ထိုက်ယန် တောင်ထွတ်၏ ပင်မ ခန်းမဆောင်ရှေ့ရှိ ရင်ပြင်ပေါ်တွင်။
ဟယ်ယွင် အလဲအကွဲ ရှုံးနိမ့်သွားပြီးနောက် ယခုမှ ရောက်လာသော ကျန့်ကျွင်းပေါင်လည်း စိန်ခေါ်ခံရပြီး အရှုံးပေးလိုက်ရသည်။
ကျိုယန်ဂိုဏ်း၏ တောင်ထွတ် ကိုးခုမှ ပထမတပည့် ရှစ်ယောက်လုံး ရှုံးနိမ့်သွားခဲ့လေပြီ။
"သူတို့က ငါတို့ကို အသေအချာ အရှက်ခွဲဖို့ ကြိုးစားနေတာပဲ…"
ချန်ရိမင်က နှုတ်ခမ်းပေါက်၍ သွေးထွက်နေသော ကျန့်ကျွင်းပေါင်ကို တွဲကူပေးရင်း မှုန်ကုပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကျန်းမင်လည်း ထိုအခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ယခုအချိန်တွင် ရင်ပြင်ပေါ်၌ ချင်းယွင်ဂိုဏ်းမှ တပည့် ဆယ်ယောက် ရှိနေသည်။ အချို့က လက်ပိုက်၍ ရပ်နေကြပြီး အချို့မှာမူ ပျင်းရိစွာ ရပ်နေကြ၏။ သူတို့၏ ကိုယ်နေဟန်ထားများ မတူညီကြသော်ငြား အားလုံးက မေးစေ့ကို အနည်းငယ် မော့ထားကာ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ သာလွန်မှုကို ထုတ်ဖော်ပြသနေကြသည်။
ချင်းယွင်ဂိုဏ်း တပည့်များထဲမှ ရွှေရောင် ချည်ထိုးထားသော ဝတ်ရုံနက်နှင့် လူတစ်ယောက်အား အခြားသူများက ဝန်းရံထားကြသည်။ သူက ရိုင်းစိုင်းပြီး ဩဇာလွှမ်းမိုးကာ မောက်မာသော ဟန်ပန် ရှိ၏။
ကျိုယန်ဂိုဏ်းမှ လူအများအပြားမှာ အနက်ရောင်ဝတ် ချင်းယွင်ဂိုဏ်း တပည့်၏ မောက်မာသော အကြည့်များကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။
ရွှစ်…
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို လှန်ဖွင့်လိုက်၏။
အမည် - မုလေ့။
လိင် - ကျား။
ကျင့်ကြံခြင်း အဆင့် - ရွှေရောင် ရွှေအမြူတေ အဆင့် စတုတ္ထ အထွတ်အထိပ်။
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အဓိကတပည့်။
ဆက်ဆံရေး - အနှုတ် 45
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့် (မူလ ရေနဂါး သွေးကြော)။
အခြေအနေ - ကျိုယန်ဂိုဏ်းတွင် ဖီးနစ် သွေးကြောရှိသော မိန်းကလေး တပည့်တစ်ယောက် ရှိကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် သူမကို လက်ထပ်ခွင့် တောင်းရန် ဤခရီးစဉ်တွင် အကြီးအကဲကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်၏။ အကျိုးအမြတ်များဖြင့် မြှူဆွယ်မည်ဖြစ်ပြီး ငြင်းဆန်ပါက အင်အားသုံး ဖိအားပေးမည်။ အောင်မြင်သွားပါက ဖီးနစ် သွေးကြောမှ စွမ်းအားများကို ရိတ်သိမ်းရန် မီးဖိုနည်းလမ်း အသုံးပြုဖို့ စီစဉ်ထားသည်။
