တောင်ပေါ်မှ လေပြေညှင်းလေးက ညင်သာစွာ တိုက်ခတ်လာပြီး စပါးပင်များကို တရှဲရှဲ မြည်သွားစေသည်။
"စပါးပင်တွေကို ကြည့်ပါဦး... အစ်ကိုကြီး နောက်နှစ်တွေအတွက် အငတ်ဘေးကြုံရမှာကို ပူစရာမလိုတော့ဘူးနော်"
"အစ်ကိုကြီးသာ အဲ့ဒါတွေနဲ့ အရက်ချက်လိုက်ရင် မလောက်ပါဘူးလို့ ညီမလေး ညည်းနေဦးမယ်"
"အဲ့ဒါတွေကနေ အရက်ချက်လို့ ရတာလား"
"ရတာပေါ့"
"အစ်ကိုကြီး ချက်တဲ့အရက်က သေချာပေါက် အရသာရှိမှာပဲ... ညီမလေး ခွက်ရှစ်ရာလောက် သောက်ချင်တယ်"
ကျန်းမင် ရယ်မောလိုက်သည်။
"ကောင်းပါပြီဗျာ"
"ဂျုံတွေကကော ဘာလုပ်လို့ရလဲ အစ်ကိုကြီး"
"ခေါက်ဆွဲလုပ်လို့ရတယ်... ပေါက်စီ၊ ကောက်ညှင်းထုပ်၊ ကြက်သွန်ဖြူ ခေါက်ဆွဲ၊ ဖက်ထုပ်၊ အသားပေါက်စီ၊ ဝမ်တန်၊ ဓားလှီးခေါက်ဆွဲ၊ လက်ဆွဲခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊ ကြက်သွန်ဖြိတ် ခေါက်ဆွဲ၊ ပဲပိစပ်ငါးပိ ခေါက်ဆွဲ၊ နှမ်းနှစ်ခေါက်ဆွဲခြောက်၊ ဆီခေါက်ဆွဲ၊ ခေါက်ဆွဲပြုတ်... ညီမလေး နေ့တိုင်း မီနူးအသစ် စားရမှာ... နူးညံ့ပြီး မွနေတဲ့ ကိတ်မုန့်တွေလည်း ရှိသေးတယ်"
"အဲ့ဒါတွေ အကုန်လုံး လုပ်လို့ရတာလား... အရမ်း မိုက်တာပဲ အစ်ကိုကြီး... ညီမလေး အကုန်လုံး စားချင်တယ်"
"ရတာပေါ့... ညီမလေး မြည်းကြည့်ဖို့ အကုန်လုပ်ပေးမယ်... ညီမလေးကို ကျန်းမာပြီး ဝဝကစ်ကစ်လေး ဖြစ်လာအောင် ကျွေးမွေးမှာ"
"ညီမလေး မဝချင်ပါဘူး အစ်ကိုကြီးရဲ့"
သူတို့နှစ်ယောက် စကားစမြည် ပြောဆိုနေရင်း လေထဲတွင် ပျံဝဲကာ သီးနှံများကို ရိတ်သိမ်းရန် လေဓားသွားများကို ပစ်လွှတ်လိုက်ကြသည်။
...
