“မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ငါ့... ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက... ဘာလို့ ဒီလောက်တောင် နှေးသွားရတာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပုဟုန်သည် ရေပေါ်ကျွန်းပေါ်ရှိ စံအိမ်ကြီးထဲမှ အခန်းတစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် မှောက်လျက် လဲကျနေသည်။ သူ၏ မျက်လုံးများမှာ သက်ဝင်မှု မရှိတော့ဘဲ မျက်နှာမှာလည်း ဖြူဖျော့နေသည်။ သူသည် တစ်ယောက်တည်း ရေရွတ်လိုက်၊ ဟိန်းဟောက်လိုက်ဖြင့် သွက်သွက်ခါရူးသွားသည့်အလား ဖြစ်နေသည်။ သူသည် အလွန် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။
မီးပူဇော်ခြင်းဂိုဏ်းတွင် တဟုန်ထိုး ကျော်ကြားလာခဲ့သော ပါရမီရှင်အသစ် သွမ့်လင်းထျန်၏ အနိုင်ယူခြင်းနှင့် သတိလစ်သွားအောင် ထိုးကြိတ်တာကို ခံရပြီးကတည်းက ပုဟုန်သည် သူခံစားခဲ့ရသော အရှက်ကွဲမှုကြောင့် သတိပြန်လည်လာချိန်တွင် ပို၍ သန်မာလာစေရန် ကျင့်ကြံဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူ ပိုသန်မာလာဖို့ လိုအပ်သည်။ လူပုံအလယ်တွင် သွမ့်လင်းထျန်၏ အနိုင်ယူခြင်းနှင့် သတိလစ်သွားအောင် ထိုးကြိတ်ခံရခြင်းက သူ့အတွက် ကြီးမားသော အရှက်ကွဲမှုတစ်ခု ဖြစ်သည်။ သူ၏ အရှက်တရားကို ပြန်လည် ဆယ်ယူရန် သူ ကျိန်ဆိုထားခဲ့သည်။ ပုဟုန်သည် သူ၏ အရှက်ကွဲမှုကို ဆေးကြောရန် မရဏနန်းတော် တွင် သွမ့်လင်းထျန်ကို သတ်ဖြတ်နိုင်ရန် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု စိန်ခေါ်ရန် စီစဉ်ထားသည်။
သို့သော်လည်း ပုဟုန်သည် ကြိုးစားပမ်းစား ကျင့်ကြံရန် အားထုတ်လိုက်သောအခါ သူသည် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို လုံးဝ အာရုံမခံနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ အတန်ကြာ ကြိုးစားအားထုတ်ပြီးနောက် နောက်ဆုံးတွင် သူသည် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် အာရုံခံနိုင်လာခဲ့သည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် သူသည် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို မှေးမှိန်စွာသာ အာရုံခံနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာမူ ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ကြိုးစားသောအခါ ခရုတစ်ကောင်ကဲ့သို့ နှေးကွေးနေခဲ့သည်။
အနီရောင် ပင်ကိုဝိညာဉ်အမြစ် ရှိတဲ့ အရူးတွေတောင် ဒီထက်ပိုမြန်အောင် ကျင့်ကြံနိုင်တယ်....
ထိုအချိန်က ပုဟုန် စိတ်ထဲမှ တွေးလိုက်မိသည်။
အစပိုင်းတွင် ပုဟုန်က ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် သူ၏ အမြန်နှုန်း နှေးကွေးနေခြင်းမှာ သွမ့်လင်းထျန်၏ သတိလစ်အောင် ထိုးကြိတ်ခြင်းကို ခံလိုက်ရသည့် ဘေးထွက်ဆိုးကျိုးတစ်ခုသာ ဖြစ်မည်ဟု ထင်ခဲ့သည်။ ရက်အနည်းငယ်ကြာလျှင် သူ ပြန်လည် ကောင်းမွန်လာမည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ရက်တွေသာ ကုန်လွန်သွားခဲ့သော်လည်း အရာအားလုံးက ယခင်အတိုင်းပင် ဖြစ်နေသည်။ ပုဟုန်၏ ရင်ထဲတွင် လေးလံသွားသည်။ ထိုအချိန်တွင် သူ့မှာ ပြဿနာရှိနေပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သူ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
ဤအချိန်တွင် ပုဟုန်သည် စွမ်းအားအချို့ ပြန်လည်ရရှိလာပြီး သူ၏ မျက်လုံးများက ရက်စက်စွာ တောက်ပနေသည်။ သူသည် သွမ့်လင်းထျန်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေသည့်အလား သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
သွမ့်လင်းထျန် ငါ့ကို ဘာတွေ လုပ်လိုက်တာလဲ....
