ကျန်းမင်က လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် ကောင်းကင်ယံရှိ ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်လိုက်ပြီး ဓားအလင်းတန်းများကိုပါ အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်၏။
နောက်ထပ် မိစ္ဆာစွမ်းအင်လှိုင်း တစ်ခုက တဟုန်းဟုန်း တက်လာပြီး မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ လန်ရှီအား ဝင်ရောက်ရိုက်ခတ်သွားရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။ ထိုလုပ်ရပ်မှာ ရှုပ်ထွေးမှု ကင်းမဲ့စွာဖြင့် ပြီးပြတ်သွားခြင်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် စီးမာလန် တစ်ယောက် မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွားလေပြီ။ မကြာမီမှာပင် သူ့ အံ့အားသင့်မှုများ နေရာတွင် အဆုံးမဲ့ ကြောက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာ၏။ သူ တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် ငိုရမည်ထက်ပင် ပို၍ ရုပ်ဆိုးနေသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် အတင်း ဖန်တီးလိုက်သည်။ ထို့နောက်...
"စီနီယာ... ဒါတွေအားလုံးက နားလည်မှု လွဲနေတာပါ... တကယ် နားလည်မှု လွဲနေတာပါ စီနီယာ"
ကျန်းမင်က လှောင်ပြုံး ပြုံးလိုက်သည်။
"နားလည်မှု လွဲတာ ဟုတ်လား"
သူက တာအိုမျိုးစေ့ အဆင့်တွင်သာ ရှိနေသော်ငြား သူ့ စုဆောင်းရရှိမှုများ၊ ချီစွမ်းအင်၏ သန့်စင်မှုနှင့် သူ့ ကြီးမားကျယ်ပြောလှသော စွမ်းအားများမှာ ရှေးဟောင်း စည်းမျဉ်းများကိုပင် ဖောက်ဖျက်နေခဲ့ပြီ ဖြစ်သည်။ သူကိုယ်တိုင်ပင် လက်ရှိအချိန်၌ မည်မျှ အစွမ်းထက်နေမှန်း ရေရေရာရာ မသိတော့ချေ။
အစောပိုင်းက ခဲချင်ချန်းနှင့် တိုက်ခိုက်ခဲ့စဉ်က မည်သည့် အထူးစွမ်းရည်ကိုမျှ သူ အသုံးမပြုခဲ့ပေ။ ခဲချင်ချန်းအား သတ်ဖြတ်ချိန်တွင် သာမန် စွမ်းရည်များကိုသာ အသုံးပြုခဲ့ပြီး သူ့ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းအား ဆယ်ပုံတစ်ပုံကိုပင် မသုံးခဲ့ရချေ။ တစ်ချက် သတိရရမည်မှာ ခဲချင်ချန်းက သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။ ခဲချင်ချန်းမှာ တော်ဝင်မြေမှ လာသူဖြစ်ပြီး မှော်ပညာများနှင့် အထူးစွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်သူပင်။
ထိုသည်ကို ဖယ်ထားလျှင်ပင် လန်ရှီအား မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်ရန်အတွက် သူ အနည်းငယ်မျှသာ အလေးအနက်ထားဖို့ လိုအပ်ခဲ့၏။
'ငါ အခု တော်တော်လေးကို အစွမ်းထက်နေပြီပဲ... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆို ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကိုကော သတ်နိုင်မလား မသိဘူး...'
