နောက်တစ်နေ့တွင်တော့ လင်းလုံ ထွက်ခွာသွားလေပြီ။
ဂူဟိုင်က သူမအား အတင်းအကျပ် တားဆီးရန် ကြိုးစားသော်ငြား သူမက သူ့ကို ဓားစက်ကွင်းထဲတွင် ပိတ်လှောင်ထားခဲ့၏။ ထို့နောက် ရယ်မောရင်း ကျန်းမင်အား လက်ပြနှုတ်ဆက်ကာ အခြားတပည့်များနှင့် ပူးပေါင်းရန် ပျံသန်းသွားတော့သည်။ ထိုသို့ဖြင့် သူမလည်း မိစ္ဆာများကို နှိမ်နင်းရန် ထွက်ခွာသွားခဲ့ပေပြီ။
ဂိုဏ်းချုပ်ကလည်း လင်းလုံအား တားဆီးခြင်း မရှိခဲ့ချေ။
ကျန်းမင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း...
"သူမကို ကြည့်ပါဦး"
လူသားလမ်းစဉ် မှတ်တမ်း ထွက်ပေါ်လာပြီး လင်းလုံ၏ နေရာသို့ စာမျက်နှာ လှန်သွားချိန်တွင် သူက အချက်အလက်များကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။
နောက်ဆုံးတွင် ဓားစက်ကွင်း အာနိသင် ပျောက်ကွယ်သွားသောအခါ ဂူဟိုင်က မှုန်ကုပ်နေသော မျက်နှာထားဖြင့် သူ့ဝိုင်ဘူးကို ထုတ်ယူလိုက်၏။ အရက် အနည်းငယ် မော့သောက်ပြီးနောက် သက်ပြင်းချကာ ညည်းတွားတော့သည်။
"သူမရဲ့ စွမ်းအားတွေက ငါ့ကိုတောင် ကျော်လွန်သွားပြီဆိုတာ ယုံတောင် မယုံနိုင်ဘူး... ငါက သူမရဲ့ ဆရာဖြစ်နေလျက်နဲ့... ငါ တကယ်ကို အိုမင်းနေပါပြီလေ... ဒီနောက်ပိုင်း ငါ မင်းတစ်ယောက်ကိုပဲ ထိန်းကျောင်းနိုင်တော့မယ် ထင်တယ်... ကျန်းမင်... မင်းက လင်းလုံကို မထိန်းချုပ်နိုင်ခဲ့တဲ့ အပြစ်ရှိတယ်... ငါတို့ရဲ့ စည်းမျဉ်းဟောင်းတွေအတိုင်း မင်းကို အပြစ်ပေးရမယ်"
ကျန်းမင်က မျက်လုံးလှန်ပြီး...
"ကျုပ်အပေါ် ဒေါသမပုံပါနဲ့ အဘိုးကြီးရာ"
ဂူဟိုင်က ဆက်လက် မှုန်ကုပ်နေရင်း...
