ကျန်းမင်က ချက်ချင်း ထွက်မသွားသေးပေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်တစ်ရာ ပတ်လည်အထိ ဖုံးလွှမ်းသွားစေရန် မိစ္ဆာချီများကို ထပ်မံ ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် မည်းနက်သော မီးတောက်များက သူ့ခန္ဓာကိုယ် ပတ်လည်တွင် တဟုန်းဟုန်း တောက်လောင်လာတော့သည်။ ဖြစ်လာနိုင်ချေရှိသော အန္တရာယ်များ သို့မဟုတ် သူကျန်ရစ်ခဲ့မိနိုင်သည့် သက်သေအထောက်အထား မှန်သမျှကို ဖယ်ရှားပစ်ရန် မည်းနက်သော မီးတောက်များကို သူ အသုံးပြုနေခြင်းပင်။
ထို့နောက် သူရရှိထားသော တိုက်ပွဲဝင် ပစ္စည်းများကို ချီစွမ်းအင်ဖြင့် သန့်စင်လိုက်ပြီး ကျန်ရှိနေသည့် ခြေရာလက်ရာများကို ဖယ်ရှားပစ်လိုက်မှသာ သူ့စိတ်ထဲ ပို၍ အေးချမ်းသွားတော့သည်။
ကျန်းမင်က ထောင့်တစ်နေရာတွင် တုန်ရီနေသော ချင်းယွင်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူ တပည့်သုံးယောက်ကို မြင်လိုက်ရသော်လည်း သူတို့ကို လျစ်လျူရှုထား၏။ သူက အာကာပြင် ခြေလှမ်းကို အသက်သွင်းလိုက်ပြီး ကွေ့ကောက်သော လမ်းကြောင်းကြီး တစ်ခုမှတစ်ဆင့် ချူယန်တောင်ထွတ်သို့ ပြန်လာခဲ့လေပြီ။
...
မိုးလင်းလုနီးပါး အချိန်။
မုရွှေယွင် တစ်ယောက် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ အလျင်အမြန် ရောက်ရှိလာ၏။
"လဲ့... သားလေး..."
မုရွှေယွင်က အော်ဟစ်ရင်း အချည်းနှီး ရှာဖွေနေတော့သည်။ သူမ၏ အစွမ်းထက်သော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ပုံပျက်သွားပြီး ကောင်းကင်ယံတွင် မိုးလေဝသ ပုံမှန်မဟုတ်မှုများ ဖြစ်ပေါ်ကာ တောင်တန်းဒေသ တစ်ခုလုံးကို ပျက်စီးစေခဲ့လေပြီ။
အသက်ရှင်ကျန်ရစ်သော ချင်းယွင်ဂိုဏ်း တပည့် သုံးယောက်ကို သူမ ရှာတွေ့သွားချိန်တွင် ဘာတွေဖြစ်ပျက်ခဲ့သနည်းဟု သူတို့ကို မေးမြန်းတော့၏။ အဖြစ်အပျက်၏ အစအဆုံးကို သိရှိသွားပြီးနောက် သူမက ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။
"လော့ဟို... နင့်ကို ငါ သတ်မယ်... နင့်ကို သတ်ပစ်မယ်... သတ်ပစ်မယ်"
သူမ အနည်းငယ် တည်ငြိမ်သွားချိန်တွင် သားဖြစ်သူ့ လူသတ်သမား ခြေရာများကို စတင် ရှာဖွေတော့သည်။ တိုက်ပွဲဖြစ်ပွားရာ ဗဟိုချက်မှစ၍ သူမ စတင် ရှာဖွေခဲ့ခြင်းပင်။
ချူယန်တောင်ထွတ်ရှိ အခန်းတစ်ခန်း အတွင်းတွင်။
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာခဲ့လေပြီ။
အမည် - မုရွှေယွင်
လိင် - မ
ကျင့်ကြံခြင်း အဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - ချင်းယွင်ဂိုဏ်း၏ အကြီးအကဲ
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (ရေသဘာဝ စိတ်ဝိညာဉ် ခန္ဓာကိုယ်)
