ဒုစရိုက်မြို့တော်တွင် နေထိုင်ရာ၌ မဟာမိတ်အဖွဲ့တစ်ခု၏ ခြံဝင်း သို့မဟုတ် မဟာမိတ်အဖွဲ့တစ်ခုပိုင်ဆိုင်သော တည်းခိုခန်းတွင် တည်းခိုခြင်းက ပို၍ ဘေးကင်းသည်။ သဘာဝကျစွာပင် ထိုနှစ်ခုထဲတွင် တည်းခိုခန်း၌ တည်းခိုခြင်းက များစွာ ပို၍ ဘေးကင်းပေသည်။
ဒုစရိုက်မြို့တော်ရှိ မဟာမိတ်အဖွဲ့များကြားတွင် စွမ်းအားကွာခြားချက်များရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မဟာမိတ်အဖွဲ့တစ်ခု၏ ခြံဝင်းတွင် တည်းခိုမည်ဆိုပါက သူ၏ လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း တည်းခိုခန်းတစ်ခုတွင် တည်းခိုမည်ဆိုပါက ကွာခြားသွားမည်ဖြစ်သည်။
ဒုစရိုက်မြို့တော်တွင် တည်းခိုခန်း အရေအတွက် အတိုင်းအတာတစ်ခုထိ ရှိသော်လည်း သိပ်မများလှပေ။ မဟာမိတ်အဖွဲ့တိုင်းက တည်းခိုခန်းတစ်ခု ဖွင့်နိုင်စွမ်း မရှိကြပေ။ မြေပုဆိန်မဟာမိတ်အဖွဲ့နှင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့ ကဲ့သို့သော တတိယအဆင့် မဟာမိတ်အဖွဲ့များက တည်းခိုခန်းတစ်ခု ဖွင့်လျှင်ပင် သူတို့၏ လုံခြုံရေးကို အာမမခံနိုင်သောကြောင့် လူအများစုမှာ ထိုတည်းခိုခန်းများတွင် မတည်းဝံ့ကြပေ။ ဘာပဲဖြစ်ဖြစ် တတိယအဆင့် မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များသည် များသောအားဖြင့် အများဆုံး စိန့်ကောင်းကင် တတိယပုံစံကျင့်ကြံမှုအဆင့်သာ ရှိကြသည်။ ဒုခေါင်းဆောင်များနှင့် အဖွဲ့ဝင်များမှာ ပို၍ အားနည်းကြသည်။ အကယ်၍ ထိုကဲ့သို့သော မဟာမိတ်အဖွဲ့များက တည်းခိုခန်းတစ်ခု ဖွင့်ပါက ခေါင်းဆောင်များကသာ ပြဿနာလာရှာသူများကို တားဆီးနိုင်မည်ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်များက တည်းခိုခန်းတွင် အမြဲတမ်း ရှိနေဖို့ဆိုသည်မှာ သေချာပေါက် လက်တွေ့မကျပေ။
အခြားတစ်ဖက်တွင် တန်ခိုးထွားမဟာမိတ်အဖွဲ့ ကဲ့သို့သော မဟာမိတ်အဖွဲ့များသည် မြေပုဆိန်မဟာမိတ်အဖွဲ့နှင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့တို့ ယှဉ်နိုင်သော မဟာမိတ်အဖွဲ့များ မဟုတ်ပေ။ တန်ခိုးထွားမဟာမိတ်အဖွဲ့ သည် ဒုစရိုက်မြို့တော်တွင် နာမည်ကြီးသည်။ ထို့ပြင် တန်ခိုးထွားမဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်မှာ စိန့်ကောင်းကင် ပဉ္စမပုံစံစွမ်းအားရှင်တစ်ဦး ဖြစ်သည်။ ကြိုဆိုပါ၏ တည်းခိုခန်းကို စောင့်ကြပ်ရန် တာဝန်ပေးထားသော စွမ်းအားရှင်များပင်လျှင် စိန့်ကောင်းကင် တတိယပုံစံတွင် ရှိကြသည်။
ဤအကြောင်းကြောင့် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိသည် ကြိုဆိုပါ၏ တည်းခိုခန်းထဲသို့ အတင်းဝင်ရောက်ရန် ဆုံးဖြတ်လျှင်ပင် မည်သည့်အကျိုးအမြတ်မျှ ရရှိမည် မဟုတ်ပေ။ သူသည် တန်ခိုးထွားမဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကိုပင် စော်ကားမိသွားနိုင်သည်။
“ကြည့်ရတာ သူ ကြိုဆိုပါ၏ တည်းခိုခန်းကနေ ထွက်လာတဲ့အထိပဲ ငါ စောင့်ရတော့မယ် ထင်တယ်... သူ တည်းခိုခန်းကနေ ထွက်လာတာနဲ့ တန်ခိုးထွားမဟာမိတ်အဖွဲ့ ရဲ့ အကာအကွယ်အောက်မှာ ရှိတော့မှာ မဟုတ်ဘူး”
