ခန်းမဆောင်ကြီး အတွင်း။
ဂိုဏ်းချုပ် ယန်ယန်က ချင်းယွင်ဂိုဏ်း အကြီးအကဲ ခဲချင်ချန်အား လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောကာ အဖော်ပြုပေးနေ၏။
“ချင်းယွင်ဂိုဏ်းရဲ့ လက်ရှိ တပည့်တွေကို ခင်ဗျား ဘယ်လို မြင်လဲ။ မုလေ့ကလွဲရင် ကျန်တဲ့သူတွေက အတွင်းစည်း တပည့်တွေချည်းပဲ” ခဲချင်ချန်က ခန်းမဆောင် အပြင်ဘက်သို့ လှမ်းကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
“ချင်းယွင်ဂိုဏ်း ပီသပါပေတယ်။ တပည့်တွေ အားလုံးက ပါရမီရှင်တွေချည်းပဲ” ဂိုဏ်းချုပ်က ရှုံးနိမ့်သွားသော ကျိုယန်ဂိုဏ်း၏ ထိပ်တန်း တပည့်များကို ကြည့်ရင်း ပြန်ဖြေလိုက်၏။ စိတ်ထဲတွင်မူ ကျိန်ဆဲနေမိသည်။
လခွမ်းပဲ... ဒီနေရာအထိ လာပြီး အင်အား လာပြရဲသေးတယ်။ ဒါ့အပြင် ငါ့ဆီက မြှောက်ပင့်ပေးတာကိုတောင် လိုချင်နေသေးတယ်။ ခွေးကောင်...
“သူတို့က လူစွမ်းကောင်းတွေလို့ မခေါ်နိုင်သေးပါဘူး။ သာမန် အဆင့်လောက်ပဲ ရှိသေးတာပါ” ခဲချင်ချန်က လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။ “ပင်မတပည့်တွေကတော့ ပိုသာတာပေါ့။ ရွှေအမြူတေ အဆင့် ရောက်မှသာ ပင်မတပည့် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတာလေ။ အတွင်းစည်း တပည့်တွေကတော့ ပင်မတပည့်တွေနဲ့ ယှဉ်ရင် အများကြီး ကွာခြားသေးတယ်”
“ချင်းယွင် တော်ဝင်မြေက အရှေ့ပိုင်းဒေသ တစ်ခုလုံးရဲ့ နဂါးခေါင်းဆောင်လို ဖြစ်နေတာပါ။ ခင်ဗျားတို့ တပည့်တွေရဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့ အတုယူစရာပါပဲ” ဂိုဏ်းချုပ်က ဝတ္တရားအရ မြှောက်ပင့်ပြောဆိုလိုက်သော်လည်း စိတ်ထဲတွင်မူ နောက်တစ်ကြိမ် ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။
ခွေးမသား... မင်းတို့ရဲ့ သာမန် တပည့်တွေက ငါတို့ရဲ့ ထိပ်တန်း တပည့်တွေကို အနိုင်ယူသွားတာ ဘာကို ဆိုလိုချင်တာလဲ။ အဲ့ဒီပါးစပ်ကို ဆွဲဖြဲပစ်ချင်လာပြီ...
