“အဲဒီအရူးနှစ်ကောင်... သူ့ကို သွားရန်ရှာစရာ လိုလို့လား”
ယောင်းပုကျိသည် ဖြစ်ပျက်ခဲ့သည်များကိုသာ ကြည့်ရှုပြီး သူတို့ ဘာပြောနေကြသည်ကို မကြားရသော်လည်း သူတို့၏ နှုတ်ခမ်းလှုပ်ရှားမှုများမှတစ်ဆင့် ဘာတွေဖြစ်ခဲ့သည်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။
ခရမ်းရောင်လူငယ်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးက ပြဿနာအရင်ရှာသောကြောင့် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
ကံကောင်းလို့ ငါ အဲဒီအရူးနှစ်ကောင် မထွက်သွားခင်မှာ အသေးစားကြေးမုံပုံရိပ်အဆောင် တစ်ခုစီ ပေးလိုက်လို့ပေါ့... မဟုတ်ရင် ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို အခု ဘယ်သူ ယူထားလဲဆိုတာ ငါ သိရမှာ မဟုတ်ဘူး....
ယောင်းပုကျိသည် ကံကောင်းသည်ဟု ခံစားရကာ စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်လည်း ယောင်းပုကျိသည် နှမြောစရာကောင်းသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သာမန်ကြေးမုံပုံရိပ်အဆောင်များမှာ သိပ်တန်ဖိုးမကြီးသော်လည်း အဓိကကြေးမုံရိပ်အဆောင်များမှာ အလွန်ဈေးကြီးသည်။ မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့်ပင် သူ့တွင် ထိုအဆောင်စာရွက် အနည်းငယ်သာ ရှိသည်။ ယခုတစ်ကြိမ်တွင် သူသည် တစ်ပြိုင်နက်တည်း နှစ်ခုကို ဆုံးရှုံးလိုက်ရသည်။
ခရမ်းရောင်ဝတ်စုံနဲ့ လူငယ်ကို ရှာတွေ့သရွေ့ ငါ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို ပြန်ရမှာပါ...အဲ့ဒါနဲ့ ယှဉ်ရင် အဓိကကြေးမုံပုံရိပ်အဆောင် နှစ်ခု ဆုံးရှုံးသွားတာက သိပ်တော့ နှမြောစရာ မဟုတ်ပါဘူး.....
ယောင်းပုကျိက သူ့ကိုယ်သူ စိတ်ထဲမှ နှစ်သိမ့်လိုက်သည်။
သဘာဝကျကျပင် ယောင်းပုကျိ မြင်တွေ့လိုက်ရသော ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ဒုစရိုက်မြို့တော်သို့ ယခုလေးတင် ရောက်ရှိလာသော သွမ့်လင်းထျန်ပင် ဖြစ်သည်။
ဒုစရိုက်မြို့တော်အပြင်ဘက်တွင် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော အဘိုးအိုတွင် ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကဲ့သို့သော အဖိုးတန်ပစ္စည်း ရှိနေကြောင်းကို သွမ့်လင်းထျန် လုံး၀ မသိသေးပေ။ ထို့ပြင် ကမ္ပည်းတစ်ထောင် သူတော်စင်ဓားမှာ လက်ရှိတွင် သူ၏ လက်ထဲ၌ ရှိနေသည်။ ပို၍ တိကျစွာ ပြောရလျှင် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် တစ်ဦး၏ ကွပ်လပ်လက်စွပ်ထဲတွင် သိမ်းဆည်းထားသော အဘိုးအို၏ ကွပ်လပ်လက်စွပ်ထဲတွင် ရှိနေပြီး လက်ရှိတွင် ၎င်းမှာ သွမ့်လင်းထျန်၏ ကွပ်လပ်လက်စွပ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။
သွမ့်လင်းထျန်သည် ယနေ့ သူရရှိခဲ့သော အကျိုးအမြတ်များကို ကြည့်ရန် အချိန်မရှိသောကြောင့် သူသည် မရည်ရွယ်ဘဲ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို ရရှိသွားကြောင်း မသိခဲ့ပေ။
လက်ရှိတွင် သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ရောက်ရှိနေသည်။ ဤစားသောက်ဆိုင်မှာ ဒုစရိုက်မြို့တော်၏ မြို့လယ်ခေါင်ရှိ အစည်ကားဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။ သူသည် စားသောက်ဆိုင်တွင် အချိန်အတန်ကြာ ရှိနေခဲ့ပြီဖြစ်သဖြင့် ယခုအခါ ဒုစရိုက်မြို့တော်အကြောင်းကို ပိုမို နားလည်လာပြီ ဖြစ်သည်။
ဂိုဏ်းမဲ့ကျင့်ကြံသူ အများကြီးက ဒုစရိုက်မြို့တော်မှာ ဘာလို့ အခြေချကြလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး... တကယ်တော့ ဒုစရိုက်မြို့တော်မှာ စိန့်ကောင်းကင်သတ္တမပုံစံနဲ့ အထက်အဆင့် စွမ်းအားရှင်တွေက တစ်ခါတလေ သူတို့ကို ပစ္စည်းတွေ ပံသကူပစ်လေ့ရှိတာကိုး....
