“ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ...”
သွမ့်လင်းထျန်၏ စကားကို ကြားလိုက်ရချိန်တွင် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။
စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးက သူတို့ရှေ့တွင် ဤမျှလောက်အထိ မောက်မာနေရဲသည်လား...
“ကောင်လေး... မင်း ဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ သိရဲ့လား...”
မြေပုဆိန်မဟာမိတ်မှ လူတစ်ဦးက သွမ့်လင်းထျန်၏ မောက်မာမှုအပေါ် မကျေမနပ်ဖြစ်ကာ ဒေါသတကြီး မေးလိုက်သည်။
“ကျုပ် ခင်ဗျားတို့ကို သိမှ မသိတာ... ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ...”
သွမ့်လင်းထျန်က ထိုလူကို လူအတစ်ယောက်ကဲ့သို့ ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။
သွမ့်လင်းထျန်၏ စကားကြောင့် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ ဆွံ့အသွားရသည်။
ခဏအကြာတွင် မြေပုဆိန်မဟာမိတ်မှ လူတစ်ဦးက သတိဝင်လာပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ကြည့်ရတာ ဒီကောင်လေးက ဒုစရိုက်မြို့တော်ကို တစ်ခါမှ မရောက်ဖူးတဲ့ လူသစ်ပဲ... ငါတို့ ဝတ်စုံကို ကြည့်ပြီးတောင် ငါတို့ ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်ဘူး...”
သူက ဆက်လက်၍
“ငါ့မှာ ဝါသနာ အများကြီး မရှိဘူး... ဒုစရိုက်မြို့တော်ကို အခုမှ ရောက်လာတဲ့ လူသစ်တွေကို ပညာပေးရတာကပဲ ငါ့ရဲ့ တစ်ခုတည်းသော ဝါသနာပဲ... ကောင်လေး... မင်းကို ငါ အခွင့်အရေး တစ်ခု ပေးမယ်... မင်းရဲ့ ကွပ်လပ်လက်စွပ်ပေါ်က ပိုင်ဆိုင်မှုကို ဖယ်ရှားပြီး ငါတို့ဆီ အပ်လိုက်... ပြီးတော့ မင်းရဲ့ အကြည့်တွေကို ငါ လုံး၀ ကြည့်မရဘူး... မင်းရဲ့ မျက်လုံးတွေကို မင်းဘာသာ ဖောက်ထုတ်ပစ်မယ်ဆိုရင်တော့ ငါ မင်းကို အသက်ရှင်ခွင့် ပေးဖို့ စဉ်းစားပေးနိုင်တယ်...”
ဟု အမိန့်ပေးသလို ပြောလိုက်သည်။ သူသည် သွမ့်လင်းထျန်၏ အသက်ကို သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟု ယုံကြည်နေပုံ ရသည်။
သူက သူ၏ နတ်ဘုရားအာရုံဖြင့် သွမ့်လင်းထျန်၏ ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ကြည့်ခဲ့ရာ ၎င်းမှာ စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့်တွင်သာ ရှိနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် ထိုသို့ ယုံကြည်နေခြင်း ဖြစ်သည်။ စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူသည်။
“ကောင်လေး... ငါ့သူငယ်ချင်း ပြောတာကို လိုက်နာဖို့ ငါ မင်းကို အကြံပေးချင်တယ်... ဒါက မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်...”
မြေပုဆိန်မဟာမိတ်မှ အခြားတစ်ဦးကလည်း သွမ့်လင်းထျန်ကို အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်က စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့်မှာပဲ ရှိသေးပေမဲ့ ဒီအဆင့်ကို ရောက်ဖို့ မင်း တော်တော်လေး ကြိုးစားခဲ့ရမယ်ဆိုတာ ငါ သံသယ မဖြစ်ပါဘူး... ဒါပေမဲ့ အသက်ဆုံးရှုံးရတာထက်စာရင် မျက်လုံးကန်းသွားတာက ပိုကောင်းတယ် မလား... မင်း သေသွားပြီဆိုရင်တော့ မင်းရဲ့ ကွပ်လပ်လက်စွပ်ကို ယူသွားလို့ရမှာ မဟုတ်ဘူး... ဒါကြောင့် အဲဒါကို ငါတို့ဆီပဲ ပေးလိုက်တော့...”