ဤတိုက်ပွဲများ အပြီးတွင် ကျန်းမင်၏ ရည်မှန်းချက်များက ပိုကြီးမားလာခဲ့လေပြီ။ သူက မိမိထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် ပိုမြင့်နေသော ရန်သူများကို သတ်ဖြတ်နိုင်သော်ငြား ထိုအရာအတွက် ဂုဏ်ယူဝင့်ကြွားနေစရာ မလိုဟု သူ ထင်မှတ်ထား၏။ ကနဦးဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်နိုင်မှသာ သူ့ကိုယ်သူ ဂုဏ်ယူနိုင်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် စီးမာလန်မှာ ငိုချလုနီးပါး ဖြစ်နေတော့သည်။
"စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ ဘာလုပ်ပေးရမလဲ"
'တောက်... ငါ ဘယ်လို လုပ်ရမလဲ'
စီးမာလန်က စိတ်ထဲမှ ကျိန်ဆဲနေမိ၏။ လန်ရှီသာ သူ့ဘေးတွင် ရှိနေပါက မိစ္ဆာကို မသတ်နိုင်လျှင်တောင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် လန်ရှီမှာ အသုံးမကျကြောင်း သက်သေပြသွားခဲ့၏။ လန်ရှီမှာ တိုက်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။
စီးမာလန်က သူ့ ဂုဏ်သိက္ခာများကို လွှင့်ပစ်ကာ လေထဲတွင်ပင် ဒူးထောက်ချလိုက်သည်။
"စီနီယာ... ကျွန်တော့်ဆီမှာ ရှိတာတွေ အကုန်လုံး ပေးပါ့မယ်... ကျေးဇူးပြုပြီး အသက်တော့ ချမ်းသာပေးပါ"
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျှော်လင့်ချက် ကင်းမဲ့နေသော မုလေ့ တစ်ယောက် ထိတ်လန့်သွားတော့သည်။
'ခင်ဗျားက ကျွမ်းကျင်သူ တစ်ယောက်လေဗျာ... ဘာလို့ ဒူးထောက်နေရတာလဲ... တောက်... ခင်ဗျားမှာ ဂုဏ်သိက္ခာ ဆိုတာ နည်းနည်းလေးတောင် မရှိဘူးပဲ'
ထို့နောက် မုလေ့က တုန်ယင်နေသော အသံဖြင့် ပြောလာ၏။
"ကျွန်... ကျွန်တော်က ချင်းယွင်ဂိုဏ်းရဲ့ ပင်မတပည့်ပါ... ကျွန်တော့်မိခင်က ကနဦးဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ပါ... ကျွန်တော့်ဘိုးဘေးက ဒုံထျန်းလေ... တကယ်လို့ ခင်ဗျားသာ ကျွန်တော့်ကို သတ်လိုက်ရင် ခင်ဗျား ကမ္ဘာ့အဆုံးထိ ပြေးရင်တောင် လိုက်လံ သတ်ဖြတ်ခံရလိမ့်မယ်..."
ဘန်း...
ကျန်းမင်က လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် စီးမာလန်အား သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
မုလေ့ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
ကျန်းမင်က လက်ကို မြှောက်လိုက်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"မင်းကို အခု ဘယ်သူ လာကယ်ဦးမလဲ"
မိုင်ဆယ်လီ ပတ်လည် အတွင်းရှိ မိစ္ဆာချီများ တဟုန်းဟုန်း တက်လာတော့သည်။
ကျန်းမင် တစ်ယောက် မုလေ့အား သတ်ဖြတ်ရန် ပြင်လိုက်စဉ် မုလေ့ နဖူးမှ ရွှေရောင် အလင်းတန်း တစ်ခု ပစ်ထွက်လာပြီး လူတစ်ယောက် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ထိုပုံရိပ်က ကြီးမားလှသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး ကျန်းမင်၏ လက်ဝါးရိုက်ချက်အား ကာကွယ်တားဆီးလိုက်သည်။
သူမ ပေါ်လာသည်နှင့် တပြိုင်နက် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဘယ်သူက ငါ့သားကို ဒုက္ခပေးရဲတာလဲ... မင်းဘဝကို ငရဲခန်းလို ဖြစ်အောင် လုပ်ပစ်မယ်"
သူမထံတွင် သည်းမခံနိုင်လောက်အောင် မောက်မာသော ဟန်ပန်များ ရှိနေပြီး ပေါ်ထွက်လာသည်နှင့် သူမ၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားလေပြီ။
ဤအမျိုးသမီးမှာ အခြားသူ မဟုတ်ပေ။ မုလေ့၏ မိခင်ဖြစ်သူ ချင်းယွင်ဂိုဏ်းမှ ကျွမ်းကျင်သူ မုရွှေယွင်ပင်။
မုလေ့က အလွန်အမင်း ဝမ်းသာသွားပြီး ကျန်းမင်ကို လက်ညှိုးထိုးကာ ရက်စက်စွာ ပြောလိုက်၏။
"အမေ..."
