တောင်ထွတ် ကိုးခုက ကျိုယန်ဂိုဏ်း လုပ်ဆောင်သင့်သည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးနေကြ၏။
မကြာမီမှာပင် ဂိုဏ်း၏ တံခါးများကို ပိတ်ဆို့ရန် အမိန့်တစ်ရပ် ထွက်ပေါ်လာသည်။ တပည့်များကိုလည်း ဂိုဏ်းအပြင်ဘက်သို့ ထွက်ခွာခြင်းအား တားမြစ်လိုက်ပြီး အပြင်ဘက်တွင် လေ့ကျင့်နေသော တပည့်များကိုလည်း ဂိုဏ်းသို့ ပြန်လည် ခေါ်ယူလိုက်တော့သည်။
...
ကျူယန် တောင်ထွတ်ပေါ်တွင်။
ကျန်းမင် တစ်ယောက် အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုများကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။
သူက သူနှင့် လင်းလုံတို့ ရိတ်သိမ်းထားသော စပါးများကို ချီစွမ်းအင် အသုံးပြု၍ ဆန်ကြာဆံ၊ ဆန်ခေါက်ဆွဲ၊ ဆန်လိပ်၊ ဆန်ကိတ် နှင့် ကောက်ညှင်းလုံးများ အဖြစ်သို့ ပြောင်းလဲလိုက်၏။ အခြား ခေါက်ဆွဲ အမျိုးအစား မျိုးစုံကိုလည်း သူ ပြုလုပ်ခဲ့သေးသည်။
လင်းလုံ အတွက်တော့ ဘဝ၏ အကောင်းဆုံး ပွဲတော်ကြီး တစ်ခု ဖြစ်နေမည်မှာ သေချာလှ၏။
"အစ်ကိုကြီးက တကယ် တော်တာပဲ... အစားအသောက်တွေက အရမ်း အရသာရှိတယ်"
လင်းလုံက အာမေဋိတ်သံဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလာသည်။
"ဒါတွေ လုပ်ဖို့ ဘယ်ကနေ သင်ထားတာလဲ"
သူမက စိတ်ထဲမှလည်း တွေးနေမိသည်။
'သူက ဟင်းချက်ဖို့ ဘယ်ကနေ သင်ထားတာလဲ... ဘာလို့ စိုက်ပျိုးရေး လုပ်ဖို့ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်း နက်နဲနေလို့များလား... အဲ့ဒါကြောင့် သူ ကြိုးစားအားထုတ်ဖို့ မလိုတော့ဘူးလို့ ခံစားနေရတာလား'
ကျန်းမင်က ပြုံးရင်း ရှင်းပြလိုက်၏။
"ညီမလေး ထိုက်ယန် တောင်ထွတ်မှာ ကျင့်ကြံနေတုန်းက အစ်ကိုကြီး တော်တော်လေး ပျင်းနေတာလေ... အဲ့ဒါကြောင့် စာကြည့်တိုက်ထဲက စာအုပ်တွေကို ဖတ်ရင်း အချိန်ဖြုန်းခဲ့တယ်... ပြီးတော့ ဘယ်လိုမျိုး ဟင်းချက်ရမလဲ ဆိုတာကို စတင် လေ့လာဖြစ်သွားတယ်... ညီမလေး ပြန်လာတဲ့အခါ အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးချင်လို့ပါ... နောက်နောင် ညီမလေး စားချင်တာ မှန်သမျှကို အစ်ကိုကြီး စိုက်ပျိုးပြီး ချက်ကျွေးမယ်"
"အစ်ကိုကြီးက ညီမလေးအပေါ် အရမ်း ကောင်းတာပဲ"
ဇီလင်းလုံ၏ မျက်လုံးများ နီရဲလာပြီး ကျန်းမင်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
