အနောက်ပိုင်းဒေသ၏ နယ်စပ်တွင်...
စမ်းကြည်လင်မြို့ရှိ ချူကလန်၏ ခြံဝင်းအတွင်း၌...
အရုဏ်တက်ချိန်တွင် အိုမင်းသော အသံတစ်ခုက ချူမူချင်း ၏ နေအိမ်ရှိ မင်းမူနေသော တိတ်ဆိတ်မှုကို စိတ်လှုပ်တရှား ဖြိုခွဲလိုက်သည်။
“သခင်မလေးမူချင်း... သတင်းကောင်း ရှိပါတယ်”
သဘာဝကျစွာပင် ထိုလူသည် ချူမူချင်း ၏ နေအိမ်အပြင်ဘက်တွင်သာ ရပ်နေခြင်း ဖြစ်သည်။ သူမ၏ ခွင့်ပြုချက်မရှိဘဲ သူ ဝင်မလာဝံ့ပေ။ အဘိုးအိုသည် စာအုပ်ငယ်လေး တစ်အုပ်ကို ကိုင်ကာ အပြင်ဘက်တွင် ရပ်နေသည်။ စာအုပ်ငယ်၏ မျက်နှာဖုံးတွင် ‘အဓိပတိသူတော်စင်အဆင့်စာရင်း’ ဟူသော စကားလုံးများကို လှပသေသပ်စွာ ရေးသားထားသည်။ ၎င်းမှာ အဓိပတိသူတော်စင်အဆင့်စာရင်း၏ နောက်ဆုံးထွက် စာရင်းဖြစ်သည်။
ခဏအကြာတွင် အစေခံမလေး တစ်ဦး ထွက်လာပြီး အဘိုးအိုအား ပြောလိုက်သညါ။
“အကြီးအကဲလျန်... သခင်မလေးက အထဲကို ဝင်လာခဲ့ဖို့ ပြောပါတယ်”
ထို့နောက် အဘိုးအိုသည် အစေခံမလေး နောက်သို့ လိုက်ကာ ချူကလန်၏ သခင်မလေး ချူမူချင်း ၏ နေအိမ်ထဲသို့ ဝင်သွားသည်။ သူသည် သူမ၏ နေအိမ် ရှေ့ခြံဝင်းရှိ အဖီတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။
ပုံမှန်အတိုင်းပင် ချူမူချင်း သည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်မိမယ်လေး တစ်ပါးကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သန့်စင်သော ရုပ်သွင်ရှိသည်။
“အကြီးအကဲလျန်... မနက်စောစောစီးစီး ဘာသတင်းကောင်းတွေများ ယူလာတာလဲ”
အဘိုးအို အဖီထဲသို့ ဝင်လာသည်ကို မြင်သောအခါ ချူမူချင်း က ပြုံးကာ မေးလိုက်သည်။
ထိုအဘိုးအိုမှာ တုန်းဖန်းကလန် ၏ ဒုတိယအကြီးအကဲ တုန်းဖန်းလျန် ပင် ဖြစ်သည်။ သူသည် စမ်းကြည်လင်မြို့တွင် နေထိုင်သော စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။ ချူကလန်၏ သခင်မလေးအပေါ် သူ မည်မျှ ရိုသေလေးစားကြောင်းကို လူများ မြင်တွေ့ရပါက အံ့အားသင့်သွားကြမည်မှာ သေချာလှသည်။
အဆုံး၌ စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်များ ရှားပါးသော စမ်းကြည်လင်မြို့တွင် သူတို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ ထို့ပြင် သူသည် သာမန် စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် တစ်ဦးသာ မဟုတ်ဘဲ တုန်းဖန်းကလန် ၏ ဒုတိယအကြီးအကဲ လည်း ဖြစ်သည်။ တုန်းဖန်းကလန် ၏ ကလန်ခေါင်းဆောင် ပင်လျှင် သူ့ကို ရိုသေလေးစားရသည်။ သို့သော်လည်း သူသည် ချူကလန် ခေါင်းဆောင်၏ သမီးဖြစ်သူအတွက် အစေခံတစ်ဦးကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်ပင် ၎င်းမှာ အမှန်တရားဖြစ်သည်။ အစပိုင်းတွင် တုန်းဖန်းလျန် သည် ဤကိစ္စကို စိတ်ထဲက သိပ်အဆင်မပြေခဲ့ချေ။ သို့သော်လည်း ချူမူချင်း သည် သူ မိုးကြိုးပြစ်ဒဏ် ကျိန်ဆိုထားသည့်တိုင် သူ့ကို ကျွန်တစ်ယောက်လို မဆက်ဆံဘဲ ရိုသေလေးစားစွာ ဆက်ဆံသောအခါ သူသည် သူ၏ အခြေအနေကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။
