“ကောင်းပြီ... ငါ မင်းကို ဆက်မနောက်တော့ဘူး”
ပရောဟိတ်ကြီးသည် နောက်ဆုံးတွင် ဖုန်ထျန်းဝူကို အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဆက်၍ ပြောလိုက်သည်။
“စောစောက ငါပြောခဲ့သလိုပဲ တမာန်တော်ခြောက်ပါးကောင်းကင်ကံကြမ္မာ ပြောင်းလဲခြင်း မဟာအစီအရင်ကို မင်းရဲ့အစ်ကိုသွမ့် ဆရာသခင်ဖြစ်တဲ့ တမာန်တော်ခုနှစ်ပါးဂိုဏ်း မြူမိုးမျိုးဆက်ရဲ့ အရင်ဆက်ခံသူက ချန်ထားရစ်ခဲ့တာ။ သူက မင်းရဲ့အစ်ကိုသွမ့်ရဲ့ ဆရာသခင်ဖြစ်နေမှတော့ သူ့အတွက် အကျိုးရှိမယ့်ကိစ္စဆိုရင် ချန်ထားခဲ့ပါ့မလား... ပထမတမာန်တော် မြူမိုးမျိုးဆက်ရဲ့ ဆက်ခံသူကို ဒီအစီအရင်ထဲ ဝင်ခွင့်မပြုတာက အကြောင်းရင်းတစ်ခုခု ရှိလို့နေမှာပေါ့... ဒါကြောင့် မင်းရဲ့အစ်ကိုသွမ့်အတွက် စိတ်ပူနေစရာ အကြောင်းမရှိပါဘူး”
ပရောဟိတ်ကြီး၏ စကားကို ကြားပြီးနောက် ဖုန်ထျန်းဝူသည် သူမ အထင်လွဲသွားကြောင်း နားလည်သွားခဲ့သည်။
“ဪ... ဒီလိုကိုး”
သူမ၏ မျက်နှာလေးမှာ ရဲတက်သွားသည်။
ပရောဟိတ်ကြီးက စကားလမ်းကြောင်းကို ရုတ်တရက် လွှဲကာ ပြောလိုက်သည်။
“ကဲ... ငါတို့ သွားရမယ့်အချိန် ရောက်ပြီ... နောက်တစ်နေရာကို ဝင်ပြီးရင် မြောက်ပိုင်းဒေသကို ပြန်ကြတာပေါ့”
ဖုန်ထျန်းဝူလည်း စိတ်တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ ပရောဟိတ်ကြီး၏ စကားကို ကြားသောအခါ သူမ အနည်းငယ် နားမလည်ဖြစ်သွားပြီး မေးလိုက်၏။
“ကျွန်မတို့ ဘယ်သွားကြမလို့လဲ”
“ငါ့ရဲ့ တိုက်ရိုက်တပည့် ပရောဟိတ်မျိုးဆက်ရဲ့ လက်ရှိဆက်ခံသူကို သွား ခေါ်မလို့” ပရောဟိတ်ကြီးသည် သူ၏ တိုက်ရိုက်တပည့်အကြောင်း ပြောသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ တိုက်ရိုက်တပည့်အပေါ် အလွန်ကျေနပ်အားရနေပုံ ရသည်။
“ပရောဟိတ်မျိုးဆက်ရဲ့ လက်ရှိဆက်ခံသူ...” ဖုန်ထျန်းဝူ၏ မျက်လုံးများ အရောင်လက်သွားပြီး “ဦးလေးပရောဟိတ်ကြီး... ဦးလေးက ဦးလေးရဲ့အမွေကို ဆက်ခံဖို့ လိမ်ညာလှည့်စားတတ်တဲ့ လူတစ်ယောက်ကို ရှာထားတာလား” ဟု နောက်ပြောင်ကာ မေးလိုက်သည်။
ဖုန်ထျန်းဝူ၏ မျက်လုံးထဲတွင်တော့ ပရောဟိတ်ကြီးမှာ လိမ်ညာလှည့်စားတတ်သော အဘိုးအိုကြီးတစ်ဦးနှင့် တူနေသည်။ ထို့ကြောင့် ပရောဟိတ်ကြီး၏ တိုက်ရိုက်တပည့်အား လိမ်ညာလှည့်စားမည့် လူဟု သူမ တွေးမိသည်မှာ သဘာဝကျလှသည်။
“ငါ့တပည့်က ပန်းလေးတစ်ပွင့်လို၊ ကျောက်စိမ်းလေးတစ်ခုလို လှတယ်ဟ... လိမ်ညာလှည့်စားတတ်တဲ့သူ လုံးဝမဟုတ်ဘူး... တကယ်တော့ အလှအပပိုင်းမှာဆိုရင် သူက မင်းထက်တောင် မနိမ့်ဘူး”
ပရောဟိတ်ကြီးက ခေါင်းခါလျက် ဖုန်ထျန်းဝူအား မကျေမနပ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မိန်းကလေးလား”
ဖုန်ထျန်းဝူ ဆွံ့အသွားသည်။ ပရောဟိတ်ကြီးသည် ပရောဟိတ်မျိုးဆက်ကို ဆက်ခံရန် မိန်းကလေးတစ်ဦးအား တိုက်ရိုက်တပည့်အဖြစ် လက်ခံထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုသို့ဆိုလျှင် ထိုမိန်းကလေးမှာ လူလိမ်မလေး ဖြစ်နေမည်လား...
