အခြား တပည့်များလည်း နောက်ဆုံးတွင် ထွက်ခွာသွားကြပြီး သူတို့၏ သက်ဆိုင်ရာ တောင်ထွတ်များဆီသို့ ပြန်သွားကြလေပြီ။ သူတို့အားလုံးက ဒီနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအကြောင်း အချိန်အတော်ကြာသည် အထိ ပြောဆိုနေကြဦးမည် ဖြစ်သည်။
ချင်းယွင်ဂိုဏ်း တပည့်များက စမ်းသပ်ခြင်း မျှော်စင်ကို လာရောက် စိန်ခေါ်ခဲ့ပြီး ထိုအထဲမှ တစ်ယောက်က မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။ ထို့နောက် သူတို့က တောင်ထွတ် ကိုးခုမှ ပထမတပည့်များကို စိန်ခေါ်ခဲ့ပြီး ပထမတပည့် ရှစ်ယောက်စလုံး ရှုံးနိမ့်သွားခဲ့သည်။ ပြန်လည် တိုက်ခိုက်ရန်ပင် စွမ်းအား မရှိခဲ့ကြပေ။ သို့သော် လူအများစု အထင်သေးပြီး မကြာခဏ လှောင်ပြောင်တတ်ကြသော တောင်ထွတ်ဖြစ်သည့် ချူယန် တောင်ထွတ်မှ မိန်းကလေး တပည့်တစ်ယောက် ရှေ့ထွက်လာခဲ့ပြီး ချင်းယွင်ဂိုဏ်း၏ အဓိကတပည့် တစ်ယောက်ကို သတ်လုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
ကျိုယန်ဂိုဏ်းမှ တပည့်များမှာ ဤအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကြသလို ရှက်ရွံ့မှုများလည်း ခံစားနေကြရသည်။
…
ချူယန် တောင်ထွတ်။
"အစ်ကိုကြီး… ညီမလေး အရမ်း တော်တယ် မဟုတ်လား"
ဇီလင်းလုံက ကျန်းမင်၏ လက်မောင်းကို ဖက်တွယ် လွှဲယမ်းရင်း မေးလိုက်သည်။
ယခုအခါ ဇီလင်းလုံ၏ အရပ်မှာ ၁.၇ မီတာ နီးပါး ရှိနေလေပြီ။ နှင်းလို ဖြူဖွေးသော အသားအရေ၊ ချိုမြိန်သော မျက်နှာလေး၊ လှပသော မျက်လုံးတစ်စုံ၊ လွင့်ပျံနေသော ဆံကေသာ၊ ကျစ်လျစ်သော ကိုယ်လုံးလေးနှင့် ရှည်လျားသော ခြေတံအစုံတို့ကို ပိုင်ဆိုင်ထား၏။ သူမက အသက်ဝင်နေသော ပန်းချီကား တစ်ချပ်နှင့် ပုံစံတူလှသည်။
"သေချာတာပေါ့…" ကျန်းမင်က သူမကို လက်မထောင်ပြလိုက်၏။ "ချင်းယွင်ဂိုဏ်းက အရှေ့ပိုင်းဒေသရဲ့ တော်ဝင်မြေလို့ နာမည်ကြီးတာလေ… သူတို့ရဲ့ အဓိကတပည့်တွေက အရမ်းကို ပါရမီပါကြတာ… အဲ့ဒါတောင် ညီမလေးက သူတို့ထဲက တစ်ယောက်ကို သတ်လုနီးပါး လုပ်နိုင်ခဲ့တာပဲ… အရမ်း တော်တယ်ဆိုတာထက်ကို ပိုသေးတယ်…"
ဇီလင်းလုံ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာပြီး မေးလာသည်။
"သူ့ကို အဲ့ဒီလောက်တောင် အပြင်းအထန် ရိုက်နှက်လိုက်တော့ ပြဿနာများ တက်မလား အစ်ကိုကြီး"
"စိတ်မပူပါနဲ့… အဆင်ပြေသွားမှာပါ… ချင်းယွင်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေက သူတို့ရဲ့ အဓိကတပည့် တစ်ယောက် အရိုက်ခံရရုံလေးနဲ့တော့ လက်စားချေဖို့ ရောက်လာမှာ မဟုတ်ပါဘူး… တကယ်လို့ ရောက်လာခဲ့ရင်လည်း သူတို့က တော်ဝင်မြေဆိုတဲ့ နာမည်နဲ့ မတန်တော့ဘူးလေ"
ကျန်းမင်က ပြောလိုက်သည်။ စိတ်ထဲတွင်တော့…
'စိတ်မပူပါနဲ့… ငါ ဒီည အဲ့ဒီကို သွားပြီး သူတို့ကို သတ်ပစ်လိုက်မယ်…'