"ဒါက သဘာဝပါပဲ..." ကျန်းမင်က သူမ၏ ဆံပင်ရှည်များကို ပွတ်သပ်ပေးနေ၏။ "ကဲပါ... ညီမလေးက ကလေး မဟုတ်တော့ဘူးလေ... ဘာလို့ ငိုနေတာလဲ"
"ဂရုမစိုက်ဘူး"
လင်းလုံက သူ့ ရင်ဘတ်ပေါ်တွင် မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ကျန်းမင်က သူမကို ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။
မွန်းလွဲပိုင်းတွင် ဂူဟိုင် ပြန်ရောက်လာချိန်၌ သူကြားခဲ့ရသည့် အကြောင်းအရာများကို တပည့်နှစ်ယောက်အား ပြန်လည် ပြောပြခဲ့၏။
ကျန်းမင်က သိပ်ပြီး တုံ့ပြန်မှု မရှိသော်လည်း လင်းလုံမှာမူ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
'ခဲချင်ချန်းနဲ့ မုလေ့ သေသွားတယ် ဟုတ်လား... မိစ္ဆာ လော့ဟို... မိစ္ဆာတွေရဲ့ အခြေစိုက်စခန်းကို ရှာတွေ့သွားပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ် ဟုတ်လား... ငါလုပ်ခဲ့တာက ငါ့ရဲ့ ဖီးနစ် သွေးကြောကို အချိန်မတိုင်ခင် နိုးထလာအောင် လုပ်ခဲ့တာပဲလေ... အဲ့ဒါက ဒီလို ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်လာအောင် ဘယ်လိုများ လမ်းစဖြစ်သွားတာလဲ'
လင်းလုံ တစ်ယောက် အံ့အားသင့်ကာ ရှုပ်ထွေးသွားရသည်။ သို့သော် ထိုအရာက သူမကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ သူမအတွက် အရေးအကြီးဆုံးအရာမှာ သူမ ချစ်ရသူများကို ကာကွယ်ရန်သာ ဖြစ်၏။ အခြားကိစ္စများကို သူမ ဂရုမစိုက်နိုင်ချေ။
ပေါက်ကွဲလုမတတ် သတင်းကြီးကို ရရှိပြီးနောက်တွင်ပင် ကျူယန် တောင်ထွတ်၏ အခြေအနေမှာ ပုံမှန်အတိုင်းပင် ရှိနေသေးသည်။
ညစာစားပြီးနောက် သူတို့ သုံးယောက်သား ခေါင်မိုးပေါ်တွင် ထိုင်ကာ လက်ဖက်ရည် သောက်ရင်း လမင်းကြီးကို ငေးကြည့်နေကြ၏။
ဂူဟိုင်က စိတ်လှုပ်ရှားစွာ ပြောလာသည်။
"မင်... မင်းက စိုက်ပျိုးရေး လုပ်ပြီး စိတ်နေစိတ်ထားကို ပြုပြင်ရင်း နှစ်အနည်းငယ် အတွင်းမှာပဲ ကျင့်ကြံခြင်းစွမ်းရည် ဒီလောက် ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းက အခု အုပ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်နေပြီ... ဒီနည်းလမ်းက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးရှိမှတော့ ဘေးနားက တောင်တွေပေါ်က မြေနေရာတွေကိုပါ ဘာလို့ အသုံးမချရမှာလဲ"
ကျန်းမင်က ပြန်ဖြေလိုက်၏။
