ရွှပ်... ရွှပ်... ရွှပ်... ရွှပ်....
မြေပုဆိန်မဟာမိတ်မှ အဖွဲ့ဝင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဓားအူသံလေးသံ ဆက်တိုက်ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ လက်ထဲရှိ ကမ္ပည်းတစ်ရာ သူတော်စင်ဓားနှင့် သူ၏ ကိုယ်ပွားများမှာ မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူတို့၏ တိုက်ခိုက်မှုများမှာ ပျယ်ပြယ်သွားသော်လည်း မည်သည့်အရာက တားဆီးလိုက်သည်ကို သူတို့ မမြင်လိုက်ရပေ။ ဓားအူသံလေးသံကိုသာ သူတို့ ကြားလိုက်ရသည်။
နေဦး... ဓားအူသံလေးသံလား... ဒါဆိုရင် နောက်ထပ် တိုက်ခိုက်မှု သုံးခု ရှိနေတာပေါ့...
ထိုသို့ တွေးမိသည်နှင့် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦးမှာ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်လန့်သွားသည်။
ဗုန်း... ဗုန်း...
သူတို့၏ မျက်ခုံးနှစ်ခုကြားတွင် သွေးချင်းချင်းနီနေသော ဒဏ်ရာကြီးများ ပေါ်လာပြီး လူနှစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သွမ့်လင်းထျန်သည် သူ့ကို သတ်ရန် ကြိုးစားသူများအပေါ် ဘယ်သောအခါမှ ကရုဏာ ထားလေ့မရှိပေ။ ဤအရာအားလုံးမှာ ဓားတစ်သောင်းနယ်မြေ၏ ဖုံးကွယ်မှုအောက်တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သောကြောင့် အနီးနားမှ ဖြတ်သွားသူများမှာ အတွင်း၌ ဘာဖြစ်နေသည်ကို မမြင်နိုင်ကြပေ။ စိန့်ကောင်းကင် တတိယပုံစံအဆင့်သို့ မရောက်ရှိသေးသူ မည်သူမျှ ထိုနယ်မြေကို ထိုးဖောက်မြင်နိုင်စွမ်း မရှိကြချေ။
“အကြီးအကဲဟော်... သူတို့ရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကို ဝါးမျိုဖို့ ကူညီပေးပါဦး...”
သွမ့်လင်းထျန်က အကြီးအကဲဟော်ကို ပြောလိုက်သည်။
ခြင်လေးဆိုပေမဲ့လည်း အသားတော့ ရှိသည် မဟုတ်ပါလား...
သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များမှာ အဆင့်မမြင့်မှန်း သိသော်လည်း သွမ့်လင်းထျန် အလဟဿ အဖြစ်မခံလိုပေ။
“သူတို့ နှစ်ယောက်လုံးမှာ စိမ်းနုရောင် ပင်ကိုဝိညာဉ်အမြစ်တွေ ရှိတယ်...”
အကြီးအကဲဟော်က ပြန်ပြောသည်။ ထို့နောက် သွမ့်လင်းထျန်သည် အကြီးအကဲဟော်၏ အကူအညီနှင့် ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုကာ ထိုအမြစ်များကို ဝါးမျိုလိုက်သည်။
“မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က နောက်ဆုံးအခြေအနေကို ရောက်သွားပြီ... နောက်ထပ် အစိမ်းရောင်ပင်ကိုဝိညာဉ်အမြစ် တစ်ခုကို ထပ်ပြီး ဝါးမျိုလိုက်မယ်ဆိုရင် မင်းရဲ့ အမြစ်က မဲနယ်ရောင် ပြောင်းသွားလိမ့်မယ်...”
အကြီးအကဲဟော်၏ စကားကြောင့် သွမ့်လင်းထျန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်... တကယ်လို့ ငါသာ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်ကို ရလာပြီးတော့ ရတနာခုနှစ်ပါးနန်းဆောင်ရဲ့ စတုတ္ထထပ်က အချိန်စီးဆင်းမှုနဲ့ပေါင်းလိုက်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်က ခရမ်းရောင်ပင်ကိုဝိညာဉ်အမြစ်ရှိတဲ့ ပါရမီရှင်တွေနဲ့ တူသွားမယ်မလား...