ဆရာသခင်... ငါ ဆရာသခင့်ကို သွားတွေ့ရမယ်....
ပုဟုန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ၏ ဆရာသခင်ဖြစ်သူ မီးပူဇော်ခြင်းဂိုဏ်း အဇူရာနဂါးပရ၀ဏ်၏ ပရ၀ဏ်ခေါင်းဆောင်ကို သတိရသွားသည်။
ပုဟုန်၏ အော်ဟစ်သံကို ကြားပြီးနောက် သူ၏ နေအိမ်အနီးတွင် ပျံဝဲနေကြသော အစစ်အမှန်တပည့်များသည် သူ နေအိမ်ထဲမှ ပျံသန်းထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ သို့ဆိုသော်လည်း သူ ဦးတည်သွားသော လမ်းကြောင်းကို သူတို့ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ကြသည်။
“ကြည့်ရတာ စီနီယာအစ်ကိုပုဟုန်က အဇူရာနဂါးပရ၀ဏ်ကို သွားနေပုံရတယ်”
အစစ်အမှန်တပည့် တစ်ဦးက သတိပြန်ဝင်လာပြီးနောက် ပြောလိုက်သည်။
“သူ့ဆရာသခင်ကို သွားရှာမလို့လား”
နောက်ထပ် အစစ်အမှန်တပည့် တစ်ဦးက မေးလိုက်သည်။
“သူ့အတွက် လက်စားချေပေးဖို့ သူ့ဆရာသခင်ကို သွားပြောမလို့လား”
အခြား အစစ်အမှန်တပည့် တစ်ဦးက ခေါင်းခါလျက် ပြောလိုက်သည်။ ပုဟုန် ဦးတည်သွားသော လမ်းကြောင်းကို ကြည့်လိုက်သော သူ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင် အနည်းငယ်ကို မြင်တွေ့နိုင်သည်။
အစစ်အမှန်တပည့် တစ်ဦးအနေဖြင့် ပုဟုန်သည် ရှုံးနိမ့်ပြီးနောက် ပို၍ သန်မာလာစေရန် ကြိုးစားပမ်းစား ကျင့်ကြံခြင်း မပြုသည့်အပြင် သူ၏ ဆရာသခင်ထံသို့ သွား၍ တိုင်တန်းနေသေးသည်။
မည်မျှ ရှက်စရာကောင်းလိုက်နည်း...