တစ်ချိန်တည်းမှာပင် ဂူဟိုင်က သူ့ တပည့်နှစ်ယောက်ကို အဝေးမှ လှမ်းကြည့်နေ၏။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လွင်နေပြီး မုတ်ဆိတ်ကို ပွတ်သပ်နေတော့သည်။
"ငါ့ရဲ့ ပထမတပည့်က အသက် နှစ်ဆယ်ကျော်လေး ရှိသေးတယ်... ဒါပေမဲ့ သူက အုပ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်နေပြီ... ဂိုဏ်းရဲ့ ပါရမီရှင် တပည့်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်... ငါ့ရဲ့ ဒုတိယတပည့်က အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်... ဒါပေမဲ့ သူက Extreme Golden Core အဆင့်ကို ရောက်နေပြီ... ကျိုယန်ဂိုဏ်း တည်ထောင်ကတည်းက စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်... ဒီလိုဆိုတော့ ဘယ်သူက ချူယန်တောင်ထွတ် ကျဆင်းနေပြီလို့ ပြောရဲဦးမလဲ... ငါ့ဆီမှာ ပါရမီရှင် တပည့်တွေ မရှိဘူးလို့ ဘယ်သူ ပြောရဲဦးမလဲ... ပထမအဆင့် နေရာနဲ့ ငါ မထိုက်တန်ဘူးလို့ ဘယ်သူ ညည်းညူရဲဦးမလဲ"
ဂူဟိုင် တစ်ယောက် အလွန်အမင်း ကျေနပ်နေလေပြီ။ သူက လက်အိတ်ကို ခါယမ်းကာ သူ့ အရက်ဘူးကို ထုတ်ယူလိုက်ပြီး အရက်အနည်းငယ် မော့သောက်လိုက်၏။
လက်အိတ်ဖြင့် ပါးစပ်ကို သုတ်ပြီးနောက် သူက ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
'အရသာက တကယ် အံ့မခန်းပဲ'
ထိုအချိန်တွင် ကျန်းမင်နှင့် ဇီလင်းလုံတို့က သီးနှံများကို ရိတ်သိမ်းရင်း ဆက်လက် စကားပြောနေကြသည်။
"ဆရာ့ကို ကြည့်ပါဦး အစ်ကိုကြီး... အခုချိန် သူ့စိတ်ထဲမှာ ဘယ်လို ပျော်စရာ အတွေးတွေ ရှိနေမလဲ မသိဘူးနော်"
"ညီမလေးကြောင့် သူ ဂုဏ်ယူနေရလို့ အဲ့ဒီ အဘိုးကြီး တော်တော် ပျော်နေမှာ သေချာတယ်"
"သူက ကျောင်းယန် တောင်ထွတ်ရဲ့ ပထမအဆင့် နေရာကို တွေးနေတာ ထင်တယ်"
"သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ ညီမလေး သိလား"
"ထိုက်ယန် တောင်ထွတ်က စီနီယာတွေ ပြောတာ ကြားဖူးတယ်... ပထမအဆင့် ယင်ယွဲ့က ငယ်ငယ်တုန်းက အရမ်းလှတဲ့ မိန်းမချောလေးတဲ့... သူ့ကို သဘောကျတဲ့သူတွေ အများကြီး ရှိပေမဲ့ သူက ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်ဘူးတဲ့... သူက ဆရာနဲ့ ဆက်ဆံရေး ကောင်းခဲ့တယ်... ဒါပေမဲ့ ဆရာက အကြောင်းရင်း တစ်ခုခုကြောင့် သူ့ကို အမြဲတမ်း ရှောင်နေခဲ့တာတဲ့"
"ထူးဆန်းတာပဲ"
"ဟုတ်တယ်"
