မုလေ့ တစ်ယောက် တုန်လှုပ်သွား၏။ ခဲချင်ချန်းက သူ့အား ဘေးသို့ ပစ်ချလိုက်ပြီးနောက် သူက အလျင်အမြန် ထွက်ပြေးလာခဲ့ခြင်းပင်။ သူ့ကျောဘက်မှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရချိန်တွင် သေမင်းက သူ့ဆီ တဖြည်းဖြည်း တွားသွား ချဉ်းကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူက တော်ဝင်မြေ၏ ပင်မတပည့် တစ်ယောက် ဖြစ်နေခြင်း သို့မဟုတ် ကနဦးဝိညာဉ် ကျင့်ကြံသူ တစ်ဦး၏ သား ဖြစ်နေခြင်းဆိုသည့် အချက်များမှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပေ။
သူ နောက်လှည့်ကြည့်လိုက်ပြီး ခဲချင်ချန်း၏ စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်ထွက်ကျမတတ် အံ့အားသင့်သွားတော့သည်။ ထို့နောက် ကျန်းမင်၏ ကြောက်မက်ဖွယ် ရယ်မောသံက လေထဲ ပဲ့တင်ထပ်သွားချိန်တွင် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး ကျောရိုးထဲအထိ စိမ့်တက်သွားလေပြီ။
'ပြေး... ပြေး... ပြေး...'
မုလေ့က သူ့စိတ်ထဲတွင် ဂါထာတစ်ခုလို ထပ်တလဲလဲ ရွတ်ဆိုနေမိ၏။ သူက အဆောင်လက်ဖွဲ့များကို ထုတ်ယူကာ သူ့ ချီစွမ်းအင်ဖြင့် မီးညှိလိုက်ပြီးနောက် မှော်လက်နက်ကို ဆွဲထုတ်လိုက်တော့သည်။ သူက လေထဲတွင် မျဉ်းကွေးတစ်ခု ဆွဲကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်ဆယ်ပေါင်းများစွာ အဝေးသို့ ရောက်ရှိသွား၏။
သို့သော် ခဲချင်ချန်းကို သတ်ဖြတ်နိုင်သော ကျွမ်းကျင်သူ တစ်ယောက်အတွက် ဤအကွာအဝေးမှာ ဘာမှမဟုတ်ပေ။ သူက ကြိုတင် ထွက်ပြေးနိုင်ခဲ့သော်ငြား မိုင်ရာပေါင်း အနည်းငယ်သာ ခရီးရောက်ခဲ့လေသည်။
ထိုစဉ် မုလေ့က သူ့အရှေ့ ခပ်လှမ်းလှမ်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် လူရိပ်နှစ်ခုကို မြင်လိုက်ရ၏။ လရောင်အောက်တွင် သူတို့၏ အဝတ်အစားများက လေထဲတွင် တလူလူ လွင့်ပျံနေသည်။ ထိုနှစ်ယောက်ထံမှ နက်နဲသော စွမ်းအင်များကို သူ ခံစားလိုက်ရပြီး သူ့ မျက်လုံးများ ချက်ချင်း တောက်ပသွားတော့သည်။
သူက ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ သူတို့ဆီသို့ ပျံသန်းသွားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"စီနီယာတို့... ကျွန်တော်က ချင်းယွင်ဂိုဏ်းရဲ့ ပင်မတပည့် မုလေ့ပါ... ကျွန်တော့်မိခင်က အကြီးအကဲ မုရွှေယွင်ပါ... မိစ္ဆာတစ်ကောင်က ကျွန်တော့်ကို သတ်ဖို့ နောက်က လိုက်လာလို့ပါ... ကျေးဇူးပြုပြီး ကယ်ကြပါဦး"
...
