ကျန်းမင် အနေဖြင့် သူတို့ အားလုံးကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။ သူက အစွမ်းထက်သော နောက်ခံရှိသည့် ကျွမ်းကျင်သူများကို ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် သူ့အထောက်အထားကို ဖုံးကွယ်ရန် ရုပ်ဖျက်ဖို့ ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး ရွေးချယ်မှုမှာ မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင် တစ်ယောက်အဖြစ် ရုပ်ဖျက်ရန်ပင်။ မည်သို့ပင်ဖြစ်စေ သူက သူ့ချီစွမ်းအင်များ၏ သဘောသဘာဝကို လိုသလို ပြောင်းလဲနိုင်စွမ်း ရှိသည် မဟုတ်ပါလား။
ကျန်းမင်က ချင်းယွင်ဂိုဏ်းမှ လူများရှေ့တွင် ပေါ်လာချိန်၌ အော်ဟစ်လိုက်၏။
"မိစ္ဆာတွေက ကောင်းကင်ဘုံကို လက်ဝါးရိုက်ချက် တစ်ထောင်နဲ့ ဖျက်ဆီးပစ်လိမ့်မယ်…"
ကျန်းမင်က သူ့လက်ဝါးမှ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ရာ ထိုနေရာ တစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။ မိစ္ဆာချီစွမ်းအင်များက လေထုထဲ ချက်ချင်း စိမ့်ဝင်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
မှင်ရောင် လက်ဝါးတံဆိပ် မရေမတွက်နိုင်အောင် ကောင်းကင်တွင် ပေါ်လာပြီး တောင်ပေါ်သို့ မုန်တိုင်းတစ်ခုလို ရွာကျလာသည်။ အစွမ်းထက်သော ရိုက်ခတ်မှုကြောင့် လေဟာနယ်ကိုပင် တုန်ခါသွားစေပြီး ပတ်ဝန်းကျင်သို့ လှိုင်းထသွားစေ၏။
"အသက်ရှင် ကျန်ရစ်တဲ့ မိစ္ဆာဂိုဏ်းဝင် တစ်ယောက်လား…"
ခဲချင်ချန် မျက်မှောင်ကြုတ်သွားသည်။ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ စတင် ထကြွလာ၏။ သူ့မျက်နှာထား ချက်ချင်း တည်ကြည်သွားပြီး ရွှေရောင် အလုံးလေး တစ်လုံးကို ထွေးထုတ်လိုက်ရာ လူတိုင်းကို ဖုံးလွှမ်းသွားသည့် အကာအကွယ် တစ်ခုအဖြစ် လျင်မြန်စွာ ကျယ်ပြန့်သွားတော့သည်။
ဘန်း…
လက်ဝါးရိုက်ချက် အဆက်မပြတ်က အလင်းတန်း အကာအကွယ်ပေါ် ကျရောက်လာချိန်တွင် ပေါက်ကွဲသံ တစ်ခု လေထဲ ပဲ့တင်ထပ်သွားသည်။ အကာအကွယ်ပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်း စတင် ဖြစ်ပေါ်လာ၏။
"ရပ်စမ်း…"
ခဲချင်ချန်၏ မျက်နှာပေါ်မှ သွေးရောင်များ ဆုတ်ယုတ်သွားပြီး အလယ်အလတ်အဆင့် ကာကွယ်ရေး မှော်လက်နက်ကို အားဖြည့်ရန် သူ့ချီစွမ်းအင်များကို စုစည်းလိုက်သည်။
