြစ်သွားမှာပေါ့၊ အဲ့ဒါက... ငါ အကြိုက်ဆုံးပဲ ဟားဟား ဟာဟား ။"
သခင်လေးမူက ဖိုင်တွဲထဲမှ ဂန္ဓဝင်စံတင်လောက်အောင် လှပသောဆံပင်ရှည်မလေး၏ပုံအား ကြည့်ရင်း တဟားဟား အော်ရယ်လိုက်၏။
သူ၏မျက်လုံးများတွင် အထင်သေးဟန်များလည်း ရောယှက်နေသည်။
ကြယ်ခုနှစ်ပွင့် မိသားစုကြီးများသည်ဤမြေကို နှစ်ပေါင်းထောင်ချီ၍ အုပ်ချုပ်လာခဲ့၏။ ဧကရာဇ်များ မည်မျှပြောင်းလဲသွားသည်ဖြစ်စေ ၊တော်လှန်ပုန်ကန်မှုများ မည်မျှပင်ရှိခဲ့ပါစေ၊ သူတို့ကတော့ အမြဲတမ်း အထက်မှာ ရှိနေဆဲပင်။
သမိုင်းအဆက်ဆက် သြဇာအာဏာနှင့်အင်အားက တည်ငြိမ်ပြီး ခိုင်မာနေသဖြင့် သူတို့သည် သဘာဝကျစွာပင် မောက်မာလာကြ၏။
ပြောရလျှင် ကျိယွမ်သည် ကြောက်စရာကောင်းပါသည်။
ဒါပေမဲ့... သူက ကန်ရှင်းဂြိုလ်ထက် ပိုပြီး ကြောက်စရာကောင်းနိုင်လို့လား။
ကန်ရှင်းဂြိုဟ်က စစ်သင်္ဘော တစ်စင်းတည်း လွှတ်လိုက်လျှင်ပင် ကျိယွမ်ကို ဖျက်ဆီးပစ်နိုင်မည်ဟု ဆိုနိုင်၏။
သို့သော် ထိုမျှ အစွမ်းထက်သော ကန်ရှင်းပင်လျှင် ကုံရှင်းကို ကျူးကျော်ရာတွင် ကျရှုံးခဲ့ရသည်။
ထိုအရာက ကြယ်ခုနစ်ပွင့်မိသားစုများ၏ အင်အားကို သက်သေပြနေသည် မဟုတ်ပါလား။
သခင်လေးမူမှာ ဂုဏ်ယူပိုင်ခွင့် ရှိပါသည်။
ထို့အပြင် မသေမျိုးလမ်းစဉ်ပြန်လည် နိုးထလာခြင်းနှင့် ပတ်သတ်၍လည်း သူတို့သည် ထိုလမ်းစဥ်နှင့် ပတ်သက်သည့် အချက်အလက်များစွာကို ပိုင်ဆိုင်ထားပြီးဖြစ်လေသည်။
သူတို့အတွက်မူ ကျိယွမ်သည် မတည်ငြိမ်သော အစိတ်အပိုင်းလေးတစ်ခုပင်။
ငါတို့နဲ့မတွေ့ခင် ခဏတောက်တဲ့ မီးပွားလေးပါပဲ။
-----------------