တောင်ထိပ်ပေါ်တွင်။
အစောပိုင်းက ထိုလူနှစ်ယောက်မှာ လရောင်အောက်တွင် စစ်တုရင် ကစားနေခဲ့ကြခြင်းပင်။ သူတို့ ပတ်ပတ်လည်ရှိ လေထုထဲတွင် လက်ဖက်ရည်နှင့် စပျစ်ရည် ရနံ့များ သင်းပျံ့နေ၏။ သူတို့က ကစားရင်း စကားစမြည် ပြောဆိုနေကြသည်။
သို့သော် အဝေးမှ ပြင်းထန်သော စွမ်းအင် အတက်အကျများကို ခံစားလိုက်ရချိန်တွင် သူတို့ ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။ မကြာမီမှာပင် လူရိပ်တစ်ခု သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ သူတို့ လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း မုလေ့၏ စကားများကို ကြားပြီးနောက် ခြေလှမ်းများ ရပ်တန့်သွားကာ တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းမင်က နောက်ဆုံး၌ အမီလိုက်လာနိုင်ခဲ့လေပြီ။ သူက လှောင်ပြုံး ပြုံးလိုက်၏။
'ဒီကောင်လေးက တကယ် ကံကောင်းတာပဲ... သူ သေတော့မယ့် အချိန်မှာ လူနှစ်ယောက်က ဒီနေရာမှာ ရုတ်တရက် ပေါ်လာတယ်... ကြည့်ရတာ သူတို့က ဒီကောင်လေးကို ကာကွယ်ပေးမယ့်ပုံပဲ...'
ထိုအခါ ဘယ်ဘက်တွင် ရပ်နေသော ဝတ်စုံဖြူနှင့် အဘိုးအိုက လေတိုက်၍ လက်အိတ်များ လွင့်ပျံနေစဉ် လက်သီးဆုပ်ကာ အရိုအသေပေးရင်း ကျယ်လောင်စွာ ပြောလိုက်သည်။
"မိတ်ဆွေ... လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး... ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ပေးသင့်ပါတယ်... မျိုးဆက်သစ် ကလေးတစ်ယောက်ကို အဆင့်နှိမ့်ပြီး ဒုက္ခပေးနေစရာ မလိုပါဘူး... ကျုပ်က အရှေ့ပိုင်းဒေသ စီးမာ မိသားစုရဲ့ စီးမာလန်ပါ"
ထို့နောက် စီးမာလန်က မုလေ့ကို လှမ်းကြည့်၍ ပြုံးပြလိုက်၏။
မုလေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ဉာဏ်ကောင်းစွာဖြင့် တခြားစကားများ မဆိုတော့ဘဲ လိမ္မာပါးနပ်စွာ ပြော၏။
"စီနီယာ စီးမာ... လူကြီးမင်းရဲ့ နာမည်ကျော်ကြားမှုက တကယ်ကို ကြီးမားလှပါတယ်"
စီးမာလန် တစ်ယောက် အလွန် ဝမ်းသာသွားပုံရသည်။
ကျန်းမင်၏ မျက်ခုံးများ လှုပ်ခတ်သွား၏။ အရှေ့ပိုင်းဒေသရှိ အင်အားစုများ အကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်ကို သူ ဖတ်ဖူးခဲ့သည်အား ပြန်အမှတ်ရသွားခြင်းပင်။ သူ့ရှေ့ရှိ လူအကြောင်းကို ပြန်တွေးမိချိန်တွင် လှောင်ပြုံး ပြုံးလိုက်သည်။
"စီးမာ မိသားစုဆိုတာ အရှေ့ပိုင်းဒေသရဲ့ ထိပ်တန်း အင်အားစု ဆယ်ခုထဲက တစ်ခုပဲ... ထွက်သွားစမ်း စီးမာလန်... မင်း ထွက်သွားရင် မင်းအသက်ကို ချမ်းသာပေးမယ်... မဟုတ်ရင် ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်... ပြီးတော့ မင်းမိသားစုလည်း မကြာခင် မင်းနောက်ကို လိုက်လာရလိမ့်မယ်"
မိစ္ဆာများမှာ အမြဲတမ်း ထိန်းချုပ်မရ၊ ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေတတ်ပြီး အငြိုးအတေး ကြီးမားတတ်သည် မဟုတ်ပါလား။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်းက ပွင့်လာတော့သည်။