"သွား... ငါတို့အတွက် နောက်တစ်နပ် စီစဉ်ချေ"
ကျန်းမင် ဆွံ့အသွား၏။ တပည့်တစ်ယောက် အနေဖြင့် သူက ဆရာဖြစ်သူ့ အမိန့်ကိုသာ နာခံနိုင်ပေမည်။
အစာစားပြီးနောက် ဂူဟိုင်က အပြင်ဘက် အခြေအနေများကို ပိုသိရှိနိုင်ရန် ခန်းမဆောင်ကြီးဆီသို့ အလျင်စလို ထွက်ခွာသွားလေသည်။
ထိုအခါ ကျန်းမင် တစ်ယောက်တည်း ပြန်လည် ကျန်ရစ်ခဲ့ပြန်၏။ သူက လင်းလုံ၏ အချက်အလက်များကို ထပ်မံ ခေါ်ယူကြည့်လိုက်သည်။
အမည် - ဇီလင်းလုံ
လိင် - မ
ကျင့်ကြံခြင်းအဆင့် - နဝမအဆင့် အစွန်းရောက် ရွှေရောင် ရွှေအမြုတေ
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်၏ တပည့်
ရင်းနှီးမှု - ၉၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ဖီးနစ် သွေးကြောစစ်စစ်)
အခြေအနေ - မိစ္ဆာများကို နှိမ်နင်းရန် ဂိုဏ်းမှ ထွက်ခွာသွားခြင်း။
သူက သူမ၏ အချက်အလက်များကို အချိန်ရတိုင်း လှမ်းကြည့်နေမိသည်။
…
ညလွှမ်းမိုးလာချိန်တွင် ကျန်းမင်က ဂိုဏ်းတံခါးမှ ထွက်ခွာလာခဲ့ပြီး မကြာမီမှာပင် သူ့ညီမငယ်လေးကို ရှာတွေ့သွားတော့သည်။
သူတို့အဖွဲ့ထဲတွင် အမျိုးသားနှင့် အမျိုးသမီး တပည့် အယောက်နှစ်ဆယ်ကျော် ရှိကြောင်း သူ သတိပြုမိလိုက်၏။ ထိုသူအများစုမှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ခေါင်းဆောင်များမှာ ထိုက်ယန်တောင်ထွတ်မှ ခရမ်းရောင် နန်းတော် အဆင့် ကျွမ်းကျင်သူ နှစ်ဦးပင်။ တာအိုမျိုးစေ့ အဆင့် အကြီးအကဲ တစ်ဦးကလည်း သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါစောင့်ရှောက်နေသည်။
လုံခြုံရေး အစီအမံများက လုံလောက်မှု ရှိလှ၏။
မည်သို့ပင်ဆိုစေ မိစ္ဆာဂိုဏ်းများမှ အစွမ်းထက် ကျွမ်းကျင်သူများမှာ ချင်းယွင်ဂိုဏ်း၏ စောင့်ကြည့်ခြင်းကို ခံနေရသည် သို့မဟုတ် လောလောဆယ် ကိုယ်ထင်ပြရန် ကြောက်ရွံ့နေကြဆဲ ဖြစ်ပေလိမ့်မည်။
ကျန်းမင်က သူ့ညီမငယ်လေးကို အဝေးမှ လှမ်းကြည့်နေပြီးနောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ကာ ညတစ်ဝက်ပင် မကျိုးသေးမီ မိုင်သောင်းချီ၍ ခရီးနှင်ခဲ့သည်။ သူ့အာရုံများကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး ဖြန့်ကျက်ထားလိုက်၏။ သူ့ညီမငယ်လေးနှင့် အခြားတပည့်များအတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သော မိစ္ဆာများ မရှိကြောင်း အတည်ပြုပြီးနောက်မှသာ ချူယန်တောင်ထွတ်သို့ စိတ်အေးလက်အေးဖြင့် ပြန်လည် ရောက်ရှိလာခဲ့လေသည်။
သန့်စင်ဆေးကြောပြီးနောက် ကျန်းမင်က သူ့ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း သန်းခေါင်ယံ အချိန်ရောက်လာရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ သူ့ခန့်မှန်းချက်အရ တတိယမြောက် နှစ်ပတ်လည်နေ့အတွက် ကြီးမားသော ဆုလာဘ်တစ်ခု ရရှိပေလိမ့်မည်။ သူက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး စိတ်ကို တည်ငြိမ်အောင် ထားရန်ပင် ခက်ခဲနေတော့သည်။
