သွမ့်လင်းထျန်သည် အနက်ရောင်ဝတ်စုံနှင့် လူ၏ တိုက်ခိုက်မှုကိုကြည့်ကာ သူ၏ စွမ်းအားကို ပြောနိုင်သည်။ ထိုလူသည် သူ သတ်ဖြတ်လိုက်သော တာအိုကျင့်ကြံသူထက် များစွာ အားနည်းပေသည်။ သူသည် တာအိုကျင့်ကြံသူ အပြင်းအထန် ဒဏ်ရာရကာ အကောင်းဆုံး အခြေအနေတွင် မရှိသည့် အချိန်ကို အခွင့်ကောင်းယူ၍သာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် တာအိုကျင့်ကြံသူမှာ အသတ်ခံလိုက်ရပြီး သူ၏ ကွပ်လပ်လက်စွပ်နှင့် သူ သတ်ဖြတ်ခဲ့သော သိုင်းကျင့်ကြံသူ၏ ကွပ်လပ်လက်စွပ်တို့ကို အလုခံလိုက်ရသည်။
“အရူးနှစ်ကောင်... ဘာအတွက် တိုက်ခိုက်ကြတာလဲ... နောက်ဆုံးတော့ ငါပဲ အကျိုးအမြတ် အားလုံးကို ရလိုက်တာပဲ”
အနက်ရောင်ဝတ်စုံနှင့် လူက ပွင့်လင်းစွာ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက အချိန်ဆွဲကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
အစမှ အဆုံးတိုင်အောင် ပတ်ဝန်းကျင်ရှိ လူများမှာ မည်သည့်စကားမျှ မဆိုဘဲ ရပ်ကြည့်နေရုံသာ ကြည့်နေခဲ့ကြသည်။
“ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေက တကယ်ကို အရှက်မရှိတာပဲ... ဒုစရိုက်မြို့တော်မှာ တိုက်ခိုက်တဲ့လူတိုင်း ကျီးကန်းနက်မဟာမိတ်အဖွဲ့က အဲဒီလို ကောက်ကျစ်စဉ်းလဲတဲ့ ကောင်တွေကို သတိထားရမယ်”
“အဲဒီ တာအိုကျင့်ကြံသူက ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူနဲ့ သွားတိုးတာကိုး... ကံဆိုးတာပဲ... မဟုတ်ရင် သူ သေမှာ မဟုတ်ဘူး”
“သူသာ အင်အားအပြည့်နဲ့ဆိုရင် ကျီးကန်းနက်မဟာမိတ်အဖွဲ့က ကောင်က သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... တာအိုကျင့်ကြံသူ ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီး သတ်သွားတာပဲ”
အနက်ရောင်ဝတ်စုံနှင့် လူ ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိ လူများက သူတို့အချင်းချင်း စတင် ပြောဆိုဆွေးနွေးလာကြသည်။
“ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ...”
သွမ့်လင်းထျန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
လူများ၏ စကားဝိုင်းမှတစ်ဆင့် သွမ့်လင်းထျန်သည် အနက်ရောင်ဝတ်စုံနှင့် လူအကြောင်းကို သိရှိသွားသည်။ သူသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ကျီးကန်းနက်မဟာမိတ်အဖွဲ့သည် အခြားသူများအပေါ် အခွင့်ကောင်းယူတတ်သည့် နာမည်ဆိုးဖြင့် ကျော်ကြားပုံရသည်။ ကျီးကန်းနက်မဟာမိတ်အဖွဲ့ကို ကြောက်ရွံ့သောကြောင့် မည်သူမျှ ဝင်ရောက်မပြောရဲကြပေ။
“ဟင်း... ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေက တကယ် ရွံစရာကောင်းတာပဲ...”
