သူတို့က ငါ့ကို လုပြီး သတ်ဖို့ စီစဉ်နေတာများလား.....
သွမ့်လင်းထျန်က စိတ်ထဲမှ တွေးလိုက်သော်လည်း သဘာဝကျစွာပင် သူ စိုးရိမ်ခြင်း မရှိပေ။ ထိုလူများ သူ့ကို အေးဆေးလွှတ်ထားမည်ဆိုလျှင် သူတို့အတွက် အကျိုးရှိမည် ဖြစ်သည်။ အကယ်၍ သူတို့ သူ့ကို ရန်စမည်ဆိုပါက သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များ အားလုံးကို သူ ဝါးမျိုပစ်မည် ဖြစ်သည်။ အဆုံး၌ သူ၏ ပင်ကိုဝိညာဉ်အမြစ်မှာ မဲနယ်ရောင်သို့ ပြောင်းလဲရန် အလွန်နီးစပ်နေပြီဖြစ်သည်။
“အကြီးအကဲဟော်... ဒီလူတွေရဲ့ ကျင့်ကြံမှုအဆင့်တွေက ဘယ်လိုလဲ”
သွမ့်လင်းထျန်သည် သူ့ ဘေးကင်းရေးအတွက် ထိုလူများ၏ ကျင့်ကြံမှုအဆင့်များကို စမ်းသပ်ပေးရန် အကြီးအကဲဟော်၏ အကူအညီကို တောင်းခံလိုက်သည်။ ထိုလူများသည် သူ့ကို ရည်ရွယ်ချက်မကောင်းေသာ အကြည့်များဖြင့် စိုက်ကြည့်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။
အကြီးအကဲဟော်က သွမ့်လင်းထျန်အား ချက်ချင်း ပြန်ဖြေလိုက်သည်။
“သူတို့အားလုံးက အနှစ်သာရသူတော်စင်အဆင့်မှာ ရှိကြတယ်... စိတ်ပူစရာ ဘာမှ မရှိပါဘူး”
“အနှစ်သာရသူတော်စင်အဆင့် ကျင့်ကြံသူတွေလား”
အကြီးအကဲဟော်၏ စကားကို ကြားသောအခါ သွမ့်လင်းထျန်က ရယ်မောလိုက်သည်။
“ငါက အဲဒီလောက်တောင် အားနည်းပုံပေါက်နေလို့ အနှစ်သာရသူတော်စင်အဆင့်က အားနည်းတဲ့ကောင်တွေတောင် ငါ့ကို ပစ်မှတ်ထားရဲနေတာလား”
သွမ့်လင်းထျန်ကို စောင့်ကြည့်နေသော ဤလူများသည် သူ၏ အတွေးများကို မသိရှိသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့ အလွန် ဒေါသထွက်သွားကြမည် ဖြစ်သည်။
အနှစ်သာရသူတော်စင်အဆင့် ကျင့်ကြံသူများသည် သိုင်းတာအိုသူတော်စင်နယ်မြေရှိ အစာကွင်းဆက်၏ ထိပ်တန်းတွင် မရှိသော်လည်း ပျမ်းမျှအထက်တွင် ရှိသည်ဟု သတ်မှတ်ခံရဆဲ ဖြစ်သည်။ သို့သော်လည်း သွမ့်လင်းထျန်အတွက်မူ သူတို့သည် အားနည်းသူများသာ ဖြစ်ကြသည်။ သွမ့်လင်းထျန်သည် သူ ကိုယ်တိုင်က စံပြသူတော်စင်အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးကြောင်း မေ့နေပုံရသည်။ မည်သည့် အနှစ်သာရသူတော်စင်အဆင့် ကျင့်ကြံသူမဆို သူ၏ ကျင့်ကြံမှုအဆင့်ကို သိရှိသွားပါက သူ့ကို များစွာ ဂရုစိုက်မည် မဟုတ်ပေ။ သူ့ကို စံပြသူတော်စင်အဆင့်ရှိ သာမန် ကျင့်ကြံသူတစ်ဦးဟု ထင်မြင်ကြမည်ဖြစ်သည်။
ဝှစ်...
