သွမ့်လင်းထျန် စကားပြောလိုက်စဉ် နတ်ဘုရားစွမ်းရည်ဖြစ်သော ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကြောင့် မြင့်တက်လာသော သူ၏ နေသူတော်စင်စွမ်းအင်များသည် ကြောက်စရာကောင်းသော အော်ရာထုတ်ဖော်လာပြီး မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများကို အသက်ရှူကျပ်လာ စေသည်။
စံပြသူတော်စင်အထွတ်အထိပ်အဆင့်တွင် ရှိသော သွမ့်လင်းထျန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူ၏ နေသူတော်စင်စွမ်းအင်သည် အနှစ်သာရသူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦး၏ သူတော်စင်စွမ်းအင်နှင့် ဆင်တူသည်။ သို့သော်လည်း ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်၏ အကူအညီဖြင့် ၎င်းသည် စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှသွားသည်။
ဤအကြောင်းကြောင့် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများသည် သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်က သူတို့ကို လွှမ်းခြုံကာ ဖိအားပေးလာသည်ကို ခံစားရသောအခါ ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ရီလာကြသည်။
ကျင့်ကြံမှုအဆင့် ပိုအားနည်းသော မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် အနည်းငယ်သည် အရင်ဆုံး အညံ့ခံလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ အရှင်”
သူတို့သည် အညံ့ခံသည့်အနေဖြင့် ခေါင်းများကို ငုံ့ထားကြသည်။ သွမ့်လင်းထျန်၏ မျက်လုံးများကိုပင် သူတို့ မကြည့်ရဲကြပေ။
ကျန်ရှိနေသော မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များသည် သွမ့်လင်းထျန်မှာ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ ဆက်လက် မခုခံတော့ပေ။ ဤအချိန်တွင် သူတို့အားလုံး မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကို မုန်းတီးနေကြသည်။
အကယ်၍ သူတို့ရှေ့မှ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ကြောင်း သူတို့သာ သိခဲ့ပါက သူတို့ကို ကမ်းလှမ်းထားသော ဆုလာဘ်များ မည်မျှပင် အံ့မခန်းဖြစ်နေပါစေ သူ၏နောက်သို့ လိုက်ဝံ့မည် မဟုတ်ပေ။
သဘာ၀ကျကျပင် ကြောက်ရွံ့နေသော လူတစ်စုကို ကိုင်တွယ်ရသည်မှာ လွယ်ကူလှသည်။ သွမ့်လင်းထျန် ဘာပဲမေးမေး သူတို့က ရိုးသားစွာ ပြန်ဖြေကြသည်။
“မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ငါ့ကို ပစ်မှတ်ထားနေတာလား”
သွမ့်လင်းထျန်သည် ဤလူများကို မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိက သူ့ကို စောင့်ကြည့်ရန် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားခဲ့သည်။ သို့သော်လည်း ယောင်းပုကျိက သူတို့ကို အဘယ်ကြောင့် သူ၏ နောက်ယောင်ခံလိုက်ခိုင်းသည်ကိုမူ သူတို့ထဲမှ မည်သူကမျှ မသိကြပေ။ သို့သော်လည်း စိန့်ကောင်းကင် နဝမပုံစံစွမ်းအားရှင် ချန်ထားရစ်ခဲ့သော ရတနာသိုက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သွမ့်လင်းထျန် သိရှိထားမည်ဟု သူတို့က ခန့်မှန်းထားကြသည်။
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များ၏ ခန့်မှန်းချက်ကို ကြားသောအခါ သွမ့်လင်းထျန် ဆွံ့အသွားသည်။ သူတို့ ထိုကဲ့သို့သော ကောက်ချက်ချခြင်းက အလွန် စိတ်ကူးယဉ်ဆန်သည်ဟု သူ ခံစားရသည်။
ထူးဆန်းလိုက်တာ... မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ဘာလို့ ငါ့ကို စောင့်ကြည့်နေရတာလဲ.....