မုလေ့နှင့် အခြား တပည့်များမှာ ကြောက်လန့်နေကြလေပြီ။ ဤမျှ ကြီးမားသော တိုက်ပွဲမျိုးကို အနီးကပ် တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ ပြင်းထန်ပြီး အစွမ်းထက်သော စွမ်းအင်လှိုင်းများကြောင့် သူတို့ကိုယ်သူတို့ မုန်တိုင်းထန်နေသော ညတစ်ညတွင် ပင်လယ်လယ်ခေါင်၌ သောင်တင်နေသည့် လှေငယ်လေး တစ်စင်းလို ခံစားနေကြရသည်။
မုလေ့ တစ်ယောက် ကျိုယန်ဂိုဏ်းတွင် ရှိနေစဉ်ကလို ဟန်ပန်မျိုး မဖမ်းနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ဂိုဏ်းသားများကြားတွင် သူက ဟန်ဆောင်နေရန် မလိုအပ်ချေ။
ဂျွတ်…
အကာအကွယ်ဆီမှ ကြွပ်ဆတ်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဒါတော့ မကောင်းတော့ဘူး…"
သူ့အကာအကွယ်ပေါ်တွင် အက်ကွဲကြောင်းများ ပိုများပြားလာသည်နှင့်အမျှ ခဲချင်ချန်၏ မျက်နှာထားမှာ ပို၍ တည်ကြည်လာသည်။ အကာအကွယ် လျင်မြန်စွာ အားနည်းလာသည်ကို သူ ခံစားနေရ၏။ သူ မုလေ့ဆီသို့ လှမ်းဆွဲရန် ပြင်လိုက်ချိန်မှာပင် အကာအကွယ်က ကျိုးပဲ့သွားတော့သည်။ သူ အနည်းငယ်မျှ တွေဝေမနေဘဲ မုလေ့ကို ဆွဲယူပြီးနောက် အလျင်အမြန် နောက်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက အင်္ကျီလက်ကို ခါယမ်း၍ ကျန်တပည့် ကိုးယောက်ကို သယ်ဆောင်ကာ အဝေးသို့ ပစ်လွှတ်လိုက်၏။ အခုချိန်တွင် သူတို့ကို စောင့်ရှောက်ရန် သူ့မှာ အချိန်မရှိတော့ပေ။
ခဲချင်ချန်၏ အကာအကွယ် ကျိုးပဲ့သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံ တစ်ခု လေထဲ ပဲ့တင်ထပ်သွားသည်။ ထိုစွမ်းအားက တောင်ကြီးကိုပင် ပြိုကျသွားစေနိုင်မည့်ပုံပင်။
ထို့နောက် ကျန်းမင်က နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်၏။
'ငါ ဒီလောက် အစွမ်းထက်နေလိမ့်မယ်လို့ မယုံနိုင်ဘူး…'
ကျန်းမင်၏ မျက်လုံးများ လင်းလက်သွားသည်။ ယခုတွင် သူ့သွေးများ ဆူပွက်နေ၏။ စောစောက တိုက်ခိုက်မှုမှာ စနစ်က သူ့ကို ဆုချထားသည့် မိစ္ဆာမှော်ပညာ တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ သာမန် မှော်ပညာ တစ်ခုသာ ဖြစ်ပြီး အထူးစွမ်းရည်များနှင့် လုံးဝ ယှဉ်၍ မရပေ။ သို့သော် ခဲချင်ချန်၏ အကာအကွယ်ကို ချိုးဖျက်နိုင်စွမ်း ရှိနေသည်။ ဤအချက် တစ်ခုတည်းကပင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို သက်သေပြနေ၏။
