ကျောင်ထူကို သတ်ပြီးနောက် သွမ့်လင်းထျန် ထွက်ခွာသွားပြီး သူ၏ ခရမ်းရောင်ဝတ်ရုံကို လဲဝတ်ရန် နေရာတစ်ခု ရှာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဒုစရိုက်မြို့တော်အနီးသို့ ရောက်ရှိချိန်က စိတ်ကူးပေါက်၍ ပြောင်းလဲခဲ့သော သူ၏ ယခင်ရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
သူသည် ရုပ်သွင်ကို ပြောင်းလဲလိုက်သော်လည်း မီးပူဇော်ခြင်းဂိုဏ်းတွင် အသုံးပြုခဲ့သော ရုပ်ရည်နှင့် ဆင်တူမှုများစွာ ရှိနေဆဲ ဖြစ်သည်။ သူ၏ မျက်ခုံးများမှာ ဓားပုံသဏ္ဌာန် ရှိနေဆဲဖြစ်ပြီး ချောမောခန့်ညားကာ ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်။
“ဝမ်ယီဖော်က မြေပုဆိန်မဟာမိတ်အဖွဲ့လိုမျိုးပဲ ကျီးကန်းနက်မဟာမိတ်အဖွဲ့ အကြောင်းကိုလည်း မပြောခဲ့ဘူး... ကြည့်ရတာ သူတို့လည်း ဒုစရိုက်မြို့တော်မှာ သိပ်အစွမ်းထက်ပုံ မရဘူး”
ဝမ်ယီဖော်က ကျီးကန်းနက်မဟာမိတ်အဖွဲ့ အကြောင်းကို မပြောခဲ့သောကြောင့် သွမ့်လင်းထျန်က သူတို့ကို အလေးထားရမည့် အင်အားစုတစ်ခုဟု မထင်ပေ။
ဒုစရိုက်မြို့တော်အကြောင်း ပိုသိရအောင် စားသောက်ဆိုင် တစ်ဆိုင်လောက် သွားရှာကြည့်ရမယ်...
ထိုသို့တွေးလိုက်ပြီးနောက် သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်၏ မြို့လယ်ခေါင်သို့ ပျံသန်းထွက်ခွာသွားသည်။ သူသည် အနားယူရန်နှင့် ဤနေရာအကြောင်း ပိုမိုသိရှိနိုင်ရန် စည်ကားသော စားသောက်ဆိုင် တစ်ဆိုင်ကို ရှာဖွေရန် စီစဉ်ထားသည်။
ဘာလို့ ဂိုဏ်းမဲ့ကျင့်ကြံသူ အများကြီးက ဒီလို အန္တရာယ်များတဲ့ နေရာမှာ နေဖို့ ရွေးချယ်ကြတာလဲ ဆိုတာကို ငါ အခုထိ မသိသေးဘူး...
သွမ့်လင်းထျန် ဤကိစ္စနှင့် ပတ်သက်၍ အလွန်သိချင်နေသည်။
ယခင်က စမ်းကြည်လင်မြို့ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဝမ်ယီဖော်က သူ့ကို ထိုအကြောင်းမပြောပြဘဲ စိတ်ဝင်စားစရာ အခြေအနေအဖြစ် ချန်ထားရစ်ခဲ့သည်။
...............
သွမ့်လင်းထျန် စားသောက်ဆိုင် ရှာနေစဉ် ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခြံဝင်းအတွင်း၌မူ အခြေအနေများ မငြိမ်မသက် ဖြစ်နေသည်။
ဒုစရိုက်မြို့တော်ရှိ မဟာမိတ်အဖွဲ့တစ်ခုအနေဖြင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့သည် သာမန် မဟာမိတ်အဖွဲ့လေးသာ ဖြစ်လင့်ကစား သဘာဝကျကျပင် ဒုစရိုက်မြို့တော်အတွင်း၌ ကိုယ်ပိုင် ခြံဝင်းတစ်ခု ရှိသည်။
ဒုန်း...
ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ခြံဝင်းအတွင်း၌......