သွမ့်လင်းထျန် နားမလည်နိုင်အောင် ဖြစ်နေသည်။ ဒုစရိုက်မြို့တော်အပြင်ဘက်တွင် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦးကို သူ သတ်ဖြတ်စဉ်က မည်သူကမျှ သူ၏ မျက်နှာကို မမြင်တွေ့ခဲ့ကြောင်း သူ သေချာသည်။
ဟုတ်သားပဲ... အဲဒီလူနှစ်ယောက်ကို ငါ သတ်ပြီးတဲ့နောက် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က တာအိုအဆောင်စာရွက်တွေဆီကနေ ထူးဆန်းတဲ့ စွမ်းအင်တစ်ခု ထွက်လာတာကို သတိထားမိခဲ့တယ်... အဲဒါနဲ့များ တစ်ခုခု ပတ်သက်နေမလား
၎င်းကသာ သွမ့်လင်းထျန်အတွက် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေတစ်ခု ဖြစ်သည်။
သွမ့်လင်းထျန်သည် ဤကိစ္စနှင့် ပတ်သက်၍ အကြီးအကဲဟော်၏ ထင်မြင်ချက်ကို အလျင်အမြန် တောင်းခံလိုက်သည်။
“ဒါ ဖြစ်နိုင်တယ်” အကြီးအကဲဟော်က ပြောလိုက်သည်။
“သူတို့ သယ်လာတဲ့ တာအိုအဆောင်စာရွက်တွေက သူတို့ သေပြီးတဲ့နောက် ပျောက်သွားတယ်... အဲဒါက တာအိုအဆောင်စာရွက်တွေ အသက်ဝင်သွားတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်...ပြီးတော့ အဆောင်စာရွက်တွေ အသက်ဝင်လာဖို့ လှုံ့ဆော်ပေးတဲ့အရာက သူတို့ရဲ့ သေဆုံးမှုပဲ... တာအိုအဆောင်စာရွက်တွေက သယ်ဆောင်သူရဲ့ ပတ်ဝန်းကျင်ကို မှတ်တမ်းတင်နိုင်တဲ့ ကြေးမုံပုံရိပ်အဆောင်နဲ့ ဆင်တူနိုင်တယ်... မင်း အဲဒီလူနှစ်ယောက်ကို သတ်နေတဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ထားမိသွားတာ ဖြစ်နိုင်တယ်... ပြီးတော့ တာအိုအဆောင်စာရွက်တွေက အဲဒီမြင်ကွင်းကို မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဆီ ပေးပို့လိုက်တာ ဖြစ်မယ်”
“အဲဒီလို တာအိုအဆောင်စာရွက်မျိုးတွေလည်း ရှိတာလား”
ထိုကဲ့သို့သော အဆောင်စာရွက်မျိုး ရှိကြောင်း အကြီးအကဲဟော်ထံမှ သိလိုက်ရသောအခါ သွမ့်လင်းထျန် အံ့အားသင့်သွားသည်။
“ရှိတာပေါ့”
အကြီးအကဲဟော်က အလွန်ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလိုက်သောကြောင့် သွမ့်လင်းထျန် သူ့ကို သံသယပင် မဝင်တော့ပေ။
သွမ့်လင်းထျန် စိတ်ထဲမှ တွေးလိုက်သည်။
ဒုစရိုက်မြို့တော်ကို ပြန်ရောက်ရင် တာအိုအဆောင်စာရွက် အမျိုးမျိုး အကြောင်းကို ငါ သေချာ လေ့လာရမယ်... ဒါ့ပြင် ငါက မြေပုဆိန်မဟာမိတ်အဖွဲ့က လူနှစ်ယောက်ကိုတင်ပဲ သတ်ခဲ့တာ....မဟာမိတ် ခေါင်းဆောင်က လူအများကြီးကို သုံးပြီး ငါ့ကို ရှာစရာ အကြောင်းမရှိဘူး... ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကြောင့်များလား...
