တမာန်တော်ခုနှစ်ပါးဂိုဏ်းတွင် တမာန်တော် ခုနှစ်ပါး ရှိသည်။
တမာန်တော် ခုနှစ်ပါး၏ ဆက်ခံသူများထဲတွင် ပထမတမာန်တော်ဖြစ်သော မြူမိုးမျိုးဆက်၏ ဆက်ခံသူသည် အားလုံးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်လာရန် ကံပါလာသူ ဖြစ်သည်။ ထိုသူသည် တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည် ဖြစ်သည်။
တမာန်တော် ခြောက်ပါးလုံးသည် တိုက်ခိုက်ရေးနှင့် အဖျက်စွမ်းအားကိုသာ အဓိကထားသည် မဟုတ်ပေ။
ဥပမာအားဖြင့် ဒုတိယတမာန်တော် ဖြစ်သော ပရောဟိတ်မျိုးဆက်ကဲ့သို့ ဖြစ်သည်။ ထိုမျိုးဆက်၏ ဆက်ခံသူမှာ တိုက်ခိုက်ရေးသမားထက် စစ်ဗျူဟာရှင်နှင့် ပို၍ တူသည်။
ပရောဟိတ်အဘိုးအို၏ စကားများအရ သူသည် ဖုန်းထျန်းဝူ၏ စွမ်းအားကို အတော်မျှော်လင့်ထားကြောင်း သိသာသည်။
သို့သော် ပရောဟိတ်အဘိုးအို၏ စကားကို ကြားသောအခါ ဖုန်းထျန်းဝူမှာ ထူးထူးခြားခြား ဝမ်းသာသွားပုံ မရပေ။ သူမက ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။
“စီနီယာဦးလေး ပရောဟိတ်... ကျမ ဒါတွေကို စိတ်မဝင်စားပါဘူး... အစ်ကိုသွမ့်နဲ့ ဘယ်တော့ ပြန်တွေ့ရမလဲဆိုတာပဲ သိချင်တာပါ...”
အစကတည်းကပင် ဖုန်းထျန်းဝူသည် သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်သို့ လာရသည့် အကြောင်းရင်းကို တစ်ခါမျှ မမေ့လျော့ခဲ့ချေ။ သူမသည် သွမ့်လင်းထျန်နှင့် ပြန်လည်ဆုံတွေ့ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ပရောဟိတ်အဘိုးအိုက သွမ့်လင်းထျန်ကို ရှာဖွေပေးမည်ဟု ကတိပေးခဲ့သောကြောင့်သာ သူမက သူခိုင်းသမျှကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူမသည် ပရောဟိတ်အဘိုးအို၏ စကားကို အကြွင်းမဲ့ နာခံခဲ့သည်။ ယခုမူ ပရောဟိတ်အဘိုးအိုဘက်က ကတိတည်ရမည့်အချိန် ရောက်နေပြီ ဖြစ်သည်။
“ဖုန်းထျန်းဝူ... အခု မင်းကို ငါပြောပြရမဲ့ ကိစ္စတစ်ခု ရှိတယ်...”
ပရောဟိတ်အဘိုးအိုက ဆိုသည်။ သူမကို ဆက်ပြီး ချော့မော့ထား၍ မရတော့ကြောင်း သို့မဟုတ် သူမ၏ မေးခွန်းကို ရှောင်လွှဲနေ၍ မဖြစ်တော့ကြောင်း သူ သိရှိလိုက်သည်။
“ဒါပေမဲ့ ငါပြောမဲ့အရာက လျှို့ဝှက်ချက်ပဲ...ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ မင်းနဲ့ နီးစပ်တဲ့သူတွေအပါအဝင် ဘယ်သူ့ကိုမှ ဒါကို မပြောပြရဘူး”
ပရောဟိတ်အဘိုးအို၏ အမူအရာမှာ ပြောဆိုနေစဉ်အတွင်း အလွန်ပင် တည်ကြည်လေးနက်နေသည်။
“ဟုတ်ကဲ့”
ဖုန်းထျန်းဝူက ခေါင်းညိတ်လိုက်သည်။ သူမသည် ပါးစပ်ဖွာတတ်သူမျိုး မဟုတ်ပေ။
“ငါ မင်းကို ဖီးနစ်ကလန်ကနေ လာခေါ်ရတာက ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ ဆက်ခံသူကလွဲလို့ တမာန်တော်ခုနှစ်ပါးဂိုဏ်းက ကျန်တဲ့ တမာန်တော် ငါးပါးရဲ့ ဆက်ခံသူတွေနဲ့ မင်းကို ပေါင်းစည်းပေးဖို့ပဲ... တမာန်တော် ခြောက်ပါးရဲ့ ဆက်ခံသူတွေ အားလုံး စုံသွားပြီဆိုတာနဲ့ ငါတို့ဂိုဏ်းရဲ့ စီနီယာ ချန်ထားခဲ့တဲ့ တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ကို ငါ ဖွင့်လှစ်ပေးမှာ”
ပရောဟိတ်အဘိုးအိုက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