သွမ့်လင်းထျန်က သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သူ တစ်ဦးဟု မသတ်မှတ်ထားသော်လည်း ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူများ၏ အပြုအမူကတော့ သူ့ကို ရွံရှာသွားစေသည်။
သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူ ထွက်ခွာသွားသော လမ်းကြောင်းသို့ ပျံသန်းသွားလိုက်သည်။
သွမ့်လင်းထျန် ထွက်ခွာသွားသည်ကို မည်သူကမျှ သတိမထားမိကြပေ။ ထိုနေရာတွင် လူများစွာ ရှိနေသောကြောင့် တစ်ယောက်ယောက် ထွက်သွားလျှင်လည်း မည်သူကမျှ သတိထားမိမည် မဟုတ်ပေ။
သူ့ရဲ့ ဆောင့်ကြွားကြွားပုံစံကို ကြည့်ရတာ တော်တော်လေး ဘဝင်မြင့်နေတာပဲ.....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။
အစပိုင်းတွင် သွမ့်လင်းထျန်သည် အနက်ရောင်ဝတ်စုံနှင့် လူကို လိုက်ရှာခြင်းက ကံစမ်းကြည့်ရုံမျှသာ ဖြစ်သည်။ သူ့ကို ရှာတွေ့နိုင်လိမ့်မည်ဟု မထင်ပေ။ သို့သော်လည်း မကြာမီမှာပင် ထိုလူ ထောင်လွှားစွာ လမ်းလျှောက်နေသည်ကို သူ မြင်လိုက်ရသည်။
ဒီနေ့ နတ်ဘုရားကတောင် ငါ့ကို သူရဲကောင်း ဖြစ်စေချင်တဲ့ပုံပဲ....
မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ဖြစ်ဖို့က မင်းအပေါ်မှာ မူတည်နေတယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်ရင်း တိတ်ဆိတ်သော လမ်းသွယ်လေးတစ်ခုထဲသို့ အသံမမြည်စေဘဲ ဆင်းသက်လိုက်သည်။
သွမ့်လင်းထျန်က ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး သူ မလှုပ်ရှားမီ မည်သူမျှ မရှိကြောင်း သေချာစေရန် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။
ငါ့ရဲ့ ခရမ်းရောင်ဝတ်စုံကလွဲရင်... ငါ့ဆီမှာ မီးပူဇော်ခြင်းဂိုဏ်းက ဝတ်စုံတွေပဲ ရှိတော့တာပဲ....
သွမ့်လင်းထျန်သည် အဝတ်အစား လဲဖို့ကြံသောအခါ သူ၏ ကွပ်လပ်လက်စွပ်ထဲတွင် မီးပူဇော်ခြင်းဂိုဏ်း၏ တပည့်ဝတ်စုံများသာ ရှိတော့ကြောင်း သတိထားမိလိုက်သည်။ သူ့တွင် မီးပူဇော်ခြင်းဂိုဏ်းမှ ဝတ်စုံ သုံးမျိုး ရှိသည်။ လိပ်နက်ပရ၀ဏ်၀တ်စုံ၊ သူတော်စင်နယ်မြေ တပည့်များ၏ ဝတ်စုံနှင့် အစစ်အမှန်တပည့်ဝတ်စုံတို့ ဖြစ်သည်။ ယခင်က ပထမမိုင်းတွင်း၏ အပြစ်ပေးဇုန်မှ ဝတ်စုံများ ရှိခဲ့သော်လည်း သူ မထွက်ခွာမီကတည်းက ပြန်အပ်ခဲ့ပြီးပြီ ဖြစ်သည်။
ထားလိုက်ပါတော့... ဒီဝတ်စုံတွေထဲက တစ်စုံစုံကိုပဲ ဝတ်လိုက်တော့မယ်....
နောက်ဆုံးတွင် သွမ့်လင်းထျန်က သူတော်စင်နယ်မြေ တပည့်တစ်ဦး၏ ဝတ်စုံကို လဲဝတ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ သူ အစစ်အမှန်တပည့် ဖြစ်လာပြီးနောက် ထိုဝတ်စုံကို ပထမဆုံးအကြိမ် ပြန်လည် ဝတ်ဆင်ခြင်း ဖြစ်သည်။
ရုတ်တရက် သွမ့်လင်းထျန်၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။
ငါ အစစ်အမှန်တပည့် ဝတ်စုံကို လဲသင့်တယ်....