နဂါးနှင့် ဖီးနစ်မှာ အတွဲအဖက်များ ဖြစ်ကြ၏။ သူက ဖီးနစ် သွေးကြောကို အသုံးပြု၍ သူ့ရေနဂါး သွေးကြောကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။ သူ့နဂါးက ကိုးလွှာကောင်းကင်သို့ တက်လှမ်းသွားချိန်တွင် သူက သူတော်စင် သားတော် နေရာအတွက် လျာထားခံရသူ တစ်ယောက် ဖြစ်လာပေလိမ့်မည်။
မုလေ့၏ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စွာ တောက်ပလာသည်။
'ငါ့ညီမလေးကို မင်းရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ထိဖို့ ကြိုးစားနေတာလား… အိမ်မက် ဆက်မက်နေလိုက်…'
ကျန်းမင်က သူ့ခန္ဓာကိုယ်ထဲ လှိုင်းထနေသော ကြမ်းတမ်းသည့် စိတ်ဆန္ဒများကို ဖိနှိပ်ရင်း မုလေ့၏ အချက်အလက်များကို ဂရုတစိုက် လေ့လာနေလိုက်သည်။
မုလေ့တွင် ကြယ်ရှစ်ပွင့် မွေးရာပါ ပါရမီ၊ မူလ ရေနဂါး သွေးကြော ရှိပြီး ရွှေရောင် ရွှေအမြူတေ အဆင့်၏ စတုတ္ထ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ ဤအချက်များနှင့်ဆိုလျှင် သူ့အား ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ၊ ခေတ်တစ်ခေတ်၏ ဂုဏ်ဆောင်နှင့် ထူးကဲမြင့်မားသော ပါရမီရှိသည့် ကျင့်ကြံသူ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ ချင်းယွင်ဂိုဏ်း၏ အဓိကတပည့် တစ်ယောက်ပီသလှပေသည်။
ကျန်းမင် အနေဖြင့် အနှုတ် လေးဆယ့်ငါး ဆက်ဆံရေး တန်ဖိုးကို အံ့အားသင့်မနေပေ။ မည်သို့ပင်ဆိုစေ မုလေ့က လင်းလုံကို ရယူရန် ကြိုးစားနေသည် မဟုတ်ပါလား။ မုလေ့ တစ်ယောက် လင်းလုံ၏ အစ်ကိုကြီး အကြောင်း ကြားဖူးထားမည်မှာ သဘာဝပင်။
ထိုအချိန်တွင် မုလေ့က သူ့ဘေးရှိ လူငယ်တစ်ယောက်အား လှမ်းပြောလိုက်သည်။
"ကျန်းယွီ… မင်းက ငါတို့ထဲမှာ အငယ်ဆုံးပဲ… မင်းအသက် သုံးဆယ်တောင် မပြည့်သေးဘူး… ပြီးတော့ မင်းက အစစ်အမှန်ရွှေအမြူတေ အဆင့်ပဲ ရှိသေးတော့ ငါတို့ထဲမှာ အားအနည်းဆုံးလေ… မင်းက ချူယန် တောင်ထွတ်ရဲ့ ပထမတပည့်နဲ့ ယှဉ်ပြိုင်ရမယ်… အဲ့ဒါပြီးရင် ငါတို့ ဒီချစ်ကြည်ရေး ပြိုင်ပွဲကို အဆုံးသတ်ကြတာပေါ့… မှတ်ထားဦး… ထိန်းချုပ်ပြီး ကစားဖို့ မမေ့နဲ့… တခြားဂိုဏ်းက တပည့်တွေကို ဒဏ်ရာမရစေနဲ့"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး…"
ကျန်းယွီက ရိုသေစွာ ပြန်ဖြေသည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကျိုယန်ဂိုဏ်းမှ တပည့်များကို အထင်အမြင် သေးစွာ ကြည့်၍ မေးလိုက်၏။