အခြေအနေ - သူမ၏ ကနဦးဝိညာဉ် အပိုင်းအစ တစ်ခု ဖျက်ဆီးခံလိုက်ရချိန်တွင် ကျင့်ကြံနေရာမှ အပြည့်အဝ နိုးထလာခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး ချင်းယွင်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူ တပည့် သုံးယောက်ကို ရှာတွေ့ခဲ့၏။ ယခုအခါ လော့ဟို၏ ခြေရာများနှင့် မိစ္ဆာဂိုဏ်းများ၏ ခြေရာများကို ရူးသွပ်စွာ ရှာဖွေနေသည်။
"ဆက်ဆံရေး တန်ဖိုးက ၀ ဖြစ်သွားပြီလား... အရင်က အနှုတ် ၉၈ လေ... သူမရဲ့ ကနဦးဝိညာဉ် တစ်စနဲ့ တိုက်ခိုက်တုန်းက လော့ဟိုအဖြစ် ရုပ်ဖျက်ထားတာနဲ့များ သက်ဆိုင်နေမလား... သူမရဲ့ အမုန်းတရားတွေက လော့ဟိုဆီပဲ ရောက်သွားတာ ဖြစ်ရမယ်... ဘာပဲဖြစ်ဖြစ် သူမက ငါမှန်း မသိဘူးလေ"
ကျန်းမင် ပြုံးလိုက်၏။
လူသားလမ်းစဉ် မှတ်တမ်းကို ပြန်သိမ်းပြီးနောက် သူရရှိထားသော တိုက်ပွဲဝင် ပစ္စည်းများကို စတင် စစ်ဆေးတော့သည်။ ဤတိုက်ပွဲမှ ပစ္စည်းများစွာ သူ ရရှိခဲ့၏။ ခဲချင်ချန်းထံမှ ခရမ်းရောင်တိမ်တိုက် အမည်ရသည့် အဆင့်မြင့် မှော်လက်နက်နှင့် လန်ရှီ၏ အဆင့်မြင့်ဓား ဖြစ်သော အပြာရောင် သလင်းကျောက်တို့ ပါဝင်သည်။ အခြား မှော်လက်နက် အချို့နှင့် လက်နက် ဒါဇင်ပေါင်းများစွာကိုလည်း သူ ရရှိခဲ့သေး၏။ ထိုသည်ကို ဖယ်ထားလျှင် စိတ်ဝိညာဉ် ကျောက်သလင်း များစွာလည်း သူ့ထံတွင် ရှိနေလေပြီ။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်သလင်း တစ်ခုက အနိမ့်အဆင့် စိတ်ဝိညာဉ် ကျောက်သလင်း တစ်ခုထက် အဆတစ်ရာ ပိုအစွမ်းထက်ပြီး အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်သလင်း တစ်ခုက အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်သလင်း တစ်ခုထက် အဆတစ်ရာ ပိုအစွမ်းထက်ပေသည်။
ယခုတစ်ကြိမ် သူရရှိခဲ့သော စိတ်ဝိညာဉ် ကျောက်သလင်းများမှာ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်သလင်း တစ်ရာခန့်နှင့် ညီမျှ၏။ ဤသည်မှာ များပြားလှသော ကျောက်သလင်း ပမာဏ တစ်ခုဟု သတ်မှတ်နိုင်လေသည်။
"လူဆိုးတွေက အမြဲတမ်း ချမ်းသာကြွယ်ဝမှုတွေနဲ့ ဆုချခံရတာပဲ... တစ်ညတွင်းချင်း ချမ်းသာသွားသလို ခံစားရတယ်"
ကျန်းမင်က သူ့ဘာသာ ရေရွတ်လိုက်သည်။
တိုက်ပွဲဝင် ပစ္စည်းများကို ခွဲခြားသိမ်းဆည်းပြီးနောက် မုရွှေယွင်၏ ကနဦးဝိညာဉ် အပိုင်းအစမှ သူရရှိခဲ့သော အထူးစွမ်းရည်များကို စတင် ကြည့်ရှုတော့သည်။
ကနဦးဝိညာဉ် နှလုံးသားဓား မှာ မိမိ၏ ကနဦးဝိညာဉ် ကို အသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းကို ကျင့်ကြံရန် လိုအပ်ချက်များက မြင့်မားလှ၏။ ၎င်းကို လေ့လာပြီးနောက် မုရွှေယွင်သာ ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ခဲ့ပါက သူ့ အသိစိတ်ပင်လယ်ဖြင့် ကာကွယ်နိုင်ခဲ့မည် မဟုတ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားတော့သည်။