တပည့်နှစ်ယောက်က စကားပြောရင်း သီးနှံများကို ဆက်လက် ရိတ်သိမ်းနေကြသည်။ မွန်းတည့်ချိန်ပင် မရောက်သေးမီ မြေဧက တစ်ရာရှိ စပါး၊ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် အခြား သီးနှံများကို ရိတ်သိမ်းပြီးစီးသွားကာ သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်ကြသည်။
ကျန်းမင်က ဆုလာဘ်များ ရရှိကြောင်း အသိပေးချက်ကို လက်ခံရရှိလိုက်ချိန်တွင် ဆရာဖြစ်သူက သူ့အား လှမ်းခေါ်နေသည်ကို မြင်လိုက်ရ၏။
ကျန်းမင်က ဂူဟိုင်အနီးသို့ ရောက်သွားချိန်တွင် ဂူဟိုင်က ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ဆရာ့ကို ထိုက်ယန် တောင်ထွတ်ဆီ အခုလေးတင် ခေါ်လိုက်တယ်... ဆရာ ခဏလောက် သွားလိုက်ဦးမယ်... ဆရာမရှိတုန်း တောင်ကို သေချာ စောင့်ရှောက်ထားကြ"
ထိုစကားကို ကြားလျှင် လင်းလုံက ဝင်ပြောလိုက်၏။
"စိတ်မပူပါနဲ့ ဆရာ... ကျွန်မတို့ဆီ ပြဿနာလာရှာရဲတဲ့ လူတွေရဲ့ ကျင့်ကြံခြင်း စွမ်းရည်တွေကို အကုန် ဖျက်ဆီးပစ်လိုက်မယ်"
ဂူဟိုင် ရယ်မောလိုက်သည်။
"အေး... သူတို့ရဲ့ ကျင့်ကြံခြင်း စွမ်းရည်တွေကို ဖျက်ဆီးပစ်လိုက်"
ဂူဟိုင် ထွက်ခွာသွားသည်ကို ကြည့်နေရင်း ကျန်းမင်၏ မျက်လုံးများ တောက်ပသွားသည်။ ဂူဟိုင်အား ထိုက်ယန် တောင်ထွတ်သို့ အဘယ်ကြောင့် ခေါ်ယူရသနည်း ဆိုသည်ကို သူ ခန့်မှန်းမိနေလေပြီ။
ထို့နောက် ကျန်းမင်က ညီမလေးနှင့်အတူ အရှေ့ဘက် ခြံဝင်းသို့ ပြန်လာခဲ့၏။ သူ့ ဆုလာဘ်များကို စစ်ဆေးကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ အသိပေးချက်ကို ထပ်မံ ကြည့်ရှုလိုက်ချိန်တွင် သူ အသက်ပြင်းပြင်း မရှူဘဲ မနေနိုင်တော့ချေ။
[ဒင်... မြေဧက တစ်ရာရှိ သီးနှံများကို ရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူသည်။ ဆုလာဘ် - နှစ်ပေါင်း နှစ်ထောင်စာ ကျင့်ကြံခြင်း စွမ်းရည်၊ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် တစ်ရာ (အဆင့်မြင့်)၊ ဉာဏ်အလင်းပွင့် ကျောက်တုံး သုံးဆယ် (ရှားပါး)၊ အာကာသ ကျောက်သလင်း တစ်ခု၊ နှင့် အာဏာရှင် လှံရှည် (အလယ်အလတ်အဆင့် တာအိုလက်နက်)]
"သီးနှံရိတ်သိမ်းရုံနဲ့ ဒီလို အံ့မခန်း ဆုလာဘ်တွေ ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ကျန်းမင် တစ်ယောက် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဟင်းချက်ခြင်းနှင့် ထင်းခုတ်ခြင်းတို့မှ နေ့စဉ် ရရှိသော ဆုလာဘ်များမှာ နှစ်လစာ ကျင့်ကြံခြင်း စွမ်းရည်ခန့်သာ ရှိ၏။ ဤသည်မှာ သူ့ ကျင့်ကြံခြင်း