“ဒီတပည့်တွေက သူတို့ စီနီယာတွေရဲ့ အရှိန်အဝါကို မှီခိုနေကြတာပါ။ မထိုက်တန်ပါဘူး” ခဲချင်ချန်က ပြုံးလျက် ပြောပြီးနောက် လက်ဖက်ရည်ပန်းကန်ကို ချကာ လေးနက်သော လေသံဖြင့် မေးလာ၏။ “မိတ်ဆွေ... ကျိုယန်ဂိုဏ်းက တပည့်တစ်ယောက် ဖြစ်တဲ့ ဇီလင်းလုံက ဖီးနစ် သွေးမျိုးဆက် နိုးထလာတယ် ဆိုတာ ဟုတ်လား”
ထိုစကားကြောင့် ဂိုဏ်းချုပ် စိတ်ထဲ ချက်ချင်း အချက်ပေး ခေါင်းလောင်းသံများ မြည်ဟည်းသွားတော့သည်။
“သွေးမျိုးဆက် အရိပ်အယောင် အနည်းငယ်လောက်ပါ”
“အနည်းငယ်ပဲ ဖြစ်ဖြစ် ဖီးနစ် သွေးမျိုးဆက်ဆိုတာ လူသားတွေအတွက် ဂုဏ်ပြုစရာ ကိစ္စတစ်ခုပဲ။ သူ့ကို သေချာ ဂရုတစိုက် ပြုစုပျိုးထောင်ပေးသင့်တယ်။ လူသားတွေက အကျယ်ပြန့်ဆုံးနဲ့ အကောင်းဆုံး နယ်မြေတွေကို ပိုင်ဆိုင်ထားပေမယ့် နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက ကျွန်တော်တို့ကို အမြဲတမ်း စောင့်ကြည့်နေကြတာ။ ဒါကြောင့် လူငယ် ပါရမီရှင်တွေကို လျစ်လျူရှုထားလို့ မရဘူး။ သူတို့ လူသားမျိုးနွယ်ရဲ့ မဏ္ဍိုင်ကြီးတွေ ဖြစ်လာအောင် အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးရမယ်။ ဒါမှသာ ကျွန်တော်တို့ လူသားတွေ ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်မှာ မဟုတ်လား။ မိတ်ဆွေရော သဘောတူရဲ့လား”
“ချင်းယွင် တော်ဝင်မြေက အကြီးအကဲ တစ်ယောက်ရဲ့ စကားပီသပါပေတယ်။ ခင်ဗျား စကားတွေက လူသားမျိုးနွယ် တစ်ခုလုံး အပေါ် ထားရှိတဲ့ စေတနာတွေ ပြည့်နှက်နေတာပဲ။ ခင်ဗျားက အရမ်း သဘောထား ကြီးလွန်းပါတယ်” ဂိုဏ်းချုပ်က ခဲချင်ချန်အား ဆက်လက် မြှောက်ပင့်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ပေါက်ကွဲနေလေပြီ။
ဘာသောက်ချိုးတွေ လာချိုးနေတာလဲ... အခု ငါ့ကို စံပြ ယုံကြည်ချက်တွေနဲ့ ဒဿနတွေ အကြောင်း လာပြောပြနေတာလား။ မဟုတ်ဘူး... မဟုတ်ဘူး... ဒီကောင် ကြံစည်နေတာ တစ်ခုခု ရှိရမယ်။ ဇီလင်းလုံကို လုဖို့ ကြိုးစားနေတာလား။ သေချာတယ်။ လခွမ်း... ဒီကောင့်ကို သွားကြားထိုးတံနဲ့ ထိုးသတ်ပစ်ချင်စိတ် ပေါက်လာပြီ...