၎င်းမှာ ကြင်နာမှုဖြင့် အနိုင်ယူခြင်း ဟူသော စကား၏ အဓိပ္ပာယ် ဖြစ်ပေမည်။
တုန်းဖန်းလျန် သည် နောက်ဆုံးထွက် အဓိပတိသူတော်စင်အဆင့်စာရင်း ကို ချူမူချင်း ထံ ကမ်းပေးကာ ပြောလိုက်သည်။
“ကြည့်ကြည့်ပါဦး သခင်မလေးမူချင်း... ဒုတိယစာမျက်နှာကို ကြည့်ကြည့်ပါ”
ချူမူချင်း သည် စာအုပ်ငယ်ကို ယူကာ တုန်းဖန်းလျန် ပြောသော စာမျက်နှာသို့ လှန်လိုက်သည်။ မကြာမီမှာပင် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။ အကြောင်းမှာ သူမသည် လီဖန်း ၏ အမည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
“လီဖန်း... ဇာတ်မြှုပ်နေတဲ့ ဂိုဏ်းမဲ့စွမ်းအားရှင်... လက်ရှိ အလယ်ပိုင်းဒေသ မြောက်ဘက်က ဒုစရိုက်မြို့တော်မှာ နေထိုင်နေတယ်... သူက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၂၆၆ နေရာမှာရှိတဲ့ ယောင်းပုကျိကို သတ်လိုက်ပြီး အဓိပတိသူတော်စင်အဆင့်စာရင်းမှာ သူ့နေရာကို အစားထိုး ဝင်ရောက်သွားခဲ့တယ်”
ထိုစာကြောင်းအပြင် စာမျက်နှာ တစ်ခုလုံးတွင် ယောင်းပုကျိ၏ ယခင်အောင်မြင်မှုများဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ လီဖန်း မည်မျှ အံ့မခန်းဖြစ်ကြောင်းကို ပြသရန် နောက်ကြောင်းအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။ ထို့အပြင် စာအုပ်ငယ်က လီဖန်း ၏ အစစ်အမှန် စွမ်းအားမှာ အဓိပတိသူတော်စင်အဆင့်စာရင်း၏ ထိပ်ဆုံး ၂၀၀ အတွင်း၌ပင် ရှိနိုင်ကြောင်း ခန့်မှန်းထားသေးသည်။
အလယ်ပိုင်းဒေသ... ဒုစရိုက်မြို့တော်... လီဖန်း... စိန့်ကောင်းကင်အဆင့် စွမ်းအားရှင်...
ချူမူချင်း သည် ဤလီဖန်း မှာ သူမ လွမ်းဆွတ်နေရသော အမျိုးသားဖြစ်ကြောင်း အလွန်သေချာနေသည်။ သဘာဝကျကျပင် သူမသည် လီဖန်း ဆိုသော အမည်မှာ နာမည်တုတစ်ခုသာ ဖြစ်ကြောင်း သိသည်။ လီဖန်း ၏ နာမည်ရင်းမှာ သွမ့်လင်းထျန် ဖြစ်သည်။ သူသည် မီးပူဇော်ခြင်းဂိုဏ်း၏ မဟာလက်ရွေးစင်ပါရမီရှင်ရှစ်ယောက် ထဲမှ တစ်ဦးဖြစ်သည်။ သူသည် ယခင်ကတည်းက နာမည်ကြီးပြီးသား ဖြစ်သည်။
သူ ထွက်သွားတာ အတော်လေး ကြာပြီဆိုပေမဲ့ သူ့ကို မနေ့ကမှ တွေ့ခဲ့ရသလို ခံစားနေရတုန်းပဲ....
ချူမူချင်း က စိတ်ထဲမှ တွေးလိုက်စဉ် သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များကို မြင်တွေ့ရသည်။ အကယ်၍ ယခင်ကဆိုလျှင် တစ်ရက်သာ ဆုံတွေ့ခဲ့ရသော အမျိုးသားတစ်ဦးကို သူမ သဘောကျမိသွားလိမ့်မည်ဟု ဘုရားပေးပေး ကျမ်းပေးပေး ယုံကြည်မိမည် မဟုတ်ပေ။ တကယ်တမ်းတွင် အရာအားလုံး အခြေကျသွားပြီး အချိန်တွေ ကုန်လွန်သွားပါက သူ့ကို တဖြည်းဖြည်း မေ့သွားလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း သူမ သူ့ကို မေ့ပျောက်ရန် ခက်ခဲနေပုံရသည်။ မွေးကတည်းကနေ ယခုအချိန်ထိ မည်သည့် အမျိုးသားကိုမျှ သူမ စိတ်မဝင်စားခဲ့ဖူးသော်လည်း ယခုအခါ သူမ၏ ရင်ဘတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော အမျိုးသားတစ်ဦး ရှိနေပြီဖြစ်သည်။ သူမ သူ့ကို လုံးဝ မေ့ပစ်၍ မရနိုင်ပေ။
စမ်းကြည်လင်မြို့ကနေ ထွက်သွားဖို့ အချိန်တန်ပြီ ထင်တယ်....