သွမ့်လင်းထျန်သည် သူ့ကို စောင့်ကြည့်နေသူများမှာ အနှစ်သာရသူတော်စင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့အတွက် ဆက်လက် စိုးရိမ်မနေတော့ပေ။ ထို့နောက် သူသည် ကြိုဆိုပါ၏ တည်းခိုခန်းမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။ အကယ်၍ အကြီးအကဲဟော်က ထိုလူများသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ပြောခဲ့ပါက သူသည် ကြိုဆိုပါ၏ တည်းခိုခန်းတွင် သူ၏ တည်းခိုမှုကို သက်တမ်းတိုးမည် ဖြစ်သည်။
တကယ်လို့ ငါ မင်းတို့ကို အနိုင်မတိုက်နိုင်ဘူးဆိုရင် ငါ ရှောင်သွားမယ်... ငါ့ရဲ့ ပင်ကိုဝိညာဉ်အမြစ်ကို မြှင့်တင်ဖို့က အရေးကြီးပေမဲ့ ငါ့အသက်ကို ကာကွယ်ဖို့က ပိုပြီးတော့ အရေးကြီးတယ်....
.................
သွမ့်လင်းထျန် ကြိုဆိုပါ၏ တည်းခိုခန်းမှ ထွက်ခွာလာသောအခါ...
“ထွက်လာပြီ... သူ ထွက်လာပြီ”
“မင်းနဲ့ မင်းရဲ့အဖွဲ့က သူ့နောက်ကို ဆက်လိုက်သွား... ငါနဲ့ ငါ့အဖွဲ့က မဟာမိတ်ကို ပြန်သွားပြီး ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့လိုက်မယ်”
“ကောင်းပြီ”
သွမ့်လင်းထျန်ကို စူးစမ်းထောက်လှမ်းနေသော လူစုသည် နှစ်ဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့က သူ၏နောက်သို့ ဆက်လက် လိုက်သွားပြီး အခြားတစ်ဖွဲ့က ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ထွက်ခွာသွားသည်။ ဤလူများမှာ မြေပုဆိန်မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်း သိသာထင်ရှားသည်။ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ထွက်ခွာသွားသော အခြားအဖွဲ့သည် သူတို့၏ ပစ်မှတ် ကြိုဆိုပါ၏ တည်းခိုခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သူတို့ခေါင်းဆောင်အား အကြောင်းကြားရန် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခြံဝင်းသို့ ပြန်သွားကြခြင်း ဖြစ်သည်။ သူတို့၏ ခေါင်းဆောင်သည် သူတို့ပစ်မှတ်၏ အရေးကြီးပုံကို အလေးအနက် ပြောကြားထားသောကြောင့် သူတို့ အချိန်ဆွဲ မနေဝံ့ကြပေ။
ဟမ်... သူတို့အားလုံး လိုက်မလာကြဘူးပဲ...
မကြာမီမှာပင် သွမ့်လင်းထျန်သည် သူ၏နောက်သို့ လိုက်လာသူများမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားကြောင်း သတိထားမိလိုက်သည်။ သူတို့အားလုံး သူ၏နောက်သို့ လိုက်မလာခဲ့ကြပေ။ ဤအချက်က သူ့ကို သံသယဖြစ်စေသည်။ သူသည် နှာခေါင်းရှုံ့လိုက်ရုံသာ ပြုလုပ်ပြီးနောက် ဒုစရိုက်မြို့တော်မှ ပျံသန်းထွက်ခွာလာခဲ့သည်။ သူသည် စံပြသူတော်စင်အထွတ်အထိပ်အဆင့်ရှိ သာမန် ကျင့်ကြံသူတစ်ဦး၏ အမြန်နှုန်းထက် ပိုမြန်အောင် မပျံသန်းခဲ့သော်လည်း ဒုစရိုက်မြို့တော်မှ အတော်လေး မြန်မြန် ထွက်ခွာနိုင်ခဲ့သည်။
“သူ ဒုစရိုက်မြို့တော်ကနေ ထွက်သွားပြီ”
သွမ့်လင်းထျန် ဒုစရိုက်မြို့တော်မှ ထွက်ခွာသွားသည်ကို မြင်သောအခါ မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များက အာမေဍိတ်သံ ပြုလိုက်ကြသည်။
“ငါတို့ သူ့နောက်ကို ဆက်လိုက်သင့်လား”