သဘာဝကျစွာပင် ပရောဟိတ်ကြီး၏ မိန်းကလေးတပည့်နှင့် ပတ်သက်၍ သူမ အလွန်သိချင်စိတ် ပြင်းပြသွားသည်။
ပရောဟိတ်ကြီးသည် မည်သို့သော မိန်းကလေးမျိုးကို တမာန်တော်ခုနှစ်ပါးဂိုဏ်း၏ ဒုတိယတမာန်တော် ပရောဟိတ်မျိုးဆက် ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သနည်း...
ဖုန်ထျန်းဝူသည် ပရောဟိတ်ကြီးနှင့် အချိန်အကြာကြီး အတူမနေခဲ့ရသော်လည်း သူသည် မျှော်လင့်ချက် ကြီးမားသူဖြစ်ပြီး အလွန်ဂျီးများသူ တစ်ဦးဖြစ်ကြောင်း သိသည်။ သူ၏ အာရုံစိုက်မှုကို ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဖုန်ထျန်းဝူသည် သူ၏ မိန်းကလေးတိုက်ရိုက်တပည့်အား သွား ခေါ်ရန် ပရောဟိတ်ကြီး နောက်သို့ လိုက်သွားခဲ့သည်။
.................
တစ်ချိန်တည်းမှာပင် သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်၏ အလယ်ပိုင်းဒေသ၌...
အချိန်အတန်ကြာ ခရီးသွားပြီးနောက် သွမ့်လင်းထျန်သည် သူ၏ ခရီးပန်းတိုင်သို့ ဆိုက်ရောက်လာခဲ့သည်။
အဝေးမှ လှမ်းမြင်နေရသော ခမ်းနားထည်ဝါသည့် မြို့တော်ကြီးတစ်ခုသည် သွမ့်လင်းထျန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
အဝေးမှ ကြည့်လျှင် ထိုမြို့တော်ကြီးမှာ မြေပြင်ပေါ်တွင် ဝပ်နေသော သားရဲကြီးတစ်ကောင်နှင့် တူနေပြီး အထင်ကြီးလေးစားဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ ပွင့်ဟနေသော မြို့တံခါးကြီးများမှာမူ အထဲသို့ ဝင်ရောက်လာသူများကို ဝါးမျိုပစ်မည့် သားရဲကြီး၏ ပါးစပ်ပေါက်များနှင့် တူနေသည်။
“တော်တော် စည်ကားတာပဲ” သွမ့်လင်းထျန်သည် မြို့နှင့် နီးကပ်လာသောအခါ မြို့ထဲသို့ အဝင်အထွက် လုပ်နေကြသော လူမြောက်မြားစွာကို မြင်တွေ့လိုက်ရသည်။ ထိုနေရာမှာ အလွန်ပင် ရှုပ်ယှက်ခတ်နေသည်။
ဒါက ဒုစရိုက်မြို့တော် ဆိုတာလား... အပြင်ပန်းကြည့်ရတာတော့ ငါရောက်ဖူးတဲ့ တခြားမြို့တွေထက် ပိုကြီးတာကလွဲရင် ဘာမှ ထူးခြားပုံမရပါဘူး..... သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။
ရုတ်တရက်...
ရွှစ်... ရွှစ်... ရွှစ်...
