အင်အားစုတစ်ခုခုမှ စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင်များသည် ပုံမှန်အားဖြင့် ကောင်းကင်ကပ်ဘေးကို မရင်ဆိုင်မီ သူတို့၏ ပိုင်ဆိုင်မှုများကို သူတို့၏ အင်အားစုများတွင် ချန်ထားရစ်လေ့ရှိကြသည်။ သို့သော်လည်း စိန့်ကောင်းကင် နဝမပုံစံသို့ ရောက်ရှိနေသော ဂိုဏ်းမဲ့ကျင့်ကြံသူ အတော်များများလည်း ရှိကြသည်။ သူတို့သည် မည်သည့် အင်အားစုထဲမှ မ၀င်ကြဘဲ အများစုမှာ မိသားစု သို့မဟုတ် သူငယ်ချင်းများလည်း မရှိကြပေ။
ဤဂိုဏ်းမဲ့ကျင့်ကြံသူများသည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ကာ တက်လှမ်းခြင်း မပြုမီ သို့မဟုတ် တက်လှမ်းရန် ကြိုးစားရင်း မသေဆုံးမီ သူတို့၏ ရတနာများ ပါဝင်သော ကွပ်လပ်လက်စွပ်များကို တစ်နေရာရာတွင် ဖွက်ထားလေ့ရှိကြသည်။ ထိုနေရာများကို နောက်ပိုင်းတွင် ရတနာသိုက်များဟု ခေါ်တွင်ခဲ့ကြသည်။
စိန့်ကောင်းကင် နဝမပုံစံရှိ စွမ်းအားရှင်များ၏ ပိုင်ဆိုင်မှုများသည် သေချာပေါက် ရတနာများပင် ဖြစ်သည်။
ဒါက ဂိုဏ်းမဲ့ကျင့်ကြံသူ အများကြီး ဒုစရိုက်မြို့တော်ကို လာဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရတယ်
စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင်တစ်ဦး၏ ရတနာသိုက် တည်နေရာနှင့် ပတ်သက်သော သတင်းများ တစ်ခါတစ်ရံ ပျံ့နှံ့လေ့ရှိကြောင်း ကြားသောအခါ သွမ့်လင်းထျန် ဤသို့ ကောက်ချက်ချလိုက်သည်။ သူကိုယ်တိုင်ပင်လျှင် စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင်တစ်ဦး ချန်ထားရစ်ခဲ့သော ရတနာများကို စိတ်ဝင်စားသွားခဲ့သည်။
စိန့်ကောင်းကင် နဝမပုံစံရှိ စွမ်းအားရှင်တစ်ဦး ချန်ထားရစ်ခဲ့သော ပစ္စည်းများသည် သာမန် ဖြစ်နိုင်ပါမည်လား...
လုံးဝ မဖြစ်နိုင်ပေ။
အတန်ကြာပြီးနောက် သွမ့်လင်းထျန်သည် စားသောက်ဆိုင်တွင် အသုံးဝင်သောအရာ ဘာမှ ထပ်မံ သိရှိနိုင်တော့မည် မဟုတ်ကြောင်း တွေ့ရှိရသဖြင့် စားသောက်ပြီးနောက် ကျသင့်ငွေရှင်းကာ ထွက်ခွာလာခဲ့သည်။
ဒုစရိုက်မြို့တော်သို့ ယခုလေးတင် ရောက်ရှိလာသော ဂိုဏ်းမဲ့ကျင့်ကြံသူများအတွက် နေထိုင်စရာနှင့် ပတ်သက်၍ ရွေးချယ်စရာ သုံးခု ရှိသည်။