"သူပဲ... သူက အကြီးအကဲခဲနဲ့ တခြားတပည့်တွေကို သတ်ပစ်ခဲ့တာ... သူက သားကိုပါ သတ်ချင်နေတာ အမေ... သူ့ကို သတ်ပစ်လိုက်... နေဦး... သူ့ကို အရှင်ဖမ်းပေး... သား သူ့ကို နှစ်တစ်ရာလောက် နှိပ်စက်ချင်သေးတယ်"
"မင်းကို သတ်ဖို့ ကြိုးစားတဲ့ လူတစ်ယောက်အတွက် နှစ်တစ်ရာ နှိပ်စက်တယ် ဆိုတာ အရမ်း ပေါ့ပါးတဲ့ ပြစ်ဒဏ်ပဲ... သူ့ကို ဖမ်းမိရင် အမေ သူ့ကို နှစ်တစ်သောင်းလောက် နှိပ်စက်ပစ်မယ်... နောက်ဆုတ်နေ လဲ့... သူ့ကို အခု အမေ ဖမ်းပေးမယ်" မုရွှေယွင်က တုံ့ပြန်လိုက်သည်။
"သတိထားနော် အမေ" မုလေ့က အဝေးသို့ နောက်ဆုတ်သွားရင်း လှမ်းပြော၏။
မုရွှေယွင်ကို မြင်လိုက်ရချိန်တွင် ကျန်းမင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားတော့သည်။
'သောက်ကျိုးနည်း... ဒီကောင်တွေက ဝထ္ထုတွေထဲကလို တစ်ယောက်ပြီး တစ်ယောက် ရောက်လာတာပဲ... မုလေ့က တကယ်ကြီး ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးတာ ခံထားရတာလား... တောက်... ဒီနေ့ သူ့ကို သေချာပေါက် သတ်ပစ်မယ်'
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပေါ်လာပြီး စာမျက်နှာ အသစ်တစ်ခုသို့ ပွင့်သွားလေပြီ။
အမည် - မုရွှေယွင်
လိင် - မ
ကျင့်ကြံခြင်း အဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၉၈
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (ရေသဘာဝ စိတ်ဝိညာဉ် ခန္ဓာကိုယ်)
အခြေအနေ - သူမမှာ ချင်းယွင်ဂိုဏ်း၏ ယခင် သူတော်စင် သမီးတော် ဖြစ်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်မှာ ထူးကဲစွာ လှပ၏။ သူမက မောက်မာကာ ခေါင်းမာပြီး မာနကြီးတတ်သည်။ အတိတ်က သူမ ပင်လယ်ပြင်တွင် ကျင့်ကြံနေစဉ် ရေနဂါးတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခြောက်လကြာ ပျောက်ဆုံးနေခဲ့သည်။ ဂိုဏ်းသို့ ပြန်ရောက်လာချိန်တွင် သူမ၌ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသော်လည်း ကလေး၏ ဖခင်မှာ မည်သူမှန်း မသိရသေးပေ။ ထိုရလဒ်ကြောင့် သူမ၏ သူတော်စင် သမီးတော် ဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။
သူမက သားဖြစ်သူကို အလွန်အမင်း အလိုလိုက်ထား၏။ ကျိုယန်ဂိုဏ်းတွင် ဖီးနစ်သွေးကြော ပါရှိသော တပည့်တစ်ယောက် ရှိကြောင်း ကောလာဟလများ ကြားရချိန်တွင် သားဖြစ်သူအတွက် ဖီးနစ်သွေးကြော၏ စွမ်းအားများကို ထုတ်ယူရန် ရည်ရွယ်ချက်ဖြင့် ထိုတပည့်နှင့် လက်ထပ်ပေးရန် အကြီးအကဲ တစ်ဦးကို စေလွှတ်ခဲ့သည်။ လုံခြုံရေးအတွက် သားဖြစ်သူ့ အသိစိတ်ပင်လယ်ထဲတွင် သူမ၏ ကနဦးဝိညာဉ် တစ်စကို ထည့်သွင်းပေးထားခဲ့ခြင်းပင်။ သူမ ကျင့်ကြံနေစဉ် သားဖြစ်သူက သူမအား နှိုးလိုက်ခြင်း ဖြစ်သည်။ သူမသား အန္တရာယ် ကျရောက်ချိန်တွင် သူမ၏ ကနဦးဝိညာဉ်က နိုးထလာခဲ့လေပြီ။