မီးပူဇော်ခြင်းဂိုဏ်းတွင် သူတော်စင်နယ်မြေ တပည့်များအနေဖြင့် အစစ်အမှန်တပည့် ဖြစ်စေ၊ သူတော်စင်နယ်မြေ တပည့် ဖြစ်စေ ပရ၀ဏ်ခေါင်းဆောင်များ၏ ခွင့်ပြုချက်မရှိဘဲ သင်္ကေတလေးခုပရ၀ဏ်များ သို့ သွားရောက်ခြင်းကို တားမြစ်ထားသော စည်းမျဉ်းတစ်ခု ရှိသည်။ ထိုစည်းမျဉ်းကို ချိုးဖောက်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုစည်းမျဉ်းသည် လူအနည်းငယ်အတွက်တော့ မသက်ဆိုင်ပေ။ ထိုသူများမှာ သင်္ကေတလေးခုပရ၀ဏ်များ မှ ပရ၀ဏ်ခေါင်းဆောင်များ၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။
ပရ၀ဏ်ခေါင်းဆောင်များ၏ တိုက်ရိုက်တပည့်များသည် ကြိုတင်ခွင့်ပြုချက် သို့မဟုတ် အကြောင်းကြားခြင်း မရှိဘဲ သင်္ကေတလေးခုပရ၀ဏ်များ သို့ ဝင်ရောက်လာပါက သူတို့၏ ဆရာသခင်များက သေချာပေါက် ကာကွယ်ပေးမည် ဖြစ်သည်။ သူတို့၏ ဆရာသခင်များသည် သူတို့၏ တိုက်ရိုက်တပည့်များကို ဖိတ်ခေါ်ထားခြင်း ဖြစ်သည်ဟု ပြောကာ ဖုံးကွယ်ပေးမည် ဖြစ်သည်။
ပုဟုန်သည် အဇူရာနဂါစပရ၀ဏ်ခေါင်းဆောင်၏ တိုက်ရိုက်တပည့် ဖြစ်သောကြောင့် သဘာဝကျစွာပင် ဤအခွင့်အရေးကို ရရှိထားသည်။
မီးပူဇော်ခြင်းဂိုဏ်း၏ သူတော်စင်နယ်မြေမှ ထွက်ခွာလာပြီး အဇူရာနဂါးပရ၀ဏ်သို့ ဝင်ရောက်လာသောအခါ ပုဟုန်သည် အဇူရာနဂါးပရ၀ဏ်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ကျင့်ကြံရာ နေရာသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
အဇူရာနဂါးပရ၀ဏ်မှ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ကျင့်ကြံရာ နေရာသည် အခြား ပရ၀ဏ် သုံးခုနှင့် ဆင်တူသည်။ ၎င်းသည် တိတ်ဆိတ်သော နေရာတစ်ခုတွင် တည်ရှိပြီး လူအများစုကို ဝင်ရောက်ခွင့် တားမြစ်ထားသည်။
“ပုဟုန်လား”
ပုဟုန်၏ ရောက်ရှိလာမှုက အဇူရာနဂါးပရ၀ဏ်၏ ငွေမီးလျှံအကြီးအကဲ တစ်ဦးကို အံ့အားသင့်သွားစေသည်။ တားမြစ်နယ်မြေအတွင်းသို့ တပည့်တစ်ဦး အတင်းဝင်ရောက်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာထား မှောင်မိုက်သွားခဲ့သည်။ သို့သော်လည်း ထိုသူမှာ ပုဟုန် ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
ပုဟုန်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် ဖားယားသော အပြုံးတစ်ခု ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ် ပုဟုန်သည် အဇူရာနဂါးပရ၀ဏ်ခေါင်းဆောင်၏ တိုက်ရိုက်တပည့် ဖြစ်ရုံသာမက ပရ၀ဏ်ခေါင်းဆောင်၏ ပထမဆုံး တိုက်ရိုက်တပည့်လည်း ဖြစ်သည်။ ပုဟုန်၏ မကောင်းဆိုးဝါးပင်ကိုပါရမီဖြင့် သူ၏ အနာဂတ် အောင်မြင်မှုသည် အဇူရာနဂါးပရ၀ဏ်ကို သေချာပေါက် ကျော်လွန်သွားမည်ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ဒုပရ၀ဏ်ခေါင်းဆောင် တစ်ဦး ဖြစ်လာမည်ဖြစ်သည်။ ပုဟုန်ကို မြှောက်ပင့်ခြင်းက သူ့အတွက် အကျိုးရှိစေမည်သာ ဖြစ်သည်။
မကြာမီမှာပင် အဇူရာနဂါးပရ၀ဏ်၏ ငွေမီးလျှံအကြီးအကဲ သည် ပုဟုန်မှာ အလျင်လိုနေပုံရပြီး သူ့ကို လျစ်လျူရှုသွားကြောင်း သတိထားမိလိုက်သည်။ ပုဟုန်၏ မှောင်မိုက်နေသော အမူအရာနှင့် ဖြူဖျော့နေသော မျက်နှာကို သူ တစ်ချက် မြင်လိုက်ရသည်။
အဇူရာနဂါးပရ၀ဏ်၏ ငွေမီးလျှံအကြီးအကဲ သည် သဘာဝကျကျပင် စိတ်အနှောင့်အယှက် မဖြစ်ပေ။ သို့သော်လည်း သူ နားမလည်နိုင်အောင် ဖြစ်သွားသည်။
“ဘာဖြစ်တာလဲ”
အဇူရာနဂါးပရ၀ဏ် ခေါင်းဆောင်၏ ပထမဆုံး တိုက်ရိုက်တပည့်နှင့် မီးပူဇော်ခြင်းဂိုဏ်း၏ ပါရမီရှင်တစ်ဦး အနေဖြင့် မည်သည့်အရာက ပုဟုန်ကို စိတ်တည်ငြိမ်မှု ဆုံးရှုံးသွားစေသနည်း...