ပထမတစ်ခုမှာ ဒုစရိုက်မြို့တော်က အထူးတည်ဆောက်ထားသော နေအိမ်များတွင် နေထိုင်ရန် ရွေးချယ်နိုင်သည်။ သို့သော်လည်း နေထိုင်ခွင့်ရရန်အတွက် တိုက်ခိုက်ရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် လုံလောက်သော အင်အား မရှိပါက ၎င်းမှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
ဒုတိယရွေးချယ်စရာမှာ မဟာမိတ်အဖွဲ့ အသီးသီးက ပံ့ပိုးပေးထားသော နေအိမ်များတွင် နေထိုင်ခြင်း ဖြစ်သည်။ ထိုနေရာတွင် နေထိုင်ရန် ထိုနေအိမ်ကို ပိုင်ဆိုင်သော မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရမည် ဖြစ်သည်။
တတိယရွေးချယ်စရာမှာ တည်းခိုခန်းတစ်ခုတွင် နေထိုင်ခြင်း ဖြစ်သည်။ ဒုစရိုက်မြို့တော်ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်ရန် ကုန်ကျစရိတ်မှာ အလွန်မြင့်မားသည်။ အခန်းအမျိုးအစား များစွာ ရှိသည်။ သာမန်အခန်းများအပြင် ခြံဝင်းပါသော အခန်းများလည်း ရှိသည်။ စံအိမ်ကြီးများပင် ရှိသေးသည်။ သဘာဝကျကျပင် စံအိမ်ကြီးများမှာ ပို၍ ဈေးကြီးသည်။ သာမန်လူများ တတ်နိုင်မည့်အရာ မဟုတ်ပေ။
တည်းခိုခန်းတစ်ခု ရှာပြီးပဲ နေလိုက်တော့မယ်...
သွမ့်လင်းထျန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ပထမရွေးချယ်စရာ နှစ်ခုကို သူ စဉ်းပင် မစဉ်းစားခဲ့ပေ။
ဒုစရိုက်မြို့တော်ရှိ တည်းခိုခန်းများကို မဟာမိတ်အဖွဲ့ အသီးသီးက ပိုင်ဆိုင်ကြသည်။ သဘာဝကျစွာပင် ၎င်းတို့ကို ပိုင်ဆိုင်သော သက်ဆိုင်ရာ မဟာမိတ်အဖွဲ့များက ကာကွယ်ပေးထားသည်။ ဤအကြောင်းကြောင့် ဧည့်သည်များကို အေးချမ်းစွာ နေထိုင်နိုင်စေသည်။ ၎င်းမှာ သွမ့်လင်းထျန် တည်းခိုခန်းတွင် နေထိုင်ရန် ရွေးချယ်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
ဒုစရိုက်မြို့တော်၏ မြို့လယ်ခေါင်ရှိ စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် သွမ့်လင်းထျန်သည် အနီးအနားရှိ ဇိမ်ခံတည်းခိုခန်းတစ်ခုထံသို့ ချဉ်းကပ်သွားခဲ့သည်။ တည်းခိုခန်း၏ အမည်မှာ ‘ကြိုဆိုပါ၏ တည်းခိုခန်း’ ဖြစ်သည်။
တည်းခိုခန်း၏ ဧည့်ကြိုကောင်တာ အနောက်ဘက်တွင် အဘိုးအိုတစ်ဦး ထိုင်ကာ ငိုက်မျဉ်းနေသည်။ သွမ့်လင်းထျန်ကြောင့် ဖြစ်ပေါ်လာသောဆူညံသံကို ကြားသောအခါ သူသည် မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်း ဆင်မြန်းလိုက်သည်။
“ဧည့်သည်ပါလား”
‘စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်ပါလား...