ကျောင်ထူ သေဆုံးသွားကြောင်း သတင်းကြားရသောအခါ ဒုခေါင်းဆောင် ကျောင်ကျန် ဒေါသအိုး ပေါက်ကွဲသွားသည်။ သူသည် တစ်ချက်တည်းဖြင့် သူ၏ရှေ့ရှိ ကျောက်စားပွဲကို ရိုက်ချိုးလိုက်သည်။
“ဘယ်သူလဲ... ဘယ်သူလဲ”
သားကောင်ကို ကြည့်နေသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော အကြည့်ဖြင့် သတင်းပို့သူကို ကြည့်ကာ ကျောင်ကျန်က မေးလိုက်သည်။
ကျောင်ကျန်၏ တုံ့ပြန်မှုမှာ ပုံမှန်သာဖြစ်သည်။ ယခင်က သူတို့ ညီအစ်ကို လေးယောက် ရှိခဲ့သည်။ အငယ်ဆုံးဖြစ်သော ကျောင်ထူမှလွဲ၍ သူ့တွင် အစ်ကိုတစ်ယောက်နှင့် ညီတစ်ယောက် ရှိသေးသည်။ သူတို့ လေးယောက်စလုံးမှာ ဂိုဏ်းမဲ့ကျင့်ကြံသူများ ဖြစ်ကြပြီး ဤလောကကြီးထဲတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ကြရသည်။ နှစ်များတစ်လျှောက် သူ၏ အစ်ကိုကြီး ကျောင်တ နှင့် တတိယညီ ကျောင်ဟုန် တို့ သေဆုံးသွားခဲ့ကြပြီး သူနှင့် ကျောင်ထူသာ ကျန်ရစ်ခဲ့သည်။
ထို့နောက်တွင် ကျောင်ကျန်နှင့် ကျောင်ထူတို့သည် ဒုစရိုက်မြို့တော်သို့ ရောက်လာကြပြီး အခြားတစ်ယောက်နှင့်အတူ ကျီးကန်းနက်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့သည် ကိုယ်ပိုင်နေရာတစ်ခုကို ရရှိခဲ့ကြသည်။
သဘာဝကျကျပင် ကျောင်ကျန်သည် သူ၏ တစ်ဦးတည်းသော ညီဖြစ်သူကို ဂရုစိုက်သည်။ သို့သော် ယနေ့တွင် သူ၏ တစ်ဦးတည်းသော ညီ၊ သူ၏ အငယ်ဆုံးညီကို သတ်ဖြတ်လိုက်ကြောင်း သူ သိလိုက်ရသည်။
“မ... မီးပူဇော်ခြင်းဂိုဏ်းက အစစ်အမှန်တပည့် ပုဟုန်ပါ”
ကျောင်ကျန်၏ ဒေါသကြောင့် ခန္ဓာကိုယ် တုန်ရီနေသော သတင်းပို့သူက အသံတုန်တုန်ဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ပုဟုန်လား”
သတင်းပို့သူ၏ စကားကို ကြားသောအခါ ကျောင်ကျန်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူက နက်စောက်သော လေသံဖြင့် မေးလိုက်သည်။
“ငါ့ညီကို သတ်သွားတာ မီးပူဇော်ခြင်းဂိုဏ်းက ပုဟုန်ဆိုတာ မင်း သေချာလား”
သဘာဝကျစွာပင် ကျောင်ကျန်သည် ပုဟုန်အကြောင်းကို ကြားဖူးသည်။ စွမ်းအားပိုင်းတွင် ပုဟုန်သည် စိန့်ကောင်းကင် တတိယပုံစံ၌ ရှိနေသောကြောင့် သူ့ထက် များစွာ သန်မာသည်။
သို့သော် ၎င်းမှာ အတိတ်က ကိစ္စဖြစ်သည်။ လွန်ခဲ့သော လဝက်ခန့်က ကျောင်ကျန်သည် စိန့်ကောင်းကင် တတိယပုံစံသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သူတတ်မြောက်ထားသော ပညာရပ်အမျိုးမျိုးနှင့် ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ဦးအဖြစ် ကျွမ်းကျင်ထားသော လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်များကြောင့် သူသည် ပုဟုန်ကို မကြောက်ပေ။ တကယ်တမ်းတွင် သူသည် ပုဟုန်ကို သတ်နိုင်မည်ဟုပင် ယုံကြည်ချက် ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ပုဟုန်သည် စိန့်ကောင်းကင် တတိယပုံစံရှိ စွမ်းအားရှင်များထဲတွင် အားအနည်းဆုံး ဖြစ်သည်။ ၎င်းကို အဓိပတိသူတော်စင်အဆင့်စာရင်းတွင် သူ၏ အဆင့်နေရာအား ကြည့်ခြင်းဖြင့် သိနိုင်သည်။ သူသည် ပုဟုန်ကို မကြောက်သော်လည်း မီးပူဇော်ခြင်းဂိုဏ်း၏ ရွှေမီးလျှံအကြီးအကဲဖြစ်သော ပုဟုန်၏ ဆရာသခင်ကိုမူ ကြောက်ရွံ့သည်။ ထိုသူမှာ အဇူရာနဂါးပရ၀ဏ်၏ ပရ၀ဏ်ခေါင်းဆောင်လည်း ဖြစ်သည်။
.................