ထို့နောက် သူက ခဲချင်ချန် စွန့်ပစ်ခဲ့သော တပည့် ကိုးယောက်ဆီသို့ အကြည့် ရွှေ့လိုက်သည်။ သူတို့ထဲမှ သုံးယောက်မှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး နောက်ထပ် သုံးယောက်မှာ အဝေးသို့ ပြုတ်ကျ သေဆုံးသွားခဲ့လေပြီ။ အပြင်းအထန် ဒဏ်ရာရနေသော ကျန်အသက်ရှင်သူ သုံးယောက်မှာ နေရာအနှံ့သို့ ပြုတ်ကျသွားကြ၏။
ကျန်းမင် သူတို့ကို သတ်ရန် ပြင်လိုက်ချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာသည်။
"ငါ သူတို့ အကုန်လုံးကို မသတ်သင့်ဘူး… မျက်မြင်သက်သေ တချို့ ချန်ထားခဲ့သင့်တယ်…"
ကျန်းမင်က လျင်မြန်သော လှုပ်ရှားမှု တစ်ချက်ဖြင့် ထွက်ပြေးနေသော ခဲချင်ချန် နောက်သို့ လိုက်သွားလိုက်သည်။ သူက အာကာပြင် ခြေလှမ်းကို အသုံးပြု၍ ဟင်းလင်းပြင်ကို အသုံးချလိုက်၏။ ထိုနည်းဖြင့် သူက အမြင့်ဆုံး အမြန်နှုန်းဖြင့် သွားလာနိုင်သည်။ သူက မျက်စိတစ်မှိတ် အတွင်း မီတာ တစ်ထောင် အကွာအဝေးကို ကျော်ဖြတ်သွား၏။ မကြာမီမှာပင် ခဲချင်ချန် တစ်ယောက် ရုတ်တရက် လှည့်ကြည့်ပြီး မုလေ့ကို ဘေးသို့ ပစ်ချလိုက်သည်အား မြင်လိုက်ရသည်။
ဤအကွာအဝေးမှာ ကျန်းမင်၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှု အတွက် လုံလောက်စွာ နီးကပ်နေလေပြီ။ အကယ်၍ ခဲချင်ချန်ကသာ ယခု မုလေ့ကို စွန့်ပစ်လိုက်ပါက မုလေ့ တစ်ယောက် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
"မင်း ဘယ်သူလဲ…"
ခဲချင်ချန်က အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အလင်းတန်းများက သူ့ပတ်လည်တွင် အကာအကွယ် တစ်ခုကို ယက်လုပ် ဖန်တီးလိုက်၏။
"ငါက ချင်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ… တကယ်လို့ မင်း ငါ့ကို ရန်သူဖွဲ့မယ် ဆိုရင် ချင်းယွင်ဂိုဏ်းကို ရန်သူဖွဲ့တာနဲ့ အတူတူပဲ… မင်း မလုပ်ခင် သေချာ စဉ်းစားသင့်တယ်"
ကျန်းမင် ရူးသွပ်စွာ ရယ်မောလိုက်၏။ သူ့ရယ်သံက မိုင်တစ်ထောင် အကွာအထိ ရောက်ရှိသွားသည်။ သူက အလွန် မောက်မာသော လေသံဖြင့်…
"ငါ မိစ္ဆာဂိုဏ်းကလို့ ပြောခဲ့တယ် မဟုတ်လား… တခြားသူတွေက ချင်းယွင်ဂိုဏ်းကို တော်ဝင်မြေ ဖြစ်လို့ ကြောက်ရင် ကြောက်လိမ့်မယ်… ဒါပေမဲ့ ငါကတော့ မဟုတ်ဘူး… အတိတ်တုန်းက ငါ့ဂိုဏ်း ပျက်စီးသွားတဲ့အထဲမှာ ချင်းယွင်ဂိုဏ်းလည်း ပါဝင်ခဲ့တယ် ဆိုတာ ငါ မှတ်မိတယ်… အခု မင်းတို့ထဲက တစ်ယောက်ကို တွေ့နေမှတော့ မင်းကို ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးနိုင်မှာလဲ"