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များ၏ ကွပ်လပ်လက်စွပ် တစ်ကွင်းထဲတွင် သူတွေ့ရှိခဲ့သော ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို သတိရသွားသောအခါ သွမ့်လင်းထျန်သည် ထိုကိစ္စအပေါ် ခဏတာ တွေးတောလိုက်သည်။ ထိုကမ္ပည်းတစ်ထောင် သူတော်စင်ဓားမှာ မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူနှစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော အဘိုးအို တစ်ဦး ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
သူချလိုက်သော ကောက်ချက်က မှန်ကန်ကြောင်း သွမ့်လင်းထျန် အတော်လေး သေချာသွားသည်။
ထို့နောက် သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများကို ကြည့်ကာ အက်ကွဲသောလေသံဖြင့် မေးလိုက်သည်။
“မြေပုဆိန်မဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ... သူကလွဲရင် မဟာမိတ်အဖွဲ့က အဆင့်မြင့်လူတွေရဲ့ ကျင့်ကြံမှုအဆင့်တွေကရော ဘယ်လောက်ရှိလဲ”
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများ ပြောပြချက်အရ သူတို့၏ ခေါင်းဆောင် ယောင်းပုကျိသည် မြေပုဆိန်မဟာမိတ်အဖွဲ့တွင် အသန်မာဆုံးဖြစ်ကြောင်း သွမ့်လင်းထျန် သိရှိလိုက်သည်။ သူသည် မြေပုဆိန်မဟာမိတ်အဖွဲ့တွင် စိန့်ကောင်းကင် တတိယပုံစံ၌ ရှိသော တစ်ဦးတည်းသော သူဖြစ်သည်။ ထို့အပြင် ယောင်းပုကျိ၏ စွမ်းအားကို သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်ရှိ စိန့်ကောင်းကင် တတိယပုံစံစွမ်းအားရှင်များထဲတွင် ထိပ်ဆုံးစာရင်း၌ မရှိလျှင်ပင် ပျမ်းမျှအထက်တွင် ရှိသည်ဟု သတ်မှတ်နိုင်သည်။
ဥပမာအားဖြင့် ယခင်က သွမ့်လင်းထျန် အနိုင်ယူခဲ့သော ပုဟုန်သည်လည်း စိန့်ကောင်းကင် တတိယပုံစံတွင် ရှိသည်။ သူ မရှုံးနိမ့်မီက အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၄၂၁ နေရာ၌ ရှိခဲ့သည်။ အခြားတစ်ဖက်တွင် စိန့်ကောင်းကင် တတိယပုံစံ၌ ရှိသော ယောင်းပုကျိသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ နေရာ၌ ရှိသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ စွမ်းအားကွာခြားချက်ကို သိမြင်နိုင်သည်။
“မြေပုဆိန်မဟာမိတ်အဖွဲ့မှာ အသန်မာဆုံးလူက စိန့်ကောင်းကင် တတိယပုံစံစွမ်းအားရှင် တစ်ယောက်ပဲလား”
ယောင်းပုကျိသည် ပုဟုန်ထက် များစွာ သန်မာကြောင်း သိလိုက်ရသော်လည်း သွမ့်လင်းထျန် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
သွမ့်လင်းထျန်၏ လက်ရှိစွမ်းအားနှင့် နဂါးသွဲ့ကျောက်ဓားတို့ ပေါင်းစပ်လိုက်မည်ဆိုပါက ယောင်းပုကျိသည် စိန့်ကောင်းကင် စတုတ္ထပုံစံ သို့မဟုတ် ထိုထက်မမြင့်သရွေ့ သူ့ကို သတ်ရန် မျက်တောင်တစ်ခတ်မျှသာ ကြာမည်ဖြစ်သည်။
ယောင်းပုကျိသည် မြေပုဆိန်မဟာမိတ်အဖွဲ့တွင် စိန့်ကောင်းကင် တတိယအဆင့် ဝိညာဉ်မျက်လုံးပုံစံ ၌ ရှိသည့်တစ်ဦးတည်းသော သူဖြစ်သည်။ ဆိုလိုသည်မှာ သွမ့်လင်းထျန်က အကြွင်းမဲ့ဓားနှလုံးသား၏ တတိယအဆင့်ဖြင့် နဂါးသွဲ့ကျောက်ဓားကို အသုံးပြုလိုက်ပါက မြေပုဆိန်မဟာမိတ်အဖွဲ့တွင် ယောင်းပုကျိမှလွဲ၍ မည်သူကမျှ သူ၏ လှုပ်ရှားမှုကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
ယောင်းပုကျိသည် နဂါးသွဲ့ကျောက်ဓားကို ဝိုးတဝါး မြင်တွေ့ကောင်း မြင်တွေ့နိုင်မည် ဖြစ်သော်လည်း ထို့နောက်တွင် သူ သေဆုံးသွားမည် ဖြစ်သည်။
သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် ကိုးယောက်ကို ကြည့်လိုက်ပြီးနောက် အေးစက်စွာ မေးလိုက်သည်။
“ကဲ... မင်းတို့ ကိုးယောက်က အသက်ရှင်ချင်တာလား သေချင်တာလား”
သူ စကားပြောနေစဉ် သူ၏ လေသံတွင် မည်သည့် ခံစားချက်မှ မပါပေ။
“အရှင်... ကျုပ် အသက်ရှင်ချင်ပါတယ်”
“အရှင်... ကျုပ်လည်း အသက်ရှင်ချင်ပါတယ်”
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် ကိုးယောက်သည် သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။
မည်ကဲ့သို့ ဟာသနည်း...