'ဝိုး... ဆက်ဆံရေး တန်ဖိုးက အနှုတ် ၉၈ တောင်လား... ငါ့ကို ဘယ်လောက်တောင် မုန်းနေတာလဲ'
မုရွှေယွင်၏ ကြယ်ကိုးပွင့် မွေးရာပါ ပါရမီကို မြင်လျှင် ကျန်းမင် အံ့အားသင့်သွားရသည်။ သူမတွင် ရေသဘာဝ စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိနေသဖြင့် ရေသဘာဝ ကျင့်စဉ်များကို အလွန်အမင်း ကျွမ်းကျင်ပိုင်နိုင်ကြောင်း ညွှန်ပြနေ၏။
မုရွှေယွင်၏ အခြေအနေကို မြင်လိုက်ရချိန်တွင် ကျန်းမင် မေးခွန်းများစွာ အဖြေရသွားလေပြီ။ မုလေ့ တစ်ယောက် သူ့မိခင်၏ မျိုးရိုးနာမည်ကို ခံယူထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ မုလေ့မှာ မိခင်ဖြစ်သူ စော်ကားခံရပြီးနောက် မွေးဖွားလာခဲ့သည့် တရားမဝင် သားတစ်ယောက် ဖြစ်နေခြင်းပင်။
မျှော်လင့်ထားသည့် အတိုင်းပင် မုရွှေယွင်မှာ သာမန် မဟုတ်ချေ။ သူမက တစ်ချိန်က သူတော်စင် သမီးတော် ဖြစ်ခဲ့ပြီး ယခုအခါ ကနဦးဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေလေပြီ။ ကနဦးဝိညာဉ် အဆင့်ရှိ သူမ၏ ကျင့်ကြံခြင်းစွမ်းရည်ဖြင့် နယ်မြေတစ်ခုကို အလွယ်တကူ စိုးမိုးအုပ်ချုပ်နိုင်ပေလိမ့်မည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် တိုက်ခိုက်ရမည်ကို တွေးရင်း ကျန်းမင် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ သို့သော် ဤအရာမှာ သူမ၏ ကနဦးဝိညာဉ် အစိတ်အပိုင်း တစ်ခုသာ ဖြစ်နေသောကြောင့် အနည်းငယ် စိတ်ပျက်မိသွားသည်။
ကျန်းမင် တစ်ယောက် အတွေးနက်နေစဉ် မုရွှေယွင်က သူ့ဆီသို့ ပြေးဝင်လာသည်အား မြင်လိုက်ရသည်။
မုရွှေယွင်က ပြတ်သားစွာ လှုပ်ရှားလိုက်၏။
"ကနဦးဝိညာဉ် နှလုံးသားဓား... ဖျက်ဆီးစမ်း"
ခဲချင်ချန်း သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် သူမ၏ ပြိုင်ဘက်မှာ အလွယ်တကူ အနိုင်ယူနိုင်မည့်သူ မဟုတ်မှန်း သူမ ကောင်းကောင်း သိထားသည်။ ဤနေရာတွင် သူမ၏ ဤ ကနဦးဝိညာဉ် အစိတ်အပိုင်းကို စတေးရန် ပြင်ဆင်ထားပြီး ဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်သည်နှင့် တပြိုင်နက် သူမ၏ အစွမ်းထက်ဆုံး စွမ်းရည်ကို အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။