အမည် - စီးမာလန်
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - စီးမာ မိသားစု၏ အကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၈၇
မွေးရာပါ ပါရမီ - ကြယ်ခုနစ်ပွင့်
အခြေအနေ - ပိရွှေဂိုဏ်း၏ အကြီးအကဲ တစ်ဦးဖြစ်သော လန်ရှီ၏ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက် အရှေ့ပိုင်းဒေသ၏ အခြေအနေကို စုံစမ်းရန် လျှို့ဝှက် ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ ပိရွှေဂိုဏ်းသာ ဤနေရာသို့ ပြောင်းရွှေ့လာပါက နှိပ်ကွပ်ခံရမှုမှ မည်သို့ ရှောင်ရှားမည်ကို သိရှိလိုခြင်းပင်။ တစ်ချိန်တည်းမှာပင် သူတို့ကိုယ်တိုင် အခြေချရန်အတွက် အင်အားစု တစ်ခုကို ရွေးချယ်ရမည် ဖြစ်သည်။ မုလေ့ အရိုက်ခံ၊ အလိုက်ခံနေရသည်ကို မြင်လိုက်ရချိန်တွင် သူ အလွန် ဝမ်းသာသွားခဲ့သည်။ သူက မုလေ့ကို ကယ်တင်ရန် ပြင်ဆင်နေ၏။
'အနှုတ် ၈၇ လား... ဝိုး... သူက မုလေ့ မျက်နှာသာပေးတာကို ခံရဖို့အတွက် လူသတ်တော့မလို့လား... ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ...'
'ပိရွှေဂိုဏ်းရဲ့ အကြီးအကဲ လန်ရှီဆီက ဖိတ်ကြားစာ ဟုတ်လား... သူတို့က ဒီကို ပြောင်းလာမလို့လား... ဒါဆို သူတို့က ဘယ်ကလာတာလဲ... ပင်လယ်ရပ်ခြား ကလား'
ကျန်းမင်က ဖိတ်ကြားစာဟူသော စကားလုံးကို စိတ်ဝင်စားသွားသည်။ သဘာဝကျစွာပင် ပိရွှေဂိုဏ်းကို ဖော်ပြလိုက်ချိန်တွင် ကျောင်းယန် တောင်ထွတ်မှ မိုမိုကို သူ ပြန်အမှတ်ရသွားခဲ့လေပြီ။
ထိုအချိန်တွင် စီးမာလန်က လှောင်အပြုံးဖြင့် တုံ့ပြန်လိုက်၏။
"မင်းက ငါ့ကို ဒီမှာမြှုပ်ပြီး ငါ့မိသားစုကို သတ်မယ် ဟုတ်လား... မိစ္ဆာတွေက ဘယ်တော့မှ မပြောင်းလဲဘူးပဲ... မင်းတို့အားလုံးက အရိုးထဲထိ ယုတ်မာကြတာ... ဘာမှ မကြောက်နဲ့ မိတ်ဆွေမု... ဒီနေ့ မင်းကို ကျုပ်တို့ နှစ်ယောက် ကာကွယ်ပေးမယ်"
လန်ရှီကလည်း ဝင်ပြောလိုက်သည်။
"မိတ်ဆွေမုက တော်ဝင်မြေ ချင်းယွင်ဂိုဏ်းရဲ့ ပင်မတပည့်ပဲ... သူက ဂုဏ်ယူစရာကောင်းတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး တစ်နေ့ကျရင် သူ့နာမည်က အရှေ့ပိုင်းဒေသ တစ်ခုလုံးနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားလာလိမ့်မယ်... ဒီကောင်ကို သူ့ကို ခြိမ်းခြောက်ခွင့် မပေးနိုင်ဘူး... မိတ်ဆွေစီးမာ... ကျုပ်တို့ ဒီမိစ္ဆာနဲ့ တွေ့မှတော့ မိတ်ဆွေမုကို ကာကွယ်ဖို့ သူ့ကို ပူးပေါင်း ရှင်းလင်းပစ်သင့်တယ်"
မုလေ့ တစ်ယောက် အလွန် ဝမ်းသာသွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာတို့... ဒီကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်... ကျွန်တော် ပြန်ရောက်ရင် ဒီအကြောင်းကို ကျွန်တော့်မိခင်နဲ့ ဂိုဏ်းချုပ်ကို သေချာပေါက် ပြောပြပါ့မယ်... လူကြီးမင်းတို့က ချင်းယွင်ဂိုဏ်းရဲ့ လေးစားအပ်တဲ့ ဧည့်သည်တော်တွေ ဖြစ်လာမှာပါ"