"ချူယန် တောင်ထွတ်ရဲ့ ပထမတပည့်က ဘယ်သူလဲ… အခု ရှေ့ထွက်ခဲ့"
ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။ မုလေ့အပေါ် သူ့အမြင်များ ပိုဆိုးလာခဲ့လေပြီ။
'ခွေးကောင်…'
မုလေ့က ကျန်းမင် မည်မျှ အားနည်းကြောင်း သိထားသော်ငြား သူ့ ဆရာတူ ညီလေးကို စိန်ခေါ်ခိုင်းရန် အရှက်မရှိ တောင်းဆိုခဲ့သည်။ ထို့အပြင် သူ့ဆရာတူ ညီလေးကို ထိန်းချုပ်ပြီး ဒဏ်ရာမရအောင် လုပ်ဖို့ပင် ပြောဆိုခဲ့သေး၏။
မုလေ့က ကျန်းမင်အား ထပ်မံ အရှက်ခွဲရန် ရှင်းလင်းစွာ ကြိုးစားနေခြင်းပင်။
ကျန်းမင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်သော်လည်း ချန်ရိမင်၏ ဆွဲထားခြင်းကို ခံလိုက်ရသည်။
"မင်းအစား ငါဝင်တိုက်ပေးမယ်…"
ချန်ရိမင် ပြောနေသည့် အချိန်မှာပင် ဇီလင်းလုံ ကောင်းကင်ထက်၌ ပေါ်လာ၏။ သူမ ခြေဖျားများ မြေပြင်နှင့် မထိရသေးခင်မှာပင် ကျောက်စိမ်းပြားပေါ် ပုလဲလုံးများ ပြုတ်ကျသကဲ့သို့ သာယာငြိမ့်ညောင်းသော အသံလေးက လေထဲ ပဲ့တင်ထပ်လာသည်။
"ဘယ်သူဘယ်ဝါမှန်း မသိတဲ့လူက ငါ့အစ်ကိုကြီးကို စိန်ခေါ်ရဲတာလဲ"
ထို့နောက် သူမက ကျန်းမင်ရှေ့သို့ ဆင်းသက်လာပြီး သူ့ရင်ခွင်ထဲ တိုးဝင်လာတော့သည်။
"အစ်ကိုကြီး… ညီမလေးက အစ်ကိုကြီးကို အရမ်းလွမ်းနေတာ…"
ချန်ရိမင်က မျက်ခုံးပင့်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးငယ်လေး တစ်ခုဖြင့် ဘေးသို့ လိမ္မာပါးနပ်စွာ ဖယ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန့်ကျွင်းပေါင်လည်း သက်ပြင်းချ၍ စိတ်သက်သာရာ ရသွား၏။
အဝေးတွင် ရပ်နေသော မုလေ့က ချက်ချင်း မျက်လုံးကျဉ်းမြောင်းသွားသည်။
ကျန်းမင်က လင်းလုံ၏ ဆံပင်များကို ဖွလိုက်ပြီးနောက် ကိုယ်ကို နောက်ဆုတ်၍…
"နည်းနည်း ဆင်ခြင်ဦး ညီမလေး… တံခါးပိတ် ကျင့်ကြံတာ ပြီးသွားပြီလား"
"ဟုတ်… အခုလေးတင် ထွက်လာတာ… ချူယန် တောင်ထွတ်ကို ပြန်မလို့ လုပ်နေတုန်း အစ်ကိုကြီးရဲ့ အငွေ့အသက်ကို ဒီမှာ ခံစားမိလိုက်တာလေ… အဲ့ဒါကြောင့် ဒီကို အမြန် ပြေးလာတာပေါ့…"
ဇီလင်းလုံက ရှင်းပြလိုက်သည်။
"အစ်ကိုကြီး… ဒီလူလိမ်တွေက အစ်ကိုကြီးကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်ဝပါဘူး… ဘေးကနေ ထိုင်ပြီးတော့သာ ကြည့်နေ… ကျန်တာ ညီမနဲ့ လွှဲထားလိုက်"
"သတိထားဦးနော်" ကျန်းမင်က သတိပေးလိုက်၏။