အသက်ရှင်ဖို့ အခွင့်အရေး ရှိတာကို အဘယ်ကြောင့် သေလမ်းကို ရွေးချယ်ပါမည်နည်း...
“ဒါဆိုရင် မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ စခန်းကို လမ်းပြ”
သွမ့်လင်းထျန်က ထပ်မံ၍ အေးစက်စွာ ပြောလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်ချင်စိတ် အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။ သူ ဒေါသထွက်နေပြီး ရန်သူ့စခန်းကို ဝင်တိုက်ရန် စီစဉ်နေသည်မှာ သိသာထင်ရှားသည်။
သွမ့်လင်းထျန်၏ စကားကို ကြားသောအခါ မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူကိုးယောက်မှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
သူက မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ ခြံဝင်းသို့ သွားမယ်လို့ ဆိုလိုနေတာလား...
သူ့ကိုယ်သူ သွားအဖမ်းခံဖို့ စီစဉ်နေတာလား...
သို့သော်လည်း ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ထိုသို့ ရည်ရွယ်ထားပုံ မပေါ်ပေ။ အကယ်၍ ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။
သူက ခေါင်းဆောင်ကို မကြောက်ဘူး...
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် ကိုးယောက်စလုံးသည် သူတို့၏ မျက်နှာများပေါ်တွင် ခါးသီးသော အပြုံးများ ပေါ်လာစဉ် တူညီသော အတွေးတစ်ခုတည်းကို တွေးမိကြသည်။
သူတို့ခေါင်းဆောင်သည် မည်သို့သော လူမျိုးကို သွားရောက် စော်ကားမိခဲ့နည်းဟု သူတို့ တွေးတောနေမိကြသည်။ ထိုလူသည် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ကျင့်ကြံမှုအဆင့်များကို အကြောင်းပြချက်မရှိဘဲ မေးမြန်းခဲ့ခြင်း မဟုတ်ကြောင်း သူတို့ သိလိုက်ကြသည်။ သူတို့ကို စုံစမ်းထောက်လှမ်းနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။
သဘာဝကျစွာပင် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူကိုးယောက်သည် သွမ့်လင်းထျန်၏ တောင်းဆိုမှုကို မငြင်းဆန်ဝံ့ကြပေ။ သူတို့သည် ချက်ချင်းပင် သွမ့်လင်းထျန်ကို တောအုပ်ထဲမှ ခေါ်ဆောင်ကာ ဒုစရိုက်မြို့တော်သို့ ပြန်လာခဲ့ကြသည်။
သူတို့ တောအုပ်ထဲမှ ထွက်လာပြီး မကြာမီမှာပင် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် တစ်ဦးက တုံ့ဆိုင်းစွာဖြင့် ပြောခိုက်သည်။
“အရှင်... တောအုပ်ထဲ မဝင်ခင်လေးတင် ကျုပ် ဆက်သွယ်ရေး ကျောက်စိမ်းပြား တစ်ခုကို သုံးပြီး သတင်းပို့ခဲ့တယ်... အခုအချိန်လောက်ဆိုရင် ခေါင်းဆောင်က ဒီကို လာနေလောက်ပြီလို့ ထင်တယ်”
ထိုလူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် သွမ့်လင်းထျန်သည် အခြားလူများ၏ တည်ရှိမှုကို ခံစားမိသွားပုံရသည်။ သူသည် ဒုစရိုက်မြို့တော်ထဲက အဝေး အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
“သူတို့ ရောက်လာပြီ”
ဝှစ်...