“တမာန်တော် ခြောက်ပါးရဲ့ ဆက်ခံသူတွေ.... တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်”
ပရောဟိတ်အဘိုးအို၏ စကားကို ကြားသောအခါ ဖုန်းထျန်းဝူမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ပဉ္စမတမာန်တော် မီးတောက်ဖီးနစ်မျိုးဆက်၏ ဆက်ခံသူအနေဖြင့် တမာန်တော် ခြောက်ပါး ပေါင်းစည်းခြင်းက ဘာကို ဆိုလိုသည်ကို ဖုန်းထျန်းဝူ သိရှိသည်။ ၎င်းမှာ ပထမတမာန်တော် မြူမိုးမျိုးဆက်၏ ဆက်ခံသူမှအပ ကျန်ရှိသော အခြားတမာန်တော် ငါးပါး၏ ဆက်ခံသူများနှင့် သူမ တွေ့ဆုံရတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ဖုန်းထျန်းဝူသည် ထိုကိစ္စကို အထူးတလည် မျှော်လင့်မနေသော်လည်း အံ့အားသင့်သွားသည်။ သူမ၏ ရှေ့မှ အဘိုးအိုသည် တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ အခြားသော ဆက်ခံသူ ငါးဦးကို အောင်မြင်စွာ ရှာဖွေတွေ့ရှိထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
“တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ဆိုတာ ဘာလဲဟင်...”
ဖုန်းထျန်းဝူက မမေးဘဲ မနေနိုင်တော့ပေ။
“တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ဆိုတာ တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ မြူမိုးမျိုးဆက်က အရင်မျိုးဆက် ဆက်ခံသူတစ်ယောက် ချန်ထားခဲ့တဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အစီအရင်တစ်ခုပဲ”
ထိုအစီအရင်အကြောင်းကို ပြောသောအခါ ပရောဟိတ်အဘိုးအို၏ အသံတွင် ရိုသေလေးစားမှုများ ပါဝင်နေသည်။ ထို့နောက် သူက ဆက်လက်ရှင်းပြသည်။
“အဲ့ဒီအစီအရင်ကို ပထမတမာန်တော် မြူမိုးမျိုးဆက်ကလွဲလို့ ကျန်တဲ့ တမာန်တော် ခြောက်ပါးရဲ့ ဆက်ခံသူတွေအတွက် ဖန်တီးထားတာ....တမာန်တော် ခြောက်ပါးရဲ့ ဆက်ခံသူတွေ အဲ့ဒီအစီအရင်ထဲကို ဝင်လိုက်တာနဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သိုင်းတာအို မွေးရာပါပါရမီတွေက အကြီးအကျယ် တိုးတက်လာလိမ့်မယ်.... အဲ့ဒါက မင်းနဲ့ တခြားဆက်ခံသူတွေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ အများကြီး မြင့်မားလာမယ်လို့ ဆိုလိုတာပဲ”
“ကျမရဲ့ ပင်ကိုဝိညာဉ်အမြစ်က အကြီးအကျယ် တိုးတက်လာမှာလား...” ဖုန်ထျန်းဝူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ဒါက ဖီးနစ်ကလန်ရဲ့ ပြန်လည်မွေးဖွားခြင်းအရပ်နဲ့ ဆင်တူတာလား...”
ဖုန်ထျန်းဝူသည် ဖီးနစ်ကလန်၏ ပြန်လည်မွေးဖွားခြင်းအရပ်တွင် ပြန်လည်မွေးဖွားခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သောကြောင့် သူမ၏ ပင်ကိုဝိညာဉ်အမြစ်နှင့် ကျင့်ကြံမှုအဆင့်မှာ တိုးတက်ပြီးသား ဖြစ်သည်။
“ဆင်တူတယ်... ဒါပေမဲ့ အစီအရင်ရဲ့ အကျိုးသက်ရောက်မှုက အများကြီး ပိုအစွမ်းထက်တယ်”
ပရောဟိတ်အဘိုးအိုက တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ကို သူကိုယ်တိုင် ဖန်တီးခဲ့သကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“သူ့ရဲ့ အာနိသင်က ပြန်လည်မွေးဖွားခြင်းအရပ်ထက်တောင် ပိုပြီး အစွမ်းထက်တာလား...”