ထို့နောက် သူက အစစ်အမှန်တပည့် ဝတ်စုံကို အလျင်အမြန် လဲဝတ်လိုက်သည်။
ထို့နောက် သွမ့်လင်းထျန်က ရုပ်ဖျက်လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သူ၏ မျက်နှာကို စတင် ပြောင်းလဲလိုက်သည်။
အကယ်၍ ပတ်ဝန်းကျင်တွင် မီးပူဇော်ခြင်းဂိုဏ်း၏ သူတော်စင်နယ်မြေ တပည့်များ ရှိနေပါက သူတို့သည် သွမ့်လင်းထျန်ကို မှတ်မိနိုင်မည် မဟုတ်ပေ။ သည့်အစား သူတို့သည် မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်အဆင့်စာရင်းတွင် တတိယနေရာ၌ ရှိသော ပုဟုန်ကိုသာ မြင်တွေ့ရမည် ဖြစ်သည်။
မူလက ပုဟုန်သည် မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်အဆင့်စာရင်းတွင် ဒုတိယနေရာ၌ ရှိခဲ့သည်။ သို့ရာတွင် သူသည် သွမ့်လင်းထျန်အား ရှုံးနိမ့်သွားပြီးနောက် တစ်ဆင့် ကျဆင်းသွားခဲ့သည်။ သဘာဝကျစွာပင် ပုဟုန်သည် သွမ့်လင်းထျန် ယခု ဘာလုပ်နေသည်ကို မသိပေ။ အကယ်၍ သွမ့်လင်းထျန်က သူ၏ ပင်ကို၀ိညာဥ်အမြစ်ကို ဖျက်ဆီးခဲ့ရုံသာမက သူ၏ မျက်နှာကိုပါသုံးကာ ရုပ်ဖျက်ထားကြောင်း သိရှိပါက သွေးအန်သွားနိုင်ပေသည်။
ပုဟုန်ရဲ့ ခန္ဓာကိုယ်က ငါနဲ့ တော်တော် ဆင်တယ်... ပုဟုန်နဲ့ ရင်းနှီးတဲ့လူတွေ အခု ငါ့ကို မြင်ရင်တောင် ငါတို့နှစ်ယောက်ကို ခွဲခြားနိုင်မှာ မဟုတ်ဘူးလို့ ငါ သေချာပေါက် ပြောရဲတယ်....
သွမ့်လင်းထျန်က သူ၏ မျက်နှာကို စမ်းကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ရွှစ်...
သွမ့်လင်းထျန်သည် သူ၏ ရုပ်သွင်နှင့် အဝတ်အစား နှစ်မျိုးလုံးကို ပြောင်းလဲပြီးဖြစ်သဖြင့် ထိုလမ်းသွယ်ငယ်လေးထဲတွင် ဆက်နေစရာ အကြောင်းမရှိတော့ပေ။ သူသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူကို ရှာဖွေရန် ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတက်သွားလိုက်သည်။
သွမ့်လင်းထျန်သည် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူကို ရှာတွေ့ရန် အချိန်သိပ်မကြာလိုက်ပေ။
“အဲဒီလူက မီးပူဇော်ခြင်းဂိုဏ်းကလား”
သွမ့်လင်းထျန် ပျံသန်းထွက်ပေါ်လာသောအခါ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒုစရိုက်မြို့တော်ရှိ လူအများစုမှာ ဂိုဏ်းမဲ့ကျင့်ကြံသူများ ဖြစ်ကြသည်။ မီးပူဇော်ခြင်းဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးသုံးဂိုဏ်းမှ တစ်ခုအပါအဝင်ဖြစ်သည့် ဂိုဏ်းမှ တပည့်တစ်ဦး ဤနေရာတွင် ပေါ်လာခြင်းမှာ နေ့စဉ် ကြုံတွေ့ရတတ်သော ကိစ္စမျိုး မဟုတ်ပေ။