"အဲ့ဒီအချိန်တုန်းက ငါတို့ အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ရှင်းလင်းပြီး မင်းတို့ တစ်ယောက်မကျန် သုတ်သင်ခဲ့တာပဲ… နှစ်အနည်းငယ် ကြာတိုင်း ငါတို့ တပည့်တွေက နယ်မြေတွေကို ရှင်းလင်းပြီး အသက်ရှင် ကျန်ရစ်သူတွေကို ဖယ်ရှားခဲ့သေးတယ်… ဒီနှစ်တွေ ကြာပြီးနောက်မှာ မင်းတို့ အနည်းငယ် ပြန်လည် နာလန်ထူလာနိုင်ရင်တောင် ဘာလုပ်နိုင်မှာလဲ… အခု မင်းကိုယ်မင်း ထုတ်ဖော်ပြလိုက်တာ မင်းအတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာ သိရဲ့လား… ဒါက အရှေ့ပိုင်းဒေသမှာ မိစ္ဆာတွေကို နောက်ထပ် တစ်ကြိမ် အမဲလိုက်မှု စတင်တော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ… ငါ မှော်ပညာကို သုံးပြီး ချင်းယွင်ဂိုဏ်းကို သတင်းပို့ပြီးပြီ… အချိန်မနှောင်းခင် မင်း အခု ထွက်သွားသင့်တယ်…" ခဲချင်ချန်က လှောင်ပြုံးဖြင့် ပြောလိုက်၏။
"ငါ့ကိုယ်ငါ ထုတ်ဖော်ပြပြီးမှတော့ ဘာမှ မလုပ်ဘဲ ထွက်သွားဖို့ မဖြစ်နိုင်ဘူးလေ…"
ကျန်းမင်က ရှေ့သို့ တစ်လှမ်း တိုးရင်း ပြောလိုက်သည်။ သူ လှုပ်ရှားလိုက်ချိန်တွင် သူ့ပတ်လည်ရှိ လေဟာနယ်မှာ ပုံပျက်သွားပြီး လှိုင်းထသွား၏။
"ဒါ့အပြင် ငါက ငါ့ကိုယ်ငါ ထုတ်ဖော်ပြရဲမှတော့ မိစ္ဆာဂိုဏ်းက အဆင်သင့် ဖြစ်နေပြီ ဆိုတာ မင်း မတွေးမိဘူးလား… ငါတို့ ဒီနယ်မြေတွေမှာ နောက်တစ်ကြိမ် ပြန်လည် ကျက်စားတော့မယ်… မှတ်ထား… ဒီနေ့ မင်းကို သတ်မယ့်သူက ယင်မိစ္ဆာဂိုဏ်းရဲ့ လော့ဟိုပဲ… အခု သေလိုက်တော့…"
ကျန်းမင်က ခဲချင်ချန်ကို အထင်အမြင် သေးစွာ ကြည့်ရင်း သူ့ဖိနှိပ်နိုင်သော အငွေ့အသက်များကို ထိန်းချုပ်မထားတော့ပေ။ သူ့စကားဆုံးသည်နှင့် သူ လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ခဲချင်ချန် ဘေးသို့ ရောက်ရှိသွားသည်။ သူက ခဲချင်ချန်ကို မြေကမ္ဘာ တုန်ဟည်းသွားစေနိုင်သော အင်အားဖြင့် ထိုးကြိတ်တော့၏။
သို့သော် သူ့လက်သီးက ပစ်မှတ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကြောင်း တွေ့လိုက်ရသည်။
"ပုံရိပ်ယောင်လား…" ကျန်းမင် မျက်မှောင်ကြုတ်သွား၏။
"တိကျလိုက်တာ…"