လေတိုးသံများသည် ဒုစရိုက်မြို့တော်ဆီမှ ထွက်ပေါ်လာပြီး သွမ့်လင်းထျန်သည် အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ လူရိပ်သုံးခုက သူရှိရာဆီသို့ အလျင်အမြန် ပျံသန်းလာနေသည်ကို သူ မြင်လိုက်ရသည်။
ရှေ့ဆုံးမှ လာနေသူမှာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာရှိပြီး မျက်လုံးများမှာလည်း တင်းမာနေသည်။ သူသည် တစ်စုံတစ်ခုကို ကြောက်ရွံ့စိုးရိမ်နေကြောင်း သိသာထင်ရှားလှသည်။
ဤသည်မှာ သူ၏အနောက်မှ အနီးကပ် လိုက်လံဖမ်းဆီးနေသော လူလတ်ပိုင်းနှစ်ဦးကြောင့် ဖြစ်ပေမည်။ ထို့အပြင် ထိုလူလတ်ပိုင်းနှစ်ဦး၏ အမြန်နှုန်းမှာ အဘိုးအိုထက် များစွာ သာလွန်နေသည်။ သူတို့သည် အဘိုးအိုထံသို့ အလျင်အမြန် နီးကပ်လာနေပြီ ဖြစ်သည်။
အဘိုးအိုသည် သွမ့်လင်းထျန်အနီးသို့ ရောက်ရှိလာသောအခါ လူလတ်ပိုင်းနှစ်ဦးသည် အဘိုးအိုအား အမီလိုက်နိုင်သွားသည်။
ဒီလူနှစ်ယောက်က ဒုစရိုက်မြို့တော်မှာရှိတဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူ မဟာမိတ်အဖွဲ့တစ်ခုခုက ကျင့်ကြံသူတွေ ဖြစ်ရမယ်...
ထိုလူလတ်ပိုင်းနှစ်ဦးစလုံးသည် ရင်ဘတ်တွင် ပုဆိန်ပုံ ချည်ထိုးထားသော ဆင်တူ အစိမ်းရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ သွမ့်လင်းထျန်က ကောက်ချက်ချလိုက်သည်။
သွမ့်လင်းထျန်သည် စမ်းကြည်လင်မြို့တွင် ရှိနေစဉ်က စမ်းကြည်လင်မြို့ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများ၏ ခေါင်းဆောင် ဝမ်ယီဖော်ထံမှ ဒုစရိုက်မြို့တော်တွင် ဂိုဏ်းမဲ့ကျင့်ကြံသူများအတွက် မဟာမိတ်အဖွဲ့များစွာ ရှိကြောင်း သိခဲ့သည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများသည် လူအင်အားများလျှင် ပိုမိုအားကောင်းသောကြောင့် အတူတကွ စုပေါင်းလေ့ရှိကြသည်။
ဒုစရိုက်မြို့တော်တွင် အခြေချလိုသော သာမန် ဂိုဏ်းမဲ့ကျင့်ကြံသူများသည် နေထိုင်ခွင့်နှင့် အကာအကွယ်ရရှိရန်အတွက် ဂိုဏ်းမဲ့ကျင့်ကြံသူ မဟာမိတ်အဖွဲ့ တစ်ခုခုသို့ ဝင်ရောက်လေ့ရှိသည်။ အပြန်အလှန်အားဖြင့် မဟာမိတ်အဖွဲ့အတွက် တစ်စုံတစ်ရာ ပြန်လည် အကျိုးပြုရသည်။
“အဘိုးကြီးရွှယ်... မင်းက ထွက်ပြေးဖို့ ကြိုးစားနေတုန်းလား”
လူလတ်ပိုင်းတစ်ဦးသည် အရှေ့သို့ ပျံသန်းသွားကာ အဘိုးအို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီး အဘိုးအို၏ ထွက်ပြေးရာလမ်းကြောင်းကို ထိရောက်စွာ ဖြတ်တောက်လိုက်သည်။
အဘိုးကြီးရွှယ်ဟု ခေါ်သော အဘိုးအို၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ၏ ကွပ်လပ်လက်စွပ်ကို အမြန်ချွတ်ကာ သူ၏လမ်းကို ပိတ်ဆို့ထားသော လူလတ်ပိုင်းထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် အဘိုးအိုရွှယ်က ကျိုးနွံသော အမူအရာဖြင့် အလျင်အမြန်ပင် ပြောလိုက်သည်။