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော့် စေတနာက ခင်ဗျားနဲ့ ယှဉ်ရင် အများကြီး ကွာခြားပါသေးတယ်” ခဲချင်ချန်က ပြုံးလျက် လက်ဝှေ့ယမ်းကာ ဆက်ပြောသည်။
“မိတ်ဆွေ... ဇီလင်းလုံ အနေနဲ့ အကောင်းဆုံး အရင်းအမြစ်တွေကို ရသင့်တယ်လို့ ခင်ဗျား မထင်ဘူးလား။ ခင်ဗျားလည်း သဘောတူမှာပါ။ အရှေ့ပိုင်းဒေသမှာဆိုရင် ကျွန်တော့်ဂိုဏ်းက ကျင့်ကြံဖို့ အကောင်းဆုံး နေရာလေ။ မိတ်ဆွေ... လင်းလုံရဲ့ တိုးတက်မှုနဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် လင်းလုံကို ချင်းယွင်ဂိုဏ်းမှာ ကျင့်ကြံခွင့် ပြုလိုက်ပါလား။ ချက်ချင်းကြီးတော့ မငြင်းလိုက်ပါနဲ့ဦး။ ချင်းယွင်ဂိုဏ်းက တခြားသူတွေကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်ဘူး။ အကယ်၍ ခင်ဗျားသာ ကျွန်တော့် တောင်းဆိုမှုကို လက်ခံရင် ချင်းယွင်ဂိုဏ်း ကိုယ်စား အဆင့်နိမ့် မှော်ရတနာ တစ်စုံ လက်ဆောင်ပေးပါ့မယ်”
“ခင်ဗျားရဲ့ ဖြောင့်မတ်မှု အတွက် ကျွန်တော် အလွန် အထင်ကြီး လေးစားမိပါတယ် မိတ်ဆွေ” ဂိုဏ်းချုပ်က တင်းမာသော မျက်နှာထားဖြင့် ဆိုလိုက်၏။
“ခင်ဗျားတို့ တော်ဝင်မြေမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိပြီးသားပါ။ ရွှေအမြူတေ အဆင့်ထက် မြင့်တဲ့ တပည့်တွေတောင် ရှိသေးတာပဲ။ လင်းလုံသာ ခင်ဗျားတို့ ဂိုဏ်းထဲ ရောက်သွားရင် သာမန် တပည့် တစ်ယောက်သာသာပဲ ဖြစ်နေမှာ။ သူမ အနေနဲ့ ဂိုဏ်းရဲ့ အပြည့်အဝ အာရုံစိုက်မှုကို ရမှာ မဟုတ်ဘူး။ တစ်ဖက်မှာတော့ ကျိုယန်ဂိုဏ်းက လင်းလုံကို ပြုစုပျိုးထောင်ဖို့ အပြည့်အဝ အာရုံစိုက်ပေးနိုင်တယ်။ လင်းလုံရဲ့ အနာဂတ်နဲ့ လူသားမျိုးနွယ် အတွက် ကျွန်တော့် ဂိုဏ်းကပဲ သူမရဲ့ တိုးတက်မှုကို အစွမ်းကုန် ပံ့ပိုးပေးပါ့မယ်”
ခဲချင်ချန် စိတ်ထဲ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ ဤအကြောင်းအရာကို ဆက်ပြောနေလျှင် သူ အနိုင်ရမည် မဟုတ်ကြောင်း သိသဖြင့် နည်းဗျူဟာကို လျင်မြန်စွာ ပြောင်းလဲလိုက်တော့သည်။
“မုလေ့ကိုရော ဘယ်လိုထင်လဲ။ သူ့အမေက ကနဦးဝိညာဉ် အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်ပြီး သူကလည်း ပင်မတပည့် တစ်ယောက်လေ။ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းတဲ့ သားတစ်ယောက်နဲ့ သိပ်မကွာပါဘူး။ သူက ရွှေအမြူတေ စတုတ္ထအလွှာကို ရောက်နေပြီ ဖြစ်သလို နဝမအလွှာထိ ရောက်လာဖို့လည်း သေချာသလောက် ရှိနေတယ်။ သူ ချထားတဲ့ အခြေခံက တောက်ပတဲ့ အနာဂတ်ကို သေချာပေါက် အာမခံနိုင်တယ်။ အရေးအကြီးဆုံးက ရေနဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ…”