မိုင်တစ်ထောင် အကွာမှနေ၍ ခဲချင်ချန်က ပြောလိုက်သည်။ သူ့မျက်ခုံးများ စုကျုံ့နေပြီး မျက်နှာထားမှာ တည်ကြည်နေ၏။ ကျန်းမင် မသိလိုက်သော အချိန် တစ်ခုခုတွင် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားတစ်လက်ကို သူ ထုတ်ယူထားလေပြီ။ ထိုဓားက တောင်များကို ဖြိုချနိုင်ပြီး ပင်လယ်ကို ပိုင်းခြားနိုင်သည့် စွမ်းအားများ ပါဝင်နေပုံပေါ်သည်။
"ဒါက ခရမ်းရောင် တိမ်တိုက်ပဲ… အဆင့်မြင့် မှော်လက်နက်…"
ခဲချင်ချန်က ဓားထိပ်ဖျားကို ကောင်းကင်သို့ ချိန်ရွယ်ရင်း ပြောလိုက်သည်။ သူ့အထက်တွင် တိမ်မည်းများ စတင် စုဝေးမလာမီ စာလုံးတစ်လုံး ပေါ်လာ၏။ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ မြည်ဟည်းလာပြီး လျှပ်စီးများ လက်လာသည်။ ထို့နောက် ကောင်းကင်ယံ၌ ကြီးမားသော လေဝဲကြီး တစ်ခု ပေါ်လာပြီး လည်ပတ်နေတော့သည်။
"ကောင်းကင် ကိုးလွှာ အင်ပါယာ မိုးကြိုး… ပစ်ချစမ်း…"
ခဲချင်ချန်က ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် မိုးကြိုးတစ်ချက်က ကျန်းမင်ဆီသို့ ပစ်ချလာ၏။
မိုးကြိုးချက်မှာ အလွန် လျင်မြန်ပြီး ကျန်းမင်၏ အငွေ့အသက်ကို သော့ခတ်ထားသကဲ့သို့ ဖြစ်နေသဖြင့် သူ့အနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ သို့သော် သူက လေဟာနယ်ထဲ ပျောက်ကွယ်သွားပြီး အကွာအဝေး တစ်ခု၌ ပြန်ပေါ်လာ၏။ သူက ကောင်းကင်ကို ကြည့်၍ အာမေဋိတ်သံဖြင့်…
"ဒါက ချင်းယွင်ဂိုဏ်း နာမည်ကြီးတဲ့ မိုးကြိုး အထူးစွမ်းရည်လား… သူ့ရဲ့ စွမ်းအားက တကယ်ကို ကြည့်ကောင်းတာပဲ"
ကျန်းမင်က ဂိုဏ်း၏ စာကြည့်တိုက်ရှိ စာအုပ်များထဲမှ ဤအကြောင်းကို ဖတ်ဖူးခဲ့သည်။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် လွတ်မြောက်ရန် လမ်းမရှိကြောင်း သူ ဖတ်ဖူးခဲ့၏။ ပစ်မှတ်အနေဖြင့် တိုက်ရိုက် ရင်ဆိုင်ရန်သာ ရှိသည်။
ကောင်းကင် ကိုးလွှာ အင်ပါယာ မိုးကြိုးမှာ နာမည်ကြီး အထူးစွမ်းရည် တစ်ခု ဖြစ်သည်။ အဆင့်မြင့် အခြေအနေသို့ ရောက်ရှိပါက လောကကြီး တစ်ခုလုံး မိုးကြိုး ပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းမှာ မြင်တွေ့ရသူများ၏ နှလုံးသားထဲ ကြောက်ရွံ့မှုများ ထည့်ပေးနိုင်သည့် နတ်ဘုရား ပြစ်ဒဏ် တစ်ခုနှင့် တူလှသည်။
"မင်းက ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်ကို နားလည်ထားတာလား…"
ခဲချင်ချန် တစ်ယောက် သဘောပေါက်သွားချိန်တွင် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွား၏။