"ကောင်းပြီလေ…"
ကျန်းမင်၏ စကားများ ကြားချိန်တွင် ဇီလင်းလုံ၏ မျက်လုံးများ တောက်ပသွားသည်။
"အစ်ကိုကြီးလည်း အခု အုပ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ရောက်နေပြီဆိုတော့ ဘယ်သူကမှ အစ်ကိုကြီးကို သာမန်ပါပဲလို့ မခေါ်ရဲတော့ဘူးပေါ့… ဂိုဏ်းထဲမှာ အစ်ကိုကြီးလောက် မြန်မြန်ဆန်ဆန် အုပ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ရောက်တဲ့သူ မရှိဘူးဆိုတာ ညီမလေး သေချာတယ်…"
"ဒါတွေ အကုန်လုံးက ညီမလေးရဲ့ အုပ်မြစ် တည်ဆောက်ခြင်း ဆေးလုံးတွေကြောင့်ပါ"
ဇီလင်းလုံက ရယ်မောလိုက်၏။
"ညီမလေး အစ်ကိုကြီးအတွက် အဲ့ဒီဆေးလုံးတွေ ပိုရအောင် လုပ်ပေးပါ့မယ်…"
"အဲ့ဒီလိုဆိုရင်တော့ အစ်ကိုကြီးက ညီမလေး အချစ်ခံရအောင် သေချာ နေရတော့မှာပေါ့… ကဲ… ဒီမှာ ခဏစောင့်… အစ်ကိုကြီး ညီမလေးအတွက် စားသောက်ဖွယ်ရာတွေ သွားချက်ပေးမယ်"
"ညီမလေးလည်း ကူညီပေးမယ် အစ်ကိုကြီး…"
တောင်ထွတ်ပေါ်တွင် ရယ်မောသံများ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားလေပြီ။
သူ့တပည့်များ ယခင်ကအတိုင်း ရင်းနှီးနေကြဆဲ ဖြစ်သည်ကို မြင်သောအခါ ဂူဟိုင်လည်း စိတ်အေးသွားရသည်။ လက်ဖက်ရည် သောက်ရင်း မုတ်ဆိတ်ကို ပွတ်သပ်နေလိုက်၏။ မုလေ့နှင့် ခဲချင်ချန်ကို စော်ကားမိခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဂိုဏ်းချုပ်ကိုသာ ပူပန်ခိုင်းထားလိုက်တော့မည်။
မိုးတိတ်ပြီးနောက် ထွက်ပေါ်လာသော နေမင်းမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြန်သည်။ နေ့တစ်နေ့ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ ညဉ့်မိုးချုပ်လာသောအခါ လမင်းက အရှေ့ဘက် ကောင်းကင်ယံရှိ ၎င်း၏ နေရာမှန်တွင် ချိတ်ဆွဲလျက်။
တပည့်နှစ်ယောက်က မဏ္ဍပ်အောက်တွင် လမင်းကို ငေးမောကြည့်နေကြသည်။ မြင်ကွင်းက ကောင်းမွန်လှ၏။ သူတို့ ထိုင်နေသော နေရာမှနေ၍ လောကကြီး၏ အဆုံးစွန်ထိ မြင်တွေ့နေရသကဲ့သို့ပင်။
ပန်းရနံ့များ သယ်ဆောင်လာသော တောင်လေပြည်က သူတို့ မျက်နှာကို နူးညံ့စွာ ပွတ်တိုက်သွားသည်။
"အစ်ကိုကြီးက အနာဂတ်မှာ ဘာလုပ်ချင်လဲ"
"အစ်ကိုကြီးလား… အစ်ကိုကြီးက ချူယန် တောင်ထွတ်မှာပဲ နေပြီး ညီမလေးနဲ့ ဆရာ့အတွက် ဟင်းချက်ပေးမယ်လေ… အချိန်တွေကို ကျင့်ကြံရင်း၊ ပန်းတွေနဲ့ လမင်းကို ငေးကြည့်ရင်း ကုန်ဆုံးမယ်… လွတ်လွတ်လပ်လပ် ဘဝမျိုးကို ဖြတ်သန်းမယ်ပေါ့… ညီမလေးကရော"
"ညီမလေးက အစ်ကိုကြီးနဲ့ အတူတူ နေမယ်… အစ်ကိုကြီးရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်ရဲတဲ့သူ ဘယ်သူမဆို ထွက်ပြေးသွားအောင် လုပ်ပစ်မယ်"
ကျန်းမင် ရယ်မောလိုက်၏။
"အရမ်း ကောင်းတဲ့ အကြံပဲ…"
သန်းခေါင်ယံ အချိန်သို့ ရောက်သောအခါ ကျန်းမင်က လင်းလုံကို သူမ၏ အခန်းသို့ ပြန်ပို့ပေးလိုက်သည်။