မုရွှေယွင် တစ်ကိုယ်လုံး လည်ထွက်သွားပြီး မည်သို့ပင်ဖြစ်စေ မှေးမှိန်သွားမည် မဟုတ်သော မျက်စိကျိန်းလောက်သည့် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။ ကောင်းကင်ယံရှိ လမင်းကြီးပင် ထိုအလင်းရောင်နှင့် ယှဉ်လျှင် အရောင်မှိန်သွားသကဲ့သို့ပင်။ ထို့နောက် ရွှေရောင် အလင်းတန်းများက ဓားတစ်လက် အသွင်သို့ ပြောင်းလဲသွား၏။ ယင်းမှာ အလွန်အမင်း သိပ်သည်းစွာ စုစည်းထားသော စွမ်းအင်ကိုယ်ထည် တစ်ခုပင် ဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုဓားက ကျန်းမင်၏ နဖူးနားသို့ ရောက်ရှိလာလေပြီ။
ကျန်းမင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့် အမူအရာများ ထွက်ပေါ်လာသည်။ သူက ဟင်းလင်းပြင်ပေါ်သို့ အလျင်အမြန် လှမ်းတက်ကာ နောက်သို့ ဆုတ်ခွာလိုက်၏။
မုရွှေယွင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
"မင်းက ဟင်းလင်းပြင် စွမ်းရည်ကို ကျွမ်းကျင်ထားတာလား... သြော်... မင်းက ငါ့ရဲ့ ကနဦးဝိညာဉ် နှလုံးသားဓားကို ရင်ဆိုင်နေရတာလေ... အဲ့ဒါက မင်းရဲ့ အငွေ့အသက်ကို ပစ်မှတ်လော့ချထားပြီးသားမို့ မင်း ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး"
"ဓားအသွင်ပြောင်းထားတဲ့ ငါ့ရဲ့ ကနဦးဝိညာဉ် အရှိန်ကို ယှဉ်နိုင်မယ့်သူ မရှိဘူး... ငါ အာရုံခံမိသလောက်ဆိုရင် မင်းက ကနဦးဝိညာဉ် အဆင့်ကို မရောက်သေးပါဘူး... မင်း အစွမ်းထက်ချင် ထက်နေလိမ့်မယ်... ဒါပေမဲ့ ကနဦးဝိညာဉ် ရဲ့ တိုက်ခိုက်မှုကိုတော့ မင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး... မင်းရဲ့ အသိစိတ်ပင်လယ်ကို ငါ ရိုက်ခွဲပစ်မယ်... မင်းရဲ့ တာအိုမျိုးစေ့ တွေကို ချေမွပြီး မင်းရဲ့ ကျင့်ကြံခြင်းစွမ်းရည် အားလုံးကို ဖျက်ဆီးပစ်မယ်... ပြီးမှ မင်းကို အကျဉ်းချထားမယ်... အဲ့ဒီနောက် ငါ စိတ်ကျေနပ်တဲ့အထိ မင်းကို နေ့တိုင်း ကြိမ်လုံးနဲ့ ရိုက်နှက်ပစ်မယ်"
ကျန်းမင် တစ်ယောက် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် သူ့ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူ့ အသိစိတ်ပင်လယ်ထဲရှိ ချီစွမ်းအင်များက တဟုန်းဟုန်း တက်လာခဲ့သည်။ သူ့ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီကို ထုတ်ဖော်ရန် ပြင်လိုက်စဉ် သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ဝင်လာ၏။
ထို့နောက် ကျန်းမင်က အဆိုးရွားဆုံး အခြေအနေများအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူသားလမ်းစဉ် မှတ်တမ်းကို သူ့ အသိစိတ်ပင်လယ်ထဲတွင် သိမ်းဆည်းလိုက်သည်။ ပြီးနောက် သူက ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိသည့်အလား လေထဲတွင် ကိုယ်ထင်ပြလိုက်လေပြီ။