သွမ့်လင်းထျန်ကြောင့်များလား...
အဇူရာနဂါးပရ၀ဏ်၏ ငွေမီးလျှံအကြီးအကဲ သည် မကြာသေးမီက ပုဟုန် ရှုံးနိမ့်ကာ သတိလစ်သွားခဲ့ရသည့် ဖြစ်ရပ်ကို ရုတ်တရက် သတိရသွားသည်။
အဲဒီဖြစ်ရပ်ပြီးကတည်းက ပုဟုန်က တိတ်ဆိတ်နေတာ... အခုမှ အဇူရာနဂါးပရ၀ဏ်ကို လာပြီး ပရ၀ဏ်ခေါင်းဆောင်ကို လာရှာတယ်ဆိုတော့ သွမ့်လင်းထျန်က သူ့ကို ထပ်ပြီး ရန်စလိုက်ပြန်ပြီလား.....
ဤအကြောင်းကို တွေးမိသောအခါ အနည်းဆုံးတော့ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ စိတ်ဝင်စားသောပုံစံဖြစ်သွားသည်။
သွမ့်လင်းထျန်က တကယ်ကို သာမန်မဟုတ်ဘူး... သူ ဘယ်တွင်းထဲက ထွက်လာလဲ မသိဘူး... မီးပူဇော်ခြင်းဂိုဏ်းကို ဝင်လာပြီး တစ်နှစ်တောင် မပြည့်သေးခင်မှာ လူငယ်ပါရမီရှင်တွေထဲမှာ ဒုတိယနေရာကို ရောက်လာနိုင်ခဲ့တယ်...
အဇူရာနဂါးပရ၀ဏ်၏ ငွေမီးလျှံအကြီးအကဲသည် ဂိုဏ်းအတွင်း သွမ့်လင်းထျန်၏ ဥက္ကာပျံကဲ့သို့ မဟုန်ထိုးတိုးတက်မှုများအကြောင်းကို တွေးမိကာ ငေးမောသွားသည်။ မီးပူဇော်ခြင်းဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် မည်သူကမျှ ဤမျှ မြန်ဆန်စွာ အဆင့်တက်လာခြင်း မရှိခဲ့ဖူးပေ။
..................
“ဆရာသခင်...”