"ကျွန်တော်က စိတ်နှလုံး၊ စရိုက်လက္ခဏာနဲ့ စိတ်ဆန္ဒတွေကို ပြုပြင်နေတာပါ... ကျွန်တော့်ရဲ့ စိတ်နှလုံးနဲ့ ဝိညာဉ် အပြည့်အဝ နှစ်မြှုပ်ပြီး ကြိုးကြိုးစားစား လုပ်ဆောင်သွားမှာပါ... အရင်တုန်းက မျိုးစေ့လေးတွေ အညှောက်ပေါက်လာတာ၊ အမြစ်တွေ၊ အညွန့်တွေ၊ ပန်းတွေ၊ သီးတွေ ထွက်လာတာကနေ ရင့်မှည့်ပြီး ညှိုးနွမ်းသွားတဲ့အထိ ဘယ်လို ဖြစ်စဉ်တွေ ရှိလဲဆိုတာကို တွေးတောရင်း ထိုးထွင်းသိမြင်မှုတွေ ရဖို့ ကြိုးစားခဲ့တယ်... သတိမထားမိခင်မှာပဲ ကျွန်တော့် စိတ်နှလုံးက သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်သွားပြီး အံ့မခန်း အမှန်တရား တချို့ကို နားလည်သဘောပေါက်လာခဲ့တာ... အဲ့ဒီရလဒ်အနေနဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း စွမ်းရည်လည်း တိုးတက်လာခဲ့တာပါ... ဒါ့အပြင် ညီမလေးရဲ့ အုပ်မြစ်တည်ဆောက်ခြင်း ဆေးလုံးတွေကလည်း အုပ်မြစ်တည်ဆောက်ခြင်း အဆင့်ကို တစ်ဟုန်ထိုး ရောက်သွားအောင် ကူညီပေးခဲ့ပါတယ်"
ဂူဟိုင်၏ မျက်လုံးများ တောက်ပသွားပြီး အာမေဋိတ်သံဖြင့် ပြောလိုက်သည်။
"ဒါက ရိုးသားဖြူစင်ခြင်း လမ်းစဉ်ပဲ... အံ့ဩစရာပဲ... စိုက်ပျိုးရေး လုပ်တာက မင်းရဲ့ စိတ်နှလုံးကို သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်အောင် ကူညီပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... အဲ့ဒါက ကြီးမြတ်တဲ့ လမ်းစဉ် တစ်ခုပဲ"
လင်းလုံက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ကျန်းမင် ပြုံးနေပြီး စိတ်ထဲမှ ကြိတ်တွေးနေမိ၏။
'ရိုးသားဖြူစင်ခြင်း လမ်းစဉ်က သောက်ကျိုးနည်းပဲ... ထားပါလေ... အနည်းဆုံးတော့ သူတို့ ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံသွားကြတာပဲ'
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာခဲ့လေပြီ။
ကျန်းမင်က ယွဲ့ချန် တစ်ယောက် မကောင်းကြံနေသလား ဆိုသည်ကို စစ်ဆေးကြည့်ချင်နေခြင်းပင်။
အမည် - ယွဲ့ချန်
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ကျီယန်တောင်ထွတ်၏ ပထမအဆင့် (မှတ်ချက် - ယင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်သည်)
ဆက်ဆံရေး - အနှုတ် ၁၂
အခြေအနေ - မိစ္ဆာဂိုဏ်းမှ လော့ဟို၏ လက်ချက်ဟု ယူဆရသော ခဲချင်ချန်းနှင့် မုလေ့တို့၏ သေဆုံးမှုကြောင့် သူ ရှုပ်ထွေးနေသည်။ လော့ဟိုဆိုသည်မှာ မည်သူမှန်း သူ မသိပေ။ သူတို့၏ အခြေစိုက်စခန်း တစ်ခု ရှာဖွေတွေ့ရှိသွားပြီး ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်ရချိန်တွင် သူ ထိတ်လန့်သွားခဲ့သည်။ သူ ပေါ်တီးပေါ်သတ် ဖြစ်သွားပါက နောက်ကျသွားမည် ဖြစ်သဖြင့် ဂိုဏ်းမှ ထွက်ပြေးရန် စဉ်းစားနေ၏။ နောက်ဆုံးရ သတင်းများကို စိုးရိမ်ပူပန်စွာ ဆက်လက် စောင့်မျှော်နေသည်။