"သူက အားနည်းတဲ့ကောင်ပါ…" ဇီလင်းလုံက ဂရုမစိုက်ဟန်ဖြင့် ကျန်းယွီကို ကြည့်၍…
"နင်က ငါ့အစ်ကိုကြီးကို စိန်ခေါ်တဲ့သူလား"
"ဟုတ်တယ်…" ကျန်းယွီ၏ မျက်နှာမှာ စိတ်ပျက်မှုများကြောင့် မည်းမှောင်လာပြီး ပြောလိုက်သည်။
"မင်းက ချင်းယွင်ဂိုဏ်းရဲ့ တပည့်တွေကို လူလိမ်တွေ၊ ဘယ်သူဘယ်ဝါမှန်း မသိတဲ့လူတွေလို့ ခေါ်တဲ့ ပထမဆုံးလူပဲ"
"နင်က နာမည်ကြီးလို့လား…" ဇီလင်းလုံက အေးစက်စွာ မေးလိုက်သည်။ "နင်က ချင်းယွင်ဂိုဏ်းရဲ့ သူတော်စင် သားတော်လား"
"မဟုတ်ဘူး"
"အဓိကတပည့်လား"
"ဒါဆို ပထမတပည့်လား"
"ငါ မဟုတ်ပါဘူး…" ကျန်းယွီက အံကြိတ်၍ ဖြေသည်။
"အဲ့ဒါဆို ငါပြောတာ ဘာမှားလို့လဲ…" ဇီလင်းလုံက လှောင်ပြောင်လိုက်သည်။ "နင်က သူတော်စင် သားတော်လည်း မဟုတ်ဘူး၊ အဓိကတပည့်လည်း မဟုတ်ဘူး၊ ပထမတပည့်တောင် မဟုတ်ဘူး… အဲ့ဒါက နင်က ဘာမှမဟုတ်တဲ့ ကောင်ဆိုတဲ့ အဓိပ္ပာယ်ပဲ… ငါ့အစ်ကိုကြီးက ပထမတပည့်လေ… နင်က ငါ့အစ်ကိုကြီးကို စိန်ခေါ်ပြီး သူ့ကို စော်ကားနေတာပဲ"
"ရိုင်းစိုင်းလိုက်တာ…" ကျန်းယွီ ဒေါသထွက်သွားသည်။ "ချင်းယွင်ဂိုဏ်းရဲ့ တပည့်တွေက ကျိုယန်ဂိုဏ်းရဲ့ တပည့်တွေကို စိန်ခေါ်ဖို့တောင် နှိမ့်ချပေးခဲ့တာကို မင်း ဂုဏ်ယူသင့်တယ်… မင်းက ဘာမှမသိဘဲ အပြောကောင်းတဲ့ ကလေးမလေး တစ်ယောက်ပါပဲ"
ဇီလင်းလုံ လှောင်ပြုံး ပြုံးလိုက်၏။
"နင့်စကားအရဆို ချင်းယွင်ဂိုဏ်းက လာသရွေ့ သန့်ရှင်းရေးသမား ဖြစ်နေရင်တောင် လူတွေကို အမိန့်ပေးပိုင်ခွင့် ရှိတယ်ပေါ့ ဟုတ်လား… ချင်းယွင်ဂိုဏ်းကို အရှေ့ပိုင်းဒေသရဲ့ ဘုရင်လို့ ထင်နေတာလား… ငါတို့က ချင်းယွင်ဂိုဏ်းက လူတိုင်းကို ကိုးကွယ်ရမှာလား… ငါက နင့်ကို ဂရုမစိုက်လို့ ငါ ဘာမှမသိဘူးလို့ ပြောတာလား"
ကျန်းယွီ ဒေါသထွက်နေသော်လည်း မဆင်မခြင် မလုပ်ရဲပေ။ ချင်းယွင်ဂိုဏ်းက အစွမ်းထက်သော်ငြား အခြားဂိုဏ်းများကို ပေါ်တင် အနိုင်ကျင့်၍ မရချေ။ ထိုအချိန်တွင် သူ့နားရွက်များ ရုတ်တရက် လှုပ်ရှားသွားပြီး မုလေ့က သူ့ထံသို့ အသံလှိုင်းဖြင့် သတင်းစကား ပေးပို့လိုက်သည်။ ထို့နောက် သူက အလျင်အမြန် ပြောလာ၏။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့… ငါတို့ ဒီကို လာတာ ဒီနေ့ ချစ်ကြည်ရေး ပြိုင်ပွဲလေး လုပ်ဖို့ပဲ… ငါတို့ရဲ့ အဓိကတပည့် မုလေ့တောင် ရှေ့မထွက်ရသေးဘူး… ဒါပေမဲ့ မင်းတို့ရဲ့ ပထမတပည့် ကိုးယောက်ထဲက ရှစ်ယောက် ရှုံးသွားပြီလေ… ငါတို့ ချူယန် တောင်ထွတ်က ဘယ်သူနဲ့မှ မတိုက်ရသေးဘူး… မင်း တိုက်မှာလား ဒါမှမဟုတ် ဟိုနာမည် ဘယ်လိုခေါ်လဲ မသိတဲ့ကောင် တိုက်မှာလား"