"မိတ်ဆွေ လော့ဟို… ငါတို့ တကယ်ပဲ သေသည်အထိ တိုက်ခိုက်ကြမှာလား… ငါနဲ့ မင်းကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလေ… လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်ငါးရာက လောကကြီး တစ်ခုလုံး ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ပွဲကြီးမှာ ငါ မပါဝင်ခဲ့ပါဘူး… အဲ့ဒီအချိန်တုန်းက မင်းလည်း စစ်ပွဲမှာ ပါဝင်ဖို့တောင် အသက် ပြည့်သေးမှာ မဟုတ်ဘူး ထင်တယ်… ဟုတ်တယ်မလား… ဘာလို့ အဲ့ဒီလောက် ခေါင်းမာနေရတာလဲ"
"တချို့ အရာတွေက ဘယ်တော့မှ မပြောင်းလဲဘူး… ဖြောင့်မတ်တယ် ဆိုတဲ့ ကျင့်ကြံသူတွေက အရင်ကလိုပဲ ဟန်ဆောင်ကောင်းတုန်းပဲ… မင်းတို့ အကျိုးအမြတ် ရှိရင် ငါတို့ကို သတ်မယ်… အခြေအနေ မကောင်းရင် ထွက်ပြေးမယ်… လွတ်အောင် မပြေးနိုင်တဲ့အခါကျတော့ အဓိပ္ပာယ် မရှိတဲ့ စကားကြီး စကားကျယ်တွေ ပြောလာတယ်… မင်းတို့က ဒူးထောက်ပြီး ခေါင်းတောင် ငုံ့ချင် ငုံ့လိမ့်မယ်…"
ကျန်းမင်က ကောင်းကင် တစ်ခုလုံး ပဲ့တင်ထပ်သွားစေသည့် မိုးခြိမ်းသံကဲ့သို့ အသံဖြင့် အထင်အမြင် သေးစွာ ပြောလိုက်သည်။
"ငါတို့ မိစ္ဆာတွေက ငါတို့ကိုယ်ငါတို့ ကန့်သတ်မထားဘဲ ကျင့်ကြံတယ်… ပြီးတော့ ငါတို့ရဲ့ ဆန္ဒတွေကို မချုပ်တည်းဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်တယ်… ငါတို့မှာ ရှင်းလင်းတဲ့ ယုံကြည်ချက် ရှိတယ်… ပြီးတော့ ငါတို့ လုပ်ချင်တာကို လုပ်တယ်… မင်းကို မြင်ရတာ ငါ စိတ်မချမ်းသာဘူး… ဒါကြောင့် မင်းက ငါ့ကို စိတ်မချမ်းသာအောင် လုပ်တဲ့အတွက် မင်းကို သတ်ပစ်မယ်… သေလိုက်တော့…"
ကျန်းမင်က သူ့မိစ္ဆာ စွမ်းအားများကို စုစည်း၍ ရှေ့သို့ ပြေးဝင်သွားတော့သည်။
"ကောင်းကင်ကို ပိုင်းဖြတ်ခြင်း… ကောင်းကင်နဲ့ မြေကြီးကို ပိုင်းခြားစမ်း…"
ထိုအချိန်တွင် ခရမ်းရောင် တိမ်တိုက် ဓားမှာ အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲနိုင်သည့်၊ သို့မဟုတ် လမင်းကို နှစ်ခြမ်း ခွဲနိုင်သည့် ကြောက်မက်ဖွယ် ဓားသမ္ဗောဓိဉာဏ် တစ်ခု ပစ်လွှတ်လိုက်၏။
ကံမကောင်းစွာဖြင့် ခဲချင်ချန် တိုက်ခိုက်မှုမှာ ကျန်းမင်၏ မရေမတွက်နိုင်သော လက်ဝါးရိုက်ချက်များကြောင့် ပျက်စီးသွားခဲ့ရသည်။
"မင်းရဲ့ ကောင်းကင် ပိုင်းဖြတ်ခြင်း နည်းစနစ်က မင်းပြောသလောက် အစွမ်းမထက်ပါဘူး…"