“မြေပုဆိန်မဟာမိတ်အဖွဲ့က မိတ်ဆွေတို့... ခင်ဗျားတို့ ရှာနေတဲ့ ပစ္စည်းက ကျုပ် ပေးလိုက်တဲ့ ကွပ်လပ်လက်စွပ်ထဲမှာ ပါပါတယ်... လက်စွပ်ပေါ်က ကျုပ်ရဲ့ ပိုင်ဆိုင်မှုကိုလည်း ဖယ်ရှားပြီးပါပြီ... ကျုပ်က ပူးပေါင်းပြီး ခင်ဗျားတို့ လိုချင်တာကို ပေးလိုက်ပြီဆိုတော့ ကျုပ်ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
အနီးအနားတွင် ရပ်နေသော သွမ့်လင်းထျန်သည် မနေနိုင်ဘဲ ရပ်တန့်ကာ သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်နေလိုက်သည်။ သူသည် လုံးဝ တုန်လှုပ်မှု မရှိပေ။ ဤအခိုက်အတန့်တွင် သူ့မှလွဲ၍ မည်သူမျှ ရပ်မကြည့်ကြကြောင်းကို သူ သတိမထားမိပေ။ တကယ်တမ်းတွင် လူများသည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးနှင့် အဘိုးအိုတို့ကို ကပ်ရောဂါတစ်ခုလို သဘောထားကာ အလွန်ဂရုစိုက်၍ ရှောင်ကွင်းသွားကြသည်။ အနီးအနားတွင် ဆက်နေပါက ပြဿနာများကို ဆွဲဆောင်မိမည်ကို စိုးရိမ်နေကြသည့်အလားပင်ဖြစ်သည်။
မြေပုဆိန်မဟာမိတ်အဖွဲ့လား... ဝမ်ယီဖော် ပြောပြခဲ့တဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူ မဟာမိတ်အဖွဲ့တွေထဲမှာ ဒီအဖွဲ့အကြောင်း ပါတာကို ငါ မမှတ်မိဘူး... အဲဒီလိုဆိုရင် ဒီမဟာမိတ်အဖွဲ့က ဒုစရိုက်မြို့တော်မှာရှိတဲ့ လူသိနည်းတဲ့ အဖွဲ့ငယ်လေးတစ်ခု ဖြစ်ရမယ်....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။ ဝမ်ယီဖော်သည် မြေပုဆိန်မဟာမိတ်အဖွဲ့ အကြောင်းကို မပြောခဲ့ကြောင်း သူ သေချာသိနေသည်။
စမ်းကြည်လင်မြို့၏ မြတိမ်လွှာနန်းဆောင်တွင် ရှိနေစဉ်က ဝမ်ယီဖိုသည် သူ့အား ဒုစရိုက်မြို့တော်အကြောင်း ရှင်းပြရာ၌ မြို့တော်အတွင်းရှိ အင်အားကြီးမားသော ဂိုဏ်းမဲ့ကျင့်ကြံသူ မဟာမိတ်အဖွဲ့များ အကြောင်းကို အကျဉ်းချုပ် ပြောပြခဲ့သည်။ သွမ့်လင်းထျန်သည် သူ ပြောပြခဲ့သော အင်အားကြီး ဂိုဏ်းမဲ့ကျင့်ကြံသူ မဟာမိတ်အဖွဲ့များကို မှတ်မိနေသည်။
ဝမ်ယီဖိုက မြေပုဆိန်မဟာမိတ်အဖွဲ့ အကြောင်းကို မပြောခဲ့သောကြောင့် သွမ့်လင်းထျန်သည် ၎င်းမှာ ဒုစရိုက်မြို့တော်ရှိ လူသိနည်းသောအဖွဲ့ငယ်လေးတစ်ခု ဖြစ်ကြောင်း အတော်လေး သေချာသွားသည်။
ဒီအဘိုးကြီးရွှယ်က တန်ဖိုးရှိတဲ့ တစ်ခုခုကို ရထားလို့ မြေပုဆိန်မဟာမိတ်အဖွဲ့က အဖွဲ့ဝင်နှစ်ယောက်ရဲ့ အာရုံစိုက် ခံရတာ ဖြစ်မယ်... နောက်ဆုံးတော့ သူတို့က သူ့ကို ဖမ်းမိသွားပြီး သူ့အနေနဲ့ ကွပ်လပ်လက်စွပ်ကနေ ပိုင်ဆိုင်မှုကို ဖယ်ရှားပြီး သူတို့ကို ပေးလိုက်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး......