အရှိန်ကို အဆ ခြောက်ဆယ် တိုးမြှင့်ပေးခြင်းနှင့် ညီမျှလေသည်။ ယခု ရရှိလိုက်သော နှစ်ပေါင်း နှစ်ထောင်စာ ကျင့်ကြံခြင်း စွမ်းရည်ကြောင့် သူ မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။ ဤရုတ်တရက် ရရှိလာသော ကံကောင်းမှုကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။ နှစ်ပေါင်း နှစ်ထောင်စာ ကျင့်ကြံခြင်း စွမ်းရည်ဖြင့် သူ့ ကျယ်ပြောလှသော အသိစိတ်ပင်လယ်ကို အလွယ်တကူ ဖြည့်ဆည်းနိုင်ပြီး ပိုလျှံနေဦးမည် မဟုတ်ပါလား။
ထိုအရာများ အပြင် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များနှင့် ဉာဏ်အလင်းပွင့် ကျောက်တုံးများကိုလည်း သူ လိုအပ်နေသေး၏။ ၎င်းတို့က သမ္ဗောဓိ မျိုးစုံကို ပိုမြန်ဆန်စွာ နားလည်သဘောပေါက်စေရန်နှင့် တာအိုမျိုးစေ့ များ ပိုကျင့်ကြံနိုင်စေရန် ကူညီပေးပေလိမ့်မည်။
အာကာသ ကျောက်သလင်း၏ ဖော်ပြချက်ကို ဖတ်လိုက်ရချိန်တွင် သူ့ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားတော့သည်။ ဤအရာမှာ ဟင်းလင်းပြင် စွမ်းအင်များ ပုံဆောင်ခဲ ဖြစ်တည်လာခြင်း၏ ရလဒ်ပင်။ ၎င်းတွင် အာကာသ နိယာမ၏ နက်နဲသော အရာများ ပါဝင်နေသည်။
"တကယ်လို့ ငါသာ ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်ကို အပြည့်အဝ နားလည်သွားရင်ကော... အဲ့ဒါဆိုရင်တော့ ငါ မုရွှေယွင်ကို သတ်နိုင်မယ်လို့ သေချာပေါက် ယုံကြည်တယ်"
ဤသည်မှာ စိတ်ကူးယဉ် အတွေးတစ်ခု မဟုတ်ဘဲ ယုံကြည်မှုနှင့် သေချာမှု အပြည့် ပါဝင်နေခြင်းပင်။
လက်ရှိတွင် သူက ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်၏ ဆင်းသက်လာမှု အချို့ကို နားလည် သဘောပေါက်ရန် အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ နှင့် အာကာပြင် ခြေလှမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။ ထိုစွမ်းရည်များဖြင့်ပင် သူ့ကိုယ်သူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီဟု သတ်မှတ်နိုင်၏။ အကယ်၍ သူသာ ထိုအရာများ အားလုံးကို နားလည် သဘောပေါက်သွားပါက မည်သို့ ဖြစ်လာမည်နည်း။ သူ မည်မျှ အစွမ်းထက်လာမည်ကို သူပင် မှန်းဆ၍ မရနိုင်တော့ချေ။
"ငါ့မှာ အချိန် ကျောက်သလင်း တစ်ခုပါ ရှိခဲ့ရင် သိပ်ကောင်းမှာပဲ"
ကျန်းမင် တစ်ယောက် မရောင့်ရဲနိုင်သော လောဘစိတ်များ စတင် ဖြစ်ပေါ်လာလေပြီ။