လေတိုးသံများနှင့်အတူ မြန်ဆန်သော လူရိပ်တစ်ခုက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။ ထိုလူရိပ်မှာ အလွန်မြန်ဆန်လှသည်။ သူ၏ အမြန်နှုန်းမှာ စိန့်ကောင်းကင် ဒုတိယပုံစံ စွမ်းအားရှင်တစ်ဦးထက် များစွာ ကျော်လွန်နေသည်။
အတန်ကြာပြီးနောက် ထိုလူရိပ်သည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူစု၏ အရှေ့တွင် ပေါ်လာသည်။ ထိုလူရိပ် ပေါ်လာခြင်းက မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည့်အလား ဖြစ်သွားသည်။ သူတို့အားလုံးက တစ်ပြိုင်နက်တည်း အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။
“ခေါင်းဆောင်ကြီး”
ထိုလူရိပ်မှာ အခြားသူ မဟုတ် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် ယခုလေးတင် ပေါ်လာသော လူကို အကဲခတ်လိုက်သည်။ ယောင်းပုကျိသည် သာမန် ရုပ်ရည်ရှိသော လူလတ်ပိုင်း တစ်ဦးဖြစ်သည်။ လူအုပ်ထဲ ရောနှောနေလျှင် သူသည် ထင်ရှားနေမည် မဟုတ်ပေ။
ယောင်းပုကျိ ရောက်လာသောအခါ သူသည် မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူစုကို ဂရုမစိုက်ပေ။ သူသည် သွမ့်လင်းထျန်ကိုသာ စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ် သွမ့်လင်းထျန်သည် သူ၏ လူများကို သတ်ဖြတ်ကာ ကမ္ပည်းတစ်ထောင် သူတော်စင်လက်နက် ပါဝင်သော ကွပ်လပ်လက်စွပ်ကို ယူဆောင်သွားသူ ဖြစ်သည်။ ဤအရာကို အကြီးစားကြေးမုံပုံရိပ်အဆောင် မှတစ်ဆင့် သူ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
ယောင်းပုကျိက အေးစက်သော လေသံဖြင့် “မင်း...” ဟု ပြောလိုက်သော်လည်း ဓားအူသံတစ်ခုကြောင့် သူ၏ စကား ပြတ်တောက်သွားသည်။
ရွှစ်...
တိုတောင်းသော အသံမှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်။
ယောင်းပုကျိ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားပြီး ဓားတစ်ချောင်းက သူ့ထံသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် တိုး၀င်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ဟု ထင်ရသည်။
ဇွပ်...
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူများသည် ဓားအူသံကို ကြားပြီးနောက် အသားထဲသို့ ဓားစိုက်ဝင်သွားသော တိုးညှင်းသော အသံကို ကြားလိုက်ရသည်။ သူတို့အားလုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားကြသည်။ ထို့နောက် သူတို့အားလုံး တစ်သက်လုံး မေ့နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့ လိုက်ရသည်။
အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ နေရာ၌ ရှိသော စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိသည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဒဏ်ရာတစ်ခု ရှိနေသည်။
သွမ့်လင်းထျန်သည် ယောင်းပုကျိ၏ ခန္ဓာကိုယ်ထံသို့ ပျံသန်းသွားလိုက်သည်။ ယောင်းပုကျိတွင် အပြာရောင် ပင်ကိုဝိညာဉ်အမြစ် ရှိနေကြောင်း တွေ့ရှိလိုက်ရသောအခါ သူ၏ မျက်လုံးများ တောက်ပကာ အလွန် ဝမ်းသာပီတိဖြာသွားသည်။
***