သူတော်စင်နယ်မြေမှ အဇူရာနဂါးပရ၀ဏ်သို့ အလျင်အမြန် လာခဲ့ပြီးနောက် သူ၏ ဆရာသခင်ဖြစ်သူ နေအိမ်၏ တံခါးဝသို့ ရောက်သောအခါ ပုဟုန်က ရိုသေလေးစားစွာ ခေါ်လိုက်သည်။
“ဝင်ခဲ့”
မကြာမီမှာပင် စံအိမ်ကြီးအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံကို အခြေခံ၍ ၎င်းမှာ အမျိုးသားတစ်ဦး၏ အသံဖြစ်ကြောင်း သေချာသည်။ အသံမှာ ကျယ်လောင်ရုံသာမက ဩရှရှလည်း ဖြစ်နေသည်။
ပုဟုန်သည် စံအိမ်ကြီးအတွင်းသို့ ဝင်ရောက်သွားပြီး ရင်းနှီးကျွမ်းဝင်သော ရှေ့ဘက်ခြံဝင်းသို့ ရောက်ရှိသွားသည်။ သူသည် အဖီတစ်ခု၏ အရှေ့တွင် ရိုသေလေးစားစွာ ရပ်နေလိုက်သည်။ တောင့်တင်းသော ကိုယ်ခန္ဓာရှိသည့် လူလတ်ပိုင်းတစ်ဦးက အဖီထဲတွင် ရပ်နေသည်။ သူ၏ ကြွက်သားများကြောင့် သူ ဝတ်ဆင်ထားသော ဝတ်ရုံမှာ ကျပ်ကျပ်တည်းတည်း ဖြစ်နေပုံရသည်။ ထိုလူလတ်ပိုင်းမှာ သံတုံးတစ်တုံးကဲ့သို့ ခိုင်မာတောင့်တင်းသည်။ သူ၏ မျက်နှာမှာ ထောင့်မှန်ပုံစံ ရှိသည်။ သူ့တွင် ထူထဲသော မျက်ခုံးများနှင့် ခပ်ထူထူ နှုတ်ခမ်းများ ရှိပြီး ကြမ်းတမ်းသော ရုပ်သွင်ကို ဖြစ်ပေါ်စေသည်။ ဤသူမှာ အဇူရာနဂါးပရ၀ဏ်၏ ပရ၀ဏ်ခေါင်းဆောင် လုထျယ် ဖြစ်သည်။
ဒုန်း......
ပုဟုန်သည် လုထျယ်၏ အရှေ့တွင် ဒူးထောက်ချလိုက်သောအခါ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ပုဟုန်သည် ဒူးထောက်ချပြီးနောက် ခေါင်းငုံ့ကာ အားလျော့သောအသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် ဆရာသခင့်ကို အရှက်ကွဲအောင် လုပ်မိပါတယ်”
“ထ”
လုထျယ်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူ၏ စကားများကို အခြေခံ၍ သူ မည်သို့ ခံစားနေရသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။
“ဟုတ်ကဲ့ ဆရာသခင်”
ပုဟုန်သည် လုထျယ်ကို မလွန်ဆန်ဝံ့ပေ။ သူ ချက်ချင်း မတ်တတ်ရပ်လိုက်သော်လည်း သူ၏ ခေါင်းမှာ ငုံ့ထားဆဲ ဖြစ်သည်။ သူ၏ ဆရာသခင်ကို မျက်နှာပြရန် ရှက်ရွံ့နေသည့်အလား ဖြစ်နေသည်။
“ယန်အာ ဆီကနေ ဖြစ်ပျက်ခဲ့သမျှကို ငါ ကြားပြီးပြီ”
လုထျယ်သည် အစောကအတိုင်း ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
“သွမ့်လင်းထျန်က မင်းကို အနိုင်ယူသွားတာက အံ့သြစရာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းရဲ့ သိုင်းတာအို ပင်ကိုပါရမီနဲ့ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် နဲ့ဆိုရင် မင်း ကြိုးကြိုးစားစား ကျင့်ကြံရင် သွမ့်လင်းထျန်ကို ကျော်တက်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် မင်း သူ့ကို လက်စားချေပြီး မင်း ခံစားခဲ့ရတဲ့ အရှက်တရားကို ဆေးကြောပစ်လို့ ရတာပဲ”
လုထျယ်၏ အသံမှာ စကားပြောနေစဉ် ညင်သာလာသည်။ သူ၏ လေသံတွင် အားပေးမှု အရိပ်အယောင် အနည်းငယ်လည်း ပါဝင်နေသည်။
လုထျယ်သည် သူ၏ ပထမဆုံး တိုက်ရိုက်တပည့်အပေါ် အလွန်ကျေနပ်အားရသည်။ ပုဟုန်တွင် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသောကြောင့် ပုဟုန်က သူ့ကို ဆရာသခင်အဖြစ် လက်ခံခဲ့သည်မှာ သူ ကံကောင်းခြင်းပင်ဖြစ်သည်။ ပုဟုန်၏ ပင်ကိုဝိညာဉ်အမြစ်ဖြင့် သူသည် ဒုဂိုဏ်းချုပ်များထဲမှ တစ်ဦး သို့မဟုတ် နာယကများ နှင့် ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့် ဖြစ်ရန်ပင် အရည်အချင်း ပြည့်မီသည်။