ဇီလင်းလုံ၏ မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။
"ငါ့အစ်ကိုကြီးကို အရူးတစ်ယောက်နဲ့ တိုက်ခွင့် မပေးနိုင်ဘူး… ငါ နင့်ကို တိုက်မယ်"
ဇီလင်းလုံ ရှေ့သို့ တစ်လှမ်း တိုး၍ သူမ၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။ သူမပတ်လည်ရှိ လေဟာနယ်မှာ လှိုင်းထသွားပြီး သူမ အင်္ကျီလက်များက လေထဲတွင် လွင့်ခနဲ ဖြစ်သွား၏။
"ကောင်းပြီလေ…" ကျန်းယွီက တည်ကြည်စွာ ပြောလိုက်သည်။ သူ့ချီစွမ်းအင်များ လှိုင်းထလာပြီးနောက် သူ့ပတ်လည်တွင် နတ်ဘုရား အကာအကွယ် တစ်ခု ဖန်တီးလိုက်သည်။
လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ဇီလင်းလုံမှာ လေထဲ ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရသည်။ သူမက မျက်စိတစ်မှိတ်အတွင်း ရွေ့လျားသွားပြီး ကျန်းယွီရှေ့သို့ ချက်ချင်း ရောက်ရှိသွား၏။ အချိန်မဖြုန်းဘဲ တိုက်ခိုက်ရန် လက်ကို မြှောက်လိုက်သည်။
"ဟင့်အင်း…"
ကျန်းယွီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးခုန် ရပ်မတတ် ဖြစ်သွားလေပြီ။ သူမက သူ့အတွက် အရမ်း မြန်လွန်းနေ၏။ သူ အလျင်အမြန် နောက်ဆုတ်၍ သူ့မှော်လက်နက်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။ သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။
ဘန်း…
ဇီလင်းလုံ၏ လက်က ကျန်းယွီ ရင်ဘတ်ပေါ် ကျရောက်သွားပြီး သူ့အား နောက်သို့ လွင့်စင်သွားစေကာ သွေးအန်သွားစေသည်။
"နင့်စွမ်းအစက ဒါအကုန်ပဲလား… နင်က အရူးလို့ အခေါ်ခံရဖို့တောင် မတန်ဘူး"
ဇီလင်းလုံက သူမ အင်္ကျီလက်များကို ခါယမ်း၍ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရာ ကြီးမြတ်ပြီး ဩဇာလွှမ်းမိုးသော အငွေ့အသက်များ သဘာဝကျကျ ထွက်ပေါ်လာ၏။ သို့သော် ပေါ်လာသကဲ့သို့ပင် အလျင်အမြန် ပျောက်ကွယ်သွားသည်။ ထို့နောက် သူမက မုလေ့နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။
"အားလုံး တစ်ပြိုင်တည်း တက်ခဲ့ကြ… အစွမ်းထက်ပါတယ်ဆိုတဲ့ ချင်းယွင်ဂိုဏ်း တပည့်တွေရဲ့ စွမ်းအစကို ပြစမ်းပါ… နင်တို့က ကောလာဟလတွေထဲကလို ကောင်းကင်ဘုရင်တွေလား၊ ကျွမ်းကျင်သူတွေလား ဒါမှမဟုတ် ဂိုဏ်းရဲ့ နာမည်ကို အသုံးချပြီး သူများတွေကို အနိုင်ကျင့်နေတဲ့ ကောင်တွေလား ဆိုတာ ကြည့်ရသေးတာပေါ့"
