သွမ့်လင်းထျန်သည် ပုဟုန်အဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်ထားသောကြောင့် အသေးစိတ်ကျကျ ဂရုစိုက်ရမည် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းမဲ့ကျင့်ကြံသူများသည် သူ၏ လှုပ်ရှားမှုများကို မမြင်နိုင်လောက်အောင် အလှမ်းဝေးသွားပြီဖြစ်ကြောင်း သေချာမှသာ နတ်ဘုရားစွမ်းရည်ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ သူသည် ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို အပြည့်အဝ အသုံးမပြုခဲ့ပေ။ ထိုသို့ဖြစ်လင့်ကစား ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေစဉ် သူ၏ ပတ်ပတ်လည်တွင် ဝဲကယက်အသေးစားလေးများကို မြင်တွေ့နေရဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်သည် အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အဆင့်သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ထိုမျှနှင့် မရပ်တန့်ဘဲ ဆက်လက်၍ မြင့်တက်လာသည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် သူနှင့် ကျောင်ထူကြားရှိ အကွာအဝေးကို စတင် ကျဉ်းမြောင်းလာစေသည်။
“မဟုတ်ဘူး... မင်း... မင်းက ပုဟုန် မဟုတ်ဘူး”
ကျောင်ထူက အော်ဟစ်လိုက်သည်။ အဝေးမှ ဂိုဏ်းမဲ့ကျင့်ကြံသူများသည် သွမ့်လင်းထျန် အသုံးပြုလိုက်သော ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို မမြင်နိုင်သော်လည်း သူနှင့် နီးကပ်စွာ ရှိနေသော ကျောင်ထူကမူ သွမ့်လင်းထျန်၏ သူတော်စင်စွမ်းအင် ပြောင်းလဲသွားသည်ကို ခံစားသိရှိနိုင်သည်။
ကျောင်ထူ စကားပြောလိုက်သည့် အချိန်မှာပင် သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်များသည် စိန့်ကောင်းကင် ပထမပုံစံစွမ်းအားရှင်တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှသော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤအဆင့်သို့ ရောက်သောအခါ သူ၏ နေသူတော်စင်စွမ်းအင် မြင့်တက်လာမှု နောက်ဆုံးတွင် ရပ်တန့်သွားသည်။
“မင်း အခုမှ သိတာလား... ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ”
သွမ့်လင်းထျန်က အေးစက်စွာ ပြောလိုက်သည်။
ကျောင်ထူ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သည့် အမူအရာများ ပေါ်လာပြီးနောက် သောင်းကျန်းနေသော သားရဲကြီးတစ်ကောင်ကဲ့သို့ အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုက သူ့ထံသို့ လွှမ်းမိုးလာသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျောင်ထူသည် စွမ်းအင်များထဲတွင် နစ်မြုပ်သွားသည်။ သားရဲကြီးတစ်ကောင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့်အလားပင်ဖြစ်သည်။
စွမ်းအင်များ ပျောက်ကွယ်သွားသောအခါ ကျောင်ထူလည်း အတူတကွ ပျောက်ကွယ်သွားခဲ့သည်။ လေထဲတွင် လွင့်မျောနေသော ကွပ်လပ်လက်စွပ် တစ်ကွင်းသာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်အတွင်း ကျောင်ထူကို မသတ်ခင် သွမ့်လင်းထျန်သည် ကျောင်ထူ၏ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုရန် အကြီးအကဲဟော်၏ အကူအညီကို တောင်းခံခဲ့သည်။
“အဝါရောင် ပင်ကိုဝိညာဉ်အမြစ်...”
အကြီးအကဲဟော်၏ စကားက သွမ့်လင်းထျန်ကို စိတ်ပျက်သွားစေသည်။
ကျောင်ထူတွင် အဝါရင့်ရောင် ပင်ကိုဝိညာဉ်အမြစ်သာ ရှိသည်။ ထို့ကြောင့် သွမ့်လင်းထျန်သည် ကျောင်ထူ၏ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုပြီးနောက် သူ၏ ပင်ကိုဝိညာဉ်အမြစ်မှာ မဲနယ်ရောင်သို့ ပြောင်းလဲသွားခြင်း မရှိပေ။
“မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က မဲနယ်ရောင် ပြောင်းဖို့ တော်တော်လေး နီးစပ်နေပြီ... နောက်ထပ် အဝါရောင် ပင်ကိုဝိညာဉ်အမြစ် တစ်ခုကိုသာ ဝါးမျိုလိုက်ရင် မဲနယ်ရောင် ပြောင်းသွားဖို့ လုံလောက်ပြီ”
အကြီးအကဲဟော်၏ နောက်ဆက်တွဲ စကားများက သွမ့်လင်းထျန်၏ စိတ်ပျက်မှုကို အနည်းငယ် လျော့ပါးသွားစေသည်။
ကိစ္စမရှိပါဘူး... နောက်ဆုံးကျရင် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲသွားမှာပါပဲ... ငါ အချိန်နည်းနည်းလေးပဲ ထပ်လိုတာပါ....