ဖုန်ထျန်းဝူမှာ အလွန် တုန်လှုပ်သွားသည်။ သူမ သတိပြန်ဝင်လာရန် အချိန်အတော်ကြာအောင် စောင့်လိုက်ရသည်။
ဖုန်ထျန်းဝူသည် ပြန်လည်မွေးဖွားခြင်းအရပ်တွင် ကိုယ်တိုင် ပြန်လည်မွေးဖွားခဲ့သူ ဖြစ်သဖြင့် သူမ မည်မျှအထိ တိုးတက်လာခဲ့သည်ကို ကောင်းကောင်း သိရှိသည်။ သို့သော် ပရောဟိတ်အဘိုးအိုက ယခု တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်၏ အကျိုးသက်ရောက်မှုမှာ ပြန်လည်မွေးဖွားခြင်းအရပ်ထက်ပင် ပိုမို ထူးကဲသည်ဟု ဆိုနေသည်။
“သဘာဝကျကျပဲ... ဒါက အဓိက အချက်တော့ မဟုတ်သေးဘူး...”
ပရောဟိတ်အဘိုးအိုက ပြောလိုက်သည်။
ပရောဟိတ်အဘိုးအို၏ စကားက ဖုန်ထျန်းဝူ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ သူမက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ တမာန်တော် ခြောက်ပါးက မကြာခင်မှာ စုံစည်းတော့မယ်... အဲ့ဒီနောက်မှာတော့ တမာန်တော် ခုနှစ်ပါးစလုံး စုံစည်းသွားလိမ့်မယ်... ဒါပေမဲ့ ခုနှစ်ပါးစလုံး စုံဖို့ကတော့ အချိန်နည်းနည်း လိုပါသေးတယ်”
ပရောဟိတ်အဘိုးအိုက ဆိုသည်။
တမာန်တော် ခုနှစ်ပါးလုံး စုံစည်းမယ်....
ပရောဟိတ်အဘိုးအို၏ စကားကို ကြားသောအခါ ဖုန်ထျန်းဝူ၏ မျက်လုံးများထဲတွင် သိချင်စိတ်များ ပြည့်နှက်သွားသည်။ သူမသည် တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ပထမတမာန်တော် မြူမိုးမျိုးဆက်၏ လက်ရှိဆက်ခံသူက မည်သူဖြစ်မည်ကို သဘာဝကျကျပင် သိချင်နေမိသည်။
အရင်တုန်းက သူမ လေတံခွန်နိုင်ငံ၏ သတ္တမအဆင့်အင်အားစု ဖြစ်သော လွင့်မျောမီးတောက်ဂိုဏ်းတွင် ရှိနေစဉ်က သူမ၏ ဆရာမဖြစ်သူ ဂိုဏ်းချုပ် ကျီယွင်၏ ပြောပြချက်အရ တမာန်တော် ခုနှစ်ပါးထဲတွင် အဆန်းကြယ်ဆုံးနှင့် အစွမ်းအထက်ဆုံးမှာ ပထမတမာန်တော် မြူမိုးမျိုးဆက်၏ ဆက်ခံသူ ဖြစ်ကြောင်း သိခဲ့ရသည်။ တမာန်တော် ခုနှစ်ပါးစလုံး စုံစည်းမိပါက သူမသည် ပထမတမာန်တော် မြူမိုးမျိုးဆက်၏ ဆက်ခံသူနှင့် တွေ့ဆုံနိုင်မည် ဖြစ်သည်။
“တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ ဆက်ခံသူတွေ စုံစည်းမဲ့နေ့က...”
“မင်းရဲ့ အစ်ကိုသွမ့်နဲ့ ပြန်လည်ဆုံမဲ့နေ့ပဲ”
ဂျုန်း...
ပရောဟိတ်အဘိုးအို၏ စကားက ဖုန်ထျန်းဝူ၏ ခေါင်းကို မိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သကဲ့သို့ ခံစားရသည်။ သူမမှာ ဆွံ့အထိတ်လန့်သွားပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာအောင် စောင့်လိုက်ရသည်။
တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ဆက်ခံသူများ စုံစည်းမည့်နေ့သည် သွမ့်လင်းထျန်နှင့် ပြန်လည်ဆုံတွေ့မည့်နေ့လော....
“စီနီယာ... ဦးလေးပရောဟိတ်... ဦးလေး... ဦးလေး ဘာကိုဆိုလိုတာလဲ”
ဖုန်ထျန်းဝူသည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီးနောက် မေးလိုက်သည်။
“ဒီကောင်မလေးကတော့... ငါပြောတာ ရှင်းရှင်းလင်းလင်း မရှိလို့လား”
ပရောဟိတ်ကြီးက ခေါင်းခါလျက် ပြုံးကာ
“မင်းရဲ့အစ်ကိုသွမ့်က ငါတို့ တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ လက်ရှိဆက်ခံသူပဲ” ဟု ပြောလိုက်သည်။
ဖုန်ထျန်းဝူသည် ပရောဟိတ်ကြီး ဆိုလိုသည့်အရာကို ရိပ်မိပြီးသား ဖြစ်သည်။ သို့သော်လည်း ထိုကိစ္စကို ယုံကြည်ရန် ခက်ခဲနေသောကြောင့် အတည်ပြုနိုင်ရန် ထပ်မံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်တော့ သွမ့်လင်းထျန်သည် တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ပထမတမာန်တော် မြူမိုးမျိုးဆက် ဆက်ခံသူဖြစ်ကြောင်း သူမ ရာနှုန်းပြည့် သေချာသွားခဲ့ပြီ ဖြစ်သည်။
“အစ်ကိုသွမ့်က ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ ဆက်ခံသူဖြစ်နေမယ်လို့... ကျ... ကျမ မထင်ထားခဲ့ဘူး”
ဖုန်ထျန်းဝူ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ဒါကြောင့် အဲဒီတုန်းက ဆရာမက အစ်ကိုသွမ့်ကို တမာန်တော်ခုနှစ်ပါးဂိုဏ်းအကြောင်း သိလားလို့ မေးခဲ့တာကိုး... ဆရာမပြောပုံအရဆိုရင် အစ်ကိုသွမ့် သုံးခဲ့တဲ့ ဓားတစ်သောင်းနယ်မြေက ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ ဆက်ခံသူအတွက် သီးသန့်ဖြစ်နေလို့ပဲ....
ဖုန်ထျန်းဝူသည် အတိတ်က လေမီးဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရလာသည်။
ထိုစဉ်က သူမ၏ဆရာမဖြစ်သူ လေမီးဂိုဏ်း၏ ဂိုဏ်းချုပ် ကျီယွမ်သည် အစ်ကိုသွမ့်က ဓားတစ်သောင်းနယ်မြေအား အသုံးပြုသည်ကို မြင်သောအခါ တမာန်တော်ခုနှစ်ပါးဂိုဏ်းအကြောင်း သိမသိ မေးမြန်းခဲ့သည်။
သွမ့်လင်းထျန်ကမူ ၎င်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြောင်း ဖြေကြားခဲ့သည်။ ထို့ကြောင့် သူမ၏ဆရာမ ကျီယွမ်က သွမ့်လင်းထျန်သည် ပထမတမာန်တော် မြူမိုးမျိုးဆက်နှင့် မည်သို့မျှ မသက်ဆိုင်ဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။
“ဦးလေးပရောဟိတ်... ကျမ မှတ်မိသလောက်ဆိုရင် ဆရာမက အစ်ကိုသွမ့်ကို တမာန်တော်ခုနှစ်ပါးဂိုဏ်းအကြောင်း သိလားလို့ မေးခဲ့ဖူးတယ်... အဲဒီတုန်းက အစ်ကိုသွမ့်က မသိဘူးလို့ ပြန်ဖြေခဲ့တယ်... အဲဒါ ဘာဖြစ်လို့လဲ”
ဖုန်ထျန်းဝူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“သူက တမာန်တော်ခုနှစ်ပါးဂိုဏ်းအကြောင်း မသိတာ အံ့သြစရာတော့ မဟုတ်ပါဘူး... ငါသိသလောက်တော့ တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ အမွေအနှစ်မှာ တမာန်တော်ခုနှစ်ပါးဂိုဏ်းအကြောင်း ဖော်ပြထားတာ မရှိဘူးလေ... ဒါပေမဲ့ သူက ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ ဆက်ခံသူဆိုတာကိုတော့ သေချာပေါက် သိမှာပါ”
ပရောဟိတ်ကြီးက ရှင်းပြလိုက်သည်။
ဖုန်ထျန်းဝူသည် နောက်ဆုံးတွင် အခြေအနေများကို ရှင်းလင်းစွာ နားလည်သဘောပေါက်သွားသည်။
“ဦးလေးပရောဟိတ်”
ဖုန်ထျန်းဝူသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။ သူမသည် ပရောဟိတ်ကြီးအား ကြည့်ကာ တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“စောစောက ဦးလေးပြောတာ တမာန်တော်ခုနှစ်ပါးဂိုဏ်းရဲ့ အရင်ဆက်ခံသူ ချန်ထားရစ်ခဲ့တဲ့ တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်က ပထမတမာန်တော် မြူမိုးမျိုးဆက်ကလွဲလို့ ကျန်တဲ့ တမာန်တော်ခြောက်ပါးရဲ့ ဆက်ခံသူ ခြောက်ယောက်အတွက် ရည်ရွယ်ပြီး စွမ်းအားနဲ့ ပင်ကိုပါရမီတွေ တိုးတက်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ ဟုတ်လား”
“ဟုတ်တယ်လေ”
ပရောဟိတ်ကြီးသည် နားမလည်နိုင်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ ဤအကြောင်းကို ဖုန်ထျန်းဝူအား ရှင်းပြပြီးပြီ မဟုတ်လော...