အဘိုးအို မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်လင်းထျန်သည် အဘိုးအိုထံမှ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦး၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
“သူက စိန့်ကောင်းကင် ပထမပုံစံမှာ ရှိတယ်”
အကြီးအကဲဟော်က သွမ့်လင်းထျန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။
တည်းခိုခန်းပိုင်ရှင်လေးတောင် စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်နေတယ်... ကြည့်ရတာ ဒီတည်းခိုခန်းကို ပိုင်တဲ့ မဟာမိတ်အဖွဲ့က သာမန် မဟုတ်ဘူးထင်တယ်....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သည်။
“ဟုတ်ပါတယ်... ကျုပ် ဒီမှာ တည်းမလို့”
သွမ့်လင်းထျန်က အဘိုးအိုကို ပြန်ဖြေကာ ခေါင်းညိတ်ပြလိုက်သည်။
သွမ့်လင်းထျန် တည်းခိုရန် ရည်ရွယ်ထားကြောင်း ကြားသောအခါ အဘိုးအို၏ အပြုံးက ပိုမိုကျယ်ပြန့်သွားသည်။ သူက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
“ကြိုဆိုပါ၏ တည်းခိုခန်းက ရနိုင်တဲ့ အခန်းတွေက ဒုစရိုက်မြို့တော်က တည်းခိုခန်း အများစုနဲ့ ဆင်တူပါတယ်... နေထိုင်စရာ သုံးမျိုး ရှိပါတယ်... သာမန်အခန်းတွေ၊ ခြံဝင်းပါတဲ့ အခန်းတွေနဲ့ စံအိမ်ကြီးတွေ ရှိပါတယ်... ဧည့်သည်က ဘယ်အခန်းမှာ တည်းချင်ပါလဲ”
“အမျိုးအစား မတူတဲ့ အခန်းတွေအတွက် ဘယ်လောက် ပေးရလဲ”
သွမ့်လင်းထျန်က မေးလိုက်သည်။ ဒုစရိုက်မြို့တော်ရှိ နေထိုင်စရာများမှာ ဈေးကြီးကြောင်း သွမ့်လင်းထျန် ကြားဖူးသော်လည်း မည်မျှ ဈေးကြီးသည်ကိုမူ သူ မသိပေ။
အဘိုးအို၏ စကားကို ကြားသောအခါ သွမ့်လင်းထျန်သည် မျက်စိပွင့်နားပွင့် ဖြစ်သွားသလို ခံစားလိုက်ရသည်။
“သာမန်အခန်း တစ်ခန်းအတွက်က တစ်ရက်ကို အဆင့်သုံး သူတော်စင်ကျောက်တုံး တစ်တုံးပါ... ခြံဝင်းပါတဲ့ အခန်းအတွက်က တစ်ရက်ကို အဆင့်နှစ် သူတော်စင်ကျောက်တုံးတစ်တုံးပါ... စံအိမ်အတွက်ကတော့ တစ်ရက်ကို အဆင့်တစ် သူတော်စင်ကျောက်တုံး တစ်တုံးပါ”
အဘိုးအိုက ပြုံးကာ ပြောလိုက်သည်။
အခန်းများ ဈေးကြီးမည်ကို သွမ့်လင်းထျန် သိသော်လည်း အခန်းများအတွက် တိကျသော ဈေးနှုန်းများကို ကြားသောအခါ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
အလွန်ဈေးကြီးလှသည်။ အထူးသဖြင့် ၎င်းမှာ တစ်ညစာအတွက်သာ ဖြစ်သည်။ တစ်ရက်တည်းသာ တည်းခိုမည်ဆိုလျှင် ဈေးကြီးမည် မဟုတ်ပေ။ သို့သော်လည်း လူအများစုမှာ တစ်ညထက် ပို၍ တည်းခိုကြမည်မှာ သေချာသည်။
အဘိုးအိုသည် သွမ့်လင်းထျန်၏ အံ့သြမှုကို သတိထားမိပုံရသော်လည်း သူသည် ပုံမှန် မျက်နှာထားကိုသာ ထိန်းသိမ်းထားသည်။ သူက ပြုံးကာ မေးလိုက်သည်။
“ဒုစရိုက်မြို့တော်ကို လာတာ ဒါ ပထမဆုံးအကြိမ်လား”
“ဟုတ်ပါတယ်”