နောက်ဆုံး အချိန်ကျရောက်လာသောအခါ…
[ဒင်... ချူယန်တောင်ထွတ်တွင် သုံးနှစ်တိုင်တိုင် နေထိုင်ပြီး နေ့စဉ် သာမန်အလုပ်များကို လုပ်ဆောင်ခဲ့သည့်အတွက် ဂုဏ်ယူသည်။ ဆုလာဘ် - နှစ်တစ်ထောင်စာ ကျင့်ကြံမှု၊ မြေကမ္ဘာ ဝိညာဉ်သီး တစ်လုံး၊ ကောင်းကင် ဝိညာဉ်သီး တစ်လုံး၊ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် ရာချီ (အဆင့်မြင့်)၊ ဉာဏ်အလင်းပွင့် ကျောက်တုံး ငါးဆယ် (ရှားပါး)၊ ဝိညာဉ်စမ်းပေါက် တစ်ခု (ထိပ်တန်းအဆင့်)၊ ဉာဏ်အလင်းပွင့် လက်ဖက်ပင် မျိုးစေ့ (အင်မော်တယ်အဆင့်)]
[ဒင်... စတင်သူ အဆင့် ပြီးဆုံးသွားပါပြီ]
[ဒင်... သာမန်ဘဝ ဆိုသည်မှာ အလုပ်ကြမ်းများ လုပ်ရသော ဘဝ မဟုတ်ပါ။ သာမန်ဆိုတိုင်း ညံ့ဖျင်းရမည်ဟု အဓိပ္ပာယ် မသက်ရောက်ပါ။ သာမန်ဆိုသည်မှာ အဆုံးမရှိ ပင်ပန်းနွမ်းနယ်နေရခြင်း မဟုတ်ပါ။ လွတ်လပ်ပေါ့ပါးသော ဘဝကို ဖြတ်သန်းရင်း မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းကသာ သာမန်ဖြစ်ခြင်း၏ အဓိပ္ပာယ် အစစ်အမှန် ဖြစ်သည်]
[ဒင်... အနာဂတ်တွင် တိုးချဲ့နိုင်မည့် ဝိညာဉ်စိုက်ခင်းများမှာ သင့်ကျင့်ကြံခြင်း အဆင့်ပေါ်တွင် မူတည်ပါလိမ့်မည်။ တာအိုမျိုးစေ့ ကျင့်ကြံခြင်း အဆင့်ဖြင့် သင်က ဝိညာဉ်စိုက်ခင်း ငါးဧကအထိ တိုးချဲ့နိုင်သည်]
[ဒင်... ဝိညာဉ်မျိုးစေ့များကို ဝိညာဉ်စိုက်ခင်းတွင် မစိုက်ပျိုးမီ အနည်းဆုံး အဆင့်နိမ့် ဖြစ်နေရပါမည်။ အဆင့်မြင့်လေလေ ရိတ်သိမ်းချိန်တွင် ဆုလာဘ် ပိုမိုကြီးမားလေလေ ဖြစ်ပါလိမ့်မည်]
[ဒင်... သင်၏ ဘဝကို ဖြတ်သန်းရင်း သာမန်ဖြစ်ခြင်း၏ အဓိပ္ပာယ် အစစ်အမှန်ကို နားလည်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကျော်လွန်နိုင်ပါစေဟု ဆုတောင်းပေးလိုက်သည်]
ထို့နောက် အသိပေးချက်များ အဆက်မပြတ် ဝင်လာမှုမှာ ရုတ်တရက် ရပ်တန့်သွား၏။
ကျန်းမင် အံ့အားသင့်သွားသည်။ သို့သော် မကြာမီမှာပင် သူ့မျက်နှာထက် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ အတိတ်က စိုက်ခင်းများကို တိုးချဲ့စဉ်ကတည်းက တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားမိခဲ့သည်။ အကယ်၍ သူသာ စိုက်ခင်းများကို ဆက်လက် တိုးချဲ့နေမည်ဆိုပါက အဆုံးအစမရှိသော ဆုလာဘ်များ ဆက်တိုက် ရရှိနေမည် မဟုတ်ပါလား။ ယခင်က သူရရှိခဲ့သော ဆုလာဘ်များမှာ အတော်လေး တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထင်ထားသည့်အတိုင်းပင် သုံးနှစ်ကြာပြီးနောက် စတင်သူ အဆင့်မှာ ပြီးဆုံးသွားခဲ့လေပြီ။
ယခုအခါ စနစ်က သူ့အပေါ် ကန့်သတ်ချက်များ ချမှတ်နေပြီ ဖြစ်သည်။
ကျန်းမင်က တွေးတောနေရင်း...