“ခင်ဗျား တပည့် ဇီလင်းလုံက ဖီးနစ် သွေးမျိုးဆက် ရှိတယ်။ ပြောစမ်းပါဦး... အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ သူတို့နှစ်ယောက်ထက် ပိုလိုက်ဖက်တဲ့စုံတွဲ ရှိသေးလို့လား။ နဂါးနဲ့ ဖီးနစ် ဆိုတာ ကံကောင်းခြင်းရဲ့ သင်္ကေတတွေလေ။ ကျွန်တော်က စေ့စပ်လက်ဆောင် အနေနဲ့ အဆင့်နိမ့် မှော်ရတနာ တစ်ခု ပေးရမလား။ အကယ်၍ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုသာ လက်ထပ်ခြင်းနဲ့ မဟာမိတ် ဖွဲ့လိုက်မယ် ဆိုရင် အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ ပျံ့နှံ့သွားမယ့် ဒဏ္ဍာရီဆန်ဆန် စွဲမက်ဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာ အသေအချာပါပဲ”
“လင်းလုံက ငယ်ပါသေးတယ်။ ကြီးထွားနေဆဲ အရွယ်ပဲ ရှိသေးတာမို့ အိမ်ထောင်ရေးနဲ့ သူမကို ချည်နှောင်မထားနိုင်သေးဘူး” ဂိုဏ်းချုပ်က လက်နှစ်ဖက်ကို ဖြန့်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် ဆက်ပြောသည်။
“သူမ အရွယ်ရောက်လာတဲ့ အထိ စောင့်ရလိမ့်ဦးမယ်”
ခဲချင်ချန် မျက်နှာထား မှောင်မိုက်သွား၏။
“ဂိုဏ်းချုပ် ယန်ယန်... အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ ချင်းယွင်ဂိုဏ်း တပည့်တွေနဲ့ ကျင့်ကြံဖက် ပြုလုပ်ဖို့ တခြားသူတွေက တောင်းပန်နေရတာ။ အကယ်၍ ကျွန်တော့် တပည့်သာ ကျင့်ကြံဖက် ရှာနေတယ်လို့ ကြေညာလိုက်ရင် အရှေ့ပိုင်းဒေသက မိန်းကလေးတွေ အကုန်လုံး တန်းစီဖို့ ပြေးလာကြလိမ့်မယ်”
ဂိုဏ်းချုပ်က ကျောကို မတ်မတ်ထားကာ ပြတ်သားသော လေသံဖြင့် တုံ့ပြန်လိုက်သည်။
“အဲ့ဒီ မိန်းကလေးတွေထဲမှာ ကျွန်တော်တို့ ကျိုယန်ဂိုဏ်းက လူတွေ မပါဘူး”
“မုလေ့ရဲ့ အမေက အစွမ်းထက်တဲ့ ကနဦး ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်။ သူမရဲ့ စကားက ဂိုဏ်းထဲမှာ အာဏာသက်ရောက်မှု ရှိတယ်။ ကျွန်တော် လာခဲ့တာလည်း သူမရဲ့ တောင်းဆိုချက်အရပဲ။ ဒီကမ်းလှမ်းမှုကို ခင်ဗျား ငြင်းပယ်လိုက်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ သိရဲ့လား”
“ကျိုယန်ဂိုဏ်းက သေးငယ်ချင် သေးငယ်ပါလိမ့်မယ်။ ဒါပေမယ့် အနိုင်ကျင့်ခံဖို့တော့ ရပ်ကြည့်နေမှာ မဟုတ်ဘူး” ဂိုဏ်းချုပ်က ပြတ်သားစွာ ဆိုလေသည်။
ခဲချင်ချန် မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားတော့သည်။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် စကားပြန်စ၏။
“လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ ဆုံးဖြတ်ချက် မချခင် လင်လုံ့ရဲ့ သဘောထားကို အရင် မေးကြည့်ပါလား”
“စည်းမကျော်ပါနဲ့ မိတ်ဆွေ” ဂိုဏ်းချုပ် ရင်ထဲတွင် ဒေါသမီးတောက်များ စတင် လောင်ကျွမ်းလာလေပြီ။
“ဒါက အရှေ့ပိုင်းဒေသမှာ အလုပ်လုပ်တဲ့ ပုံစံပါပဲ” ခဲချင်ချန်က အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။
“လင်းလုံ ကျိုယန်ဂိုဏ်းမှာ နေချင်၊ မနေချင် ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူးလေ။ ဒါ့အပြင် မဟာမိတ် ဖွဲ့လိုက်ရင်တောင် သူမက ကျိုယန်ဂိုဏ်းရဲ့ တပည့် အဖြစ် သတ်မှတ်ခံရဦးမှာပဲ”