မီးပူဇော်ခြင်းဂိုဏ်း၏ ရွှေမီးလျှံအကြီးအကဲ အားလုံးထဲတွင် လုထျယ် တစ်ဦးတည်းသာလျှင် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသော တိုက်ရိုက်တပည့်တစ်ဦးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အခြားသော ရွှေမီးလျှံအကြီးအကဲ များသည် အပြာရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသော သူတို့၏ တပည့်များကိုပင် များစွာ အလေးထားကြသဖြင့် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိသော တိုက်ရိုက်တပည့်တစ်ဦးကို ပိုင်ဆိုင်ထားသော သူ့အကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
“ဆရာသခင်... ကျွန်တော် သွမ့်လင်းထျန်ကို ကျော်တက်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်တယ်”
ပုဟုန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူ့ အပေါ် မျှော်လင့်ချက်ကြီးမားသော လုထျယ်၏ စကားများကို ကြားသောအခါ သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ သူသည် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး သူ၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ သူ၏ စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်မှာ သိသာထင်ရှားသည်။
ပုဟုန်၏ စကားကို ကြားသောအခါ လုထျယ်၏ မျက်နှာထား တင်းသွားသည်။ သူသည် ပုဟုန်ကို ဒေါသထွက်တော့မည့်အလား ကြည့်လိုက်သည်။
“မင်း ဘာကို ဆိုလိုတာလဲ... တစ်ကြိမ်လောက် ရှုံးသွားရုံနဲ့ မင်းက လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာလား”
ပုဟုန်က ခါးသီးစွာ ပြုံးရုံသာ ပြုံးလိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအမြန်နှုန်းဖြင့် သူ မည်သို့ လက်စားချေနိုင်မည်နည်း...
သူနှင့် သွမ့်လင်းထျန်ကြားရှိ ကွာဟချက်မှာ ပိုပို၍ ကြီးမားလာမည်သာ ဖြစ်သည်။ သူသည် သွမ့်လင်းထျန်ကို ဘယ်တော့မှ အမီလိုက်နိုင်မည် မဟုတ်တော့ပေ။
ဤအချိန်တွင် လုထျယ်သည် သူ၏ ပထမဆုံး တိုက်ရိုက်တပည့်မှာ ထူးဆန်းစွာ ပြုမူနေကြောင်း သတိထားမိလိုက်သည်။ သူ၏ မျက်နှာထားမှာ ပို၍ပင် တင်းမာသွားသည်။
ပုဟုန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်သမျှ အားလုံးကို လုထျယ်အား ပြောပြလိုက်သည်။ သူသည် သူ၏ ဆရာသခင်ကို မည်သည့်အရာမျှ မဖုံးကွယ်ရဲပေ။
“မင်းပြောတာက မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က ပျောက်သွားသလို ဖြစ်နေတယ်ဆိုတဲ့ သဘောလား”
လုထျယ်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။
သူက “ငါ မင်းရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာက မင်းရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို ငါ့ရဲ့ နတ်ဘုရားအာရုံနဲ့ ဝင်ကြည့်မယ်... မခုခံနဲ့” ဟု ပြောလိုက်သည်။
ပုဟုန် ခေါင်းညိတ်ပြပြီးနောက် လုထျယ်သည် သူ၏ နတ်ဘုရားအာရုံကို ထုတ်ဖော်ကာ ပုဟုန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွင်းသို့ ထည့်ကာ ပုဟုန်၏ ပင်ကိုဝိညာဉ်အမြစ်ကို အာရုံခံလိုက်သည်။
***