ထိုအချိန်တွင် ကျိုယန်ဂိုဏ်းမှ လူများမှာ ပြုံးနေကြလေပြီ။ အချို့ဆိုလျှင် အားပေးသြဘာပင် ပေးနေကြ၏။
"ကောင်းတယ် လင်းလုံ…" ချန်ရိမင်က သူမကို လက်မထောင်ပြလိုက်သည်။
"မင်း တကယ် တော်တယ်…" ကျန့်ကျွင်းပေါင်က ထပ်လောင်း ပြောဆိုသည်။
"ညီမလေး တကယ် အရွယ်ရောက်လာပြီပဲ…"
ကျန်းမင်က ပြုံးရင်း ပြောလိုက်သည်။ ကျန်းယွီမှာ ဒဏ်ရာရရုံသာ ဖြစ်ပြီး မသေဆုံးသွားကြောင်း သူ သတိပြုမိ၏။ ဤသို့ဆိုလျှင် ဘာပြဿနာမှ ရှိမည် မဟုတ်တော့။
ဆန့်ကျင်ဘက် အနေဖြင့် မုလေ့နှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်း မည်းမှောင်သွားသည်။ အားလုံး ဒေါသထွက်နေကြ၏။ အချို့က ရှေ့သို့ လှမ်းထွက်လာသော်လည်း မုလေ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် မုလေ့က ဇီလင်းလုံထံ လျှောက်သွားပြီး မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးကာ ပြောလိုက်သည်။
"ငါက မုလေ့ပါ… ချင်းယွင်ဂိုဏ်းရဲ့ အဓိကတပည့် ဖြစ်ပြီး ဒီနေ့ စမ်းသပ်ခြင်း မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်… မင်းက ညီမလေး ဇီလင်းလုံ ဖြစ်ရမယ်… မင်းရဲ့ နာမည်ကျော်ကြားမှုက မင်းထက်တောင် အရင် ရောက်နေပြီပဲ… ဒီနေ့ တွေ့ရတာ ဂုဏ်ယူပါတယ်"
"ငါက နင့်ညီမလေး မဟုတ်ဘူး"
ဇီလင်းလုံက သွယ်လျသော မျက်ခုံးများကို ပင့်၍ ပြောလိုက်သည်။ သူမ၏ မျက်နှာထားမှာ ပိုအေးစက်လာပြီး…
"နင် တိုက်မှာလား မတိုက်ဘူးလား… ငါ စကားပြောရတာ ပင်ပန်းနေပြီ"
မုလေ့၏ နှလုံးသားထဲမှ ဒေါသမီးတောက်များမှာ ထိုအချိန်တွင် ငြိမ်းသတ်ခံလိုက်ရလေပြီ။ ယင်းအစား သူက လင်းလုံကို အကဲခတ်နေပြီး သိမ်းပိုက်လိုစိတ်များ ပြည့်နှက်လာသည်။
"ငါ ရွှေရောင် ရွှေအမြူတေ အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဂိုဏ်းက ခရမ်းရောင် နန်းတော် အကြီးအကဲ တစ်ယောက်နဲ့ ယှဉ်တိုက်ဖူးတယ်… တခြားဂိုဏ်းတွေက ခရမ်းရောင် နန်းတော် ကျင့်ကြံသူ တချို့ကိုလည်း အနိုင်ယူခဲ့ဖူးတယ်… အဲ့ဒါအပြင် ခရမ်းရောင် နန်းတော် အဆင့် နတ်ဆိုး သုံးကောင်ကိုလည်း သတ်ခဲ့ဖူးသေးတယ်"
"ဒါအကုန်ပဲလား… အဲ့ဒီလို ကိစ္စမျိုးကို ကြွားနေရတာ မရှက်ဘူးလား"
ဇီလင်းလုံက အထင်အမြင် သေးစွာဖြင့်…
"နင်တို့ အားလုံး တစ်ပြိုင်တည်း ဝင်တိုက်သင့်တယ်"
မုလေ့ တစ်ယောက် သူ့လည်ချောင်းထဲ အသက်ရှူကြပ်သွားသလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
End
***