“ခင်ဗျား အခု ရောက်နေတာ ကျိုယန်ဂိုဏ်းရဲ့ ခန်းမဆောင်ကြီးထဲမှာ ဆိုတာ သတိပေးပါရစေ” ဂိုဏ်းချုပ်၏ အသံမှာ မိုးခြိမ်းသံပမာ ထွက်ပေါ်လာသည်။
ခဲချင်ချန်က တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ လက်ဖက်ရည်ပန်းကန်ကို မြှောက်လိုက်၏။
“ဂိုဏ်းချုပ် ယန်ယန်... ဒေါသထွက်နေစရာ မလိုပါဘူး။ ကျွန်တော်က အကျိုးအကြောင်း သင့်တင့်အောင် ရှင်းပြနေတာပါ”
ဂိုဏ်းချုပ်က သူ့ဒေါသကို အတင်းအဓမ္မ ဖိနှိပ်ထားရင်း ခဲချင်ချန်အား စိတ်ထဲမှနေ၍ အဆက်မပြတ် ကျိန်ဆဲနေတော့သည်။
ခွေးမသား... မင်းရဲ့ အင်မော်တယ် ဖင်ကိုပဲ သွားနမ်းနေလိုက်။ ကျိုယန်ဂိုဏ်းထဲမှာ ငါ့အာဏာကို လာစော်ကားရဲတယ်ပေါ့။ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပြီ။ မဟုတ်ဘူး... မင်းကို ဝက်မတွေ ပြည့်နေတဲ့ ခြံထဲ ပစ်ထည့်ပြီး အကြိမ် တစ်သောင်းလောက် အဓမ္မကျင့်ခိုင်းပစ်မယ်...
ဂိုဏ်းချုပ် အနည်းငယ် တည်ငြိမ်သွားချိန်တွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
အစွမ်းထက်ပြီး အရှက်မရှိတဲ့ ဒီအနိုင်ကျင့်မှုကို ငါ ဘာလုပ်နိုင်မှာလဲ။ ဘယ်လို လုပ်ရမလဲ။ ဘာပဲဖြစ်ဖြစ် ငါ့တပည့်ကိုတော့ မင်း ခေါ်သွားခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် မင်းကို နေမင်းကြီးဆီ ပို့ပစ်မယ်...
ထိုအချိန်တွင် ဇီလင်းလုံက ခန်းမဆောင် အပြင်ဘက်သို့ ရောက်လာသည်။ သူမ ယခုလေးတင် ကျန်းယွီကို လွင့်စင်သွားအောင် တိုက်ခိုက်ခဲ့ခြင်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဂိုဏ်းချုပ် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် ချက်ချင်းပင် လှောင်ပြုံးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ဆိုလေ၏။
“ခင်ဗျား စကားတွေကို ကျွန်တော် မှတ်ထားပါ့မယ်။ ချင်းယွင်ဂိုဏ်းကို လာလည်တဲ့အခါ ခင်ဗျားတို့ ဂိုဏ်းချုပ်ကို သွားမေးရလိမ့်မယ်။ ဒါက ချင်းယွင်ဂိုဏ်း အလုပ်လုပ်တဲ့ ပုံစံလား ဆိုတာကိုပေါ့။ တကယ်လို့ ဒါက တကယ်ပဲ ခင်ဗျားတို့ ဂိုဏ်းရဲ့ ပုံစံဆိုရင် ဆေးလုံးတစ်ရာ ဥယျာဉ်နဲ့ သေခြင်း ရှင်ခြင်း ဓားဂိုဏ်းဆီပါ သွားလည်ရလိမ့်မယ်”
“ခင်ဗျား...” ခဲချင်ချန်က ဒေါသကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆက်ပြောသည်။ “မိတ်ဆွေ... ခင်ဗျားကို အကြံတစ်ခု ပေးပါရစေ။ အကယ်၍ ခင်ဗျား ဒါကို ငြင်းပယ်ရင် ချင်းယွင်ဂိုဏ်း အရှက်ကွဲလိမ့်မယ်။ မုလေ့နဲ့ သူ့အမေလည်း ဂိုဏ်းထဲမှာ ရယ်စရာလူရွှင်တော်တွေ ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင်... ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုမပြောထားဘူးလို့တော့ မဆိုနဲ့ပေါ့...”