နှလုံးသားဓားက ကနဦးဝိညာဉ် များကို ခုတ်ထစ်နိုင်ပြီး လူတစ်ယောက်၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ ယင်းက ရုတ်တရက် တိုက်ခိုက်လာမည် ဖြစ်ပြီး ရှောင်တိမ်း၍ မရနိုင်ချေ။ တကယ်ကို အစွမ်းထက်သော ကျင့်စဉ်တစ်ခုပင်။
ထို့နောက် ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး ရှိသေးသည်။ ခဲချင်ချန်းက ဤမှော်ပညာကို ယခင်က အသုံးပြုခဲ့ဖူး၏။ သူက လျှပ်စီး၏ စွမ်းအားကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ မျက်စိရှေ့ မြင်တွေ့ရသည်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ သို့သော် ခဲချင်ချန်းမှာ ထိုမှော်ပညာကို အပြည့်အဝ မကျွမ်းကျင်သေးကြောင်း ကျန်းမင် သိနိုင်ခဲ့သည်။
သစ်သားနဂါး... ဤသည်မှာ သစ်သားသဘာဝ အထူးစွမ်းရည် တစ်ခု ဖြစ်သည်။ ယင်းက သစ်ပင်များကို ဖန်ဆင်းနိုင်ပြီး ထိုသစ်ပင်များက နဂါးများအဖြစ် ပြောင်းလဲသွားနိုင်၏။ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံးကို ပေါင်းစပ်ထားသော ကျင့်စဉ်တစ်ခုပင်။
ကောင်းကင်ခွဲ ဓားသိုင်း မှာလည်း ခဲချင်ချန်း အသုံးပြုခဲ့ဖူးသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ၎င်း၏ စွမ်းအားက ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းခြားပစ်နိုင်စွမ်း ရှိပုံရသည်။
ထို့နောက် ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး ရှိသေး၏။ ၎င်းမှာ အရာခပ်သိမ်းကို ဖိနှိပ်နိုင်စွမ်းရှိသော ဧရာမ တံဆိပ်တုံးကြီး တစ်ခု ဖြစ်သည်။
"သူမရဲ့ ကနဦးဝိညာဉ်ရဲ့ အပိုင်းအစလေး တစ်ခုပဲ ဖြစ်ပေမဲ့ အဲ့ဒီကနေ ငါ ကျင့်စဉ် ငါးခုတောင် ရခဲ့တယ်... အဲ့ဒါတွေက ငါ့ရဲ့ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်းတွေ၊ ဒါမှမဟုတ် တောင်ကိုးလုံး ရတနာတွေနဲ့တော့ မယှဉ်နိုင်ပေမဲ့ ငါ ကျွမ်းကျင်သွားရင် အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ဖြစ်လာဦးမှာပဲ... ဒီအထူးစွမ်းရည်တွေက ထူးခြားတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး... အဲ့ဒါတွေနဲ့ဆို ငါ့လက်နက်တိုက်ထဲမှာ လက်နက်တွေ ပိုများလာပြီပေါ့"
ကျန်းမင်က ကျေနပ်စွာ ပြုံးလိုက်သည်။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
မှော်ပညာ - ကနဦးဝိညာဉ် နှလုံးသားဓား၊ သောင်းချီဓားကျင့်စဉ်၊ အခြေခံ ဝင်္ကပါများ၊ အခြေခံ အဆောင်များ၊ အခြေခံ ဆေးလုံးများ၊ နှင့် အခြေခံ မှော်လက်နက်များ