သွမ့်လင်းထျန် ထိုစိတ်ကူးကြောင့် ဝမ်းသာအူမြူး သွားသည်။
သိုင်းတာအိုသူတော်စင်နယ်မြေတွင် ခရမ်းရောင်ပင်ကိုဝိညာဉ်အမြစ် ပိုင်ရှင်များမှာ အထူးချွန်ဆုံးသော ပါရမီရှင်များ ဖြစ်ကြသည်။ သွမ့်လင်းထျန်သည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် မေးလိုက်သည်။
“အကြီးအကဲဟော်... ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်က တခြားလူတွေရဲ့ ပင်ကိုဝိညာဉ်အမြစ်တွေကော မြှင့်တင်ပေးလို့ ရလား... ဥပမာ ကျုပ်က တစ်ခုကို ဝါးမျိုပြီး တခြားလူဆီ လွှဲပြောင်းပေးတာမျိုးပေါ့...”
သူသည် သူ၏ မိသားစုနှင့် သူငယ်ချင်းများအတွက် တွေးတောကာ ထိုသို့ မေးမြန်းခြင်း ဖြစ်သည်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူ ချစ်ရတဲ့သူတွေကို စိန့်ကောင်းကင်သတ္တမပုံစံအထိ ရောက်အောင် သူ ကူညီပေးချင်သည်။ ထိုအဆင့်မှာ ကောင်းကင်ကို ဆန့်ကျင်သောအဆင့်ဖြစ်ပြီး ချိုးဖျက်နိုင်ပါက ထာဝရသက်တမ်းကို ရရှိနိုင်မည် ဖြစ်သည်။
သွမ့်လင်းထျန်သည် သူ ချစ်ရသူများ ထာဝရသက်တမ်း ရရှိရန်သာ အလိုချင်ဆုံး ဖြစ်သည်။ သူတစ်ဦးတည်း သက်တမ်းရှည်နေပြီး သူ၏ မိသားစုဝင်များ အိုမင်းသေဆုံးသွားသည်ကို သူ မမြင်လိုပေ။
“စဉ်းစားကြည့်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်... အောင်မြင်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိတယ်... ဒါပေမဲ့ အခြေအနေပေါ်မှာလည်း မူတည်တာပေါ့...”
အကြီးအကဲဟော်က ဆက်လက်၍ ရှင်းပြသည်။
“ဒါပေမဲ့ ဒါကို လုပ်ဖို့ဆိုရင် မင်းအနေနဲ့ ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အမြင့်ဆုံးအဆင့်အထိ တတ်မြောက်ဖို့ လိုတယ်...မဟုတ်ရင် မဖြစ်နိုင်ဘူး...ပြီးတော့ မင်းကိုယ်တိုင်လည်း စိန့်ကောင်းကင်အဆင့်ကို ရောက်နေရမယ်... အဲ့လိုမှပဲ ကျုပ်အကူအညီမပါဘဲ တခြားလူတွေရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို အာရုံခံ ဝါးမျိုနိုင်လိမ့်မယ်...”
အကြီးအကဲဟော်၏ အဖြေကြောင့် သွမ့်လင်းထျန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ သူ၏ ပင်ကိုဝိညာဉ်အမြစ်မှာ မဲနယ်ရောင် ပြောင်းတော့မည်ဟု သိလိုက်ရစဉ်ကထက်ပင် သူ ပို၍ စိတ်လှုပ်ရှားလာမိသည်။
အဲ့လိုဆိုရင် ဖေးလေး၊ အမေ၊ အဖေ၊ နျန်လေးနဲ့ စီလင်းတို့အားလုံး စိန့်ကောင်းကင် သတ္တမပုံစံကို ရောက်ပြီး ထာဝရသက်တမ်း ရနိုင်ကြမယ်...