“ဒါပေါ့... ခေါင်းဆောင်က သူ တည်းခိုခန်းက ထွက်လာတာနဲ့ အနီးကပ် လိုက်ဖို့ အမိန့်ပေးထားတာပဲ... ဒါကြောင့်မလို့ သူ ဒုစရိုက်မြို့တော်ကနေ ထွက်သွားရင်တောင် ငါတို့ သူ့နောက်ကို လိုက်ရမှာပေါ့”
“သူ့ရဲ့ အမြန်နှုန်းကို ကြည့်ရတာ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အများဆုံး စံပြသူတော်စင်အဆင့်ပဲ ရှိမယ်ထင်တယ်... ခေါင်းဆောင်က ဘာလို့ သူ့ကို ဒီလောက်တောင် အရေးပေးပြီး ဒီလူတစ်ယောက်အတွက်နဲ့ ဒီလောက်ကြီးမားတဲ့ ဆုလာဘ်တွေ ပေးဖို့ ဆန္ဒရှိနေရတာလဲဆိုတာ ငါ နားမလည်နိုင်ဘူး”
“ငါ့အထင်တော့ ခေါင်းဆောင်က မကြာခင် ရောက်လာတော့မယ် ထင်တယ်”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများသည် သွမ့်လင်းထျန် ဒုစရိုက်မြို့တော်မှ ထွက်ခွာသွားပြီးနောက်တွင်လည်း သူ၏နောက်သို့ ဆက်လက် လိုက်လာစဉ် အချင်းချင်း ဆွေးနွေးနေကြသည်။ သဘာဝကျကျပင် သူတို့သည် သွမ့်လင်းထျန် သတိမထားမိစေရန် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြသည်။ သို့သော်လည်း သွမ့်လင်းထျန်သည် သူတို့ရှိနေကြောင်းကို သိရှိပြီးဖြစ်သည်ကို သူတို့ မသိကြပေ။
သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်မှ ထွက်ခွာလာပြီးနောက် မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ရှိသည့် တောတောင်ထူထပ်သော နေရာတစ်ခုကို မြင်သောအခါ ၎င်းမှာ သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် သင့်တော်သော နေရာတစ်ခုဟု ယူဆလိုက်သည်။
“ဒါက နေရာကောင်းပဲ”
သွမ့်လင်းထျန်သည် ဤအစီအစဉ်ကို ဒုစရိုက်မြို့တော်မှ မထွက်ခွာမီကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏နောက်သို့ လိုက်လာသူများကို ကိုယ်ထင်ပြလာစေရန် သူ စီစဉ်ထားသည်။ ထိုအချိန်ရောက်လျှင် သူတို့ကို အဘယ်ကြောင့် နောက်ယောင်ခံလိုက်နေရကြောင်း သူ စစ်မေးမည် ဖြစ်သည်။ အကယ်၍ သူတို့သည် မကောင်းသောရည်ရွယ်ချက်ဖြင့် သူ၏နောက်သို့ လိုက်နေကြောင်း သက်သေပြနိုင်ပါက သူတို့၏ ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုရန် သူ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သွမ့်လင်းထျန်သည် တောတောင်ထူထပ်သော နေရာသို့ ချဉ်းကပ်လာပြီး စတင် ဆင်းသက်လိုက်သည်။
သွမ့်လင်းထျန်သည် တောတောင်ထူထပ်သော နေရာထဲသို့ ရုတ်တရက် ဆင်းသက်သွားပြီး မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များ၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်။
“သူ ဘာလို့ ဒီကို လာတာလဲ”
“ဒီမှာ တန်ဖိုးရှိတဲ့ တစ်ခုခု ရှိနေလို့များလား”
“စိန့်ကောင်းကင် နဝမပုံစံမှာရှိတဲ့ စွမ်းအားရှင်ရဲ့ ရတနာသိုက်များ ဖြစ်နေမလား”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် သွမ့်လင်းထျန် တောတောင်ထူထပ်သော နေရာထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ အချင်းချင်း စတင် ဆွေးနွေးလာကြသည်။ သူ ဤနေရာတွင် ရှိနေရခြင်း၏ ဖြစ်နိုင်ခြေများနှင့် သူတို့ခေါင်းဆောင်က သူ့အပေါ် မည်မျှ အရေးပေးထားကြောင်းကို ဆွေးနွေးကြသောအခါ သူတို့၏ မျက်လုံးများ တောက်ပလာကြသည်။ သူတို့ခေါင်းဆောင်သည် စံပြသူတော်စင်အဆင့်သာ ရှိသော ကျင့်ကြံသူတစ်ဦး၏ နောက်သို့ လိုက်ရန် သူတို့ကို အမိန့်ပေးခဲ့ခြင်းမှာ အထူးအကြောင်းရင်းတစ်ခု သေချာပေါက် ရှိရမည်ဟု သူတို့ ယုံကြည်ကြသည်။