သွမ့်လင်းထျန် ခေါင်းညိတ်ပြလိုက်သည်။ ဒုစရိုက်မြို့တော်သို့ ပထမဆုံးအကြိမ် လာခြင်းဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် လိုအပ်သည်ဟု သူ မခံစားရပေ။
“ဧည့်သည်တော်... ကြိုဆိုပါ၏ တည်းခိုခန်းက အခန်းတွေရဲ့ ဈေးနှုန်းတွေက မျှတပါတယ်... တခြား တည်းခိုခန်းတွေထက် ပိုမဈေးကြီးပါဘူး... ဒါ့အပြင် ကျုပ်တို့ရဲ့ ဝန်ဆောင်မှုတွေက ဒုစရိုက်မြို့တော်က တည်းခိုခန်း အများစုထက် သေချာပေါက် ပိုသာပါတယ်”
အဘိုးအိုက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
“ကြိုဆိုပါ၏ တည်းခိုခန်းက အခန်းတွေရဲ့ အရည်အသွေးက တခြား တည်းခိုခန်းတွေနဲ့ ဆင်တူရင် တူနိုင်ပါတယ်... ဒါပေမဲ့ လုံခြုံရေးပိုင်းမှာဆိုရင်တော့ ကျုပ်တို့ကို ယှဉ်နိုင်တဲ့ တည်းခိုခန်း သိပ်မရှိပါဘူး... ကြိုဆိုပါ၏ တည်းခိုခန်းကို တန်ခိုးထွား မဟာမိတ်အဖွဲ့ က ပိုင်ပါတယ်... ကျုပ်တို့ဆီမှာ အဲဒီမဟာမိတ်အဖွဲ့က စွမ်းအားရှင်တွေ အစောင့်အဖြစ် ရှိပါတယ်... ဧည့်သည်သာ ဒီမှာ တည်းမယ်ဆိုရင် ဧည့်သည်ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး”
“တန်ခိုးထွား မဟာမိတ်အဖွဲ့”
အဘိုးအို၏ စကားကို ကြားသောအခါ သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်လက်သွားသည်။ အကြောင်းမှာ သူသည် ဒုစရိုက်မြို့တော်သို့ မရောက်လာမီကတည်းက ဤမဟာမိတ်အဖွဲ့ အကြောင်းကို ကြားဖူးသောကြောင့် ဖြစ်သည်။
ဝမ်ယီဖော်ထံမှ သွမ့်လင်းထျန် ကြားသိခဲ့ရသလောက်ဆိုလျှင် တန်ခိုးထွား မဟာမိတ်အဖွဲ့ သည် ဒုစရိုက်မြို့တော်တွင် အတော်လေး အင်အားကြီးသော မဟာမိတ်အဖွဲ့တစ်ခု ဖြစ်သည်။
အဘိုးအိုမှာ အလွန်ပါးနပ်သည်။ သွမ့်လင်းထျန်၏ မျက်လုံးများ ပြောင်းလဲသွားသည်ကို သူ ချက်ချင်း သတိထားမိသွားသည်။
“ကြည့်ရတာ ဧည့်သည်က တန်ခိုးထွား မဟာမိတ်အဖွဲ့ အကြောင်းကို ကြားဖူးပုံရတယ်”
“ဟုတ်တယ်... ကျုပ် ကြားဖူးတယ်”
သွမ့်လင်းထျန်က ငြင်းဆိုရန် မကြိုးစားပေ။ သူ ခေါင်းညိတ်ပြလိုက်ပြီးနောက် အဆင့်တစ် သူတော်စင်ကျောက်တုံး တစ်တုံးကို ထုတ်ကာ ကောင်တာပေါ်သို့ တင်လိုက်သည်။
“သူဌေး... ကျုပ် ခြံဝင်းပါတဲ့ အခန်းကို ယူမယ်... ဆယ်ရက်စာအတွက် ပေးမယ်”
“ကောင်းပါပြီ”
သွမ့်လင်းထျန်က ခြံဝင်းပါသော အခန်းတွင် တည်းခိုရန် ဆုံးဖြတ်လိုက်ကြောင်း ကြားသောအခါ တည်းခိုခန်းပိုင်ရှင် ပို၍ စိတ်အားထက်သန်သွားသည်။
သွမ့်လင်းထျန်ကို စာရင်းသွင်းပြီးနောက် တည်းခိုခန်းပိုင်ရှင်သည် ‘ မြေ ၂၇’ဟု ရေးသားထားသော ကတ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။ ထိုကတ်ပြားမှာ အနည်းငယ် လေးလံသည်။ ထို့ပြင် ၎င်းမှ ထူးဆန်းသော စွမ်းအင်တစ်ခု ထုတ်လွှတ်နေပုံ ရသည်။
အစီအရင် ပါတာလား...