"သာမန် ဟုတ်လား... လွတ်လပ်ပေါ့ပါးပြီး သာမန်ဖြစ်ခြင်းလား"
သို့သော် စနစ်က ဆိုလိုသော မိမိ၏ သာမန်ဖြစ်တည်မှုကို ကျော်လွန်ရမည် ဟူသည့် အဓိပ္ပာယ်ကိုမူ သူ နားမလည်နိုင်ခဲ့ပေ။
ခဏအကြာတွင် သူ ခေါင်းခါယမ်း၍ အတွေးများကို ဖယ်ရှားပစ်လိုက်သည်။
'ဘယ်သူက ဂရုစိုက်နေမှာလဲ... အကျိုးအမြတ်တွေ ရှိနေသရွေ့ ငါ ဂရုမစိုက်ဘူး... ဒီတစ်ခါ ဆုလာဘ်တွေကလည်း အရမ်းမိုက်တာပဲ... နှစ်တစ်ထောင်စာ ကျင့်ကြံမှုတောင် ရလိုက်တယ်... စတင်သူ အဆင့် ပြီးဆုံးသွားလို့များလား မသိဘူး... အနာဂတ်မှာလည်း ဒီလို ကြီးမားတဲ့ ဆုလာဘ်တွေ ထပ်ရဖို့ မျှော်လင့်ရတာပဲ'
ထို့နောက် ကျန်းမင်က သူ့ဆုလာဘ်များကို အကဲခတ်ကြည့်လိုက်၏။
မြေကမ္ဘာနှင့် ကောင်းကင် ဝိညာဉ်သီးများမှာ ယခင်က သူရရှိခဲ့သော လူသား ဝိညာဉ်သီးနှင့် ဆင်တူသည်။ ထိုအရာများမှာ ဉာဏ်အလင်းရနိုင်ခြေကို တိုးမြင့်ပေးမည့် ရှားပါး ပစ္စည်းများပင်။ ဤအသီးများက ပိုအစွမ်းထက်မည်မှာလည်း သေချာလှပေသည်။
ဖော်ပြချက်အရ ဆိုလျှင် ကောင်းကင် ဝိညာဉ်သီးမှာ အင်မော်တယ် ပစ္စည်းများနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေမည်။
ကျန်းမင် တွေဝေမနေတော့။ ချက်ချင်းပင် ယင်းကို ထုတ်ယူ၍ စားသုံးလိုက်တော့သည်။
ထို့နောက် သူ့စိတ်အာရုံမှာ ယခင်ကထက် အနည်းဆုံး အဆတစ်ထောင်ခန့် ပိုမြန်ဆန်လာသလို ခံစားလိုက်ရ၏။ လောကကြီး၏ နိယာမတရားများကို တွေးတောဆင်ခြင်နေစဉ် သူ့စိတ်ဝိညာဉ်မှာ လောကကြီးနှင့် တစ်သားတည်း ကျသွားသကဲ့သို့ပင်။ သူ့စိတ်ထဲတွင် အချို့သော စာလုံးများ ထွက်ပေါ်လာသည်ကိုပင် အာရုံခံနိုင်နေလေပြီ။
ဤအာနိသင်မှာ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များ၏ အာနိသင်နှင့် ဆင်တူလှသည်။
ကျန်းမင် အံ့အားသင့်သွားပြီး စိတ်အားထက်သန်စွာဖြင့်...