“ဒါသာ စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင် ချန်ထားခဲ့တဲ့ ရတနာသိုက်ဆိုရင်တော့ ငါတို့ မြေပုဆိန်မဟာမိတ်အဖွဲ့ကတော့ ထီပေါက်တာပဲ”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများ၏ မျက်လုံးများမှာ ထိုအကြောင်းကို ဆက်လက် တွေးတောလေလေ ပို၍ တောက်ပလာလေလေ ဖြစ်သည်။ စိန့်ကောင်းကင် နဝမပုံစံရှိ စွမ်းအားရှင် ချန်ထားရစ်ခဲ့သော ရတနာများကို ဝေစုခွဲယူနိုင်မည် မဟုတ်ကြောင်းကို သူတို့ သိသော်လည်း သူတို့၏ ခေါင်းဆောင်က သူတို့ကို ကြီးမားစွာ ဆုချမည်မှာ သေချာလှသည်။
“သူ တောအုပ်ထဲ ဝင်သွားပြီ... ငါတို့ အမီလိုက်သင့်တယ်... အခုချိန်မှ သူ့ကို အပျောက်မခံနိုင်ဘူး”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရုတ်တရက် သတိပေးလိုက်သည်။
“ဟုတ်တယ်... သူ့ကို မျက်ခြည်မပြတ်သွားခင် ငါတို့ မြန်မြန် လုပ်ရမယ်”
ဝှစ်... ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်လင်းထျန်၏ နောက်သို့ လိုက်နေသော မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူအားလုံးသည်လည်း တောတောင်ထူထပ်သော နေရာထဲသို့ ဆင်းသက်သွားကြသည်။ သို့သော်လည်း သူတို့ ဆင်းသက်လိုက်သောအခါ သွမ့်လင်းထျန်ကို ခြေရာကောက်မရတော့သဖြင့် သူတို့ အံ့အားသင့်သွားကြသည်။ သူ့ကို လုံးဝ မတွေ့ရတော့ပေ။ တောတောင်ထူထပ်သော နေရာထဲသို့ ဝင်ရောက်ပြီးနောက် သူသည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည့်အလား ဖြစ်နေသည်။
“သူ ပျောက်သွားပြီလား”
“သူ တောအုပ်ထဲ မဝင်ခင်လေးတင် ငါတို့ သူ့အနောက်မှာ ကပ်လျက် ရှိနေတာလေ... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျောက်သွားနိုင်ရတာလဲ”
“သူ့ရဲ့ အမြန်နှုန်းအရ ဒီလောက်မြန်မြန် ပျောက်မသွားနိုင်ဘူး”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများမှာ အံ့အားသင့်နေကြသည်။ ဤကိစ္စတစ်ခုလုံးမှာ နားလည်ရခက်နေကြောင်း သူတို့ သတိထားမိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သာမန် စံပြသူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး သို့မဟုတ် စံပြသူတော်စင်အထွတ်အထိပ်အဆင့်တွင် ရှိနေလျှင်ပင် သူတို့၏ မြင်ကွင်းမှ အရိပ်အယောင်မျှ မကျန်ဘဲ ဤမျှ မြန်ဆန်စွာ ပျောက်ကွယ်သွားရန်မှာ မဖြစ်နိုင်ပေ။
“ဘာဖြစ်သွားတာလဲ... သူ့ကို တကယ်ပဲ လွတ်သွားပြီလား”
“ငါတို့ သူ့ကို လွတ်သွားတယ်ဆိုတာ ခေါင်းဆောင်သာ သိရင် သူ့ကို အရေးထားပုံအရ ငါတို့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ သေချာတယ်”