ကျန်းမင်က နောက်တစ်ကြိမ် ရူးသွပ်စွာ ရယ်မောရင်း ပြောလိုက်သည်။ သူက သူ့စွမ်းအင်များကို မထိန်းချုပ်တော့ဘဲ သောင်းကျန်းခွင့် ပြုလိုက်ရာ ခဲချင်ချန် ပတ်လည်ရှိ အကာအကွယ်ကို ကျိုးပဲ့သွားစေ၏။ ယခုအချိန်တွင် သူက မိစ္ဆာသခင် တစ်ပါးနှင့် အမှန်တကယ် တူနေပေသည်။
"တဝဲလည်လည် တစ္ဆေတွေ… အရိပ်တွေကို လိုက်စမ်း…"
ခဲချင်ချန် တစ်ယောက် အတိုက်ခံရပြီးနောက် သွေးများ အဆက်မပြတ် အန်နေ၏။ အကယ်၍ သူ ဝတ်ဆင်ထားသော ကာကွယ်ရေး မှော်လက်နက်သာ မရှိပါက သူ သေဆုံးနေသည်မှာ ကြာလှပြီ ဖြစ်သည်။ မိစ္ဆာ၏ ကန့်သတ်ချက်မဲ့ စွမ်းအင်နှင့် ခွန်အားက သူ့အား တုန်လှုပ်သွားစေသည်။ သူ အလျင်အမြန် မှော်ပညာ တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ့ပတ်လည်တွင် ပုံတူကိုယ်ပွားများ စတင် ပေါ်လာသည်။ မည်သူက အစစ်ဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲလှ၏။ ထို့အပြင် သူက ပုံတူကိုယ်ပွားများနှင့် နေရာချင်း လဲလှယ်နိုင်သေးသည်။
"စောစောက ငါ မင်းကို ကျွမ်းကျင်မှု သုံးခွင့် ပေးလိုက်တယ်… ဒီတစ်ခါ မင်း အောင်မြင်မယ်လို့ ထင်နေလား…"
ကျန်းမင် လှောင်ပြုံး ပြုံးလိုက်၏။ သူ လက်ဝှေ့ယမ်းပြီး ပုံတူကိုယ်ပွားများကို ဖျက်ဆီးရန် ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြုလိုက်သည်။
ခဲချင်ချန် လဲကျသွား၏။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာကို မြင်တွေ့ရသည်။
"သေစမ်း…"
ကြောက်မက်ဖွယ် စွမ်းအင်များက ကျန်းမင်ထံမှ ပေါက်ကွဲထွက်လာသည်။ သူက ပထမ လက်ဝါးရိုက်ချက်ဖြင့် ထိုနေရာကို သော့ခတ်လိုက်၏။ ထို့နောက် ဒုတိယ ရိုက်ချက်ဖြင့် ခဲချင်ချန်၏ ကာကွယ်ရေး မှော်လက်နက်နှင့် အကာအကွယ်ကို ဖျက်ဆီးပစ်လိုက်သည်။ တတိယ လက်ဝါးရိုက်ချက်ဖြင့် ခဲချင်ချန်၏ ဝိညာဉ်ကို ချေမှုန်းပစ်လိုက်တော့သည်။
သူ့အခန်းကဏ္ဍတွင် နစ်မြုပ်နေသော ကျန်းမင်က ရူးသွပ်စွာ ရယ်မောလိုက်၏။
"မိစ္ဆာတွေက လူ့လောကကို စိုးမိုးလိမ့်မယ်…"
ထို့နောက် သူက ထွက်ပြေးနေသော မုလေ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် လိုက်သွားတော့သည်။ သူက ရယ်မောရင်း ပြောလိုက်၏။
"ချင်းယွင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ကတောင် မင်းကို ကာကွယ်ဖို့ သူ့အသက်ကို ပေးသွားတာဆိုတော့ မင်းက တော်တော် အရေးကြီးတဲ့သူ ဖြစ်ရမယ်… မင်းကို ထွက်ပြေးခွင့် မပေးနိုင်ဘူး ကောင်လေး… ဒီကို လာခဲ့စမ်း…"
End
***