“သူ့ရဲ့ ဝတ်စုံကို ကြည့်ရတာ မီးပူဇော်ခြင်းဂိုဏ်းက အစစ်အမှန်တပည့် တစ်ယောက် ဖြစ်ပုံရတယ်”
ထိုနေရာရှိ လူများထဲတွင် ဗဟုသုတရှိသူ အချို့က သွမ့်လင်းထျန်၏ ဝတ်စုံကို ခွဲခြားသိမြင်နိုင်ကြသည်။
“သူက ဘယ်သူ့ကို လိုက်နေတာလဲ”
မကြာမီမှာပင် သွမ့်လင်းထျန် အလျင်လိုနေပုံရသည်ကို လူအချို့ သတိထားမိသွားကြသည်။
“ဟင်... အဲဒီလူက ကျီးကန်းနက်မဟာမိတ်အဖွဲ့က မလား... မီးပူဇော်ခြင်းဂိုဏ်းက အစစ်အမှန်တပည့်က သူ့နောက် လိုက်နေပုံရတယ်”
သွမ့်လင်းထျန်သည် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူကို လိုက်နေကြောင်း ဂိုဏ်းမဲ့ကျင့်ကြံသူများ သတိထားမိသွားသောအခါ သူ၏နောက်သို့ စတင် လိုက်ပါလာကြသည်။ သူတို့လည်း ဤပွဲတွင် ပါဝင်ဆင်နွှဲချင်ကြပုံ ရသည်။
ဝှစ်... ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...
ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်စုသည် လေထုထဲသို့ ပျံတက်သွားသောကြောင့် လေတိုးသံများ ထွက်ပေါ်လာသည်။
လေတိုးသံများကြောင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူသည် သဘာဝကျစွာပင် သတိထားမိသွားသည်။ သူသည် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်သည်။
“မီးပူဇော်ခြင်းဂိုဏ်းက တပည့်တစ်ယောက်လား”
တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏နောက်တွင် လူတစ်စု ရှိနေသည်ကို မြင်လိုက်ရသည်။ သဘာဝကျကျပင် အထင်ရှားဆုံးသူမှာ မီးပူဇော်ခြင်းဂိုဏ်း၏ တပည့်များအတွက် သီးသန့်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှေ့ဆုံးမှ ပျံသန်းလာသူ ဖြစ်နေသည်။
“မီးပူဇော်ခြင်းဂိုဏ်းရဲ့ အစစ်အမှန်တပည့်တစ်ယောက်လား”
ဝတ်စုံပေါ်ရှိ ချည်ထိုးထားသော ပုံစံကို မြင်သောအခါ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူ သိထားသလောက်ဆိုလျှင် မီးပူဇော်ခြင်းဂိုဏ်းမှ အစစ်အမှန်တပည့် အားလုံးသည် စိန့်ကောင်းကင်အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော ကျင့်ကြံမှုအဆင့် ရှိကြသည်။ သူတို့သည် အနှစ်သာရသူတော်စင်ကျွမ်းကျင်အဆင့်ဖြစ်သော သူ ယှဉ်နိုင်မည့်သူများ မဟုတ်ပေ။
“သ... သူက ငါ့ကို ပစ်မှတ်ထားနေတာလား...”
မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်တပည့်တစ်ဦး ပေါ်လာခြင်းကြောင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူမှာ အံ့အားသင့်နေဆဲ ဖြစ်ပြီး သူ့နောက် လိုက်နေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ ထို့ပြင် တစ်ဖက်လူထံမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်ကိုပါ သူ ခံစားလိုက်ရသည်။
“မီးပူဇော်ခြင်းဂိုဏ်းက မိတ်ဆွေ... ကျုပ်က ဒုစရိုက်မြို့တော် ကျီးကန်းနက်မဟာမိတ်အဖွဲ့က ကျောင်ထူပါ... ကျုပ်ရဲ့ ဒုတိယအစ်ကိုက ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ကျောင်ကျန်ပါ... ကျုပ်တို့ကြားမှာ အထင်လွဲစရာတစ်ခုခု ရှိနေလို့လား... ကျုပ်တို့ အရင်က ဆုံဖူးမယ် မထင်ဘူး”
သွမ့်လင်းထျန်က သတ်ဖြတ်ချင်စိတ်ဖြင့် သူ့ထံ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူက စိုးရိမ်တကြီး ပြောလိုက်သည်။
.........
“ကျောင်ထူ...”
“ဪ... ကျောင်ထူကိုး...”
“ကျောင်ထူက လူကောင်းမဟုတ်ဘူး... သူက ယုတ်မာတဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ပေမဲ့ သူ့အစ်ကိုက ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ဖြစ်လို့ လွတ်နေတာ”
သွမ့်လင်းထျန်၏ နောက်မှ လိုက်လာသော ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်စုသည် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူ၏ အမည်ကို ကြားသောအခါ အံ့ဩသွားကြသည်။ သူတို့ သတိပြန်ဝင်လာသောအခါ အချင်းချင်း စတင် ဆွေးနွေးလာကြသည်။
သူတို့အားလုံး ကျောင်ထူနှင့် ဆုံဖူးခြင်း မရှိသော်လည်း လူတိုင်းကတော့ သူ၏ အကြောင်းကို ကြားဖူးကြသည်။ ကျောင်ထူသည် ဒုစရိုက်မြို့တော်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင် ငါလည်း မင်းကို မသိဘူး”
အဝေးတွင် ထိတ်လန့်နေသော ကျောင်ထူအား သွမ့်လင်းထျန်က အေးစက်စွာ ပြောလိုက်သည်။
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ကျောင်ထူက သက်ပြင်းချလိုက်သည်။ သို့သော် သူ၏ စိတ်သက်သာရာရမှုမှာ အချိန်တိုလေးသာ ခံလိုက်သည်။
သွမ့်လင်းထျန်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါ မင်းမျက်နှာကို ကြည့်မရဘူး... ပြီးတော့ မင်းကို သတ်ချင်တယ်”
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ ကျောင်ထူ တုန်လှုပ်သွားပြီး သူ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် နေသူတော်စင်စွမ်းအင်များကို အသုံးပြု၍ အရှိန်တင်လိုက်ပြီး ကျောင်ထူ၏ အရှေ့သို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။
အမှန်တကယ်တော့ သွမ့်လင်းထျန် ယခု အသုံးပြုလိုက်သော အမြန်နှုန်းမှာ ကျောင်ထူ၏ အမြန်နှုန်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ကျောင်ထူသည် အလွန်ထိတ်လန့်သွားသောကြောင့် အချိန်မီ မထွက်ပြေးနိုင်ခဲ့ပေ။
ထိုမီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်တပည့်ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ဟု ခံစားရသောကြောင့် သူ ဆက်မပြေးတော့ပေ။ သူသည် ခြေစုံရပ်ကာ စကားဖြင့်သာ ဤအခြေအနေမှ လွတ်မြောက်အောင် ကြိုးစားမည်ဟု တွေးလိုက်သည်။
“မီးပူဇော်ခြင်းဂိုဏ်းက မိတ်ဆွေ... ခင်ဗျား နောက်တာက မရယ်ရဘူးနော်...”
ကျောင်ထူက သူ၏ ရင်ထဲတွင် မြင့်တက်လာသော ထိတ်လန့်မှုကို ဖိနှိပ်ကာ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုပင် အတင်း ဖန်တီးထားလိုက်သေးသည်။
“ငါ နောက်နေတယ်လို့ မင်း ထင်နေတာလား”
သွမ့်လင်းထျန်၏ မျက်လုံးများ အေးစက်သွားသည်။
***