စီးမာလန်က ခေါင်းခါယမ်းရင်း တုံ့ပြန်လိုက်၏။
"မင်းဆီက ကျေးဇူးဆပ်တာကို လိုချင်လို့ လုပ်ပေးတာ မဟုတ်ပါဘူး"
သို့တိုင် သူ့မျက်လုံးထဲမှ ဝမ်းသာပီတိ ဖြစ်နေသော အရိပ်အယောင်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
လန်ရှီက သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလာသည်။
"လောကကြီးထဲက အဆိုးတရားတွေကို ရှင်းလင်းဖို့က ကျုပ်တို့ရဲ့ တာဝန်ပဲ... မင်းကို ကယ်တင်တာက လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ မိတ်ဆွေမု... နောင်တစ်ချိန် ကျုပ်တို့ ချင်းယွင်ဂိုဏ်းကို လာလည်တဲ့အခါ မင်း ကျုပ်တို့ကို လက်ဖက်ရည် တစ်ခွက်လောက် တိုက်ရင် လုံလောက်ပါပြီ"
မုလေ့က ရင်ဘတ်ကို ထုကာ ပြင်းပြင်းထန်ထန် ကတိပေးလိုက်၏။
"လူကြီးမင်းတို့အတွက် ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တွေ သေချာပေါက် ပြင်ဆင်ထားပါ့မယ်"
ကျန်းမင်က သူ့ရှေ့ရှိ ချစ်ခင်ရင်းနှီးမှု ပြသနေသော မြင်ကွင်းကို စကားမပြောနိုင်လောက်အောင် စိုက်ကြည့်နေမိသည်။
'သူတို့က တကယ်ကြီး အခုချိန်မှာ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေတာလား... ငါ့ကိုကော အလေးအနက်ထားရဲ့လား...'
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်း နောက်တစ်ကြိမ် ပွင့်လာခဲ့ပြန်သည်။
အမည် - လန်ရှီ
ကျင့်ကြံခြင်း အဆင့် - မူလဝိညာဉ် အဆင့်
နောက်ခံ - ပိရွှေဂိုဏ်း၏ အကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၉၂
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်
အခြေအနေ - ပင်လယ်ရပ်ခြားရှိ အခြေအနေများမှာ ဗြောင်းဆန်နေသည်။ ဘေးဒုက္ခတစ်ခု သူတို့အပေါ် ကျရောက်တော့မည်ဟု ဝေဝါးဝါး ခံစားနေရ၏။ ထို့ကြောင့် သူ့ ဂိုဏ်းက ရှန်ကျိုး နယ်မြေသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်။ နှစ်ပေါင်းများစွာ စီစဉ်ပြီးနောက် ဂိုဏ်းက နောက်ဆုံးတွင် ရလဒ်အချို့ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ သူက နယ်မြေအခြေအနေကို လေ့လာရန် ဂိုဏ်း၏ အမိန့်ဖြင့် ဂိုဏ်းသားတစ်ဦး ဖြစ်သော စီးမာ မိသားစု၏ အကြီးအကဲနှင့် ဆက်သွယ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ဂိုဏ်းက အင်အားစု တစ်ခုကို ရှင်းလင်းပြီး ထိုနေရာကို သူတို့ပိုင်အဖြစ် သိမ်းပိုက်ရန်လည်း စီစဉ်နေသည်။ အစောပိုင်းက မုလေ့ သူ့ နောက်ခံကို ပြောပြသည်ကို ကြားလိုက်ရချိန်တွင် ရွှေရောင်အခွင့်အရေး တစ်ရပ် ပေါ်လာသဖြင့် သူ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ သူက မိစ္ဆာကို သတ်ဖြတ်ရန် ပြင်ဆင်နေ၏။
'ဘာတွေလဲကွာ...'