ထိုလူက သွမ့်လင်းထျန်ကို အကြံပေးနေသလို ပြောနေသော်လည်း အမှန်တကယ်တွင်မူ သွမ့်လင်းထျန်အနေဖြင့် သူတို့ကို ဆန့်ကျင်ရန် အင်အား မရှိကြောင်း သတိပေးနေခြင်းသာ ဖြစ်သည်။
“ကျုပ်ရဲ့ ကွပ်လပ်လက်စွပ်ကို ပေးပြီး မျက်လုံးတွေကို ဖောက်ထုတ်ခိုင်းတာလား...”
သွမ့်လင်းထျန်က မျက်မှောင်ကြုတ်လျက် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“ဒါကတော့ ဖြစ်နိုင်မယ် မထင်ဘူး... ကျုပ်မှာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တတ်တဲ့ အလေ့အထ မရှိလို့ပါ...”
အစမှ အဆုံးအထိ သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ ခြိမ်းခြောက်မှုကို ခံနေရသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် သူတို့၏ ခြိမ်းခြောက်မှုများကို မည်သို့မျှ ဂရုမစိုက်သည်မှာ သိသာသည်။ သွမ့်လင်းထျန်၏ တည်ငြိမ်မှုကြောင့် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ စတင် စိတ်မသက်မသာ ဖြစ်လာကြသည်။
ဤခရမ်းရောင်၀တ်စုံနှင့် လူငယ်မှာ သူတို့၏ ခြိမ်းခြောက်မှုကို ခံနေရသော်လည်း အဘယ်ကြောင့် ဤမျှအထိ တည်ငြိမ်နေနိုင်သနည်း...
ဤနေရာတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ဤလူငယ်သည် ထူးခြားသော နောက်ခံ တစ်ခုခု ရှိနေပြီး သူတို့ကို မကြောက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ သူသည် ဟန်ဆောင်ကာ ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။ မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ မျက်လုံးများထဲတွင် သတိထားရိပ်များ ဝင်ရောက်လာသည်။ သွမ့်လင်းထျန်တွင် ကြီးမားသော နောက်ခံအင်အား ရှိနေမည်ကို သူတို့ စိုးရိမ်နေကြသည်။
“တကယ်လို့ ခင်ဗျားတို့က ကျုပ်ရဲ့ လက်စွပ်နဲ့ မျက်လုံးတွေကို လိုချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ ဘာသာပဲ လာယူကြပါ...”
သွမ့်လင်းထျန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ စကားအဆုံးတွင် သူတို့၏ မျက်ဝန်းထဲမှ ကြောက်ရွံ့ရိပ် အနည်းငယ်ကို သူ မြင်လိုက်ရသည်။
သူက ထိုလူနှစ်ဦးကို ကြည့်ကာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“တကယ်လို့ ခင်ဗျားတို့က မလုပ်ရဲဘူးဆိုရင်လည်း အမြန်ဆုံး ထွက်သွားကြတာ အကောင်းဆုံးပဲ... ကျုပ်လမ်းကို မပိတ်ထားနဲ့...”
သွမ့်လင်းထျန်၏ စကားမှာ မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး ထိန်းချုပ်ထားသော ဒေါသများကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
“ဟေ့ရောင်... မင်း ငါတို့ကို ဟန်ဆောင် ခြောက်လှန့်လို့ ရမယ် ထင်နေတာလား...”
“စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့်ပဲ ရှိတဲ့ ကောင်က ငါတို့ရှေ့မှာ ဒီလောက်တောင် မောက်မာနေရဲတာလား...”
မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးလုံးမှာ ဒေါသထွက်သွားကြသည်။ သူတို့ထက် အဆင့်နိမ့်သော ကျင့်ကြံသူတစ်ဦးက သူတို့ကို ဤမျှအထိ အထင်အမြင်သေးစွာ ဆက်ဆံသည်ကို တစ်ခါမျှ မကြုံဖူးပေ။ သူတို့ မြေပုဆိန်မဟာမိတ်သို့ မဝင်ခင်ကတည်းကပင် ဤသို့ မကြုံဖူးသလို မဟာမိတ်သို့ ဝင်ပြီးနောက်တွင်လည်း ပို၍ပင် မကြုံဖူးပေ။
မြေပုဆိန်မဟာမိတ်၏ အကာအကွယ်အောက်တွင် ရှိနေသော သူတို့အတွက် ကြောက်စရာ ဘာရှိသနည်း...
သူတို့ရှေ့က ဝတ်စုံခရမ်းနှင့် လူငယ်တွင် နောက်ခံအင်အား ရှိနေလျှင်ပင် ၎င်းမှာ မြေပုဆိန်မဟာမိတ်ထက် ပို၍ အင်အားကြီးနိုင်ပါမည်လား...
ထိုလူငယ်၏ နောက်ခံအင်အားမှာ မြေပုဆိန်မဟာမိတ်ထက် ပိုကြီးလျှင်ပင် ၎င်းမှာ ဒုစရိုက်မြို့တော်၏ အပြင်ဘက်က အင်အားစုသာ ဖြစ်ရမည်။ ဒုစရိုက်မြို့တော်၏ အပြင်ဘက်က အင်အားစုများသည် ပို၍ အင်အားကြီးလျှင်ပင် ဒုစရိုက်မြို့တော်အတွင်းက ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲကြပေ။
အကြောင်းမှာ ဤမြို့တော်အတွင်း၌ မြေပုဆိန်မဟာမိတ်ထက် များစွာ ပို၍ အင်အားကြီးသော မဟာမိတ်အဖွဲ့များ ရှိနေသောကြောင့် ဖြစ်သည်။ ဒုစရိုက်မြို့တော်တွင် သာမန်ဂိုဏ်းမဲ့ကျင့်ကြံသူများ၏ မဟာမိတ်အဖွဲ့များသည် အင်အားကြီးသော မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ အကာအကွယ် ရယူကြလေ့ရှိသည်။ ထိုအကာအကွယ်အတွက် သူတို့သည် နှစ်စဉ် အခွန်အခများ ပေးဆောင်ကြရသည်။
ထိုသို့ တွေးလိုက်မိပြီးနောက်တွင် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ ကျောပြင်ကို ဆန့်တန်းလိုက်ကြပြီး သွမ့်လင်းထျန်၏ နောက်ကွယ်က အင်အားစုကို မကြောက်တော့ပေ။ သွမ့်လင်းထျန်တွင် နောက်ခံအင်အား ရှိလျှင်ပင် ၎င်းမှာ ဒုစရိုက်မြို့တော်၏ အပြင်ဘက်တွင်သာ ဖြစ်မည်ဟု သူတို့က သေချာနေသည်။ ထို့ပြင် သူသည် ဤနေရာသို့ တစ်ကိုယ်တည်း ရောက်လာခြင်း ဖြစ်သည်။
လူအများစုမှာ ရွေးချယ်စရာ ရှိလျှင် ဒုစရိုက်မြို့တော်သို့ လာကြမည် မဟုတ်ပေ။ ဒုစရိုက်မြို့တော်အကြောင်း မသိနားမလည်သူများသာလျှင် ဘေးဒုက္ခများ စောင့်ကြိုနေသော ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
“. မင်းက သေချင်နေမှတော့ ငါ မင်းကို ကူညီပေးရတာပေါ့...”