သွမ့်လင်းထျန်သည် ပတ်ဝန်းကျင်ရှိ စကားဝိုင်းများမှတစ်ဆင့် ဤအကြောင်းကို သိရှိခဲ့သည်။ သူသည် စားသောက်ဆိုင်ရှိ ပြတင်းပေါက်ဘေးတွင် ထိုင်ရန် ရွေးချယ်ခဲ့သည်။
ဒုစရိုက်မြို့တော်တွင် မည်သည့် မဟာမိတ်အဖွဲ့တွင်မျှ မပါသော စိန့်ကောင်းကင် သတ္တမပုံစံအထက်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူ အနည်းငယ် ရှိသည်။ သူတို့သည် မြို့ထဲတွင် မြင့်မားသော အဆင့်အတန်းရှိပြီး အများ၏ လေးစားမှုကို ခံရသည်။ တစ်ခါတစ်ရံတွင် သူတို့သည် သာမန်ကျင့်ကြံသူများ ရတနာဟု သတ်မှတ်ထားသော ပစ္စည်းအချို့ကို ပံသကူပစ်လေ့ရှိသည်။ ထိုအခါ ဂိုဏ်းမဲ့ကျင့်ကြံသူများက ၎င်းတို့အတွက် တိုက်ခိုက်ပြီး သတ်ဖြတ်ကြလေ့ရှိသည်။
ထိုပစ္စည်းများထဲတွင် ကောင်းကင်အဆင့်သူတော်စင်ကျောက်မျက်များမှစ၍ အဆင့်မြင့် သိုင်းပညာများ၊ တာအိုအဆောင်စာရွက်များနှင့် ကမ္ပည်းတစ်ရာ သူတော်စင်လက်နက်များအထိ ပါသည်။
ဒီသန်မာတဲ့စွမ်းအားရှင်တွေက တခြားဂိုဏ်းမဲ့ကျင့်ကြံသူတွေကို ဖျော်ဖြေရေး တစ်ခုလို သဘောထားနေကြတာပဲ....
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန်က ခေါင်းခါလိုက်သည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများ၏ စကားဝိုင်းများကို အခြေခံ၍ သွမ့်လင်းထျန်သည် စိန့်ကောင်းကင် သတ္တမပုံစံအထက်ရှိ စွမ်းအားရှင်များက ပစ္စည်းများကို ပံသကူပစ်လေ့ရှိကြောင်းနှင့် ၎င်းက ဒုစရိုက်မြို့တော်တွင် သွေးထွက်သံယိုမှုများကို ဖြစ်ပေါ်စေကြောင်း သိရှိခဲ့ရသည်။ ဂိုဏ်းမဲ့ကျင့်ကြံသူ များစွာမှာ ထိုပစ္စည်းများကို ရယူရန် ကြိုးပမ်းရင်း သေဆုံးခဲ့ကြရသည်။
အဆုံး၌ လူသားများက လောဘကြီးကြသည်။
စိန့်ကောင်းကင် သတ္တမပုံစံအထက်ရှိ စွမ်းအားရှင်များက ပေါ့ပေါ့ပါးပါး ပံသကူပစ်သော ပစ္စည်းများသည် သူတို့အတွက် သိပ်တန်ဖိုးမရှိသော်လည်း သာမန် ဂိုဏ်းမဲ့ကျင့်ကြံသူများအတွက်မူ ထိုပစ္စည်းများသည် သူတို့၏ အသက်ကို စွန့်လွှတ်ရကျိုးနပ်သော ရတနာများ ဖြစ်ကြသည်။
ကံဆိုးတဲ့ ဝိညာဉ်တွေက လူအပြည့်ရှိနေတဲ့ လမ်းပေါ်မှာ ရတနာ ပစ်တာမြင်ရင် အဲဒီအတွက် တိုက်ခိုက်ရမှာပဲ... ကံကောင်းတဲ့ လူတွေကတော့ လူမရှိတဲ့ နေရာမှာ ပံသကူပစ်တာကို တွေ့နိုင်တယ်....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများသည် တစ်နေ့တွင် ကံတရားက သူတို့ဘက်မှာ ရှိနေလျှင် ထိုရတနာများကို ရရှိနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဒုစရိုက်မြို့တော်တွင် စုဝေးနေကြခြင်း ဖြစ်သည်။
ဒါက ကမ္ဘာမှာ ထီထိုးတာနဲ့ တူတယ်... ထီပေါက်ဖို့ အခွင့်အရေးက နည်းတယ်ဆိုတာ သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိပေမဲ့ မရေမတွက်နိုင်တဲ့ လူတွေကတော့ ထီထိုးနေကြတုန်းပဲ... ဘာလို့လဲဆိုတော့ ထီပေါက်ရင် ရမယ့် ငွေကြေးဆုလာဘ်က သန်းနဲ့ချီပြီး ရှိနေလို့ပဲ... မျှမျှတတ ပြောရရင် ထီပေါက်တာနဲ့ ယှဉ်ရင် ဒီစွမ်းအားရှင်တွေ ပေါ့ပေါ့ပါးပါး ပစ်ချတဲ့ ရတနာတွေကို ရဖို့ အခွင့်အရေးက ပိုများပါတယ်....