ကနဦးဝိညာဉ် နှလုံးသားဓားက ကျန်းမင်၏ နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ အသိစိတ်ပင်လယ် ပတ်လည်ရှိ အတားအဆီးကို ဝင်ဆောင့်တော့သည်။
မုရွှေယွင်က အတားအဆီးကို ဖောက်ထွင်းရန် လွယ်ကူလိမ့်မည်ဟု ယူဆထားခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူမ၏ ဓားမှာ ထိုးဖောက်၍မရနိုင်သော သံနံရံကြီး တစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ပင်။ ဓား၏ တိုက်ခိုက်မှုကြောင့် အတားအဆီးမှာ အနည်းငယ်မျှသာ တုန်ခါသွား၏။ ဓားက အတားအဆီးပေါ်တွင် အက်ကွဲကြောင်း တစ်ခုမျှ ချန်မထားနိုင်ခဲ့သည့် အပြင် အတားအဆီးကြောင့် ဓားကိုယ်တိုင်ပင် ပေါက်ကွဲထွက်သွားရလေသည်။
'ငါ့ရဲ့ အသိစိတ်ပင်လယ်က ထူးထူးခြားခြားကို မာကျောနေတာပဲ'
ကျန်းမင်က စိတ်ထဲမှ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ သူ့ အသိစိတ်ပင်လယ်၏ ကာကွယ်နိုင်စွမ်းကို စမ်းသပ်ရန် အခွင့်အရေး တစ်ခုကို သူ ရှာဖွေနေခဲ့သည်မှာ ကြာပြီ ဖြစ်၏။ သူ့ အတားအဆီးက တောင့်မခံနိုင်လျှင်ပင် သူ့ အသိစိတ်ပင်လယ်ကို လူသားလမ်းစဉ် မှတ်တမ်းက ဆက်လက် ကာကွယ်ပေးထားဦးမည် မဟုတ်ပါလား။
လူသားလမ်းစဉ် မှတ်တမ်းတွင် အစွမ်းထက်သော စွမ်းရည်များ မရှိသော်ငြား သူ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီးနောက် လုပ်ဆောင်ချက် အချို့ကို ရရှိလာခဲ့သည်။ သူ့ အသိစိတ်ပင်လယ်ကို ကာကွယ်ရန်အတွက်မူ ၎င်းအတွက် အလွန် လွယ်ကူလှ၏။
ကျန်းမင်က ရလဒ်ကို အလွန် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။
မုရွှေယွင်က စူးရှစွာ အော်ဟစ်လိုက်၏။
"မဖြစ်နိုင်တာ... မင်းရဲ့ အသိစိတ်ပင်လယ်က ဘယ်လိုလုပ် ဒီလောက် ခိုင်မာနေရတာလဲ... ငါ့ရဲ့ အထူးစွမ်းရည်ကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေတာလဲ"
ထို့နောက် သူမက ခြိမ်းခြောက်သည့် လေသံဖြင့် ဆက်ပြောလာသည်။
"ငါ့သားကို အလွတ်ပေးလိုက်... တကယ်လို့ မင်းသာ သူ့ကို သတ်လိုက်ရင် မင်းကို လိုက်ရှာပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်လို့ ငါ ကျိန်ဆိုတယ်... မင်း ငါ့လက်ကနေ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး... ဒါတင်မကဘူး... မင်းနဲ့ ပတ်သက်နေတဲ့ လူမှန်သမျှကို အကုန်သတ်ပစ်မယ်... တစ်ယောက်မှ အရှင်မထားဘူး"