သွမ့်လင်းထျန်သည် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
အဘိုးအိုရွှယ်၏ လမ်းကို ပိတ်ဆို့ထားသော လူသည် လက်စွပ်ကို ဖမ်းမိပြီးနောက် ခဏတာ စစ်ဆေးလိုက်ပြီး သူ၏ အဖော်ဖြစ်သူအား ခေါင်းညိတ်ပြလိုက်သည်။
“ပစ္စည်းက အထဲမှာ ပါတယ်”
“ဟမ်”
သွမ့်လင်းထျန်သည် ထိုသို့ပြောပြီးသည်နှင့် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူ၏ မျက်လုံးများ အေးစက်သွားသည်ကို မြင်လိုက်ရသည်။ မြေပုဆိန်မဟာမိတ်အဖွဲ့မှ အခြားတစ်ဦး၏ မျက်လုံးများမှာလည်း အေးစက်သွားသည်။
ရွှမ်း...
ရွှစ်...
ခဏအကြာတွင် ဓားခုတ်သံနှင့် ဓားထိုးသံတို့သည် လေထုထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။ အဘိုးအိုရွှယ် သေဆုံးသွားခဲ့ပြီ။
သူ၏ရှေ့တွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယို မြင်ကွင်းကြောင့် သွမ့်လင်းထျန် ဆွံ့အသွားသည်။
“ဒါဆို... ဒုစရိုက်မြို့တော်ဆိုတာ ဒီလိုမျိုးပေါ့...”
အသေးအမွှား ကိစ္စလေးများဖြင့်ပင် လူသတ်တတ်သော ဒုစရိုက်မြို့တော်ရှိ လူများ၏ ရက်စက်ကြမ်းကြုတ်မှုကို သွမ့်လင်းထျန် ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရပြီ ဖြစ်သည်။ သူသည် ဒုစရိုက်မြို့တော်ကို အခြားမြို့များနှင့် တူသည်ဟု မထင်တော့ပေ။
သွမ့်လင်းထျန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ဒုစရိုက်မြို့တော်အတွင်းသို့ ခရီးဆက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရားအာရုံ နှစ်ခုက သူ့အား တစ်ပြိုင်နက်တည်း ဖုံးလွှမ်းလာပြီး ပိတ်လှောင်လိုက်သည်။
ရွှစ်... ရွှစ်...
လေတိုးသံများသည် လေထုထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူရိပ်နှစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာသည်။ သူတို့သည် သူ့အား ထွက်ခွာခွင့်ပြုရန် ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားနေသည်။
ထိုနတ်ဘုရားအာရုံ နှစ်ခုမှာ အဘိုးအိုရွှယ်ကို ယခုလေးတင် သတ်ဖြတ်ခဲ့သော မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦး၏ နတ်ဘုရားအာရုံများ ဖြစ်ကြောင်း သွမ့်လင်းထျန် သိရှိရန် အချိန်သိပ်မယူလိုက်ရပေ။ ထိုလူနှစ်ဦးသည် သူ့အား သားကောင်တစ်ကောင်လို စိုက်ကြည့်ရင်း သူ၏ လမ်းကို ပိတ်ဆို့ထားကြသည်။
“ကျုပ် အဲဒီအဘိုးကြီးရွှယ်ကို မသိဘူး”
သွမ့်လင်းထျန်က မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည်။
မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးသည် သူ့အား အဘိုးအိုရွှယ်နှင့် သိကျွမ်းသူဟု ထင်မှတ်ကာ လမ်းပိတ်ဆို့ထားခြင်း ဖြစ်မည်ဟု သူ ထင်လိုက်သည်။
“မင်း အဘိုးကြီးရွှယ်ကို မသိဘူးဆိုတာ ငါတို့ သိပါတယ်”
သွမ့်လင်းထျန် ရှင်းပြပြီးနောက် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူတစ်ဦးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်က စံပြသူတော်စင်ကျွမ်းကျင်အဆင့်ပဲ... ကောင်လေး... မင်း ဒုစရိုက်မြို့တော်ကို ပထမဆုံးအကြိမ် လာတာ မလား”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးသည် သွမ့်လင်းထျန်၏ ကျင့်ကြံမှုအဆင့်ကို သူတို့၏ နတ်ဘုရားအာရုံဖြင့် စူးစမ်းခဲ့သည်မှာ သိသာထင်ရှားသည်။
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးသည် သူ့အား အဘိုးအိုရွှယ်နှင့် သိကျွမ်းသူဟု ထင်သောကြောင့် တားဆီးခြင်း မဟုတ်ကြောင်း သိလိုက်ရသောအခါ သွမ့်လင်းထျန်၏ မျက်နှာထား မှောင်မိုက်သွားသည်။
“ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ”
***