မကြာမီမှာပင် သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်ရှိ အခြားသော ဆွဲဆောင်မှုတစ်ခု အကြောင်းကို သိရှိလိုက်သည်။
စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်တစ်ယောက် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီး တက်လှမ်းသွားပြီးနောက် ချန်ထားရစ်ခဲ့တဲ့ ရတနာသိုက် ရှိတယ်ပေါ့....
အချိန်တစ်ခုကြာတိုင်း စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင်တစ်ဦး ချန်ထားရစ်ခဲ့သော ရတနာသိုက်အကြောင်း သတင်းများသည် ဒုစရိုက်မြို့တော်တွင် ပျံ့နှံ့လေ့ရှိသည်။
စိန့်ကောင်းကင် နဝမပုံစံသို့ ရောက်ရှိသွားသူတိုင်းသည် ဒေ၀တာဘုံသို့ မတက်လှမ်းမီ ကောင်းကင်ကပ်ဘေးအား ရင်ဆိုင်ရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ၎င်းမှာ သိုင်းကျင့်ကြံသူများ၊ တာအိုကျင့်ကြံသူများ၊ နတ်ဆိုးကျင့်ကြံသူများ အားလုံးနှင့် သက်ဆိုင်သည်။
စိန့်ကောင်းကင် နဝမပုံစံကို ကောင်းကင်တက်လှမ်းခြင်းပုံစံ ဟုလည်း ခေါ်ကြသည်။ သူတို့သည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်မှသာလျှင် တက်လှမ်းနိုင်မည် ဖြစ်သည်။ သူတို့သည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ချက်ချင်း တက်သွားမလား သို့မဟုတ် စောင့်ဆိုင်းဦးမလား ရွေးချယ်ခွင့် ရှိသည်။ သဘာဝကျကျပင် သူတို့ စောင့်ဆိုင်းနိုင်သည့် အချိန်ကန့်သတ်ချက် တစ်ခုတော့ ရှိသည်။
ယေဘုယျအားဖြင့် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်သူများသည် သာမန်လောကတွင် အချိန်ကြာမြင့်စွာ မနေနိုင်ကြပေ။ အချိန်အတန်ကြာပြီးနောက် သူတို့သည် ကောင်းကင်တက်လှမ်းခြင်းစွမ်းအားဖြင့် ဒေ၀တာဘုံသို့ အတင်းအဓမ္မ တက်လှမ်းစေခြင်း ခံရမည်ဖြစ်သည်။
သဘာဝကျစွာပင် စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင်တိုင်းသည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်မည်ဟု အာမခံချက် မရှိပေ။
ကောင်းကင်ကပ်ဘေးသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ စိန့်ကောင်းကင် နဝမပုံစံ စွမ်းအားရှင် များစွာမှာ ကောင်းကင်ကပ်ဘေးကြောင့် ပြာဖြစ်ပြီး သေဆုံးခဲ့ကြရသည်။
အဓိကအင်အားစုများမှ စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင်များသည် သူတို့၏ အစွမ်းအထက်ဆုံး သူတော်စင်လက်နက်များနှင့် တာအိုအဆောင်စာရွက်များကိုသာ သိမ်းဆည်းထားလေ့ရှိကြသည်။ သူတို့၏ ကျန်ရှိသော ပိုင်ဆိုင်မှုများကို ကွပ်လပ်လက်စွပ်ထဲတွင် သိမ်းဆည်းကာ သူတို့၏ အင်အားစုတွင် ချန်ထားရစ်လေ့ရှိကြသည်။
ဘာပဲဖြစ်ဖြစ် ကောင်းကင်ကပ်ဘေးများသည် ကွပ်လပ်လက်စွပ်များကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သူတို့သည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်လျှင်ပင် တက်လှမ်းသောအခါ မည်သည့်အရာကိုမျှ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ကောင်းကင်တက်လှမ်းခြင်းစွမ်းအားသည် ကမ္ပည်းတစ်သောင်း သူတော်စင်လက်နက်များ အပါအဝင် အရာအားလုံးကို တွန်းကန်မည် ဖြစ်သောကြောင့်ဖြစ်သည်။
***