သွမ့်လင်းထျန်စိတ်လှုပ်ရှားစွာ တွေးနေမိသည်။ ခူအယ်အတွက်မူ သူမတွင် ခရမ်းရောင်ပင်ကိုဝိညာဉ်အမြစ် ရှိပြီးသားဖြစ်သောကြောင့် သူ မစိုးရိမ်ပေ။ သူမကို ကယ်တင်နိုင်ပြီးလျှင် အကြီးအကဲဟော်ကို ထိုချိပ်ပိတ်ထားသော ပင်ကို၀ိညာဉ်အမြစ်အား ဖြေရှင်းခိုင်းရုံသာ လိုသည်။
လက်ရှိတွင် သွမ့်လင်းထျန်မှာ ထိုအခြေအနေနှစ်ခုလုံးနှင့် မပြည့်စုံသေးသော်လည်း အနာဂတ်တွင် သေချာပေါက် ပြည့်စုံလာမည်ဟု သူ ယုံကြည်ချက် ရှိသည်။
“ဟမ်”
ထိုစဉ် သွမ့်လင်းထျန် ထူးဆန်းသော စွမ်းအင်တစ်ခုကို ခံစားလိုက်သဖြင့် အလျင်အမြန် သတိပြန်၀င်လာသည်။ ၎င်းမှာ မြေပုဆိန်မဟာမိတ်မှ လူများ၏ ဝတ်စုံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“ဒါက ဒီလောကီဘုံက အဆောင်တစ်ခုရဲ့ အော်ရာနဲ့တူတယ်...”
အကြီးအကဲဟော်က အချိန်ကိုက် ရှင်းပြလိုက်သည်။
“အဆောင်လား”
သွမ့်လင်းထျန်သည် မျက် မှောင်ကြုတ်ကာ သူတို့၏ အလောင်းများကို ရှာဖွေကြည့်သော်လည်း ထူးခြားသောအရာ မတွေ့သဖြင့် ကွပ်လပ်လက်စွပ်များကို သိမ်းဆည်းကာ အလောင်းများကို စွန့်ပစ်လိုက်သည်။
ထို့နောက် သွမ့်လင်းထျန်သည် ဓားတစ်သောင်းနယ်မြေကို ရုပ်သိမ်းလိုက်ပြီးနောက် ဒုစရိုက်မြို့တော်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။
သွမ့်လင်းထျန် ဒုစရိုက်မြို့တော်ကို သွားနေစဉ် မြေပုဆိန်မဟာမိတ်မှ လူနှစ်ဦး၏ အလောင်းများမှာ မြေပြင်သို့ ကျဆင်းသွားပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
“ဒါ... ဒါက မြေပုဆိန်မဟာမိတ်က လူတွေ မလား...”
“မြေပုဆိန်မဟာမိတ်က လူနှစ်ယောက် ဒီလိုပဲ သေသွားတာလား... အဲ့ဒီ ခရမ်းရောင်၀တ်စုံနဲ့ လူငယ်က ဘယ်သူလဲ... ဒုစရိုက်မြို့တော်နားမှာ မြေပုဆိန်မဟာမိတ်က လူတွေကို သတ်ရဲတယ်ဆိုတော့ သူက လက်စားချေခံရမှာကို မကြောက်ဘူးလား...”
“ဒုစရိုက်မြို့တော်က ရက်စက်တယ်... နောက်ခံအင်အား ရှိရင်တောင် အစွမ်းထက်တဲ့လူကို သွားပြီး စော်ကားမိရင် သေရမှာပဲ...”
ဖြတ်သွားဖြတ်လာများက အဝေးသို့ ပျံသန်းသွားသော ခရမ်းရောင်ပုံရိပ်၏ နောက်ကျောကို ကြည့်ကာ အချင်းချင်း ပြောနေကြသည်။
အစမှ အဆုံးထိ မည်သူမှ သွမ့်လင်းထျန်၏ မျက်နှာကို မမြင်လိုက်ချေ။
ဒုစရိုက်မြို့တော်၏ ၀င်ပေါက်အနီးရှိလူများမှာမူ ဘာဖြစ်သွားမှန်း သတိမထားမိကြသောကြောင့် သွမ့်လင်းထျန်ကို အာရုံမစိုက်ကြပေ။
“ဒုစရိုက်မြို့တော်... နောက်ဆုံးတော့ ငါ ရောက်လာပြီ...”