ဇီလင်းလုံက ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ချိန်တွင် သူမ မျက်လုံးများ လင်းလက်သွား၏။
'ချင်းယွင်ဂိုဏ်းက မုလေ့ကို ငါ မှတ်မိသားပဲ… အဲ့ဒီအချိန်တုန်းက သူက မီးဖိုပြင်းကျင့်စဉ်ကို ကျင့်ကြံပြီး ပါရမီရှင်တွေ အများကြီးရဲ့ သွေးကြော အခြေခံတွေကို ဝါးမျိုပြီးမှ သူ့စွမ်းအားကို မြှင့်တင်ခဲ့တာ… ငါ့ရဲ့ ဖီးနစ် သွေးကြော စောစောစီးစီး နိုးထလာလို့ သူ့အာရုံကို ဖမ်းစားမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကောင်းပါတယ်လေ… အခွင့်အရေး ရတာနဲ့ သူ့ကို သတ်ပစ်လိုက်မယ်… အဖြစ်အပျက် တချို့ကြောင့် အရာများစွာ လမ်းလွဲသွားပေမဲ့ အဓိက လားရာကတော့ အတူတူပဲ ရှိနေသေးတယ်…”
“မိစ္ဆာဂိုဏ်းတွေက နောက်ဆယ်နှစ် အတွင်း လှုပ်ရှားလာသင့်ပြီ… ပိရွှေဂိုဏ်းလည်း ရှိသေးတယ်… ငါက အစ်ကိုကြီး ဘေးမှာ ထာဝရ နေချင်ပေမဲ့… ရက်အနည်းငယ် ကြာရင် ငါ့စွမ်းအားကို ထပ်မြှင့်တင်ရမယ်… ငါ့အခြေခံက တည်ငြိမ်နေပြီ… အခု ရွှေရောင် ရွှေအမြူတေ အဆင့်ရဲ့ နဝမ အထွတ်အထိပ်ကို ရောက်နေပြီလေ… ဒီလောက်ဆို အရင်ဘဝက ငါ့ကိုယ်ငါတောင် ကျော်လွန်သွားပြီ… ဒါကြောင့် ကိစ္စတချို့ကို ပူပန်နေစရာ မလိုတော့ဘူး…'
ဇီလင်းလုံက သူမ၏ လက်ရှိ အခြေအနေကို စဉ်းစားရင်း အနာဂတ်ကို မှန်းဆကြည့်နေမိသည်။ အတိတ်ဘဝကိုလည်း ပြန်လည် သတိရသွား၏။ ယခင်ဘဝက သူမသည် ဆရာနှင့် အစ်ကိုကြီး၏ အကာအကွယ်အောက်တွင် ပျော်ရွှင်စွာ ကြီးပြင်းခဲ့ရသည်။ ရင်မိုဂိုဏ်းက တိုက်ခိုက်လာပြီး ဂိုဏ်းကို ကမောက်ကမ ဖြစ်သွားစေချိန် အထိ အရာအားလုံး အဆင်ပြေနေခဲ့သည် မဟုတ်ပါလား။ ထိုအချိန်က သူမ၏ အစ်ကိုကြီးက သူမကို ခေါ်ဆောင်၍ အသက်လု ထွက်ပြေးခဲ့ရသည်။ သူမကို ကာကွယ်ရန် ကြိုးစားရင်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အသက်အန္တရာယ်နှင့်ပင် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရ၏။ ထို့အပြင်…
အတိတ်ကို ပြန်တွေးမိသည်နှင့် ဇီလင်းလုံ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။ သို့သော် မျက်ရည်များကြားမှပင် သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ခိုင်မာမှုများဖြင့် တောက်ပနေဆဲပင်။
သူမက ဖြည်းညှင်းစွာ သက်ပြင်းချ၍ အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီးနောက် ချီစွမ်းအင်များကို ဆက်လက် သန့်စင်နေလိုက်တော့သည်။
ကျန်းမင်က သူ့အိပ်ခန်း ပြတင်းပေါက်တွင် ရပ်၍ လရောင် ငွေရောင်အောက်တွင် ရေချိုးသန့်စင်နေသော လောကကြီးကို ငေးကြည့်နေမိသည်။
ရွှစ်…
လူသားလမ်းစဉ် မှတ်တမ်းကို လှန်ဖွင့်လိုက်၏။
အမည် - မုလေ့။
လိင် - ကျား။
ကျင့်ကြံခြင်း အဆင့် - ရွှေရောင် ရွှေအမြူတေ အဆင့်၏ စတုတ္ထ အထွတ်အထိပ်။