ကျန်းမင်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ တစ်ခု ခေတ္တမျှ ထွက်ပေါ်လာ၏။ သူတို့၏ ဆက်ဆံရေး တန်ဖိုးမှာ ယခုအခါ အနှုတ် ၁၂ သို့ ရောက်ရှိသွားလေပြီ။ ဤသည်မှာ ယွဲ့ချန် တစ်ယောက် သူ့လို အရေးမပါသော ဇာတ်ကောင်လေး တစ်ယောက် အကြောင်းကို တဖြည်းဖြည်း မေ့ပျောက်လာနေပြီဟု အဓိပ္ပာယ် ရသည်။
လက်ရှိ ကျန်းမင် အတွက်တော့ ယွဲ့ချန်မှာ သူကြောက်ရွံ့နေရမည့်သူ တစ်ယောက် မဟုတ်တော့ပေ။ သူလုပ်ရမည့် အရာမှာ ယွဲ့ချန်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေရန်သာ ဖြစ်၏။
နောက်ရက် အနည်းငယ် အတွင်း ကျန်းမင်နှင့် လင်းလုံတို့ နှစ်ယောက် ကျင့်ကြံခြင်း မပြုလုပ်ခဲ့ကြပေ။
သူတို့နှစ်ယောက် မြေကြီးများကို ထွန်ယက် စိုက်ပျိုးနေခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ကျန်းမင်က ဆုလာဘ် တစ်ခုတည်းသာ ရရှိခဲ့၏။ ၎င်းမှာ သေခြင်းရှင်ခြင်း ဝင်္ကပါပြားပင်။ ယင်းမှာ အလွန် အစွမ်းထက်သော တာအိုလက်နက် တစ်ခု ဖြစ်၏။ ၎င်းကို ကျင့်ကြံပြီးနောက် မဟာဝင်္ကပါ တစ်ခုကို သူ တည်ဆောက်နိုင်ပေလိမ့်မည်။ ၎င်းက စိတ်ဝိညာဉ် ချီများကို စုပ်ယူခြင်းဖြင့် မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး စိတ်ဝိညာဉ် ကျောက်သလင်းများဖြင့်လည်း စွမ်းအား တိုးမြှင့်နိုင်ပေသည်။ ဤဆုလာဘ်မှာ သေချာပေါက် အသုံးဝင်၏။
ဆုလာဘ်ကို ရရှိပြီးနောက် ကျန်းမင်က ဝင်္ကပါပြားကို မဏ္ဍပ်အောက်တွင် မြှုပ်နှံလိုက်သည်။ ၎င်းက မူလ မဟာဝင်္ကပါ နှင့် တိတ်တဆိတ် ပေါင်းစပ်သွားပြီး မည်သည့် ခြေရာလက်ရာ သို့မဟုတ် လှိုင်းဂယက်မျှ ချန်မထားခဲ့ချေ။ ထိုသို့ဖြင့် ကျူယန် တောင်ထွတ်၏ ကာကွယ်ရေးမှာ များစွာ တိုးတက်လာခဲ့လေပြီ။
ပူပင်သောက ကင်းမဲ့သော နေ့ရက်များ ဆက်လက် ကုန်ဆုံးသွား၏။
စနစ်ကို ရရှိခဲ့သည်မှာ သုံးနှစ်ပြည့်ရန် နှစ်ရက်သာ လိုတော့ချိန်တွင် ဂူဟိုင်က ဆိုးရွားသော သတင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။