၎င်းမှာ အစီအရင်တစ်ခုထံမှ စွမ်းအင်ဖြစ်ကြောင်း သွမ့်လင်းထျန် ခန့်မှန်းသိရှိရန် မခက်ခဲပေ။
“ခဏလေး စောင့်ပေးပါ... ဧည့်သည်ရဲ့ အခန်းဆီကို လိုက်ပို့ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ပါမယ်”
တည်းခိုခန်းပိုင်ရှင်က ပြောလိုက်ပြီးနောက် တာအိုအဆောင်စာရွက် တစ်ရွက်ကို ဆွဲဖြဲလိုက်သည်။
အသက်ရှိုက် သုံးစာခန့် ကြာပြီးနောက်...
ဝှစ်...
လေပြင်းတစ်ချက် တိုက်ခတ်လာပြီးနောက် အရပ်ပုသော်လည်း သွက်လက်ဖျတ်လတ်သော အစေခံတစ်ဦး ရောက်လာသည်။ သူသည် ‘ မြေ ၂၇’ ဟု ရေးသားထားသော ကတ်ပြားကို သွမ့်လင်းထျန်ထံမှ ယူကာ သွမ့်လင်းထျန်အား တည်းခိုခန်း၏ အနောက်ဘက်သို့ စတင် ခေါ်ဆောင်သွားသည်။
မကြာမီမှာပင် သွမ့်လင်းထျန်သည် ကျယ်ဝန်းသော ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။ ခြံဝင်းထဲတွင် ပန်းများနှင့် မြက်ခင်းများ ရှိသည်။ ၎င်းမှာ အလွန်လှပပြီး ကြည့်ရှုရတာ မျက်လုံးအေးစေသည်။ ၎င်း၏ အနောက်ဘက်တွင် သီးခြားအခန်းတစ်ခန်း ရှိသည်။
“ဧည့်သည်တော်... ဒါက ဧည့်သည်တော်ရဲ့ အခန်းပါ”
“ဒီကတ်ပြားက ဧည့်သည်ရဲ့ အခန်းသော့ပါ... ဧည့်သည်က ဒီသော့နဲ့ဆိုရင် ဒီနေရာကို လွှမ်းခြုံထားတဲ့ အစီအရင်ကို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပါတယ်”
အစေခံက ကတ်ပြားကို သွမ့်လင်းထျန်ထံသို့ ပြန်ပေးရင်း ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် ခြံဝင်းအပေါ်တွင် ‘ မြေ ၂၇’ ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသည်။
သွမ့်လင်းထျန် ခြံဝင်းထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် အစေခံသည် ထွက်ခွာသွားခဲ့သည်။
သွမ့်လင်းထျန် ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာမှာ အလွန်တိတ်ဆိတ်နေကြောင်း သတိပြုမိလိုက်သည်။
ဒီနေရာကို လွှမ်းခြုံထားတဲ့ အစီအရင်ထဲမှာ အသံလုံအစီအရင် တစ်ခုလည်း ပါပုံရတယ်... ဒါပေမဲ့ တစ်ညကို အဆင့်နှစ် သူတော်စင်ကျောက်တုံး တစ်တုံး ယူတာကတော့ ဈေးကြီးလွန်းသေးတယ်....