သွမ့်လင်းထျန် စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
သွမ့်လင်းထျန် စိတ်တည်ငြိမ်သွားပြီးနောက် ကွပ်လပ်လက်စွပ်ကို ကောက်ယူလိုက်သည်။ နောက်ဆုံးတွင် အမီလိုက်လာကြသော ဂိုဏ်းမဲ့ကျင့်ကြံသူများကို အေးစက်သော အကြည့်တစ်ချက်သာ ပေးပြီးနောက် သူသည် အရိပ်အယောင်မျှ မချန်ဘဲ ထွက်ခွာသွားသည်။
သဘာဝကျစွာပင် ဂိုဏ်းမဲ့ကျင့်ကြံသူများအတွက် သွမ့်လင်းထျန်ကို မေ့ပစ်ရန်မှာ မဖြစ်နိုင်ပေ။ သူအစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သူတို့ မသိသည်မှာ သေချာသည်။ သူတို့က သူ့ကို မီးပူဇော်ခြင်းဂိုဏ်း၏ မဟာလက်ရွေးစင်ပါရမီရှင်ရှစ်ယောက်ထဲတွင် ဒုတိယအသန်မာဆုံးဖြစ်သော ပုဟုန်ဟုသာ ထင်နေကြသည်။
“ကျောင်ထူက ဒီလိုကြီး သေသွားတာလား”
ဂိုဏ်းမဲ့ကျင့်ကြံသူများစွာမှာ အံ့အားသင့်ကာ မယုံကြည်နိုင်ဖြစ်နေကြသည်။ စောစောက သူတို့သည် အလှမ်းဝေးနေသဖြင့် မီးပူဇော်ခြင်းဂိုဏ်းမှ အစစ်အမှန်တပည့် ဘာလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုနေရာတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ကြောင်းကိုမူ သူတို့ သိကြသည်။ ကျောင်ထူမှာမူ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“အဲဒီမီးပူဇော်ခြင်းဂိုဏ်းက အစစ်အမှန်တပည့် ပုဟုန်က တကယ်ကို လွှမ်းမိုးလွန်းတာပဲ... ဒီနေရာက မီးပူဇော်ခြင်းဂိုဏ်း မဟုတ်ဘဲ ဒုစရိုက်မြို့တော်ဆိုတာ သူ မသိဘူးလား... ဒါ့ပြင် ကျောင်ကျန်က သူ့ကို လက်စားချေဖို့ လာရှာနိုင်ခြေ အရမ်းများတယ်”
မီးပူဇော်ခြင်းဂိုဏ်းမှ အစစ်အမှန်တပည့် ပုဟုန်၏ ရဲစွမ်းသတ္တိကို အံ့သြချီးကျူးနေကြသော ဂိုဏ်းမဲ့ကျင့်ကြံသူ အချို့လည်း ရှိသည်။
ဘာပဲဖြစ်ဖြစ် မည်သူကမျှ ဒုစရိုက်မြို့တော်ရှိ မဟာမိတ်အဖွဲ့တစ်ခုမှ ဒုခေါင်းဆောင်၏ ညီဖြစ်သူကို သတ်ရဲလောက်အောင် သတ္တိရှိကြမည် မဟုတ်ပေ။
“ပုဟုန်က ဒုစရိုက်မြို့တော်မှာ ဒီလောက်တောင် သတ္တိရှိရဲမှတော့ သူ့မှာ နောက်ခံအင်အား တစ်ခုခု ရှိရမယ်... သူ့ဆရာသခင်လည်း ဒုစရိုက်မြို့တော်မှာ ရှိနေမယ်လို့ ငါ ထင်တယ်”
“ဒါ ဖြစ်နိုင်တယ်... သူ့ဆရာသခင်သာ ဒီမှာရှိနေရင် ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တောင်မှ ပုဟုန်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”
“အသတ်ခံရတဲ့သူက တခြားသူဆိုရင်တော့ ငါ သနားမိမှာ... ဒါပေမဲ့ ကျောင်ထူ ဖြစ်နေတော့ ငါ သနားဖို့နေနေသာသာ ဝမ်းတောင်သာသေးတယ်”
“ငါလည်း အဲဒီလိုပဲ ခံစားရတယ်... အရင်တုန်းက ကျောင်ထူက သူ ကျီးကန်းနက်မဟာမိတ်အဖွဲ့က ဖြစ်တာရယ်၊ သူ့အစ်ကိုက ဒုခေါင်းဆောင် ဖြစ်နေတာရယ်ကြောင့် အကြောင်းပြချက်မရှိဘဲ လူအများကြီးကို သတ်ခဲ့တာလေ...အခု ဝဋ်လည်တာပဲ”
ထိုနေရာတွင် ရှိနေသော ဂိုဏ်းမဲ့ကျင့်ကြံသူ အားလုံးသည် ကျောင်ထူ သေဆုံးသွားသည့်အတွက် ဝမ်းနည်းပူဆွေးခြင်း မရှိကြပေ။ ထိုအစား သူတို့ထဲမှ အများစုမှာ ပုဟုန်က သူ့ကို သတ်လိုက်သည့်အတွက် ဝမ်းသာနေကြသည်။ သဘာဝကျကျပင် သူ့ကို သတ်ခဲ့သူမှာ ပုဟုန် မဟုတ်ကြောင်းကိုမူ သူတို့ မသိကြပေ။ မီးပူဇော်ခြင်းဂိုဏ်းတွင် အလျင်အမြန် ကျော်ကြားလာခဲ့သော သွမ့်လင်းထျန်က ပုဟုန်အဖြစ် ရုပ်ဖျက်ကာ ကျောင်ထူကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
သွမ့်လင်းထျန်၏ ပြီးပြည့်စုံသော ရုပ်ဖျက်မှုနှင့် ဟန်ဆောင်မှုကို ထိန်းသိမ်းထားရန် အသေးစိတ် ဂရုစိုက်မှုတို့ကြောင့် သူတစ်ဦးတည်းသာ အမှန်တရားကို သိရှိသည်။
ဟုတ်ပါသည်။ သေဆုံးသွားပြီဖြစ်သော ကျောင်ထူတော့ မပါပါ။
***