"ချင်းယွင်ဂိုဏ်းက အရှေ့ပိုင်းဒေသမှာ ရှိတဲ့ ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေ အကုန်လုံးဆီကို မိစ္ဆာတွေကို ချေမှုန်းဖို့ တပည့်တွေ စေလွှတ်ရမယ် ဆိုတဲ့ အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ်"
ဂူဟိုင်က သက်ပြင်းချရင်း ပြောလာ၏။
"ငါတို့ဂိုဏ်းက အမိန့်ကို မဖီဆန်နိုင်ဘူး... ငါတို့ရဲ့ ငြိမ်းချမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ... သွေးထွက်သံယိုမှုတွေကို ထပ်ပြီး မြင်တွေ့ရတော့မယ်"
"ချင်းယွင်ဂိုဏ်းက ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလို့ မရဘူးလား" ကျန်းမင်က မေးလိုက်သည်။
"ငါတို့ ရင်ဆိုင်နေရတာက မိစ္ဆာဂိုဏ်း ခြောက်ခု ဆိုရင်တော့ သူတို့ လုပ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့က ယင်မိစ္ဆာဂိုဏ်း တစ်ခုတည်းကိုပဲ ရင်ဆိုင်နေရပုံပေါ်တယ်... ကံဆိုးတာက သူတို့ အဖွဲ့ဝင်တွေက နေရာအနှံ့ ပြန့်ကျဲနေတော့ တစ်ထိုင်တည်းနဲ့ ရှင်းလင်းပစ်ဖို့ ခက်ခဲနေတာပဲ... အဲ့ဒါကြောင့် ချင်းယွင်ဂိုဏ်းက တခြား အင်အားစုတွေကို ဒီတာဝန်မှာ ပါဝင်စေချင်တာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြီးမားတဲ့ တိုက်ပွဲ အချို့ ဖြစ်ပွားခဲ့ပြီး အသေအပျောက် တော်တော် များခဲ့တယ်... အခြေအနေ အရ ကြည့်ရရင် ယင်မိစ္ဆာဂိုဏ်းက ပြန်လာဖို့ ကြိုးစားနေပုံပဲ... မိစ္ဆာဂိုဏ်းတွေ ဘာတွေ စီစဉ်နေလဲ မသိဘူး... ကမ္ဘာကြီးပေါ်ကို မကြာခင် ကမောက်ကမတွေ ကျရောက်လာတော့မယ် ထင်တယ်... ဒါ တကယ်ကို ဆိုးရွားတာပဲ" ဂူဟိုင်က ရှင်းပြလာ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဂူဟိုင်က ဆက်ပြောလာသည်။
"ဂိုဏ်းတိုင်းက အနည်းဆုံးတော့ ပတ်ဝန်းကျင် နယ်မြေတွေကို ရှာဖွေဖို့ တပည့်တွေ စေလွှတ်ရလိမ့်မယ်... ဒါပေမဲ့ ကျူယန် တောင်ထွတ်မှာ ငါတို့ သုံးယောက်တည်း ရှိပြီး သက်ကြီးရွယ်အိုနဲ့ ကလေးပဲ ရှိတာမို့လို့ ဂိုဏ်းချုပ်က ငါတို့ကို ဒီတာဝန်ကနေ ကင်းလွတ်ခွင့် ပေးလိုက်တယ်... မင်းတို့ နှစ်ယောက်လုံး တောင်ပေါ်မှာပဲ နေရမယ်... နားလည်လား"
ထိုအခါ လင်းလုံက အလျင်အမြန် ဝင်ပြောလိုက်၏။
"ဆရာ... တပည့် တာဝန်မှာ ပါဝင်ချင်တယ်"
"မရဘူး"
ဂူဟိုင်က သူမကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
"မင်းက ကျူယန် တောင်ထွတ်ရဲ့ မျှော်လင့်ချက်ပဲ... ဂိုဏ်းရဲ့ အနာဂတ်... မင်းကို ဒီအန္တရာယ်မျိုး အတွေ့မခံနိုင်ဘူး... မင်းရဲ့ လက်ရှိ တာဝန်က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ပဲ... တခြား ဘာကိုမှ ပူစရာ မလိုဘူး"