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အဓိကတပည့်။
ဆက်ဆံရေး - အနှုတ် 93
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့် (မူလ ရေနဂါး သွေးကြော)။
အခြေအနေ - ကျိုယန်ဂိုဏ်းမှ ထွက်ခွာလာကတည်းက ဇီလင်းလုံ၊ ချူယန် တောင်ထွတ်နှင့် ကျိုယန်ဂိုဏ်းတို့ကို ကျိန်ဆဲနေခဲ့သည်။ ယခုအချိန်တွင် ကျိုယန်ဂိုဏ်း၏ အနောက်မြောက်ဘက် မိုင်သုံးသောင်း အကွာရှိ တောင်တစ်လုံးပေါ်တွင် သူ့ဒဏ်ရာများကို ကုသနေ၏။
"မိုင် သုံးသောင်း ဟုတ်လား… တော်တော်လေး ဝေးတာပဲ…"
ကျန်းမင်က သူ့ရွေးချယ်စရာများကို စဉ်းစားနေလိုက်သည်။
ဆက်ဆံရေး တန်ဖိုး နောက်ထပ် နှစ်မှတ် ကျဆင်းသွားသည်ကို မြင်သောအခါ လှောင်ပြုံး ပြုံးလိုက်ရုံသာ။
'ငါ မင်းကို စကားတစ်ခွန်းတောင် မပြောဖူးပါဘူး… ဒါပေမဲ့ မင်းက ဒီလောက်တောင် မုန်းနေတယ်ပေါ့လေ…'
ကျန်းမင်က ခဲချင်ချန်၏ အချက်အလက်များ ပြသထားသော နောက်စာမျက်နှာသို့ လှန်လိုက်၏။
အမည် - ခဲချင်ချန်။
ကျင့်ကြံခြင်း အဆင့် - မူလဝိညာဉ် အဆင့်။
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ။
ဆက်ဆံရေး - အနှုတ် 33
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်။
အခြေအနေ - သူက ဆုတ်ခွာပြီး မုလေ့နှင့် အခြားသူများကို ခေါ်ဆောင်လာခဲ့ရသည်။ သူ့စေတနာနှင့် ကူညီမှုကို အသိအမှတ် မပြုသော ကျိုယန်ဂိုဏ်းချုပ်ကို မုန်းတီးနေ၏။ အခွင့်အရေး ရသည်နှင့် ကျိုယန်ဂိုဏ်းချုပ်ကို မသတ်နိုင်လျှင်တောင် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။ ကျိုယန်ဂိုဏ်းချုပ်က သူ့ကို ငြင်းပယ်ပြီး ချင်းယွင် တောင်ထွတ်ကို အရှက်ခွဲခဲ့သည်ကို တွေးမိတိုင်း ပို၍ ဒေါသထွက်လာသည်။ ကျိုယန်ဂိုဏ်းချုပ်မှာ သေချင်နေသည်ဟု သူ ထင်မြင်ထား၏။
ထို့အပြင် ချင်းယွင်ဂိုဏ်း၏ အဓိကတပည့် တစ်ယောက်ကို သတ်လုနီးပါး လုပ်ခဲ့သည့် ဇီလင်းလုံကိုလည်း စောစောကတည်းက သတ်ပစ်ချင်နေခဲ့သည်။ သူတို့ ကျိုယန်ဂိုဏ်းထဲတွင် ရောက်မနေပါက သေချာပေါက် သတ်ပစ်ခဲ့ပေလိမ့်မည်။ လက်ရှိတွင် သူက ကျိုယန်ဂိုဏ်းမှ မိုင် သုံးသောင်း အကွာရှိ တောင်တစ်လုံးပေါ်တွင် ဒဏ်ရာကုသနေသော မုလေ့ကို စောင့်ရှောက်ပေးနေ၏။ တစ်ချိန်တည်းမှာပင် မုလေ့၏ အမေဖြစ်သူ မုရွှေယွင်ကို ပြန်ပြောပြမည့် အချိန်တွင် ကျိုယန်ဂိုဏ်း မည်မျှ ယုတ်မာကြောင်း ဇာတ်လမ်းကို ပိုစိတ်ဝင်စားဖွယ် ဖြစ်အောင် ဘယ်လို ဖန်တီးရမည်ကိုလည်း စဉ်းစားနေသည်။
"မင်း ငါ့ကို တစ်ချက်တောင် မကြည့်ခဲ့သလို ငါ့ကို သိမယ်လို့တောင် မထင်ဘူး… ဒါပေမဲ့ ငါတို့ရဲ့ ဆက်ဆံရေး တန်ဖိုးက အနှုတ် သုံးဆယ့်သုံး ဖြစ်နေတယ်…"
ကျန်းမင် တစ်ယောက် စကားပင် ဆက်မပြောနိုင်တော့။