"ကြီးမြတ်တဲ့ တာအိုလမ်းစဉ်က လက်တစ်ကမ်းမှာပဲ"
သူ့ တိုးတက်မှုများမှာ သိသိသာသာ မပေါ်လွင်သော်ငြား နှစ်တစ်ထောင်စာ ကျင့်ကြံမှုထက်ပင် ပိုအဖိုးတန်ပေသည်။
ဤတစ်ကြိမ်တွင်တော့ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များနှင့် ကျောက်တုံးများ အပေါ်တွင် သူ မှတ်ချက် သိပ်မပေးချင်တော့ပေ။
သူ့အား အံ့အားသင့်စေသော နောက်ထပ် တစ်ခုမှာ ထိပ်တန်းအဆင့် ဝိညာဉ်စမ်းပေါက်ပင်။ သူ ထုတ်ယူလိုက်ချိန်တွင် ယင်းက မြေပြင်ပေါ်သို့ အခြေချပြီး အမြစ်တွယ်သွား၏။ အနီးအနားရှိ ဝိညာဉ်သွေးကြောများနှင့် ဆက်သွယ်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများကို စုပ်ယူလိုက်သည်။
ထို့နောက် သန့်စင်သော ဝိညာဉ်အရည်များ မဖြစ်ပေါ်မီ ဝိညာဉ်ချီ သိပ်သည်းဆကို တိုးမြှင့်ကာ ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တော့သည်။ ယင်းက သာမန် နေရာတစ်ခုကို ကျင့်ကြံခြင်းအတွက် တော်ဝင်မြေတစ်ခု အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိ၏။ တော်ဝင်မြေများ တည်ထောင်ရန်အတွက်ပင် အသုံးပြုနိုင်ပေသည်။
ကျန်းမင်က ချီးကျူးမှုများဖြင့် ပြည့်နှက်နေလျက်...
"ဒါက တကယ်ကို အံ့မခန်းပဲ"
ထို့နောက် ခြံဝင်းထဲ မြေအောက်နေရာ တစ်ခု တူးရန် မြေကမ္ဘာ မှော်ပညာ တစ်ခုကို အသုံးပြုလိုက်သည်။ ယင်းနောက် ထိုနေရာကို ဖုံးကွယ်ထားရန် သေဆုံးခြင်းနှင့် ရှင်သန်ခြင်း လှည့်စားမှု စက်ကွင်းပြားကို သက်ဝင်လှုပ်ရှားစေ၏။
အောက်ခြေမရှိသော ရေကန်တစ်ခုနှင့် တူသည့် ဝိညာဉ်စမ်းပေါက်ကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ချထားလိုက်ရာ အမြစ်တွယ်သွားပြီး စမ်းပေါက်တစ်ခု ဖြစ်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် လေလှိုင်းများ တစ်လျှောက် စာလုံးများက တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။
ဝီ...
စမ်းပေါက်က လှိုင်းဂယက် ထသွားပြီးနောက် အလွန် ကြွယ်ဝသော ချီများကို ထုတ်လွှတ်လိုက်၏။ သူ ရှင်းလင်းထားသော နေရာမှာ မြူခိုးများ ပုံစံဖြင့် ဝိညာဉ်ချီများ ပြည့်နှက်သွားတော့သည်။
အနည်းဆုံး အဆင့်မြင့် ဖြစ်နိုင်သော ဝိညာဉ်အရည်များလည်း ထွက်ပေါ်လာခဲ့လေပြီ။
ကျန်းမင်က အာမေဋိတ်သံဖြင့်...
"ဒါက တကယ်ကို မိုက်တာပဲ... ကံကောင်းလိုက်တာ"
ထို့နောက် ချူယန်တောင်ထွတ်၏ ထောင့်တိုင်းဆီ ဝိညာဉ်ချီများ ဖြန့်ကျက်ရန် စက်ကွင်းတစ်ခုကို အသုံးပြုလိုက်သည်။ ယင်းနောက် ထိုစက်ကွင်းက ဝိညာဉ်ချီများကို တောင်ထွတ်တစ်ခုလုံး လှည့်ပတ်သွားစေ၏။
ကျန်းမင်က ကိစ္စရပ် အများအပြားကို စဉ်းစားရင်း ပခုံးတွန့်ကာ...
