“အရှင်... အရင်တုန်းက မြေပုဆိန်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ယောင်းပုကျိက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၂၆၆ နေရာမှာ ရှိခဲ့ပါတယ်”
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်က လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒီနေ့ အရှင် ယောင်းပုကျိကို သတ်လိုက်တဲ့အချိန်မှာ အရှင့်ရဲ့ စွမ်းအားကို မျက်မြင်တွေ့ခွင့်ရတာ ကျုပ်တို့ အရမ်း ကံကောင်းပါတယ်... တကယ်လို့ ကျုပ်တို့ အရှင်ရဲ့ နာမည်ကို သိရရင် အရှင်က ယောင်းပုကျိနေရာကို အစားထိုးဝင်သွားပြီဆိုတဲ့ သတင်းကို ဖြန့်ပေးနိုင်ပါတယ်... ဒါပေမဲ့ အရှင်ရဲ့ အဆင့်က ယောင်းပုကျိထက် ပိုမြင့်နေပြီးသားဆိုရင်တော့ ကျုပ် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်၏ စကားများက သွမ့်လင်းထျန်၏ အကျိုးအတွက် ပြောနေသည့်အလား ရိုးသားပုံရသည်။
ထိုစကားကို ကြားသောအခါ အခြား မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များမှာ နောင်တရသွားကြသည်။
ဘာကြောင့် သူတို့ ဒီအချက်ကို မစဉ်းစားမိခဲ့ကြသနည်း...
အကယ်၍ သူတို့သာ စကားပြောခဲ့ပါက ဤစွမ်းအားရှင်ကို မြှောက်ပင့်နိုင်မည် မဟုတ်ပါလား...
သူ၏ ဆုံးဖြတ်ချက်ကို နောင်တရပြီး သူတို့ကို ပြန်လာသတ်မည်ကို စိုးရိမ်နေစရာ လိုမည် မဟုတ်တော့ပေ။
“အရှင်... သူပြောတာ မှန်တယ်... တကယ်လို့ အရှင်က အရှင့်ရဲ့ နာမည်ကို ပြောပြရင် ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို ကျုပ်တို့ သေချာပေါက် သတင်းဖြန့်ပေးပါ့မယ်”
“စိတ်မပူပါနဲ့ အရှင်... တကယ်လို့ မယုံတဲ့သူ ရှိရင် ကျုပ်တို့က အမှန်တရားကို ပြောနေတာဖြစ်ကြောင်း သက်သေပြဖို့ မိုးကြိုးပြစ်ဒဏ် ကျိန်ဆို ဆိုဖို့တောင် ဆန္ဒရှိပါတယ်”
အခြား မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် ရှစ်ယောက်သည် သိပ်အကင်းမပါးသော်လည်း အစောကတစ်ယောက်လိုမျိုး သွမ့်လင်းထျန်ကို ဖားယားလိုက်ကြသည်။
သွမ့်လင်းထျန်သည် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များကို ကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ငါ့နာမည် လီဖန်း”
သူ စကားပြောပြီးသည်နှင့် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် ကိုးယောက်၏ အရှေ့မှ လေပြင်းတစ်ချက်ကဲ့သို့ ပျောက်ကွယ်သွားသည်။
သွမ့်လင်းထျန် ထွက်ခွာသွားပြီးနောက် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် ကိုးယောက်သည် သေဘေးမှ မည်သို့ လွတ်မြောက်လာခဲ့သည်ကို တွေးမိသောအခါ သက်ပြင်းချလိုက်ကြသည်။
“လီဖန်း... အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဲဒီလိုလူ ရှိလို့လား” မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ငါ အဓိပတိသူတော်စင်အဆင့်စာရင်းကို အမြဲတမ်း သေချာစောင့်ကြည့်နေတာ... အဓိပတိသူတော်စင်အဆင့်စာရင်းမှာ လီဖန်း ဆိုတဲ့ နာမည်နဲ့ ပါတဲ့လူ မရှိဘူးလို့ ထင်တယ်... ကြည့်ရတာ လီဖန်းက ဇာတ်မြှုပ်နေတဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ယောက်နဲ့ တူတယ်”
နောက်ထပ် မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် တစ်ဦးက ပြောလိုက်သည်။