သွမ့်လင်းထျန် ဒုစရိုက်မြို့တော်၏ ၀င်ပေါက်သို့ ရောက်သောအခါ စိတ်ထဲ တွေးလိုက်သည်။
ဒုစရိုက်မြို့တော်တွင် မြို့တံခါးလေးပေါက် ရှိသော်လည်း ထိုတံခါးများကို အသုံးပြုသူ သိပ်မရှိပေ။ လူအများစုမှာ ဒုစရိုက်မြို့တော်သို့ အဝင်အထွက် ပြုလုပ်ရာတွင် ပျံသန်းခြင်းကိုသာ ပို၍ နှစ်သက်ကြသည်။ ထို့ကြောင့် မြို့တံခါးများမှာ အပိုသက်သက်လို ဖြစ်နေသည်။
သွမ့်လင်းထျန်သည် လူအုပ်ကြီးနောက်သို့ လိုက်ကာ ဒုစရိုက်မြို့တော်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
တော်တော် ကြီးတာပဲ...
သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်၏ ကျယ်ဝန်းမှုကို အဝေးမှ မြင်တွေ့ခဲ့ရသော်လည်း အနီးကပ် မြင်တွေ့လိုက်ရချိန်တွင် ပို၍ပင် အထင်ကြီး အံ့အားသင့်သွားရသည်။
သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်အတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် သမုဒ္ဒရာထဲမှ ငါးငယ်လေးတစ်ကောင်လို သူ၏ကိုယ်သူ သေးငယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဒုစရိုက်မြို့တော် အတွင်း၌ ပင်မလမ်းမကြီးများစွာ ရှိနေသည်။ အရွယ်အစား အမျိုးမျိုးရှိသော လမ်းသွယ်လေးများမှာလည်း မရေမတွက်နိုင်အောင် များပြားလှသည်။
လမ်းမကြီးများ၏ တစ်လျှောက် ဘေးဘက်များတွင် ဈေးဆိုင်ခန်းများစွာကို ဖွင့်လှစ်ထားကြသည်။ အချို့သော ဆိုင်များတွင် သူတော်စင်လက်နက်များ၊ ဆေးလုံးများနှင့် အဆောင်စာရွက်များကို ရောင်းချနေကြသည်။ လူအများအပြားမှာလည်း ထိုဆိုင်များ၏ အရှေ့တွင် ဈေးဆစ်နေကြသည်။
သွမ့်လင်းထျန်သည် ပင်မလမ်းမကြီးတစ်ခု၏ အထက် လေထဲတွင် ရပ်တန့်ကာ အောက်ဘက်ရှိ မြင်ကွင်းကို ငေးကြည့်နေလိုက်သည်။ ဒုစရိုက်မြို့တော်ကြီးမှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ကျယ်လောင်သော အသံကြီးတစ်ခုက သွမ့်လင်းထျန်၏ အာရုံကို ရုတ်တရက် ဆွဲဆောင်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ မြောက်ဘက်ကောင်းကင်ယံတွင် လူနှစ်ဦး တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ ထိုလူနှစ်ဦးစလုံးမှာ အလွန်စွမ်းအားကြီးမားပုံ ရသည်။ သူတို့၏ တိုက်ခိုက်မှုများကို အခြေခံ၍ ကြည့်လျှင် သူတို့သည် အနှစ်သာရသူတော်စင်အဆင့် ဖြစ်သည်။
တိုက်ခိုက်နေကြသူများမှာ သိုင်းကျင့်ကြံသူ တစ်ဦးနှင့် တာအိုကျင့်ကြံသူ တစ်ဦးတို့ ဖြစ်ကြသည်။
အစပိုင်းတွင် သိုင်းကျင့်ကြံသူက အသာစီးရနေသည်။ သို့သော်လည်း တာအိုကျင့်ကြံသူက အဆောင်စာရွက် အချို့ကို ထုတ်ယူကာ ဆွဲဖြဲလိုက်ပြီးနောက်တွင် သိုင်းကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသို့ သတ်ဖြတ်နိုင်ခဲ့သော်လည်း တာအိုကျင့်ကြံသူမှာ သတိလစ်မတတ် အခြေအနေ ဖြစ်နေသည်။
“ငါ့အတွက် အခွင့်ကောင်းပဲ...”
တစ်စုံတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
ထို့နောက်တွင် ရင်ဘတ်၌ ကျီးကန်းပုံ ချည်ထိုးထားသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး သိုင်းကျင့်ကြံသူနှင့် တိုက်ခိုက်ထား၍ စွမ်းအင်များ ကုန်ခမ်းနေသော တာအိုကျင့်ကြံသူအား သတ်ဖြတ်လိုက်သည်ကို သွမ့်လင်းထျန် မြင်တွေ့လိုက်ရသည်။
***