ချူမူချင်း သည် မျက်လုံးများ တောက်ပလျက် စိတ်ထဲမှ တွေးလိုက်သည်။
“သခင်မလေးမူချင်း... သူက အရှင်လီဖန်း လို့ ထင်လား”
တုန်းဖန်းလျန် သည် ချူမူချင်း သတိပြန်ဝင်လာသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်သည်။ ယခင်က ချူကလန်တွင် လွှမ်းမိုးစွာပြုမူခဲ့သော လီဖန်း နှင့် တစ်ဦးတည်း ဖြစ်မည်ဟု သူ၏ အလိုလို သိစိတ်က ပြောနေသော်လည်း သူ လုံးဝ သေချာမနေပေ။
“ဟုတ်တယ်....သူပဲ”
ချူမူချင်း က ခေါင်းညိတ်ပြလိုက်သည်။
“သူ မထွက်သွားခင်က အလယ်ပိုင်းဒေသက ဒုစရိုက်မြို့တော်ကို သွားမယ်လို့ ကျမကို ပြောသွားခဲ့တယ်”
တုန်းဖန်းလျန် သည် ချူမူချင်း ထံမှ အတည်ပြုချက်ကို ကြားသောအခါ သက်ပြင်းချလိုက်မိသည်။
ဒါ တကယ်ပဲ သူကိုး...
...
တစ်ချိန်တည်းမှာပင် အနောက်ပိုင်းဒေသ၌... နောက်ဆုံးထွက် အဓိပတိသူတော်စင်အဆင့်စာရင်း သည် သိုင်းတာအိုသူတော်စင်နယ်မြေ အထက်ပိုင်းပြည်နယ်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော မီးပူဇော်ခြင်းဂိုဏ်းတွင်လည်း ပျံ့နှံ့နေသည်။ မီးပူဇော်ခြင်းဂိုဏ်းရှိ လူတိုင်းသည် ယခုအခါ လီဖန်း အကြောင်းကို ကြားသိနေကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ထဲမှ မည်သူကမျှ လီဖန်း မှာ မီးပူဇော်ခြင်းဂိုဏ်း၏ အစစ်အမှန်တပည့် သွမ့်လင်းထျန် ဖြစ်နေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မှတ်ထားကြမည် မဟုတ်ပေ။
...........
မီးပူဇော်ခြင်းဂိုဏ်း၏ အဇူရာနဂါးပရ၀ဏ် တွင်...
မကြာမီက အဇူရာနဂါးပရ၀ဏ်၏ ပရ၀ဏ်ခေါင်းဆောင် လုထျယ်၏ ပထမတိုက်ရိုက်တပည့် ပုဟုန်သည် လုထျယ်၏ စံအိမ်ကြီးတွင် နေထိုင်နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အလယ်ပိုင်းဒေသ၏ ဒုစရိုက်မြို့တော်မှ သတင်းတစ်ခုသည် ပုဟုန်ကို ပို၍ ဒေါသထွက်သွားစေခဲ့သည်။ စာအုပ်ငယ်ထဲတွင် သူသည် ဒုစရိုက်မြို့တော်သို့ သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
သူ ဘယ်အချိန်က အလယ်ပိုင်းဒေသရှိ ဒုစရိုက်မြို့တော်သို့ သွားခဲ့နည်း...
သူ ဘယ်အချိန်က ကျီးကန်းနက်မဟာမိတ်ဟုခေါ်သော မဟာမိတ်အဖွဲ့တစ်ခု၏ ဒုခေါင်းဆောင်၏ ညီဖြစ်သူကို သတ်ဖြတ်ပြီး ထိုမဟာမိတ်အဖွဲ့နှင့် ရန်သူ ဖြစ်ခဲ့သနည်း...