သွမ့်လင်းထျန်ကို စစ်မေးနေသော မြေပုဆိန်မဟာမိတ်မှ အမျိုးသားက နှာခေါင်းရှုံ့လျက် ပြောလိုက်ပြီးနောက် စတင် လှုပ်ရှားလိုက်သည်။ သူက လက်ကို မြှောက်လိုက်ရာ တောက်ပသော ဓားတစ်လက် ထွက်ပေါ်လာသည်။ သူသည် ချက်ချင်းပင် သွမ့်လင်းထျန်ထံသို့ တိုးဝင် တိုက်ခိုက်လိုက်သည်။
ရွှပ်...
ဓားမှာ တောက်ပသွားပြီး ကြယ်တစ်စင်းကြွေကျသည့်နှယ် သွမ့်လင်းထျန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ဝှစ်...
မြေပုဆိန်မဟာမိတ်မှ အခြားတစ်ဦးကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ သူသည် လမင်းကဲ့သို့ တောက်ပနေသော ဓားကို ကိုင်ဆောင်ထားပြီး သွမ့်လင်းထျန်ကို ခုတ်ပိုင်းလိုက်သည်။
သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ တိုက်ခိုက်မှုကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆူပွက်နေသော နေသူတော်စင်စွမ်းအင်များကို လှုံ့ဆော်လိုက်သည်။ သွမ့်လင်းထျန်၏ ခန္ဓာကိုယ်အတွင်းမှ နေသူတော်စင်စွမ်းအင်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ပတ်ပတ်လည်တွင် ဝဲကယက်များ ဖြစ်ပေါ်လာသည်။
၎င်းမှာ ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်လင်းထျန်၏ လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။ ထိုဓားမှာ သူ လိပ်နက်ပရ၀ဏ်သို့ ပထမဆုံး ရောက်ရှိစဉ်က မြောက်ပိုင်းပလသိုရာဂိုဏ်း ပဉ္စမအကြီးအကဲ ရန်ချုံ၏ ဒုတိယသား ရန်ဝူကို သတ်ပြီး ရရှိခဲ့သော ဆုလာဘ် ဖြစ်သည်။ ၎င်းမှာ ကမ္ပည်းတစ်ရာ သူတော်စင်ဓားပင် ဖြစ်သည်။ သွမ့်လင်းထျန်သည် နဂါးသွဲ့ကျောက်ဓားကို အသုံးပြုရန် မလိုအပ်ဟု ယူဆသဖြင့် မထုတ်ခဲ့ပေ။
အစောပိုင်းကပင် သူသည် အကြီးအကဲဟော်ကို မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ခိုင်းခဲ့ပြီးပြီ ဖြစ်သည်။
မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ အနှစ်သာရသူတော်စင်အထွတ်အထိပ်ဖြစ်ကြောင်း အကြီးအကဲဟော်က သူ့ကို ပြောပြထားသည်။
သွမ့်လင်းထျန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် သူသည် နဂါးသွဲ့ကျောက်ဓားကို အသုံးမပြုဘဲ စိန့်ကောင်းကင် ဒုတိယပုံစံရှိသော စွမ်းအားရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်သည်။ စိန့်ကောင်းကင်အဆင့်သို့ပင် မရောက်သေးသော အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာမူ သူ့အတွက် နဂါးသွဲ့ကျောက်ဓားကို အသုံးပြုရန် မထိုက်တန်ပေ။
ရွှီး... ရွှီး... ရွှတ်... ရွှတ်... ရွှတ်...
လေထဲတွင် ဓားအူသံများ ပျံ့လွင့်သွားပြီး သွမ့်လင်းထျန်သည် ဓားတစ်သောင်းနယ်မြေကို ထုတ်ဖော်ကာ သူနှင့် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးကို အခြားသူများ မမြင်နိုင်ရန် ဖုံးကွယ်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လူများမှာ သူတို့ကို သတိမထားမိကြသော်လည်း ဘေးကင်းစေရန်အတွက် သွမ့်လင်းထျန်က ဓားတစ်သောင်းနယ်မြေကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“နယ်မြေလား...”
သွမ့်လင်းထျန်၏ နယ်မြေကို မြင်သောအခါ မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ လှောင်ပြောင်လိုက်ကြသည်။
သူတို့၏ အဆင့်တွင် နယ်မြေဆိုသည်မှာ အသုံးဝင်ပါဦးမည်လား...
မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ သွမ့်လင်းထျန်၏ နယ်မြေကိုသာ အာရုံစိုက်နေသောကြောင့် သွမ့်လင်းထျန်၏ သူတော်စင်စွမ်းအင်မှာ စံပြသူတော်စင်ကျွမ်းကျင်အဆင့်ရှိသူ တစ်ဦး၏ စွမ်းအင်နှင့် မတူညီတော့သည်ကို သတိမပြုမိခဲ့ကြပေ။ ထို့ပြင် သူ၏ သူတော်စင်စွမ်းအင်မှာ ကြီးမားစွာ ပြောင်းလဲသွားသည်ကိုလည်း သူတို့ သတိမထားမိခဲ့ကြပေ။
သူ၏ နေသူတော်စင်စွမ်းအင်မှာ လက်ရှိတွင် အနှစ်သာရသူတော်စင်ကျွမ်းကျင်အဆင့်ရှိသော စွမ်းအားရှင်တစ်ဦး၏ စွမ်းအင်နှင့် တူညီနေပြီ ဖြစ်သည်။
သွမ့်လင်းထျန်သည် နတ်ဘုရားစွမ်းရည်ဖြစ်သော ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုလိုက်သောကြောင့် သူ၏ နေသူတော်စင်စွမ်းအင်မှာ စိန့်ကောင်းကင်အဆင့်ရှိသော စွမ်းအားရှင်တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့်ပင် ယှဉ်နိုင်သည့်အဆင့်သို့ ရောက်ရှိသွားသည်။
“အနန္တတန်ခိုးရှင်...”
ဓားတစ်သောင်းနယ်မြေကို အောင်မြင်စွာ ဖော်ဆောင်ပြီးနောက်တွင် သွမ့်လင်းထျန်သည် အခြားနတ်ဘုရားစွမ်းရည်တစ်ခုကို ထပ်မံ အသုံးပြုလိုက်ပြီး ကိုယ်ပွား သုံးခုကို ဖန်တီးလိုက်သည်။ သူနှင့်ဆိုလျှင် သွမ့်လင်းထျန် လေးဦး ဖြစ်သွားသည်။
သွမ့်လင်းထျန်၏ ကိုယ်ပွားများကို မြင်သောအခါ မြေပုဆိန်မဟာမိတ်မှ လူများမှာ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့သည် သွမ့်လင်းထျန်ကို တိုက်ခိုက်ရန် သူတို့၏ သူတော်စင်စွမ်းအင်များကို အလျင်အမြန် စုစည်းလိုက်သည်။
“မင်းရဲ့ နတ်ဘုရားစွမ်းရည်တွေက တော်တော်လေး ကောင်းပါတယ်... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းနေတာကတော့ စိတ်မကောင်းစရာပဲ... မင်းကို သတ်ရတာ ကြက်တစ်ကောင် သတ်ရသလိုပဲ လွယ်တယ်...”
သွမ့်လင်းထျန်၏ ကိုယ်ပွားများအတွက် သူသည် မည်သို့မျှ စိုးရိမ်ခြင်း မရှိပေ။ သွမ့်လင်းထျန်သည် ထိုနတ်ဘုရားစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ တတ်မြောက်ထားလျှင်ပင် စံပြသူဝောာ်စင်ကျွမ်းကျင်အဆင့် ကျင့်ကြံမှုဖြင့် သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးလုံးက ထိုသို့သာ တွေးတောနေကြသည်။ အဆုံး၌ သူတို့သည် အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့် များဖြစ်သည်။
မြေပုဆိန်မဟာမိတ်မှ လူတစ်ဦးက သွမ့်လင်းထျန်ကို လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်လာသော မြင်ကွင်းကြောင့် တုန်လှုပ်သွားပြီး မျက်နှာတွင်လည်း စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
သူ ဘာမြင်နေရတာလဲ....
***