အသံလုံအစီအရင်တစ်ခုကို အဆင့်နိမ့် သူတော်စင်ကျောက်တုံးအနည်းငယ်ဖြင့် အလွယ်တကူ ဖန်တီးနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကြိုဆိုပါ၏ တည်းခိုခန်းရှိ မြေ ၂၇ သည် ဒုစရိုက်မြို့တော်တွင် သွမ့်လင်းထျန်၏ ယာယီနေထိုင်ရာ နေရာ ဖြစ်လာခဲ့သည်။
..........
တစ်ချိန်တည်းမှာပင် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သည် ပုံတူပန်းချီ တစ်ချပ်ကို ဆွဲစေပြီး မဟာမိတ်အဖွဲ့ဝင်များကို ဝေငှရန် မိတ္တူများစွာ ကူးယူထားလိုက်သည်။
ပန်းချီထဲက လူကို အရိုးကြေကြေ အရေခမ်းခမ်း အစွမ်းကုန်ရှာဖွေရမည်ဟု ယောင်းပုကျိ ကြေညာလိုက်သည်။ ထိုလူ၏ တည်နေရာနှင့် ပတ်သက်၍ သဲလွန်စပေးနိုင်သူ မည်သူ့ကိုမဆို အဆင့်တစ် သူတော်စင်ကျောက်တုံးတစ်ရာ ဆုချမည်ဖြစ်သည်။ အကယ်၍ ထိုလူကို မဟာမိတ်အဖွဲ့၏ ခြံဝင်းသို့ ခေါ်ဆောင်လာနိုင်ပါက တစ်ပိုင်း ကောင်းကင်အဆင့် သူတော်စင်ကျောက်တုံး တစ်ရာ ဆုချမည်ဖြစ်သည်။
‘ရက်ရောတဲ့ ဆုလာဘ်က လူတွေရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးတယ်’ ဟူသော စကားအတိုင်း မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များသည် သူတို့ခေါင်းဆောင်၏ အမိန့်ကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။
မြေပုဆိန်မဟာမိတ်အဖွဲ့ရှိ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်များပင်လျှင် ပုံတူပန်းချီကို ယူဆောင်ကာ ဒုစရိုက်မြို့တော်တစ်ဝိုက်တွင် လိုက်လံရှာဖွေကြသည်။
သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးကို သတ်စဉ်က အသုံးပြုခဲ့သော မျက်နှာကိုသာ သုံးထားသောကြောင့် သူ ဒုစရိုက်မြို့တော်တွင် ရှိနေကြောင်းကို မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များ သိရှိရန် အချိန်သိပ်မကြာလိုက်ပေ။ သူ မည်သည့် စားသောက်ဆိုင်သို့ သွားခဲ့ပြီး မည်သည့်စားပွဲတွင် ထိုင်ခဲ့သည်ကိုပင် သူတို့ သိရှိသွားကြသည်။ ထို့ပြင် သူ တည်းခိုနေသော တည်းခိုခန်းကိုပါ သူတို့ ရှာဖွေတွေ့ရှိသွားကြသည်။
သွမ့်လင်းထျန်သည် ကြိုဆိုပါ၏ တည်းခိုခန်းတွင် တည်းခိုနေကြောင်း သိရသောအခါ မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိ မျက်မှောင်ကြုတ်သွားသည်။ ထိုကိစ္စက ဤမျှအထိ ခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကြိုဆိုပါ၏ တည်းခိုခန်းလား”
ယောင်းပုကျိသည် ကြိုဆိုပါ၏ တည်းခိုခန်းကို မကြောက်ပေ။ သို့သော်လည်း ထိုတည်းခိုခန်းကို ပိုင်ဆိုင်သော တန်ခိုးထွား မဟာမိတ်အဖွဲ့ ကိုမူ သူ သတိထားရသည်။ အဆုံး၌ သူနှင့် မြေပုဆိန်မဟာမိတ်အဖွဲ့သည် တန်ခိုးထွား မဟာမိတ်အဖွဲ့ ကို လုံးဝ ယှဉ်နိုင်စွမ်း မရှိပေ။
***