“ကျိုယန်ဂိုဏ်း ဆိုတာ နေမင်းကြီးကို အခြေခံပြီး တည်ထောင်ထားတာပါ။ ကျွန်တော်တို့ဆီမှာ ပိုင်ဆိုင်မှု သိပ်မရှိချင် မရှိလိမ့်မယ်။ ဒါပေမယ့် ရန်သူနဲ့ အတူတကွ ပျက်စီးဖို့တော့ အမြဲ အသင့်ရှိတယ်” ဂိုဏ်းချုပ်က ထိုသို့ပြောပြီးနောက် လက်ဖက်ရည်ပန်းကန်ကို မြှောက်လိုက်၏။
ထိုအချိန်၌ပင် အပြင်ဘက်ရှိ အခြေအနေက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
အပြင်ဘက်မှ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သော ဂိုဏ်းချုပ်က ရယ်မောလိုက်ပြီး ဆိုတော့သည်။
“နေမင်းကိုးစင်းတဲ့လား။ ကောင်းလိုက်တာ။ နှစ်တစ်ထောင်မှာ တစ်ခါသာ ပေါ်လာတတ်တဲ့ ပြိုင်ဘက်ကင်း တပည့် ပီသပါပေတယ်။ ကြည့်ရတာ ပင်မတပည့်တွေ ဆိုတာလည်း သိပ်မစွမ်းလှပါဘူး”
“ဘာ...” ခဲချင်ချန်၏ မျက်နှာထား ရုပ်ဆိုးသွားပြီး ခန်းမဆောင်ထဲမှ အလျင်အမြန် ပျံသန်း ထွက်ခွာသွားတော့သည်။
...
ခန်းမဆောင်ကြီး အပြင်ဘက်တွင်။
လင်းလုံ၏ လှောင်ပြောင်သံကို ကြားလိုက်ရသဖြင့် မုလေ့မှာ ပေါက်ကွဲလုမတတ် ဖြစ်သွား၏။
သူက ချင်းယွင်ဂိုဏ်း၏ ပင်မတပည့် တစ်ဦး ဖြစ်ပြီး ကနဦးဝိညာဉ် အဆင့် မဟာအကြီးအကဲ တစ်ဦး၏ သားဖြစ်သည်။ လူတိုင်းက သူ့ပါရမီကို လေးစားကြပြီး တခြား ဂိုဏ်းများကလည်း သူ့ကို ကိုးကွယ်ကြသည်။ ဤကဲ့သို့ လှောင်ပြောင်ခံရခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
မုလေ့က သူ့ဒေါသကို မနည်း ထိန်းချုပ်လိုက်သည်။ ပွင့်ပွင့်လင်းလင်းသာ ပြောရန် ဆုံးဖြတ်လိုက်ပြီးနောက် ဆိုလေ၏။
“ကောင်းပြီလေ။ ငါ့မျက်လုံးထဲ ဝင်လာတဲ့သူ ပီသပါပေတယ်။ ဇီလင်းလုံ... ငါ့ရဲ့ ကျင့်ကြံဖက် ဖြစ်လာဖို့ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်”
“နင့်ရဲ့ ကျင့်ကြံဖက် ဖြစ်ရမယ်။ နင်က ထိုက်တန်လို့လား” ဇီလင်းလုံက ပြန်လည် ချေပလိုက်သည်။ သူမ စိတ်ထဲတွင်တော့ အံ့အားသင့်နေမိ၏။ ထို့နောက် ရှေ့သို့ တစ်လှမ်း တိုးကာ ဗိုလ်ကျသော လေသံဖြင့် ဆက်ပြောသည်။
“ချင်းယွင်ဂိုဏ်းရဲ့ ပင်မတပည့်တွေက ဘယ်လောက် အစွမ်းရှိလဲ ဆိုတာ ကြည့်ကြသေးတာပေါ့”