ကျန်းမင် ရရှိခဲ့သော နောက်ဆုံး ဆုလာဘ်မှာ တာအိုလက်နက် တစ်ခုပင်။ တာအိုလက်နက်များမှာ မှော်လက်နက်များထက် ပိုသာလွန်၏။ ကျိုယန်ဂိုဏ်းတွင် ဤကဲ့သို့သော ပစ္စည်းမျိုး ရှိမည် မဟုတ်ချေ။
ကျန်းမင် တစ်ယောက် ပျော်ရွှင်ဖွယ် ဖြစ်နိုင်ချေ မျိုးစုံကို စဉ်းစားနေစဉ် လင်းလုံက ခေါင်းလေး အနည်းငယ် စောင်းကာ မေးလာသည်။
"အစ်ကိုကြီး... ဘာလို့ ရုတ်တရက်ကြီး ပျော်နေရတာလဲ"
"ရိတ်သိမ်းရတာ အဆင်ပြေလို့ အစ်ကိုကြီး ပျော်နေတာပါ"
ကျန်းမင်က ပြုံး၍ ပြန်ဖြေလိုက်၏။ သူ့ ဆုလာဘ် အချို့ကို ညီမလေးအား ပေးသင့်၊ မပေးသင့် သူ စိတ်ထဲမှ တွေးတောနေမိသည်။ ခဏတာ စဉ်းစားပြီးနောက် ထိုအတွေးကို ဖယ်ရှားပစ်လိုက်သည်။
သူမက အလွန် ငယ်ရွယ်နေသေးပြီး အသက် ဆယ့်သုံးနှစ် အရွယ်ဖြင့် ရွှေအမြူတေ ကိုးကြိမ်မြောက် အစွန်းရောက် အဆင့်သို့ ရောက်ရှိနေခြင်းပင်။ ၎င်းမှာ အံ့မခန်း အောင်မြင်မှု တစ်ခု ဖြစ်သော်ငြား သူမမှာ ရင့်ကျက်မှု မရှိသေးပေ။ သူမက စာရိတ္တပိုင်းကို ဆက်လက် တည်ဆောက်ရန်၊ အခြေခံကို ခိုင်မာအောင် လုပ်ရန်နှင့် ဗဟုသုတများ ရှာမှီးရန် လိုအပ်နေသေး၏။ သူမ အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ် ရောက်ချိန်တွင်သာ သူမ၏ တိုးတက်မှုကို ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"ညီမလေးလည်း ပျော်တယ် အစ်ကိုကြီး..." လင်းလုံက စိတ်လှုပ်ရှားစွာ ပြောလာသည်။ "အခုကစပြီး ကိုကို့ဘေးမှာ ညီမလေး စိုက်ပျိုးရေး လုပ်မယ်... ရိတ်သိမ်းမယ်"
ကျန်းမင် ခေါင်းညိတ်လိုက်၏။
"ညီမလေး ရှိနေရင် အစ်ကိုကြီး ပျင်းရမှာ မဟုတ်ဘူး... ကဲ... နေ့လည်စာ ဘာစားချင်လဲ"
"ခေါက်ဆွဲ စားချင်တယ်"
"ကောင်းပြီလေ... ညီမလေးအတွက် ခေါက်ဆွဲဆယ်မျိုး လုပ်ပေးမယ်... ဗိုက်တင်းတဲ့အထိ စားလို့ရတယ်"
ထိုက်ယန် တောင်ထွတ်၏ ခန်းမဆောင်ကြီး အတွင်းတွင်။
ဂိုဏ်းချုပ်နှင့် ပထမအဆင့် ရှစ်ယောက်လုံး ဤအချိန်တွင် စုဝေးနေကြ၏။
ဂိုဏ်းချုပ်က ဖြည်းညှင်းစွာ ပြောလာသည်။
"ခဲချင်ချန်းနဲ့ မနေ့က ဒီမှာရှိနေတဲ့ တပည့်တွေ မနေ့ညက လော့ဟိုလို့ ခေါ်တဲ့ မိစ္ဆာတစ်ကောင်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ဒီမနက် သတင်းရတယ်... သူတို့ အကုန်လုံးနီးပါး သေကုန်ကြပြီ... ခဲချင်ချန်းနဲ့ မုလေ့လည်း မလွတ်ဘူး"
ခန်းမဆောင်ကြီး အတွင်း ကြီးလေးသော တိတ်ဆိတ်မှုကြီး လွှမ်းခြုံသွားပြီး ပထမအဆင့် ရှစ်ယောက်၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