မုရွှေယွင်၏ ခြိမ်းခြောက်မှုများကို နားထောင်နေရင်း ကျန်းမင်က သူ့ အသိစိတ်ပင်လယ် အပြင်ဘက်တွင် ပျံဝဲနေသော ကနဦးဝိညာဉ်၏ အပိုင်းအစများကို အာရုံခံမိလိုက်သည်။ ထိုရှာဖွေတွေ့ရှိမှုနှင့်အတူ နောက်ထပ် အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာပြန်၏။
လူသားလမ်းစဉ် မှတ်တမ်းက ကနဦးဝိညာဉ်၏ အပိုင်းအစများကို သူ့ အသိစိတ်ပင်လယ်ထဲသို့ ဆွဲသွင်းလိုက်သည်။ နောက်တစ်ခဏတွင် မှတ်ဉာဏ် အပိုင်းအစများနှင့် အထူးစွမ်းရည် အချို့က သူ့စိတ်ထဲ ပေါ်လာတော့သည်။ မှတ်ဉာဏ် အပိုင်းအစ အများစုမှာ သူမ၏ သားနှင့် ကျင့်ကြံခြင်း အကြောင်းများသာ ဖြစ်နေသဖြင့် သူ့အတွက် တန်ဖိုးမရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် အထူးစွမ်းရည်များကမူ သူ့ အာရုံကို ဖမ်းစားသွားခဲ့၏။
ကျန်းမင်က အထူးစွမ်းရည် ကိစ္စကို လတ်တလော ဘေးဖယ်ထားပြီး အဝေးမှနေ၍ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ချိတ်ဆွဲကာ တိုက်ပွဲကို စောင့်ကြည့်နေသော မုလေ့အား လှမ်းကြည့်လိုက်သည်။ မုလေ့ တစ်ယောက် သူ့အား နှိပ်စက်မည့် နည်းလမ်းပေါင်း တစ်ထောင့်ရှစ်သွယ်ကို စိတ်ကူးယဉ်နေကြောင်း သိနိုင်ရန် မခက်ခဲပေ။
ကျန်းမင်က အနီးသို့ ပျံသန်းသွားလိုက်၏။
"မင်းအမေ သေသွားတာကို မင်းက ဘယ်လိုလုပ် ပြုံးနေနိုင်ရတာလဲ"
မုလေ့ မျက်နှာပေါ်ရှိ ကျေနပ်နေသော အပြုံးမှာ ချက်ချင်း တောင့်တင်းသွားသည်။ ထို့နောက် သူက ထိတ်လန့်နေသော လေသံဖြင့်…
"မ... မဖြစ်နိုင်တာ... ငါ့အမေက ကနဦးဝိညာဉ် ကျွမ်းကျင်သူ တစ်ယောက်ကွ"
ကျန်းမင်က ခံစားချက်ကင်းမဲ့စွာ တုံ့ပြန်လာသည်။
"ကနဦးဝိညာဉ် ကျွမ်းကျင်သူတွေက မသေနိုင်ဘူးလို့ မင်းက ထင်နေတာလား"
"မင်းကို လာကယ်မယ့်သူ နောက်ထပ် ပေါ်လာဦးမလား မသိဘူး... ငါ့လက်ဝါးရိုက်ချက်ကို ခံနိုင်ရလောက်အောင် မင်းရဲ့ ကံတရားက တောင့်ခံနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ထို့နောက် လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် မုလေ့ တစ်ယောက် သွေးမြူခိုးများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေပြီ။
ပြီးသည်နှင့် ကျန်းမင်က သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
'ဒီလိုဆိုတော့ တော်တော်လေး နေလို့ကောင်းသွားပြီ'
ဖြစ်လာနိုင်ချေရှိသော ခြိမ်းခြောက်မှု တစ်ခုကို ဖယ်ရှားလိုက်နိုင်သဖြင့် ယခုအခါ ပို၍ စိတ်အေးသက်သာ ဖြစ်သွားကြောင်း ခံစားလိုက်ရပြီး စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။
End
***