ယောင်းပုကျိ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သွမ့်လင်းထျန် ထွက်ခွာလာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။ ယောင်းပုကျိက မျက်လုံးများ အေးစက်စွာ စူးရှလျက် ပြောလိုက်သည်။
“မင်း ကြိုဆိုပါ၏ တည်းခိုခန်းမှာ တစ်သက်လုံး နေသွားမယ်လို့တော့ ငါ မယုံဘူး”
ယောင်းပုကျိက သူ၏ အစီအစဉ်ကို ဆုံးဖြတ်ပြီးသွားသောကြောင့် ကြိုဆိုပါ၏ တည်းခိုခန်း ဝန်းကျင်တွင် ဝေ့လည်ကြောင်ပတ်လုပ်နေသူ အများအပြား ရှိနေသည်။ အဆိုင်းလိုက် တာဝန်ယူထားသည့်အလား အချိန်တစ်ခုကြာတိုင်း လူများ ပြောင်းလဲသွားလေ့ရှိသည်။ ထိုလူများကို သွမ့်လင်းထျန်အား စောင့်ကြည့်ရန် ယောင်းပုကျိက စေလွှတ်ထားခြင်း ဖြစ်သည်မှာ သိသာထင်ရှားသည်။ သွမ့်လင်းထျန် ကြိုဆိုပါ၏ တည်းခိုခန်းမှ ထွက်ခွာသည်နှင့် တစ်ပြိုင်နက် သူတို့သည် သူ၏နောက်သို့ လိုက်သွားကြမည်ဖြစ်ပြီး အခြားသူ အချို့က မြေပုဆိန်ခြံဝင်းသို့ ပြန်ကာ ကျန်သူများကို အကြောင်းကြားကြမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း မသိရှိပေ။
လက်ရှိတွင် သွမ့်လင်းထျန်သည် သူ၏ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူရရှိခဲ့သော အကျိုးအမြတ်များကို ကြည့်ရှုနေသည်။ သူသည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးနှင့် ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ လူတစ်ဦးတို့ ပိုင်ဆိုင်ခဲ့သော ကွပ်လပ်လက်စွပ် သုံးကွင်းကို ထုတ်ယူလိုက်သည်။
ကွပ်လပ်လက်စွပ်များထဲရှိ သူတော်စင်ကျောက်တုံး အရေအတွက်ကို မြင်သောအခါ သွမ့်လင်းထျန်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
“အင်း...ထူးထူးခြားခြားတော့ မရှိပေမဲ့ တော်တော်လေး အဆင်ပြေပါတယ်... ဒုစရိုက်မြို့တော်က ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို မြှင့်တင်ဖို့ တကယ်ကို ပြီးပြည့်စုံတဲ့ နေရာပဲ”
ဒုစရိုက်မြို့တော်တွင် သဘောထားမတိုက်ဆိုင်ရုံမျှဖြင့် လူသတ်ခြင်းက မှားယွင်းသောအရာ မဟုတ်ပေ။ လူဆိုးလူယုတ်မာများသည် ဒုစရိုက်မြို့တော် လူဦးရေ၏ ထက်ဝက်ကျော်ခန့် ရှိသည်။ ဤအကြောင်းကြောင့် သွမ့်လင်းထျန်သည် သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုကာ လုယက်ရခြင်းအတွက် အပြစ်ရှိသည်ဟု မခံစားရပေ။
မကြာမီမှာပင် သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူတစ်ဦး ပိုင်ဆိုင်သော ကွပ်လပ်လက်စွပ်ထဲတွင် နောက်ထပ် ကွပ်လပ်လက်စွပ် တစ်ကွင်းကို တွေ့ရှိလိုက်သည်။ ထိုကွပ်လပ်လက်စွပ်ကို ယခင်က ဘယ်မှာမြင်ဖူးသလဲ ဆိုတာ သူ အလျင်အမြန် ပြန်စဉ်းစားလိုက်သည်။
“ဒီကွပ်လပ်လက်စွပ်က မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်တွေ သတ်သွားတဲ့ အဘိုးကြီး ပိုင်တဲ့ဟာ ထင်တယ်”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးသည် အဘိုးအို၏ ကွပ်လပ်လက်စွပ်ကို လိုချင်နေကြခြင်း ဖြစ်သည်မှာ သိသာထင်ရှားသည်။
အဲဒီထဲမှာ အဖိုးတန်တာ တစ်ခုခုများ ရှိနေမလား...