အထူးစွမ်းရည်များ - အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်း၊ တောင်ကိုးလုံး ရတနာ၊ ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး၊ သစ်သားနဂါး၊ ကောင်းကင်ခွဲ၊ ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံး
မွေးရာပါ ပါရမီ - အင်မော်တယ် (မူလ တာအိုခန္ဓာ)
ပစ္စည်း - လူသားလမ်းစဉ် မှတ်တမ်း၊ အရိပ်မဲ့ အပ်သုံးချောင်း (အဆင့်မြင့် မှော်လက်နက်)၊ ခရမ်းရောင်တိမ်တိုက် (အဆင့်မြင့် မှော်လက်နက်)၊ အပြာရောင်သလင်းကျောက် (အဆင့်မြင့် မှော်လက်နက်)၊ မြင့်မြတ်သော ဝတ်ရုံ (အနိမ့်အဆင့် မှော်လက်နက်)၊ စီးဆင်းနေသော တိမ်တိုက်ဓား (ထိပ်တန်းအဆင့် မှော်လက်နက်)
သူ့ အချက်အလက်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရချိန်တွင် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ကျန်းမင် တစ်ယောက် ပျော်ရွှင်နေချိန်တွင် အိပ်မပျော်နိုင်သူ တစ်ယောက်လည်း ရှိနေခဲ့သည်။
မုရွှေယွင်က မိစ္ဆာဂိုဏ်းများ ပြန်လည် ပေါ်ပေါက်လာသည့် သတင်းကို အလျင်အမြန် ဖြန့်ဝေလိုက်၏။
ထိုသတင်းကြောင့် မကြာမီမှာပင် ကျွမ်းကျင်သူများက တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ရောက်လာကြတော့သည်။ သူတို့က ပတ်ဝန်းကျင်ရှိ အချက်အလက်များကို သူတို့၏ အထူးစွမ်းရည်များနှင့် မှော်ပညာများ အသုံးပြု၍ စုံစမ်းရန် ကြိုးစားကြ၏။ သို့သော် မှတ်သားလောက်ဖွယ် ဘာမှ မတွေ့ခဲ့ရပေ။ သူတို့ အာရုံခံနိုင်သမျှမှာ အလွန်အမင်း သန့်စင်သော မိစ္ဆာချီများသာ ဖြစ်သည်။
ထို့နောက် သူတို့က နေရာအနှံ့ ရှင်းလင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး မိုင်တစ်သောင်း အကွာအဝေးတွင် တည်ရှိသော ယင်မိစ္ဆာဂိုဏ်း၏ အခြေစိုက်စခန်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းမှာ တောင်တန်းများကြားတွင် ပုန်းကွယ်နေပြီး မဟာဝင်္ကပါ တစ်ခုဖြင့် ဖုံးကွယ်ထားခြင်းပင်။ ပြောစရာမလိုအောင်ပင် ထိုမဟာဝင်္ကပါက ကျွမ်းကျင်သူများထံမှ အခြေစိုက်စခန်းကို ဖုံးကွယ်ထားရန် ဘာမှ မတတ်နိုင်ခဲ့ပေ။
ထိုသို့ဖြင့် မိုးလင်းချိန်တွင် နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြန်သည်။ နှစ်ဖက်စလုံး ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့် ဤတိုက်ပွဲမှာ အတော်လေး ပြင်းထန်လှ၏။
စီးမာ မိသားစု။
စီးမာလန်၏ စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရခြင်းကြောင့် စီးမာ မိသားစု ခေါင်းဆောင်မှာ အိပ်မပျော်နိုင် ဖြစ်နေလေပြီ။ သူက အလွန်အမင်း မငြိမ်မသက် ဖြစ်နေတော့သည်။