အဓိပတိသူတော်စင်အဆင့်စာရင်းသည် သိုင်းတာအိုနယ်မြေရှိ အသန်မာဆုံး လူ ၁၀၀၀ စာရင်း ဖြစ်သော်လည်း ဇာတ်မြှုပ်နေရန် ပိုနှစ်သက်ကြသော အင်အားကြီးမားသည့် လျှို့ဝှက်နေထိုင်သူ များစွာ ရှိသည်။ ထို့ကြောင့် သူတို့သည် မည်မျှပင် သန်မာစေကာမူ အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့်မ၀င်ကြပေ။
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင်များ၏ အမြင်တွင် မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိကို သတ်ဖြတ်ခဲ့သော လီဖန်းသည် ဇာတ်မြှုပ်နေသော ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်ခြေများသည်။ ယခု သူ ထွက်ပေါ်လာပြီဖြစ်သဖြင့် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ နေရာသို့ ချက်ချင်း ရောက်ရှိသွားမည်ဖြစ်သည်။
“လီဖန်းက ဒီနေ့ကစပြီး ဒုစရိုက်မြို့တော်နဲ့ သိုင်းတာအိုသူတော်စင်နယ်မြေမှာ နာမည်ကြီးတော့မှာပဲ”
မြေပုဆိန်မဟာမိတ်အဖွဲ့ဝင် အားလုံး ဤအချက်ကို သေချာနေကြသည်။
သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်မှ လူများသည် အထက်ပိုင်းပြည်နယ် တစ်ခုတည်းကပင် သိုင်းတာအိုသူတော်စင်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုရန် လုံလောက်သည်ဟု ထင်မြင်ကြသည်။
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ လက်ရှိတွင် အောက်ပိုင်းပြည်နယ်မှာ အထက်ပိုင်းပြည်နယ်ထက် များစွာ အားနည်းနေသည်။ အဆုံး၌ သန်မာသူများအားလုံးက အထက်ပိုင်းပြည်နယ်တွင် နေထိုင်ကြသည်။
..................
မြေပုဆိန်မဟာမိတ်အဖွဲ့မှ လူစု ဒုစရိုက်မြို့တော်သို့ ပြန်ရောက်သောအခါ သူတို့ အချိန်ဆွဲမနေဝံ့ဘဲ ဖြစ်ပျက်ခဲ့သမျှကို စတင် သတင်းဖြန့်ကြတော့သည်။ ထိုသတင်းက ချက်ချင်းပင် ဒုစရိုက်မြို့တော်တွင် ကုလားသိုက် ကျား၀င်ကိုက်သလို ဆူညံပွက်လောရိုက် သွားစေခဲ့သည်။
မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ နေရာ၌ ရှိသော စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ သူ့ကို ဒုစရိုက်မြို့တော်တွင် နာမည်ကြီးသူ တစ်ဦးဟု သတ်မှတ်နိုင်သည်။ သဘာ၀ကျကျပင် သူ သေဆုံးသွားခြင်းက ဒုစရိုက်မြို့တော်ရှိ ဂိုဏ်းမဲ့ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။
“လီဖန်း ဆိုတဲ့ စွမ်းအားရှင်က ယောင်းပုကျိကို သတ်လိုက်တာလား... ဒါ့ပြင် သူက ဘာကောက်ကျစ်တဲ့ နည်းလမ်းမှ မသုံးဘဲ ယောင်းပုကျိကို ထိပ်တိုက်ရင်ဆိုင်ပြီး သတ်လိုက်တာလား”
ဂိုဏ်းမဲ့ကျင့်ကြံသူ များစွာမှာ ဤအကြောင်းကို သိလိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြသည်။
“ယောင်းပုကျိကို သိုင်းတာအိုသူတော်စင်နယ်မြေက စိန့်ကောင်းကင် တတိယပုံစံရှိ စွမ်းအားရှင်တွေထဲမှာ ပျမ်းမျှအထက် ရှိတယ်လို့ သတ်မှတ်နိုင်တယ်... အဲဒီလိုလူမျိုးက တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား... လီဖန်းက စိန့်ကောင်းကင် စတုတ္ထပုံစံ ဒါမှမဟုတ် အဲဒီထက်ပိုမြင့်တဲ့ စွမ်းအားရှင် ဖြစ်ရမယ်”
လူများစွာက ခန့်မှန်းပြောဆိုကြသည်။
သိုင်းတာအိုသူတော်စင်နယ်မြေရှိ အသန်မာဆုံး စိန့်ကောင်းကင် တတိယပုံစံ စွမ်းအားရှင်များပင်လျှင် ယောင်းပုကျိကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။
သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ လီဖန်း၏ အမည်သည် ဒုစရိုက်မြို့တော်တွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
....................