"ချူယန်တောင်ထွတ်က အပြောင်းအလဲတွေကို နောက်ဆုံးတော့ တစ်ယောက်ယောက် သတိထားမိလာမှာပဲ... ဒါပေမဲ့ ဘာဖြစ်လဲလေ"
ထို့နောက် အခြေအနေကို ကြည့်ရှုရန် အမိုးပေါ်သို့ ခုန်တက်လိုက်သည်။ တောင်တန်း ပတ်လည်ရှိ လေထဲတွင် မြူခိုးများ ရစ်ဝဲနေသည်ကို သူ မြင်လိုက်ရ၏။ ထိုမြူခိုးများမှာ တောင်တန်း တစ်ဝိုက် လှည့်ပတ်နေသော ဝိညာဉ်အရည်များပင်။
"အနာဂတ်မှာ ဒီနေရာကို ကောင်းချီးပေးခံရတဲ့ နယ်မြေတစ်ခု ဖြစ်အောင် ငါ လုပ်ပစ်မယ်"
ထို့နောက် သူက နောက်ဆုံး ဆုလာဘ်ကို လှမ်းကြည့်လိုက်သည်။
အင်မော်တယ်အဆင့် လက်ဖက်ပင် မျိုးစေ့များမှာ အင်မော်တယ်များ၏ ပစ္စည်းတစ်ခုပင်။ သေမျိုးကမ္ဘာတွင် ၎င်းတို့ကို စိုက်ပျိုးရန် ခက်ခဲပေလိမ့်မည်။ ယင်းကို နေ့စဉ် အတုအယောင် အင်မော်တယ် စွမ်းအင်ဖြင့် ဖြစ်စေ သို့မဟုတ် ထိပ်တန်းအဆင့် ဝိညာဉ်စမ်းပေါက်ဖြင့် ဖြစ်စေ အာဟာရ ဖြည့်တင်းပေးမှသာ အညှောက်ပေါက်ပြီး ဖြည်းဖြည်းချင်း ကြီးထွားလာနိုင်မည် ဖြစ်သည်။
"စနစ်က ဘယ်လောက်တောင် သေချာ စဉ်းစားပေးထားတာလဲ... ငါ့ကို ထိပ်တန်းအဆင့် ဝိညာဉ်စမ်းပေါက် တစ်ခုနဲ့ အင်မော်တယ်အဆင့် မျိုးစေ့ကိုပါ ပေးထားတယ်... ဒီမျိုးစေ့ကနေ လက်ဖက်ခြောက်တွေ ဖြစ်လာဖို့ ဘယ်လောက်ကြာမလဲ မသိဘူး"
သို့သော် ကျန်းမင်မှာ စနစ်ထံမှ မည်သည့် အဖြေမှ မရရှိခဲ့ချေ။
သူ ခေါင်းခါယမ်းလိုက်၏။ ဤအင်မော်တယ် ပစ္စည်းမှ ထွက်ပေါ်လာမည့် အသီးအပွင့်များကို သူ သိပ်မမျှော်လင့်ထားတော့ပေ။ အကယ်၍ လက်ဖက်ခြောက်များ ထွက်လာရန် နှစ်တစ်သောင်းခန့် စောင့်ရမည် ဆိုပါက ၎င်းတို့မှာ အသုံးဝင်မည် မဟုတ်ပါလား။
'တကယ်လို့ ငါသာ ဒီမျိုးစေ့ကို စားလိုက်ရင် ဘယ်လို အာနိသင်တွေ ရှိလာမလဲ'
ကျန်းမင်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ထွက်ပေါ်လာပြီး စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
End
***