ဇီလင်းလုံက လက်ကို မြှောက်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ဆူပွက်လာပြီး မီးလုံးတစ်လုံး ပေါ်လာ၏။ ထို့နောက် မီးတောက် လျှပ်စီးတန်း တစ်ခုက မုလေ့၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး သူ့ကို လွင့်စင်သွားစေတော့သည်။
“မင်း ဘယ်လို ရဲဝံ့တာလဲ” မုလေ့မှာ အကြီးအကျယ် ဒေါသထွက်သွားသည်။ လျင်မြန်သော လှုပ်ရှားမှုများနှင့်အတူ သူ့ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ မကြာမီ ဧရာမ ရေနဂါး ပုံရိပ်ကြီး တစ်ခု သူ့အနောက်တွင် ပေါ်လာပြီး သူ့ခွန်အားမှာ သာမန် ရွှေအမြူတေ အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေပုံရသည်။
“ဖြိုခွင်းခြင်း လက်သည်း...” မုလေ့က မှော်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် အနောက်ရှိ ရေနဂါးကြီးက ၎င်း၏ လက်သည်းများကို ဆန့်ထုတ်ကာ လင်းလုံဆီသို့ ပြေးဝင်လာတော့သည်။
မုလေ့၏ ခွန်အားကြောင့် တိုက်ပွဲကို စောင့်ကြည့်နေသော တပည့်များပင် တုန်လှုပ်သွားကြပြီး အလိုအလျောက် နောက်ဆုတ်သွားကြသည်။
“နေမင်းကိုးစင်း...”
ဇီလင်းလုံက ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။ သူမ အနောက်တွင် အံ့ဖွယ် မြင်ကွင်းတစ်ခု စတင် ပေါ်ပေါက်လာသည်။ နေမင်း ကိုးစင်းက အပေါ်သို့ တက်လာပြီး လေထဲတွင် ပျံဝဲနေ၏။ မီးလုံးကြီး ကိုးလုံးက လေးလံသော ဖိအားများကို သယ်ဆောင်လာသည်။ သူမ လက်ဝှေ့ယမ်းလိုက်ချိန်တွင် နေမင်းကိုးစင်းက နဂါးကြီးဆီ ပြေးဝင်သွားပြီး နဂါးလက်သည်းများကို လွယ်ကူစွာ ချေမှုန်းပစ်လိုက်သည်။
ဘုန်း...
တိုက်ပွဲက မပြီးဆုံးသေးပေ။ နေမင်းများ ပေါက်ကွဲထွက်သွားပြီး ရိုက်ခတ်မှုကြောင့် မုလေ့မှာ ယိုင်နဲ့သွား၏။ သူ့ဝတ်ရုံမှာ စုတ်ပြဲသွားပြီး ခန္ဓာကိုယ်မှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားရသည်။
ခဲချင်ချန်က ခန်းမဆောင်ထဲမှ ပျံသန်းထွက်လာပြီး အရေးကြီးသော အချိန်တွင် မုလေ့အား ကာကွယ်ပေးလိုက်သည်။ သို့တိုင် မုလေ့ တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေပြီး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေဆဲပင်။
မုလေ့က အူကြူးကာ ရုန်းကန်နေသည်။ သွေးကြောများ နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်တော့၏။
“မင်းကို သတ်မယ်... မင်းကို... ငါ... သတ်ပစ်မယ်...”