အဓိပတိသူတော်စင်အဆင့်စာရင်းကို သိုင်းတာအိုသူတော်စင်နယ်မြေတွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားကြပြီး ၎င်း၏ အဆင့်စာရင်းကို တစ်လတစ်ကြိမ် ပြန်လည်မွမ်းမံလေ့ရှိသည်။ အသစ်ထုတ်ဝေသော စာရင်းတစ်ခုကို သိုင်းတာအိုသူတော်စင်နယ်မြေရှိ လူများထံသို့ တစ်လတစ်ကြိမ် ဖြန့်ဝေပေးသည်။ ၎င်းကို သွမ့်လင်းထျန်၏ ယခင်ဘဝက ကမ္ဘာမြေရှိ မဂ္ဂဇင်းများနှင့် ဆင်တူသော စာအုပ်ငယ်ပုံစံဖြင့် ထုတ်ဝေလေ့ရှိသည်။
ဤအကြောင်းကြောင့် လီဖန်း ၏ အမည်သည် ဒုစရိုက်မြို့တော်၊ အလယ်ပိုင်းဒေသနှင့် သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်တို့တွင် ပျံ့နှံ့သွားခဲ့သည်။ အခြား ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦး လူသိရှင်ကြား ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူသည် ပွဲဦးထွက်သည်နှင့် တစ်ပြိုင်နက် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ယခုလ၏ အဓိပတိသူတော်စင်အဆင့်စာရင်း စာအုပ်ကို ရရှိထားသူတိုင်းသည် လီဖန်း အကြောင်းကို ချက်ချင်း သိရှိသွားကြသည်။ လီဖန်းသည် မည်သူမည်ဝါမှန်း မသိရသည့် အညတရအဖြစ်မှ သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်တွင် ညတွင်းချင်း လူအများဆုံး ပြောဆိုကြသည့်သူ ဖြစ်လာခဲ့သည်။
သွမ့်လင်းထျန်ပင်လျှင် ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မြေပုဆိန်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ယောင်းပုကျိကို သတ်ဖြတ်ပြီး ဒုစရိုက်မြို့တော်သို့ ပြန်ရောက်ကတည်းက သူသည် ကျင့်ကြံနိုင်ရန်အတွက် တည်းခိုဖို့ အခြား တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့သည်။ ယခု သူ့တွင် မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ် ရှိနေပြီဖြစ်သဖြင့် သံပူတုန်း ပုံသွင်းကာ အနှစ်သာရသူတော်စင်အဆင့်သို့ တက်လှမ်းလိုနေသည်။
ငါ အနှစ်သာရသူတော်စင်အဆင့်ကို မတက်နိုင်သရွေ့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်မလာတော့ဘူး...
သွမ့်လင်းထျန်သည် ရတနာခုနှစ်ပါးနန်းဆောင် ၏ စတုတ္ထထပ်သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် စိတ်ထဲမှ တွေးလိုက်သည်။
......................
အပြင်ဘက်တွင် ဘာတွေဖြစ်နေပါစေ၊ သွမ့်လင်းထျန်အကြောင်းကို မည်မျှပင် ပြောဆိုနေကြပါစေ အချိန်အတန်ကြာလျှင် ငြိမ်သွားမည် ဖြစ်သည်။
လီဖန်း ၏ အမည်ကို ဒုစရိုက်မြို့တော်တွင် အကြိမ်ကြိမ် ပြောဆိုခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ငြိမ်ကျသွားခဲ့သည်။ သဘာဝကျစွာပင် ဤသို့ဖြစ်ရခြင်းမှာ ထိုဖြစ်ရပ်က ဒုစရိုက်မြို့တော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာရှိ လူများသည် လီဖန်း က အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၂၆၆ နေရာ၌ ရှိသော ယောင်းပုကျိကို သတ်ဖြတ်ခဲ့ကြောင်း ပထမဆုံး သိရှိခဲ့ကြသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဒုစရိုက်မြို့တော် အပြင်ဘက်ရှိ မြို့ငယ်လေးများစွာတွင်တော့ လီဖန်း အကြောင်းကို ပြောဆိုနေကြဆဲ ဖြစ်သည်။ ထိုအချိန်အတွင်း၌ လီဖန်း ၏ အမည်သည် အလယ်ပိုင်းဒေသတွင် ပျံ့နှံ့သွားခဲ့သည်။
***