တော်ဝင်မြေ၏ အဓိကတပည့် တစ်ယောက်နှင့် အကြီးအကဲ တစ်ယောက် ဆိုသည်မှာ သဘောထား ကြီးသင့်သည် မဟုတ်ပါလား။ ဘာကြောင့် ဒီလူနှစ်ယောက်က ဒီလောက်တောင် သဘောထား သေးသိမ်နေရတာလဲ။
သူတို့က သက်သောင့်သက်သာ ဘဝမျိုးမှာ နေသားကျလွန်းနေလို့ အခက်အခဲလေး တစ်ခုကိုတောင် သည်းမခံနိုင်တော့တာလား။
ထို့နောက် ကျန်းမင်က သူ့အာရုံများကို ဖြန့်ကြက်လိုက်ရာ သူ့ဆရာဖြစ်သူ ချီစွမ်းအင်များ သန့်စင်နေသည်ကို သတိပြုမိလိုက်သည်။ ညီမလေးမှာလည်း ကျင့်ကြံနေ၏။
သူက ဝင်္ကပါ တစ်ခုကို အသက်သွင်းလိုက်သည်။ အကယ်၍ ဆရာ သို့မဟုတ် ညီမလေးက သူ့ကို လာရှာပါက အသက်ဝင်နေသော ဝင်္ကပါကြောင့် သူ ကျင့်ကြံနေသည်ဟုသာ ထင်ကြပေလိမ့်မည်။
"ညီမလေးက မကြာခင် ဂိုဏ်းအပြင်ဘက်မှာ သွားကျင့်ကြံရတော့မှာ… သူမအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတဲ့ မုလေ့လို လူမျိုးကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး"
ကျန်းမင်က ဟင်းလင်းပြင်ထဲသို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ပြီး သရဲတစ္ဆေ တစ်ကောင်လို လေဟာနယ်ထဲ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်ပေါ်လာချိန်တွင် ဂိုဏ်း၏ မဟာဝင်္ကပါကြီးကို ကျော်လွန်ကာ တောင်အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။
သူ နောက်ထပ် ခြေလှမ်း တစ်လှမ်း ထပ်လှမ်းလိုက်သောအခါ လေထုထဲတွင် လှိုင်းထမှု သို့မဟုတ် နှောင့်ယှက်မှု တစ်စုံတစ်ရာ မရှိဘဲ ထပ်မံ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ် အတွင်း မိုင်တစ်ထောင် အကွာ၌ ပြန်ပေါ်လာ၏။
သူက အာကာပြင် ခြေလှမ်းကို အသုံးပြု၍ ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနေခြင်း ဖြစ်သည်။ ထိုစွမ်းရည်က သူ့အား ကိုယ်ယောင်ဖျောက်နိုင်စွမ်းနှင့် လျင်မြန်မှုတို့ကို ပေးစွမ်းနိုင်သဖြင့် အလွန် အံ့အားသင့်သွားမိသည်။
"တကယ်လို့ ငါသာ ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်ကို အပြည့်အဝ ကျွမ်းကျင်သွားရင် မတူညီတဲ့ ဟင်းလင်းပြင်တွေဆီ သေချာပေါက် သွားလာနိုင်မှာပဲ… တည်နေရာ ရွှေ့ပြောင်းခြင်းလိုမျိုးပေါ့…"
သူ့ခရီးဆုံးနှင့် မိုင်တစ်ရာ အကွာသို့ ရောက်သောအခါ ကျန်းမင်က နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ အဝေးမှ ခဲချင်ချန်နှင့် အခြားသူများကို လှမ်းမြင်နေရ၏။
လုံးဝ တခြားလူ တစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များ လှိုင်းထလာပြီး မိစ္ဆာချီစွမ်းအင်များက ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ကျန်းမင်က ကြမ်းတမ်းသော လေသံဖြင့်…
"သူတို့ အဲ့ဒီမှာ ရှိနေတာပဲ… အတိတ်တုန်းက ငါ့ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ ခဲချင်ချန်… ဒီနေ့ မင်းတို့ အကုန်လုံးကို သတ်ပစ်မယ်…"
End
***