ကျီးကန်းနက်မဟာမိတ်အဖွဲ့တွင်သာမက မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခြံဝင်းအတွင်း၌လည်း အခြေအနေများ မငြိမ်မသက် ဖြစ်နေသည်။
“ဒါ အဲ့ကောင်လား... ငါ့လူ နှစ်ယောက်ကို သတ်ပြီး ကမ္ပည်းတစ်ထောင် သူတော်စင်ဓား ပါတဲ့ ကွပ်လပ်လက်စွပ်ကို ယူသွားတဲ့သူပေါ့”
မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သည် ပင်မကြေးမုံပုံရိပ်အဆောင်စာရွက်ကို ဆွဲဖြဲလိုက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို မြင်တွေ့ခဲ့သည်။
သူသည် ပုံရိပ်ထဲတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး ဓားတစ်သောင်း ပျံဝဲနေကာ သူ၏ မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများကို သတ်ဖြတ်လိုက်သော ချောမောသည့် ခရမ်းရောင်လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထို့ပြင် ထိုလူငယ်သည် သူ့အဖွဲ့၀င်နှစ်ဦးထံမှ ကွပ်လပ်လက်စွပ်များကိုပင် ယူဆောင်သွားခဲ့သေးသည်။
..................
သိုင်းတာအိုသူတော်စင်နယ်မြေတွင် အသုံးဝင်သော တာအိုအဆောင်စာရွက် အမျိုးအစားပေါင်း များစွာရှိသည်။ ကြေးမုံပုံရိပ်အဆောင်မှာ ထိုအထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် ကြေးမုံပုံရိပ်အဆောင်တွင် အမျိုးအစား နှစ်မျိုးရှိသည်။ ၎င်းတို့မှာ သာမန်ကြေးမုံပုံရိပ်အဆောင်နှင့် အဓိကကြေးမုံပုံရိပ်အဆောင်တို့ ဖြစ်ကြသည်။
သာမန်ကြေးမုံပုံရိပ်အဆောင်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို ရုပ်ရှင်ကားများကဲ့သို့ မှတ်တမ်းတင်ရန် အသုံးပြုနိုင်သည်။ ၎င်းကို ဆွဲဖြဲလိုက်သောအခါ ၎င်းမှတ်တမ်းတင်ထားသော မြင်ကွင်းကို ပြန်လည်ပြသပေးမည်ဖြစ်သည်။
ထိုစွမ်းရည်မှာ သွမ့်လင်းထျန်၏ ယခင်ဘဝက ကမ္ဘာမြေရှိ ဗီဒီယိုကင်မရာနှင့် ဆင်တူသည်။ ကွာခြားချက်မှာ အသံဖမ်းယူနိုင်ခြင်း မရှိခြင်းသာ ဖြစ်သည်။
ယခင်က သွမ့်လင်းထျန်သည် လအလင်းဂိုဏ်းတွင် ရှိနေစဉ် တောင်အရိပ်မှောင်ခိုဈေးကွက်၏ ဌာနခွဲတစ်ခုမှ လူတစ်ယောက်သည် သာမန်ကြေးမုံပုံရိပ်အဆောင်ကို အသုံးပြု၍ သူ့ကို အကွက်ဆင်ခဲ့သည်။
တောင်အရိပ်မှောင်ခိုဈေးကွက်၏ ဌာနခွဲမှ ထိုလူသည် သာမန်ကြေးမုံပုံရိပ်အဆောင်ကို အသုံးပြုကာ သွမ့်လင်းထျန်ကို မှတ်တမ်းတင်ခဲ့ပြီး လအလင်းဂိုဏ်း၏ အထက် ကောင်းကင်ယံရှိ ကြေးမုံပုံရိပ်မျက်နှာပြင် မှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းသည် လအလင်းဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး သွမ့်လင်းထျန်ကို လအလင်းဂိုဏ်းမှ ထွက်ပြေးစေခဲ့ရသည်။
အဓိကကြေးမုံပုံရိပ်အဆောင်ဆိုသည်မှာ အဆောင်စာရွက် တစ်ရွက်တည်း မဟုတ်ဘဲ နှစ်ရွက်ဖြစ်သည်။ ၎င်းတို့သည် နှစ်ရွက်တစ်တွဲ ဖြစ်သည်။ အဓိကကြေးမုံပုံရိပ်အဆောင်တွင် အသေးစားကြေးမုံပုံရိပ်အဆောင် တစ်ခုနှင့် အကြီးစားကြေးမုံပုံရိပ်အဆောင် တစ်ခု ပါသည်။ အသေးစားကြေးမုံပုံရိပ်အဆောင်ကို လူတစ်ဦးက သယ်ဆောင်သွားပြီး ထိုလူ မြင်သမျှကို အမြဲတမ်း မှတ်တမ်းတင်နေမည်ဖြစ်သည်။ အကယ်၍ အသေးစားကြေးမုံပုံရိပ်အဆောင်ကို သယ်ဆောင်ထားသူ အသတ်ခံရပါက အသေးစားကြေးမုံပုံရိပ်အဆောင်သည် ထိုသူ အသတ်ခံရသည့် နောက်ဆုံးမြင်ကွင်းကို သိမ်းဆည်းပြီး အကြီးစားကြေးမုံပုံရိပ်အဆောင် ကိုင်ဆောင်ထားသူထံသို့ မြင်ကွင်းကို ပြန်လည် ပေးပို့မည်ဖြစ်သည်။ အကြီးစားကြေးမုံပုံရိပ်အဆောင်ကို ဆွဲဖြဲလိုက်သည်နှင့် အသေးစားကြေးမုံပုံရိပ်အဆောင်က မှတ်တမ်းတင်ထားသော မြင်ကွင်းများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
အကြီးစားကြေးမုံပုံရိပ်အဆောင်မှတစ်ဆင့် မြင်ကွင်းကို ကြည့်ရှုကာ ချောမောခန့်ညားသော ခရမ်းရောင်လူငယ်ကို မြင်တွေ့လိုက်ရသောအခါ မြေပုဆိန်မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ မျက်နှာထားမှာ အလွန်တည်ငြိမ်သွားသည်။
“အဲဒါ ဘယ်သူလဲ”
မြေပုဆိန်မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ယောင်းပုကျိ ဟု ခေါ်သည်။ သူသည် အလယ်အလတ် ကိုယ်ခန္ဓာရှိသော လူလတ်ပိုင်း တစ်ဦးဖြစ်သည်။ သူ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ပြီး လူအုပ်ထဲတွင် ထင်ရှားနေမည် မဟုတ်ပေ။ သို့သော်လည်း ဤသာမန်ဟု ထင်ရသော လူလတ်ပိုင်းသည် ဒုစရိုက်မြို့တော်ရှိ မဟာမိတ်အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ ထို့ပြင် ယောင်းပုကျိသည် စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်များထဲတွင် အသန်မာဆုံးသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။ သူသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် ထိပ်ဆုံး ၃၀၀ အတွင်း၌ ရှိသည်။
ယောင်းပုကျိသည် သူ၏ လူနှစ်ဦး လူငယ်တစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို အကြီးစားကြေးမုံပုံရိပ်အဆောင်မှတစ်ဆင့် မြင်တွေ့လိုက်ရသောအခါ အလွန်ဒေါသထွက်သွားသည်။ သို့သော် သူ၏ စိတ်တည်ငြိမ်မှုကို ဆုံးရှုံးသွားစေသည်မှာ လူနှစ်ဦး သေဆုံးသွားခြင်းကြောင့် မဟုတ်ပေ။ သူ စိတ်လွတ်သွားရခြင်းမှာ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို လုယူရန် ထိုလူနှစ်ဦးကို သူ စေလွှတ်ခဲ့သောကြောင့် ဖြစ်သည်။ မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များသည် ခရမ်းရောင်လူငယ်၏ သတ်ဖြတ်ခြင်းကို မခံရမီ အဘိုးအိုထံမှ ရရှိခဲ့သော ကွပ်လပ်လက်စွပ်ထဲတွင် ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို သိမ်းဆည်းထားခြင်း ဖြစ်သည်။
ယောင်းပုကျိသည် လူများ၏ အာရုံစိုက်မှုကို မခံချင်သောကြောင့် သူကိုယ်တိုင် မလှုပ်ရှားခဲ့သလို ထိပ်တန်းစွမ်းအားရှင်များကိုလည်း မစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အဘိုးအိုမှာ များစွာ ခြိမ်းခြောက်နိုင်စွမ်း မရှိသောကြောင့် ကမ္ပည်းတစ်ထောင်သူတော်စင်ဓား ပါသော အဘိုးအို၏ ကွပ်လပ်လက်စွပ်ကို လုယူရန် အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့်သာ ရှိသော လူနှစ်ဦးကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အစီအစဉ်များကို ခရမ်းရောင်လူငယ်က ဖျက်ဆီးပစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
***