ကျီယန်တောင်ထွတ်၏ ပထမအဆင့် ဖြစ်သော ယွဲ့ချန်၏ မျက်နှာထားမှာ အဆိုးရွားဆုံး ပြောင်းလဲသွားခြင်းပင်။ ဤစကားကို ကြားလိုက်ရချိန်တွင် သူ့ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားတော့သည်။ ကံကောင်းစွာဖြင့် အံ့အားသင့်မှုမှ အလျင်အမြန် ရုန်းထွက်နိုင်ခဲ့ပြီး သူ့ မျက်နှာထားကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။
ဂိုဏ်းချုပ်က ဆက်ပြောလာသည်။
"မုလေ့ရဲ့ မိခင် မုရွှေယွင်ကလည်း တောင်ပေါ်ကနေ ထွက်သွားပြီလို့ သတင်းရတယ်... သူနဲ့ ချင်းယွင်ဂိုဏ်းက အကြီးအကဲ တချို့ တိုက်ပွဲဖြစ်ပွားရာ နေရာကို သွားရောက် စစ်ဆေးပြီး ရှာဖွေခဲ့ကြတယ်... အဲ့ဒီမှာ မိစ္ဆာတွေရဲ့ အခြေစိုက်စခန်း တစ်ခုကို သူတို့ ရှာတွေ့ခဲ့တယ်... အဲ့ဒါက ငါတို့ဆီကနေ မိုင်လေးသောင်း အကွာအဝေးမှာ ရှိတဲ့ တောင်တွေထဲက တစ်ခုပေါ်မှာပဲ... အဲ့ဒီတိုက်ပွဲမှာ ချင်းယွင်ဂိုဏ်းက အကြီးအကဲ သုံးယောက် ကျဆုံးသွားတယ်... အဲ့ဒီအထဲက နှစ်ယောက်က မူလဝိညာဉ် ကျင့်ကြံသူတွေပဲ... မုရွှေယွင်တောင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရသွားတယ်... ကံကောင်းတာက ဂိုဏ်းက စစ်ကူတွေ အချိန်မီ ရောက်လာလို့ ပိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို မခံစားလိုက်ရတာပဲ"
ပထမအဆင့် ရှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ထဲမှ အချို့မှာ ဤအချိန်တွင် ချွေးစေးများပင် ထွက်လာကြတော့သည်။
မိစ္ဆာများ၏ အခြေစိုက်စခန်းမှာ ကျိုယန်ဂိုဏ်းမှ မိုင်လေးသောင်းသာ ကွာဝေးသည် မဟုတ်ပါလား။ ထိုမိစ္ဆာများက ကျိုယန်ဂိုဏ်းသို့ အလွယ်တကူ လာရောက်နိုင်ပေသည်။ အကယ်၍ မိစ္ဆာများသာ တိုက်ခိုက်လာပါက ကျိုယန်ဂိုဏ်း အနေဖြင့် ကာကွယ်နိုင်မည်လော။
ဤအခိုက်အတန့်တွင် ယွဲ့ချန် တစ်ယောက် ထိတ်လန့်လွန်း၍ သေလုမတတ် ဖြစ်နေလေပြီ။ ဂိုဏ်းချုပ် ပြောပြသော အခြေစိုက်စခန်း အကြောင်းကို သူ သဘာဝကျစွာပင် သိထား၏။ ထိုအခြေစိုက်စခန်းတွင် တပ်စွဲထားသော မိစ္ဆာများမှာ ကျိုယန်ဂိုဏ်းကို ကျူးကျော်ရန် ရည်ရွယ်ထားခြင်းပင်။ ပြင်ဆင်မှုများ ပြီးစီးသွားသည်နှင့် တပြိုင်နက် ကျိုယန်ဂိုဏ်းကို ပိတ်လှောင်ရန် မဟာဝင်္ကပါ တစ်ခုကို အသက်သွင်းကြမည် ဖြစ်သည်။ ထို့နောက် ဂိုဏ်းဝင်များကို သတ်ဖြတ်ကာ၊ သိမ်းပိုက်ပြီး သူတို့နေရာတွင် အစားထိုးကြမည် ဖြစ်၏။
'ငါ့ကိုများ သိသွားကြပြီလား'