“တော်စမ်း...” ခဲချင်ချန်က တင်းမာစွာ ဆိုလိုက်သည်။ ထို့နောက် ဇီလင်းလုံအား ကြည့်ကာ မေးလိုက်၏။
“မင်း ချင်းယွင်ဂိုဏ်းကို ဝင်မလား။ ဂိုဏ်းထဲရောက်ရင် မင်းက သေချာပေါက် ပင်မတပည့် ဖြစ်လာလိမ့်မယ်။ အဲ့ဒီမှာ ထူးခြားတဲ့ သဘာဝလွန် စွမ်းရည် အများအပြားကို သင်ယူနိုင်တယ်။ ပြီးတော့ ဒီနေရာထက် အဆတစ်ထောင် ပိုကောင်းတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း ရနိုင်တယ်”
“ကျေးဇူးပဲ... မလိုဘူး” ဇီလင်းလုံက အေးစက်စက် တုံ့ပြန်လိုက်သည်။
“ကောင်းပြီလေ...” ခဲချင်ချန်က မုလေ့ကို ဆွဲဖမ်းကာ လေထဲသို့ ခုန်တက်လိုက်ပြီး တစ်ပြိုင်နက်တည်း အော်ပြောလိုက်သည်။
“ငါတို့ သွားမယ်”
အခြား တပည့်များကလည်း ခဲချင်ချန် နောက်သို့ လိုက်ပါသွားကြသည်။
ဂိုဏ်းချုပ်က ထွက်ခွာသွားသော ခဲချင်ချန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ထား၏။ တစ်စုံတစ်ရာက သူ့ကို အနှောင့်အယှက် ပေးနေပုံရသည်။
ဇီလင်းလုံက သူတို့ ကျောပြင်များကို လှမ်းကြည့်ရင်း စိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိသည်။
ဒါက နောက်ထပ် အလှည့်အပြောင်း တစ်ခုပဲ။ ငါ ထပ်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး...
တစ်ချိန်တည်းမှာပင် ကျန်းမင်၏ နှလုံးသားမှာ လေးလံနေလေပြီ။
“ချင်းယွင်ဂိုဏ်းတဲ့လား...”
ချင်းယွင်ဂိုဏ်းမှာ အရှေ့ပိုင်းဒေသ၏ အုပ်စိုးသူ တစ်ဦးကဲ့သို့ ဖြစ်ပြီး ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။
“မုလေ့...” ကျန်းမင်က ထွက်မသွားခင် ထိုလူ ပြသခဲ့သော ရက်စက်သည့် မျက်နှာထားကို ပြန်သတိရလိုက်သည်။ ထို့နောက် လူသားလမ်းစဉ် မှတ်တမ်းကို လှန်ဖွင့်ကြည့်လိုက်၏။
အမည် - မုလေ့
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - ရွှေအမြူတေ စတုတ္ထအလွှာ
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ ပင်မတပည့်
ဆက်ဆံရေး - အနှုတ် ၉၁
မွေးရာပါ ပါရမီ - ရှစ်ကြယ် (အခြေခံ ရေနဂါး သွေးမျိုးဆက်)
လက်ရှိ အခြေအနေ - ကျိုယန်ဂိုဏ်းသို့ အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်ချက်ဖြင့် ရောက်လာခဲ့သော်လည်း အကြီးအကျယ် ရှုံးနိမ့်ကာ ပြန်လည် မောင်းထုတ်ခံခဲ့ရသည်။ သူ့မာနများ အထိနာသွားပြီး ကျိုယန်ဂိုဏ်းမှ မထွက်ခွာမီ လင်းလုံကို မည်သည့်နည်းနှင့်မဆို ပြန်ရယူမည်ဟု ကျိန်ဆိုသွားသည်။ ချူယန်တောင်ထိပ်ရှိ လူအားလုံးကို ဖမ်းဆီးပြီး သူမ ရှေ့တွင် ညှဉ်းပန်း နှိပ်စက်ရန် စီစဉ်ထားသည်။ သူ့ကို စော်ကားမိသည့် အကျိုးဆက်အား သူမကို သိစေချင်သည်။ သူမ၏ ဖီးနစ် သွေးမျိုးဆက်မှ စွမ်းအားများကို ရယူပြီးနောက် သူမအား သေသည်အထိ ညှဉ်းပန်း နှိပ်စက်ရန် ကြံရွယ်ထားသည်။
“ခွေးမသား...” ကျန်းမင် ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
“ချင်းယွင်ဂိုဏ်းရဲ့ တပည့် မပြောနဲ့... ချင်းယွင်ဂိုဏ်းချုပ် ကိုယ်တိုင် ဝင်ပါလာရင်တောင် မင်းအရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်”
End
***