လင်းလုံက ငြင်းခုံလိုက်၏။
"ကျင့်ကြံနေရုံ သက်သက်နဲ့ ခရီးရောက်မှာ မဟုတ်ဘူး ဆရာရဲ့... အခက်အခဲတွေကို မကြုံတွေ့ရဘဲနဲ့ သမီး ကြီးထွားလာမှာ မဟုတ်ဘူး... အခု မိစ္ဆာတွေ လှုပ်ရှားနေပြီ ဆိုတော့ ငြိမ်းချမ်းတဲ့ နေ့ရက်တွေလည်း ကုန်ဆုံးသွားပြီလေ"
"မရဘူးဆို မရဘူးပဲ... ဆရာ အခြေအနေတွေကို သွားစစ်ဆေးဖို့ ခန်းမဆောင်ကြီးဆီ သွားလိုက်ဦးမယ်... ကျန်းမင်... မင်းညီမလေးကို သေချာ စောင့်ကြည့်ထား"
ဂူဟိုင်က လက်အိတ်ကို ခါယမ်းကာ ထွက်ခွာသွားတော့သည်။
"အစ်ကိုကြီး..." လင်းလုံက ကျန်းမင်၏ လက်မောင်းကို ကိုင်လှုပ်ရင်း တိုးညှင်းသော အသံဖြင့် ပြောလာ၏။ "ညီမလေးက အခု ရွှေအမြူတေ ကိုးကြိမ်မြောက် အစွန်းရောက် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ... ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့် ရှိတဲ့ လူတစ်ယောက်ကိုတောင် လွယ်လွယ်လေး ဖိနှိပ်နိုင်တယ်... ဒါ့အပြင် ဖီးနစ် သွေးကြောကနေ အမွေရထားတဲ့ မှော်ပညာတွေနဲ့ အထူးစွမ်းရည်တွေကိုလည်း ကျွမ်းကျင်နေပြီလေ... အဲ့ဒါတွေက တကယ် အစွမ်းထက်တော့ ညီမလေး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်... ညီမလေးရဲ့ ဖီးနစ် သွေးကြောကြောင့် အပြင်ဘက်မှာ ကြီးမားတဲ့ အခွင့်အရေးကြီး တစ်ခု စောင့်ကြိုနေတယ် ဆိုတာကို အာရုံခံနိုင်တယ်... အဲ့ဒါကိုသာ ဆုပ်ကိုင်နိုင်ရင် ညီမလေးရဲ့ ခွန်အားတွေ နောက်တစ်ကြိမ် အကြီးအကျယ် တိုးတက်လာမှာ သေချာတယ်"
ကျန်းမင် အံ့အားသင့်သွားသည်။
"ညီမလေးက အခု အဲ့လောက်တောင် အစွမ်းထက်နေပြီလား... သွေးကြောကနေ အဲ့ဒီအရာတွေ ပါလာမယ်လို့ အစ်ကိုကြီး မသိခဲ့ဘူး"
သို့သော် သူက ခေါင်းခါယမ်းကာ ပြောလိုက်၏။
"ညီမလေးက အရမ်း ငယ်သေးတယ်... ကျင့်ကြံတဲ့ နေရာမှာ တစ်လှမ်းချင်းစီပဲ သွားသင့်တယ်... မလိုအပ်ဘဲ အန္တရာယ် မဆွဲယူပါနဲ့... အနာဂတ်မှာ တခြား အခွင့်အရေးတွေ အမြဲတမ်း ရှိနေဦးမှာပါ"
"ဒါပေမဲ့ ညီမလေး သွားချင်တယ် အစ်ကိုကြီးရဲ့"
"ကောင်းပြီလေ... အဲ့ဒါဆို ညီမလေး ခိုးထွက်မယ်"
"လုပ်ရဲ လုပ်ကြည့်လေ... ငယ်ငယ်တုန်းကလို ဖင်ကို ရိုက်ပစ်မယ်"
"ညီမလေး ကိုကို့စကား နားမထောင်တော့ဘူးလား"