ဤအကြောင်းကို တွေးမိသောအခါ သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် လက်စွပ်ပေါ်တွင် သွေး ပိုင်ဆိုင်မှုကို အလျင်အမြန် ပြုလုပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်ကို မြင်တွေ့နိုင်သည်။ ကွပ်လပ်လက်စွပ်ထဲရှိ ပစ္စည်းများကို သူ အလျင်အမြန် ကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးများက ဓားတစ်လက်ပေါ် ကျရောက်သွားသည်။ ထိုဓားမှာ သာမန်ပုံပေါက်သော်လည်း သွမ့်လင်းထျန်၏ အာရုံကို ဆွဲဆောင်နိုင်သော ထူးခြားသည့် အငွေ့အသက် တစ်ခုခု ရှိနေသည်။
ဆန်းပြားကမ္ပည်းတာအိုကို လေ့လာသော သူတော်စင်ကမ္ပည်းသခင် တစ်ဦးအနေဖြင့် သွမ့်လင်းထျန်သည် သူတော်စင်ကမ္ပည်းများနှင့် ပတ်သက်လာလျှင် အလွန်ထက်မြက်သော အာရုံခံနိုင်စွမ်း ရှိသည်။
သွမ့်လင်းထျန်သည် ဓားကို အကြမ်းဖျင်း လေ့လာပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။
“ဒါက ကမ္ပည်းတစ်ထောင် သူတော်စင်ဓားပဲ... မြေပုဆိန်မဟာမိတ်အဖွဲ့က လူနှစ်ယောက်က ဒီကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို လိုချင်လို့ လိုက်နေတာ ဖြစ်ရမယ်”
သွမ့်လင်းထျန်သည် အဘိုးအို၏ ကွပ်လပ်လက်စွပ်ထဲတွင် သေချာရှာဖွေပြီး တန်ဖိုးရှိသော အခြားအရာ ဘာတစ်ခုမှ မတွေ့ရသောအခါ သူ၏ သီအိုရီအပေါ် ပို၍ပင် သေချာသွားခဲ့သည်။
ဒါပေမဲ့ အဘိုးကြီးရဲ့ စွမ်းအားနဲ့ သူ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို ဘယ်လိုများ ရခဲ့တာလဲ မသိဘူး... ပြီးတော့ မြေပုဆိန်မဟာမိတ်အဖွဲ့က လူနှစ်ယောက်ကရော အဘိုးကြီးဆီမှာ ကမ္ပည်းတစ်ထောင် သူတော်စင်ဓား ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ....
သွမ့်လင်းထျန်သည် ဤကိစ္စနှင့် ပတ်သက်၍ နားမလည်နိုင်အောင် ဖြစ်နေသည်။
သွမ့်လင်းထျန်သည် သိုင်းတာအိုသူတော်စင်နယ်မြေ၏ အထက်ပိုင်းပြည်နယ်တွင် လူသစ် တစ်ယောက် မဟုတ်တော့ပေ။ မီးပူဇော်ခြင်းဂိုဏ်းတွင် ရှိနေစဉ်အတွင်း သူ အများကြီး သင်ယူခဲ့ရသည်။
ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်များသည် သူ လေ့လာသိရှိခဲ့ရသော အရာများထဲမှ တစ်ခုဖြစ်သည်။ ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခုကို သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်တွင်ပင် ထိပ်တန်းအဆင့် ရတနာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ မီးပူဇော်ခြင်းဂိုဏ်းတွင် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခုမှာ အမှတ် သန်း ၁၀၀ ခန့် တန်ဖိုးရှိသည်။
မီးပူဇော်ခြင်းဂိုဏ်းတွင် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်များကို ပိုင်ဆိုင်ကြသော ရွှေမီးလျှံအကြီးအကဲ သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်မြင့် ပုဂ္ဂိုလ်များမှလွဲ၍ ငွေမီးလျှံအကြီးအကဲ အနည်းငယ်သာလျှင် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခုကို ပိုင်ဆိုင်ကြသည်။ ဤသည်မှာ ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခု မည်မျှ အဖိုးတန်ကြောင်း ပြသနေခြင်းဖြစ်သည်။
အဖိုးတန် ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက်တစ်ခုသည် အနှစ်သာရသူတော်စင်အဆင့်တွင်သာ ရှိသော မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦး၏ လုယူခြင်းကို မခံရမီ အနှစ်သာရသူတော်စင်အဆင့် အဘိုးအိုတစ်ဦး၏ လက်ထဲသို့ မည်သို့ ရောက်ရှိလာခဲ့သနည်း...