လန်ရှီက မူလဝိညာဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်း သို့မဟုတ် သူတို့၏ ဆက်ဆံရေး တန်ဖိုးက အနှုတ် ၉၂ ဖြစ်နေခြင်းကို ကျန်းမင် ဂရုမစိုက်သော်လည်း လန်ရှီ၏ အခြေအနေအောက်တွင် ပါဝင်သော အချက်အလက် ပမာဏမှာ လွှမ်းမိုးနိုင်လွန်းလှသည်။
'ပင်လယ်ရပ်ခြားက အခြေအနေတွေ ဗြောင်းဆန်နေတယ် ဟုတ်လား...'
ကျိုယန်ဂိုဏ်းတွင် ပင်လယ်ရပ်ခြား နိုင်ငံများအကြောင်း ပြောဆိုရသည်ကို နှစ်သက်သော တပည့် လက်တစ်ဆုပ်စာသာ ရှိသည်။ သူ့ဆရာ ဂူဟိုင်ပင်လျှင် ပင်လယ်ရပ်ခြား အခြေအနေကို သိပ်မသိပေ။ ပင်လယ်ပြင်တွင် များသောအားဖြင့် ပင်လယ်မိစ္ဆာများ ကျက်စားလေ့ရှိကြောင်း စာအုပ်များထဲ၌ သူ ဖတ်ဖူးခဲ့သည်။ ထိုသည်က သစ္စာဖောက်တတ်သော အန္တရာယ်များသည့် နေရာတစ်ခုပင်။ မြုံနေသော မြေရိုင်းများသာ ရှိသည့် ပို၍ ဝေးကွာသော နေရာများအတွက်မူ ဤသည်မှာ ပို၍ မှန်ကန်လှ၏။ တပည့်များ အများဆုံး သွားရောက်နိုင်သည့် နေရာမှာ အန္တရာယ် နှိုင်းယှဉ်ချက်အရ နည်းပါးသော ပင်လယ်နှင့် နီးသည့် နေရာများသာ ဖြစ်သည်။
မိုမိုက ပိရွှေဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ကြောင်း ကျန်းမင် သိလိုက်ရချိန်တွင် သူ့၌ မေးခွန်းများစွာ ရှိနေခဲ့၏။ ယခုအခါ သူ့မေးခွန်းများစွာ အဖြေရသွားလေပြီ။ သူမက ကင်းထောက် တစ်ယောက် ဖြစ်ဖို့ များပေသည်။
ရိုးရိုးသားသား ပြောရလျှင် ပိရွှေဂိုဏ်း၏ ရဲရင့်မှုကို သူ ပို၍ပင် အံ့အားသင့်သွားမိသည်။ ဂိုဏ်းကို ဤနေရာသို့ ပြောင်းရွှေ့ခြင်းက တစ်ကဏ္ဍ ဆိုသော်လည်း သူတို့၏ လွှမ်းမိုးမှုကို တည်ဆောက်ရန် အင်အားစု တစ်ခုကို ဖျက်ဆီးပစ်မည် ဟုတ်လား...