စီးမာ မိသားစုနှင့် ပိရွှေဂိုဏ်းကြား ဆက်နွယ်မှုကို သူ သိထားသောကြောင့် ဤကိစ္စ ပေါက်ကြားသွားပါက အခြား အင်အားစုများက စီးမာ မိသားစုကို ရှင်းလင်းရန် သေချာပေါက် ပူးပေါင်းကြမည်မှန်း သူ သိနေ၏။ ထိုအချိန်ကျလျှင် စီးမာ မိသားစုမှာ အစွမ်းထက်သော ဂိုဏ်းတစ်ခုနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားသူများအဖြစ် လူသိများသွားမည်ဖြစ်ပြီး အရှေ့ပိုင်းဒေသ၏ သူလျှိုများဟု အခေါ်ခံရပေလိမ့်မည်။
အရှေ့ပင်လယ်ပြင်တွင် တည်ရှိသော ဝေးလံခေါင်ဖျားသည့် ကျွန်းတစ်ကျွန်းပေါ်တွင်။
ပိရွှေဂိုဏ်း၏ အခြေစိုက်စခန်း။
လန်ရှီ သေဆုံးသွားသည်နှင့် တပြိုင်နက် ဂိုဏ်းက သတိပေးချက်များ ထုတ်ပြန်လိုက်၏။ ကျွမ်းကျင်သူ တစ်ဦးက အရှေ့ပိုင်းဒေသ ရှန်ကျိုးရှိ အခြားအဖွဲ့ဝင်များနှင့် အလျင်အမြန် ဆက်သွယ်ကာ ဤကိစ္စကို စုံစမ်းရန် ညွှန်ကြားလိုက်တော့သည်။
ကျန်းမင်ကမူ သူ့ သတ်ဖြတ်မှုများကြောင့် ဖြစ်ပေါ်လာသော ဆက်တိုက် ဖြစ်ရပ်များကို လုံးဝ သတိမထားမိခဲ့ပေ။
မိုးလင်းချိန်တွင် ကျန်းမင် တစ်ယောက် စိတ်ကြည်လင်စွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နံနက်စာ မပြင်ဆင်မီ သူက ရေခပ်ခြင်း၊ ထင်းခုတ်ခြင်းနှင့် ခြံဝင်းကို သန့်ရှင်းရေး လုပ်ခြင်းတို့ ပြုလုပ်ခဲ့၏။
သူ့ယခင်ဘဝကပင် ချက်ပြုတ်ရသည်ကို သူ စိတ်မနှောင့်ယှက်ခဲ့ပေ။ ထို့အပြင် ညီမလေးအတွက်ဆိုလျှင် ပို၍ပင် ဝမ်းသာအားရ ချက်ပြုတ်ပေးဦးမည် ဖြစ်သည်။ သူ မနှစ်သက်သည်မှာ အစာစားပြီးနောက် ပန်းကန်ဆေးရခြင်းပင်။ သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။ မှော်ပညာ တစ်ခုတည်းဖြင့် ဆီဂျီးများကို သူ အလွယ်တကူ ဖယ်ရှားပစ်နိုင်သည် မဟုတ်ပါလား။
ထိုက်ယန်တောင်ထွတ်။
မနေ့က အဖြစ်အပျက်များကြောင့် ဂိုဏ်းချုပ် တစ်ယောက် မငြိမ်မသက် ဖြစ်နေခဲ့သည်။ သူက မိုးသောက်အလင်းရောင်ကို ကြည့်ရင်း လက်ဖက်ရည် တစ်ခွက်ကို သောက်နေ၏။ ခဲချင်ချန်းနှင့် မုရွှေယွင်တို့ကို စော်ကားမိပြီးနောက် ကျိုယန်ဂိုဏ်း ရင်ဆိုင်ရနိုင်သည့် ပြဿနာများကို သူ တွေးတောနေခြင်းပင်။
ထိုစဉ် အဝေးမှနေ၍ အလင်းတန်း တစ်ခု ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။ သူက လက်ကို မြှောက်ကာ သူ့ထံ ပေးပို့လာသော သတင်းစကားကို ဖမ်းယူလိုက်၏။ သတင်းစကားကို ဖတ်ပြီးနောက် သူခံစားလိုက်ရသော အံ့အားသင့်မှုကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ အံ့အားသင့်ရာမှ ပြန်လည် သတိဝင်လာချိန်တွင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီးနောက် အားပါးတရ ရယ်မောတော့သည်။
သူက အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီလူယုတ်မာ ခဲချင်ချန်း သေသွားပြီဆိုတာ ငါ မယုံနိုင်ဘူး... အချိန်ကိုက်က တကယ့်ကို အပြစ်ဆိုစရာ မရှိဘူးပဲ... ဝမ်းသာစရာပဲ... ကောင်းလိုက်တာ... တကယ်ကို ဝမ်းသာတယ်လို့ ငါ ဝန်ခံရမယ်"