အကယ်၍ မြေပုဆိန်မဟာမိတ်အဖွဲ့မှ ထိုလူနှစ်ဦးသာ သွမ့်လင်းထျန်ကို ပြဿနာမရှာခဲ့လျှင် သူသည် ဤကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို ရရှိခဲ့မည် မဟုတ်ပေ။
ငါ့ကို အရင် ရန်ရှာခဲ့တဲ့ အဲဒီလူနှစ်ယောက်ကို ကျေးဇူးတင်ရမယ် ထင်တယ်....
သွမ့်လင်းထျန် စိတ်ထဲမှ တွေးကာ ရယ်မောလိုက်သည်။
လူတွေက ဘဝဆိုတာ ချောကလက်ဘူးလေး တစ်ဘူးနဲ့ တူတယ်လို့ ပြောကြတာ ဒါမျိုးကို ဆိုလိုတာ ဖြစ်မယ်... ကိုယ် ဘာရလာမလဲဆိုတာ ကိုယ်တိုင်တောင် သိမှာ မဟုတ်ဘူး....
ကမ္ပည်းတစ်ထောင် သူတော်စင်ဓားသည် အနှစ်သာရသူတော်စင်အဆင့်တွင်သာ ရှိသော အဘိုးအို၏ လက်ထဲသို့ မည်သို့ ရောက်ရှိလာခဲ့သည်ကို သွမ့်လင်းထျန် ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် ကမ္ပည်းတစ်ထောင် သူတော်စင်ဓားမှာ လက်ရှိတွင် သူ၏ လက်ထဲ၌ ရှိနေပြီသည်။ ၎င်းကသာ အရေးကြီးဆုံး ဖြစ်သည်။
ဒီကမ္ပည်းတစ်ထောင် သူတော်စင်ဓား ရှိမှတော့ ငါ ကမ္ပည်းတစ်ရာ သူတော်စင်ဓားကို သုံးစရာ မလိုတော့ဘူး... နောက်ပိုင်း တိုက်ပွဲတွေမှာ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို သုံးလို့ ရပြီ... ဖြစ်နိုင်ရင်တော့ နဂါးသွဲ့ကျောက်ဓားကို မသုံးဘဲ ထားရမယ်....
သွမ့်လင်းထျန်သည် မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုဖြင့် စိတ်ထဲမှ တွေးလိုက်သည်။
ကမ္ပည်းတစ်ထောင် သူတော်စင်ဓားပဲ ဆိုပေမဲ့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ဆွဲဆောင်နိုင်သေးတယ်... အရေးကြီးဆုံးက ပိုသန်မာလာဖို့ပဲ... ငါက ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို ကိုင်ဆောင်နိုင်လောက်တဲ့အထိ သန်မာနေသ၍ ဘယ်သူမှ လိုချင်ရဲမှာ မဟုတ်ဘူး....
သွမ့်လင်းထျန်က တွေးလိုက်သည်။
ထို့နောက်တွင် သွမ့်လင်းထျန်သည် အတွေးတစ်ချက်ဖြင့် ရတနာခုနှစ်ပါးနန်းဆောင် ၏ စတုတ္ထထပ်သို့ ဝင်ရောက်ကာ စတင် ကျင့်ကြံတော့သည်။
နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်...
ထိုနည်းစနစ်ကို အသုံးပြု၍ ကျင့်ကြံနေစဉ် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များသည် သွမ့်လင်းထျန်၏ ခန္ဓာကိုယ်အတွင်းသို့ လွတ်လပ်စွာ စီးဝင်လာသည်။ ဤအချိန်တွင် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ အဆမတန် တိုးတက်လာကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
သူ မျှော်လင့်ထားပြီး ဖြစ်သောကြောင့် သွမ့်လင်းထျန် အံ့သြခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ရှိ ပင်ကိုဝိညာဉ်အမြစ်မှာ ယခင်ကနှင့် မတူတော့ပေ။ သူသည် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအမြန်နှုန်းနဲ့ဆိုရင် နှစ်လအတွင်း စံပြသူတော်စင်အထွတ်အထိပ်အဆင့်ကို သေချာပေါက် ရောက်လိမ့်မယ်.....