မီးပူဇော်ခြင်းဂိုဏ်းနှင့် အဇူရာနဂါးပရ၀ဏ်ခေါင်းဆောင်၏ အထောက်အပံ့ ရှိနေသောကြောင့် ပုဟုန်သည် ကျီးကန်းနက်မဟာမိတ်အဖွဲ့ကို မကြောက်သော်လည်း မတရား စွပ်စွဲခံရမှုအတွက် သူ အလွန်ဒေါသထွက်နေဆဲ ဖြစ်သည်။
“ဇာတ်မြှုပ်ဂိုဏ်းမဲ့ကျင့်ကြံသူ လီဖန်း က အဓိပတိသူတော်စင်အဆင့်စာရင်းရဲ့ အဆင့် ၂၆၆ ယောင်းပုကျိကို သတ်ပြီး သူ့နေရာကို အစားထိုး ဝင်သွားတယ်ပေါ့”
ပုဟုန်သည် စာအုပ်ငယ်ကို သေချာဖတ်ရှုနေစဉ် စိတ်ပျက်အားငယ်နေပုံ ရသည်။ သူ၏ အဆင့်မှာ ၄၂၁ မှ ၅၃၇ သို့ ကျဆင်းသွားခဲ့သည်။
“ငါသာ လီဖန်း လိုမျိုး အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး ၃၀၀ အတွင်း ဝင်ပြီး သိုင်းတာအိုသူတော်စင်နယ်မြေမှာ နာမည်ကြီးလာရင် သိပ်ကောင်းမှာပဲ... ဆရာသခင်က ငါ့ကို ဂုဏ်ယူနေမှာ... ငါ့ရဲ့ အရင် ပင်ကိုဝိညာဉ်အမြစ်နဲ့ဆိုရင် အဓိပတိသူတော်စင်အဆင့်စာရင်းရဲ့ ထိပ်ဆုံး ၃၀၀ အတွင်း ဝင်ဖို့က အချိန်တစ်ခုပဲ လိုတာ... တကယ်တော့ ငါ့ရဲ့ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်နဲ့ဆိုရင် အဓိပတိသူတော်စင်အဆင့်စာရင်းမှာ ထိပ်ဆုံး ၁၀၀၊ ထိပ်ဆုံး ၅၀ ဒါမှမဟုတ် ထိပ်ဆုံး ၃၀ အတွင်းတောင် ဝင်နိုင်ခြေ ရှိတယ်... သိုင်းတာအိုသူတော်စင်နယ်မြေမှာ ငါ့ကို ထိပ်တန်း ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာ”
ပုဟုန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ သွေးလွှမ်းလာပြီး ခန္ဓာကိုယ်မှာ တုန်ရီလာသည်။ သူသည် ညတွင်းချင်း ကောင်းကင်ဘုံမှ ငရဲပြည်သို့ ကျဆင်းသွားသကဲ့သို့ ခံစားနေရသည်။
“အခုတော့ အရာအားလုံး ပြီးဆုံးသွားပြီ... အားလုံး ပျောက်ကွယ်သွားပြီ... ဒါတွေအကုန်လုံးက သွမ့်လင်းထျန်ကြောင့်ပဲ... အဲ့ကောင်ကြောင့်သာ မဟုတ်ရင် ငါ ဒီလို အခြေအနေမျိုး ရောက်နေမလား... ငါ့ရဲ့ မဲနယ်ရောင် ပင်ကိုဝိညာဉ်အမြစ်ကိုရော ဆုံးရှုံးရမလား”
ခဏအကြာတွင် ပုဟုန်သည် ရုတ်တရက်ကြီး ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ယခင်က သူ သွမ့်လင်းထျန်နှင့် တိုက်ခိုက်ခဲ့သော မြင်ကွင်းကို သူ ရှင်းလင်းစွာ မှတ်မိလာသည်။ ဤအခိုက်အတန့်တွင် သူသည် အလွန် တည်ငြိမ်သွားပြီး အရေးကြီးသော အတွေးတစ်ခုက သူ့ကို ရုတ်တရက် လွှမ်းမိုးသွားသည်။
အဲဒီတုန်းက သွမ့်လင်းထျန် ငါ့ကို အနိုင်ယူလိုက်တုန်းက သူ့ရဲ့ စွမ်းအားကို အကူအညီအမျိုးအစား နတ်ဘုရားစွမ်းရည်နဲ့ မြှင့်တင်ထားရင်တောင်၊ ပြီးတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေ အားလုံးကို အမြင့်ဆုံးအဆင့်အထိ ကျွမ်းကျင်နေရင်တောင် ငါ့ထက် ပိုသန်မာဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုက အရမ်းအစွမ်းထက်လွန်းနေတယ်... အရမ်းကို မြန်လွန်းလို့ ငါ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘူး... အဲဒီအချိန်တုန်းက သူ့ရဲ့ စွမ်းအားကို အခြေခံပြီး ကြည့်ရင် သူ ကမ္ပည်းတစ်ထောင် သူတော်စင်ဓားကို သုံးရင်တောင် အဲဒီလောက်အထိ သန်မာမှာ မဟုတ်ဘူး... အခု ပြန်စဉ်းစားကြည့်မှ သူက မဟာအဆင့် သူတော်စင်လက်နက်ဆယ်ခုထဲက အဓိပတိသူတော်စင်လက်နက် ကမ္ပည်းတစ်သောင်း သူတော်စင်ဓားကို သုံးခဲ့တာ ဖြစ်နိုင်တယ်....
စာစဉ် ၁၄၈ပြီး၏။
***