"ကျေးဇူးပြုပြီး အစ်ကိုကြီးရယ်... ဒီတစ်ခါလေးပါပဲ... ဂိုဏ်းသာ တိုက်ခိုက်ခံရရင် ကိုကို့ကို မကာကွယ်နိုင်မှာ စိုးရိမ်လို့ပါ... အဲ့ဒီအချိန်ကျရင် ညီမလေး ဘာလုပ်ရမလဲ... အခု အခွင့်အရေး ရနေတုန်း အနည်းဆုံးတော့ ကြိုးစားကြည့်ခွင့်ပေးပါ... စိတ်မပူပါနဲ့ အစ်ကိုကြီး... မိစ္ဆာတွေနဲ့ တွေ့ရင် ထွက်ပြေးပါ့မယ်လို့ ကတိပေးတယ်"
ဤစကားများကို ကြားရချိန်တွင် ကျန်းမင် တစ်ယောက် စိတ်မကောင်း ဖြစ်သွားရသည်။ သူက သူမကို ဖက်ထားရင်း ပြောလိုက်၏။
"စိတ်မပူပါနဲ့... အစ်ကိုကြီး ရှိနေသရွေ့ ဘာမှ အမှားအယွင်း မဖြစ်စေရဘူး... ညီမလေးက ငယ်ငယ်လေး ရှိသေးတာကို အများကြီး ပူပန်နေရတယ်... ညီမလေး ဒီလို ဖြစ်နေတာကို မြင်ရတော့ အစ်ကိုကြီး စိတ်မကောင်းဘူး" လင်းလုံက တိုးတိုးလေး ပြောလာသည်။
"အစ်ကိုကြီး... မိစ္ဆာဂိုဏ်းတွေက လှုပ်ရှားနေပြီလေ... ဒီကနေစပြီး အန္တရာယ်တွေ ပိုများလာတော့မှာ... အနှေးနဲ့ အမြန်ဆိုသလို ရန်သူတွေကို သတ်ဖို့ ဂိုဏ်းအပြင်ဘက်ကို ထွက်ရတော့မှာပဲ... ခွန်အားတွေ တိုးတက်လာအောင် အခုရနေတဲ့ အခွင့်အရေးကို ဘာလို့ ဆုပ်ကိုင်လို့ မရမှာလဲ... ကျေးဇူးပြုပြီး အစ်ကိုကြီးရယ်... ဒီတစ်ခါလေးပါပဲ... နောက်ဆို ကိုကို့စကား နားထောင်ပါ့မယ်လို့ ကတိပေးပါတယ်... ညီမလေးရဲ့ ခွန်အားနဲ့ဆို တာအိုမျိုးစေ့ ကျင့်ကြံသူတွေကို မသတ်နိုင်ရင်တောင် သူတို့လက်ကနေ ထွက်ပြေးနိုင်မယ်လို့ ယုံကြည်တယ်... ဒါ့အပြင် ဂိုဏ်းချုပ် ပေးထားတဲ့ အကာအကွယ် မှော်လက်နက်လည်း ရှိသေးတယ်လေ... ညီမလေး အန္တရာယ်ကင်းမှာပါ"
လင်းလုံ၏ ပြတ်သားသော စိတ်ဆန္ဒကို ကျန်းမင် အာရုံခံမိလိုက်သည်။ သူ ငြင်းပယ်လျှင်ပင် သူမ ခိုးထွက်သွားမည်မှန်း သူ သိနေသည်။
နောက်ဆုံးတွင် သူက ရွေးချယ်စရာ မရှိတော့ဘဲ ခေါင်းညိတ်လိုက်တော့သည်။
"ကောင်းပြီလေ"
သူမ၏ ရွှေအမြူတေ ကိုးကြိမ်မြောက် အစွန်းရောက် အဆင့် ကျင့်ကြံခြင်း စွမ်းရည်ဖြင့်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်အောင် အစွမ်းထက်နေသင့်ပေသည်။
ကျန်းမင်က စိတ်ထဲမှ ကြိတ်တွေးလိုက်၏။
'ဒါ့အပြင် ငါက သူ့ကို နောက်ကွယ်ကနေ ကာကွယ်ပေးမှာပဲ... သူ့ကို သွားခွင့်ပြုလိုက်သင့်ပါတယ်... ဘာပဲဖြစ်ဖြစ် သူ အရွယ်ရောက်လာပြီပဲ... အနှေးနဲ့ အမြန်တော့ အပြင်လောကကို ထွက်ရမှာပဲလေ...'
ထိုအကြောင်းကို တွေးမိချိန်တွင် ကျန်းမင်၏ နှလုံးသားထဲ၌ ခံစားချက်များ တစ်ဟုန်ထိုး တက်လာခဲ့၏။ အကြောင်းရင်း မသိရဘဲ သူ အထီးကျန်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
End
***