သူသည် စံပြသူတော်စင်အထွတ်အထိပ်အဆင့်ကို တက်လှမ်းပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
သွမ့်လင်းထျန် သူ၏ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေစဉ် အချိန်များ ဆက်လက် ကုန်ဆုံးသွားသည်။ သူ၏ စွမ်းအားများ ဆက်လက် တိုးတက်လာသည်။ အစပိုင်းတွင် တိုးတက်မှုများကို သတိမထားမိနိုင်ပေ။ တဖြည်းဖြည်းနှင့် တိုးတက်မှုများက ပို၍ ပို၍ သိသာထင်ရှားလာသည်။
... ...........
အနောက်ပိုင်းဒေသတွင်... မီးပူဇော်ခြင်းဂိုဏ်း၌...
“အားးးးးးးးးး...”
သူတော်စင်နယ်မြေ ရှိ ရေပေါ်ကျွန်းများထဲမှ တစ်ခုဆီမှ စိတ်ပျက်အားငယ်မှုများ ရောယှက်နေသော ရူးသွပ်နေသည့် အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထိုအော်ဟစ်သံမှာ သားရဲတစ်ကောင်ထံမှ ထွက်ပေါ်လာသည့်အလား ဖြစ်နေပြီး အနီးအနားရှိ လူများကို တုန်လှုပ်သွားစေသည်။
“အဲဒါ စီနီယာအစ်ကိုပုဟုန်ပဲ”
ရေပေါ်ကျွန်းအနီးတွင် ပျံဝဲနေသော လူများမှာ မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်တပည့်များ ဖြစ်ကြသည်။ သူတို့အားလုံး ထိုရေပေါ်ကျွန်း၏ ပိုင်ရှင်ကို သိသောကြောင့် ရေပေါ်ကျွန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ၎င်းမှာ မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်အဆင့်စာရင်းတွင် တတိယနေရာ၌ ရှိသော ပုဟုန် ပိုင်ဆိုင်သည့် ကျွန်းဖြစ်သည်။
ပုဟုန်သည် တဟုန်ထိုး ကျော်ကြားလာခဲ့သောပါရမီရှင်အသစ် သွမ့်လင်းထျန်၏ အနိုင်ယူခြင်းကို မကြာသေးမီက ခံခဲ့ရသော်လည်း ၎င်းမှာ ပုဟုန် အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အခြား အစစ်အမှန်တပည့်များအတွက် ပုဟုန်သည် သူတို့ထက် သာလွန်နေဆဲ ဖြစ်သည်။
ပုဟုန်၏ ရူးသွပ်နေသော အော်ဟစ်သံကို ကြားသောအခါ သူတို့ အံ့အားသင့်သွားကြသည်။
“စီနီယာအစ်ကိုပုဟုန် ဘာဖြစ်လို့လဲ”
“ငါ မသိဘူး... စီနီယာအစ်ကိုသွမ့်လင်းထျန် အနိုင်ယူတာကို ခံရပြီးကတည်းက သူ အပြင်ကို မထွက်ဘူးလေ... ဒီနေ့ တစ်ခုခု ဖြစ်သွားလို့လို့ ငါ ထင်တယ်”
“သူ့အသံကို နားထောင်ကြည့်ရတာ အခြေအနေတော်တော်ဆိုးပုံပဲ... သူ စီနီယာအစ်ကိုသွမ့်လင်းထျန်ကို ရှုံးသွားတာကို လက်မခံနိုင်သေးလို့များလား”
“ဒါ ဖြစ်နိုင်တယ်”
အစစ်အမှန်တပည့် အနည်းငယ်သည် အချင်းချင်း ဆွေးနွေးကြပြီး သူတို့အားလုံး သဘောတူသော ကောက်ချက်တစ်ခုကို ရရှိသွားကြသည်။ သူတို့အားလုံးက ပုဟုန်သည် သွမ့်လင်းထျန်အား ရှုံးနိမ့်သွားခြင်းကို လက်မခံနိုင်ခြင်း ဖြစ်မည်ဟု ယူဆလိုက်ကြသည်။
သို့သော် သူတို့၏ ခန့်မှန်းချက်များ မှန်ကန်သည်လော.....
***