ယွဲ့ချန်က စိတ်ထဲမှ တွေးရင်း အလွန်အမင်း ထိတ်လန့်နေတော့သည်။ ဤအချိန်တွင် ဆူးပေါ် ထိုင်နေရသကဲ့သို့ သူ ခံစားနေရ၏။ ဇိုဟန်နှင့် ဇိုယီကျောက်တို့၏ သေဆုံးမှုများ သူ့စိတ်ထဲ ပြန်လည် ပေါ်လာချိန်တွင် ထွက်ပြေးချင်စိတ်များ တဟုန်းဟုန်း တက်လာလေပြီ။
ဂိုဏ်းချုပ်က မေးလာသည်။
"မိစ္ဆာတွေက ဘာလို့ ငါတို့ဆီကနေ မိုင်လေးသောင်း အကွာမှာ စခန်းချနေတယ်လို့ ထင်လဲ... သူတို့က ပြန်လာဖို့ စီစဉ်နေတာများလား"
လူတိုင်းက ဤထိတ်လန့်ဖွယ် သတင်းကို ချေဖျက်ရန် ကြိုးစားနေသဖြင့် ခန်းမဆောင်ကြီးမှာ တိတ်ဆိတ်နေဆဲပင်။
မည်သူမှ ပြန်လည် ဖြေကြားခြင်း မရှိသည်ကို မြင်လျှင် ဂိုဏ်းချုပ်က ယွဲ့ချန်ကို လှမ်းကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်၏။
"ညီငယ် ယွဲ့ချန်... မင်းက အမြဲတမ်း တည်ငြိမ်ပြီး ဉာဏ်ရည်ပြည့်ဝတယ်လေ... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"
စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေသော ယွဲ့ချန်မှာ သူ့နာမည် ခေါ်ခံရချိန်တွင် အလိုအလျောက် မတ်တပ်ထရပ်လိုက်မိသည်။ ထို့နောက် လူတိုင်းက သူ့အား စိုက်ကြည့်နေကြောင်း သတိထားမိချိန်တွင် သူ့ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ခါးသီးသော အပြုံးတစ်ခုဖြင့် အစားထိုးလိုက်၏။
"ကျွန်တော်... ကျွန်တော့်အမြင်အရတော့ မိစ္ဆာတွေက တစ်ခုခုအတွက် ပြင်ဆင်နေတာ ဖြစ်ရမယ်... ဒါပေမဲ့ ချင်းယွင်ဂိုဏ်းက သိသွားလို့ တိုက်ခိုက်ဖို့ ဖိအားပေးခံရတာ ဖြစ်နိုင်တယ်... ကျွန်တော်လည်း ဒီကိစ္စကြောင့် အံ့ဩနေတုန်းပဲ... ဂိုဏ်းချုပ်... ကျွန်တော်ထင်တာကတော့ ဒီကိစ္စမှာ ကျွန်တော်တို့ ဝင်မပါတာ အကောင်းဆုံးပဲ... ကျွန်တော်တို့ရဲ့ တံခါးတွေကို ပိတ်ထားပြီး ကိုယ့်ဘဝကိုပဲ အေးအေးချမ်းချမ်း ဖြတ်သန်းသင့်တယ်"
ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်... ဒါပေမဲ့ တစ်ခါတလေကျရင် ကိုယ်က ဝင်မပါချင်ရင်တောင် ဝင်မပါဘဲ နေလို့မရတဲ့ အခြေအနေတွေ ရှိလာတတ်တယ်... ဘာဆက်လုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး တခြားသူတွေဆီမှာ အကြံဉာဏ် ရှိသေးလား"
လေထုက တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာတော့သည်။
ယွဲ့ချန်က အပြုံးတစ်ခုဖြင့် ဆွေးနွေးမှုတွင် ပါဝင်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်အမင်း မငြိမ်မသက် ဖြစ်နေကာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေပြီ။
End
***