'ငါတို့ ပူးပေါင်းပြီး သူတို့ကို ပြန်တိုက်ခိုက်မှာကို မကြောက်ဘူးလား... သူတို့က ငါတို့ထက် သာလွန်တယ်လို့ ရှင်းရှင်းလင်းလင်း တွေးနေကြတာပဲ... ကောင်းပြီလေ... သူတို့က ကျိုယန်ဂိုဏ်းကို အေးအေးဆေးဆေး ထားသရွေ့တော့...'
ထိုစဉ် လူနှစ်ယောက်က သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လျက် ဩဇာတိက္ကမ အပြည့်ဖြင့် မုလေ့ရှေ့တွင် ရပ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး အခြားတစ်ယောက်၏ အထက်တွင် ခေါင်းလောင်းတစ်ခု ပျံဝဲနေ၏။
ကျန်းမင် ပြုံးလိုက်သည်။
"မင်းတို့က သူ့ကို ကာကွယ်ပြီး ငါ့လမ်းကို ပိတ်ရပ်ဖို့ သေချာပြီပေါ့"
သူ့အထက်တွင် ခေါင်းလောင်းကို တွဲလောင်းချိတ်ဆွဲထားလျက် စီးမာလန်က ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် အော်ဟစ်လိုက်၏။
"မိစ္ဆာတွေနဲ့ တွေ့ရင် လူတိုင်းက သတ်ကြမှာပဲ... မင်း ထွက်သွားမလား ဒါမှမဟုတ် သေမလား ရွေးလို့ရတယ်"
"ကျုပ်တို့ ဘာလို့ စကားပြောနေဦးမှာလဲ... သူ့ကို သတ်လိုက်ကြရအောင်"
လန်ရှီ၌ နက်နဲသော ကျင့်ကြံခြင်း အဆင့်နှင့် အစွမ်းထက်သော လက်နက်တစ်ခု ရှိနေသည်။ သူ့ရှေ့ရှိ မိစ္ဆာကို သတ်နိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေ၏။ မုလေ့ကို အထင်ကြီးစေရန် သူ့ ခွန်အားကို ကြွားလုံးထုတ်ချင်နေခြင်းပင်။
"အဆုံးမဲ့ ပင်လယ်ပြင်က စကြဝဠာကို မှောက်လှန်ပစ်လိမ့်မယ်... ဒီဓားက သမုဒ္ဒရာတွေကို ပြောင်းပြန်လှန်ပြီး တောင်တွေကို ခုတ်ပိုင်းပစ်လိမ့်မယ်"
လန်ရှီက သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ယံတွင် လှိုင်းလုံးများ၏ ပုံရိပ်ယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာ၏။ ထိုသည်မှာ ဆူနာမီ လှိုင်းလုံးကြီး တစ်ခုက ၎င်း၏ အဆုံးမဲ့ စွမ်းအားများဖြင့် ရိုက်မချခင် နောက်သို့ ဆုတ်သွားသည်နှင့် တူနေလေသည်။
ကျန်းမင်က သတ်ဖြတ်လိုစိတ်များ တောက်ပနေသော မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။
'မင်းက လှုပ်ရှားဖို့ ငါ့ထက်တောင် ပိုပြီး စိတ်အားထက်သန်နေသေးတယ်... ဘယ်သူက မိစ္ဆာလဲ... ကောင်းပြီလေ... သေဖို့ ထိုက်တန်တဲ့ လူမိုက်တစ်ယောက်နဲ့ ငါ အကျိုးအကြောင်း ဆင်ခြင်လို့ မရပါဘူး... ထားလိုက်တော့'
"သေစမ်း"
ကျန်းမင်က စကားတစ်ခွန်းသာ ဆိုလိုက်ပြီးနောက် တိုက်ခိုက်ရန် လှုပ်ရှားလိုက်တော့သည်။
End
***