“ဦးလေးပရောဟိတ်... ကျမ တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ထဲ ဝင်ခွင့်ရမဲ့ နေရာကို အစ်ကိုသွမ့်အတွက် စွန့်လွှတ်ချင်တယ်... ဒါမှ သူရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပင်ကိုပါရမီ တိုးတက်လာမှာ”
ဖုန်ထျန်းဝူက ပရောဟိတ်ကြီးအား ကြည့်လျက် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ပြောလိုက်သည်။
ဖုန်ထျန်းဝူ၏ စကားကို ကြားသောအခါ ပရောဟိတ်ကြီး ဆွံ့အသွားသည်။ ဖုန်ထျန်းဝူသည် သူ့အား အထင်လွဲနေကြောင်း သူ နားလည်လိုက်သည်။ သို့သော်လည်း သူက သူမ၏ အထင်လွဲမှားမှုကို မပြင်ဆင်ပေးဘဲ ပြန်မေးလိုက်သည်။
“မင်းရဲ့အစ်ကိုသွမ့်အတွက် တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ထဲ ဝင်ရမဲ့ အခွင့်အရေးကို တကယ် စွန့်လွှတ်ဖို့ စဉ်းစားထားတာလား”
သူက ဆက်၍ “သေချာ စဉ်းစားဦးလေ... မင်းက သူ့ကို အဲဒီအခွင့်အရေး ပေးလိုက်မယ်ဆိုရင် တမာန်တော်ခုနှစ်ပါးဂိုဏ်းက တမာန်တော်ခုနှစ်ပါးရဲ့ ဆက်ခံသူတွေထဲမှာ မင်းက အောက်ဆုံးကို ရောက်သွားလိမ့်မယ်... ဒါက မင်းအတွက် လုံးဝမကောင်းဘူးနော်” ဟု ပြောလိုက်သည်။
“ကျွန်မ ဆုံးဖြတ်ပြီးပါပြီ”
ဖုန်ထျန်းဝူက ပြန်ဖြေလိုက်သည်။ သူမအတွက် သွမ့်လင်းထျန်ထက် ပိုအရေးကြီးသော အရာဟူ၍ မရှိပေ။ ယခင်က သူမသည် သူ၏အသက်အတွက် သူမ၏အသက်ကိုပင် စတေးရန် တုံ့ဆိုင်းခဲ့ခြင်း မရှိခဲ့သူဖြစ်သည်။
“မင်း အဲဒီကောင်လေးအပေါ် တကယ် ကောင်းတာပဲ...”
ပရောဟိတ်ကြီးသည် သွမ့်လင်းထျန်အပေါ် ဖုန်ထျန်းဝူ မည်မျှ မြတ်နိုးတွယ်တာကြောင်း မြင်သောအခါ မနာလိုမှု အငွေ့အသက် ရေးရေးလေးဖြင့် ပြောလိုက်သည်။
သူ၏ လူငယ်ဘဝ အတိတ်ကာလတုန်းက အဘယ်ကြောင့် သူ၏အပေါ် ဤမျှအထိ ပေးဆပ်မည့် မိန်းကလေး တစ်ယောက်မျှ မရှိခဲ့ရသနည်း...
အကယ်၍ ထိုကဲ့သို့သော မိန်းကလေးသာ ရှိခဲ့ပါက သူသည် ယခုအချိန်အထိ လူပျိုကြီးဘဝဖြင့် အရိုးထုတ်နေမည် မဟုတ်ပေ။
***