သူက မတ်တပ်ထရပ်ကာ အောင်ပွဲခံ အကလေး တစ်ခုကို မကဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူ ဘာလုပ်လိုက်မိမှန်း သတိထားမိချိန်တွင် လည်ချောင်းဟန့်ကာ ဘယ်သူမှ မမြင်စေရန် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် အလျင်အမြန် ပြန်ထိုင်လိုက်၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ့ ဩဇာတိက္ကမ ရှိသော ဟန်ပန်ကို ပြန်လည် ရယူလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
မကြာမီမှာပင် အပြုံးနေရာတွင် မျက်မှောင်ကြုတ်ခြင်းက အစားထိုး ဝင်ရောက်လာ၏။
"မိစ္ဆာတစ်ကောင်က ခဲချင်ချန်းကို သတ်သွားတာပဲ... ရှင်းနေတာက အဲ့ဒီမိစ္ဆာက ချင်းယွင်ဂိုဏ်းကို နည်းနည်းလေးမှ မကြောက်ဘူး ဆိုတာပဲ... မိစ္ဆာတွေက ပြန်လာဖို့ ကြိုးစားနေကြတာလား... အဲ့ဒါဆိုရင်တော့ ဆိုးပြီ... ကံကောင်းတာက လောလောဆယ် သူတို့က ချင်းယွင်ဂိုဏ်းကိုပဲ ပစ်မှတ်ထားနေပုံရတယ်"
မိစ္ဆာဂိုဏ်းများသာ နောက်တစ်ကြိမ် လှုပ်ရှားလာပါက ကျိုယန်ဂိုဏ်း အနေဖြင့် ဘာလုပ်သင့်သနည်းဟု ဂိုဏ်းချုပ်က စတင် စဉ်းစားတော့သည်။
နေမင်းကြီးက အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းများဖြင့် ကမ္ဘာမြေကို လင်းထိန်စေလေပြီ။
ကျန်းမင်က သူချက်ပြုတ်ထားသော ဟင်းလျာများကို ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။ ညီမလေးကို မြင်လိုက်ချိန်တွင် သူက ပြောလိုက်၏။
"ညီမလေး အကြိုက်ဆုံး ဟင်းတွေ အကိုကြီး ချက်ထားတယ်... ပုစွန်ဖက်ထုပ်၊ ကြက်ဥပေါင်း၊ ကြက်သွန်မြိတ် တို့ဟူး၊ ကြက်သွန်နီ တို့ဟူး၊ မျှစ်သုပ်၊ နဲ့ ငါးဖယ်လုံး တွေပါတယ်"
"အစ်ကိုကြီးက အကောင်းဆုံးပဲ..." လင်းလုံက ပြုံးလိုက်ချိန်တွင် သူမ၏ မျက်လုံးများက ကွေးညွတ်သွားတော့သည်။ "အကောင်းဆုံး ဆေးလုံးတွေနဲ့ စိတ်ဝိညာဉ် ကျောက်သလင်းတွေတောင် အစ်ကိုကြီး လုပ်ပေးတဲ့ နံနက်စာကို မယှဉ်နိုင်ဘူး"
ကျန်းမင် ရယ်မောလိုက်သည်။
"အဲ့ဒါက အစ်ကိုကြီး အကြားချင်ဆုံး စကားပဲ"
ထိုစဉ် ဂူဟိုင်က လည်ချောင်းဟန့်လိုက်ပြီးနောက် ဝင်ပြောလာ၏။
"တစ်ယောက်ယောက်က အရင်ဆုံး အရိုအသေပေးရမယ့် သူတို့ရဲ့ ဆရာကို မေ့နေပုံရတယ်"
ဆရာဖြစ်သူ့ စကားများကြောင့် ကျန်းမင် တစ်ယောက် စကားမပြောနိုင်အောင် ဖြစ်သွားပြီး လင်းလုံကမူ ပါးစပ်ကို အုပ်ကာ ရယ်မောနေတော့သည်။
သူတို့ သုံးယောက်သား ကျန်းမင် ပြင်ဆင်ထားသော နံနက်စာကို စားသောက်ရင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။
ထို့နောက် ကျန်းမင် တစ်ယောက် တောင်၏ အနောက်ဘက်သို့ ထွက်လာခဲ့သည်။
သူ့သီးနှံများကို ရိတ်သိမ်းရန် အချိန်ကျရောက်လာခဲ့လေပြီ။
End
***