“အပြစ်ပေးခံရမှာက အရေးမကြီးဘူး... ငါ ပိုစိုးရိမ်တာက စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင် ချန်ထားခဲ့တဲ့ ရတနာတွေကို ရနိုင်မဲ့ အခွင့်အရေးကို မြေပုဆိန်မဟာမိတ်အဖွဲ့က လက်လွတ်သွားမှာကိုပဲ”
သွမ့်လင်းထျန်ကို လွတ်သွားကြောင်း သိလိုက်ရသောအခါ မြေပုဆိန်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များမှာ စိုးရိမ်ပူပန်လာကြသည်။
“ငါတို့ သူ့ကို လူခွဲပြီး ရှာသင့်လား”
မြေပုဆိန်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက အကြံပြုလိုက်သည်။
“အဲဒါ အကြံကောင်းပဲ... ဒီမှာ ငါတို့ ကိုးယောက် ရှိတယ်... သုံးယောက်တစ်ဖွဲ့ ခွဲကြမယ်... အဲဒီခရမ်းရောင်ဝတ်စုံနဲ့ လူငယ်ကို မြောက်ဘက် အရှေ့ဘက်နဲ့ အနောက်ဘက် လမ်းကြောင်းတွေအတိုင်း အသီးသီး ရှာကြမယ်... ဘယ်လိုလဲ”
နောက်ထပ် မြေပုဆိန်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက စတင် စီစဉ်လိုက်သည်။ ကျန် ရှစ်ယောက်ကလည်း သူ၏ အစီအစဉ်ကို သဘောတူကြသည်။
“ငါ့ကို ရှာနေစရာ မလိုဘူး... ငါ ဒီမှာပဲ ရှိတယ်”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော အသံတစ်ခု လေထုထဲတွင် ထွက်ပေါ်လာသည်။
မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်အားလုံးသည် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်ကြသည်။ လေဟာနယ်ထဲမှ လူတစ်ယောက် ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
“အရမ်းမြန်တာပဲ”
မြေပုဆိန်မဟာမိတ်အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောလိုက်သည်။ သဘာဝကျစွာပင် သူသည် လေဟာနယ်ထဲမှ တကယ် ထွက်ပေါ်လာသည်ဟု ထင်ရလောက်အောင် သူတို့ မမိုက်မဲကြပေ။ ဤအကြောင်းကြောင့် သူတို့ ချက်ချင်း သတိထားလိုက်ကြသည်။
သူတို့ထဲတွင် အသန်မာဆုံးသူများမှာ အနှစ်သာရသူတော်စင်အထွတ်အထိပ်အဆင့်ရှိ လူအနည်းငယ်သာ ဖြစ်ပြီး ကျန်သူများမှာ အလယ်အဆင့်နှင့် ကျွမ်းကျင်အဆင့်များတွင် ရှိကြသည်။
ခရမ်းရောင်ဝတ်စုံနှင့် လူငယ် မည်သည့်အချိန်က ပေါ်လာသည်ကို သူတို့ထဲမှ တစ်ယောက်မျှ သတိမထားမိခဲ့ကြပေ။
စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်...
မြေပုဆိန်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင် ကိုးယောက်စလုံးသည် တူညီသော အတွေးတစ်ခုတည်းကို တွေးမိကြသည်။ သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။
သူတို့ နောက်ယောင်ခံလိုက်နေသူမှာ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်။ သွမ့်လင်းထျန်၏ အမြန်နှုန်းကို အခြေခံ၍ သူသည် စံပြသူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း သွမ့်လင်းထျန်က သူတို့ကို တမင်တကာ အထင်လွဲအောင် လုပ်ခဲ့ပုံရသည်။ သူသည် အစောပိုင်းကတည်းက သူတို့ ရှိနေသည်ကို သတိထားမိပြီး သူတို့ကို မျှားခေါ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်။
“မင်းတို့အားလုံးက မြေပုဆိန်မဟာမိတ်အဖွဲ့ကလား”
သွမ့်လင်းထျန် မေးလိုက်သည်။ သူသည် အစောပိုင်းကတည်းက အနီးအနားတွင် ပုန်းအောင်းနေခဲ့သောကြောင့် သူတို့၏ စကားဝိုင်းများကို ကြားခဲ့ရသည်။
***