အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
အဓိက ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
မှော်ပညာ - မူလဝိညာဉ် နှလုံးသားဓား၊ သောင်းချီဓားကျင့်စဉ်၊ အခြေခံ စက်ကွင်း၊ အခြေခံ အဆောင်၊ အခြေခံ ဆေးလုံး၊ အခြေခံ ကိရိယာ
အထူးစွမ်းရည် - ကြီးမြတ်သော အာကာသ ပုံသဏ္ဍာန်မဲ့ ဓားချီ၊ ကြီးမြတ်သော အာကာပြင် ခြေလှမ်း၊ နတ်ဘုရားတောင်တန်း ကိုးခု၏ ရတနာများ၊ ကောင်းကင်ဘုံကိုးခု၏ အင်ပါယာ မိုးကြိုး၊ သစ်သားနဂါး၊ ကောင်းကင်ခွဲ ဓားနှင့် ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး
မွေးရာပါ ပါရမီ - အင်မော်တယ် (မူလ တာအိုခန္ဓာ)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း လှည့်စားမှု စက်ကွင်းပြား၊ အလယ်အလတ်အဆင့် တာအိုလက်နက် အာဏာရှင် လှံရှည်၊ အဆင့်မြင့် အရိပ်မဲ့အပ် သုံးချောင်း၊ အဆင့်မြင့် ခရမ်းရောင်တိမ်တိုက်၊ အဆင့်မြင့် အပြာရောင် သလင်းကျောက်၊ အဆင့်နိမ့် မှူးမတ်ဝတ်ရုံ၊ ထိပ်တန်းအဆင့် လက်နက် စီးဆင်းနေသော တိမ်တိုက်ဓား၊ အနှစ်သုံးထောင်စာ ကျင့်ကြံမှု၊ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် နှစ်ရာ၊ တစ်ခါသုံး ရှားပါး ဉာဏ်အလင်းပွင့် ကျောက်တုံး ရှစ်ဆယ်၊ အာကာသ သလင်းကျောက် တစ်ခု၊ အင်မော်တယ်အဆင့် ဉာဏ်အလင်းပွင့် လက်ဖက်ပင် မျိုးစေ့ တစ်စေ့
ကျန်းမင်က သူ့ပစ္စည်းစာရင်းကို ကြည့်လိုက်ရာ အတော်လေး ကြွယ်ဝနေကြောင်း တွေ့လိုက်ရ၏။
သူက အနည်းငယ် စိတ်မအေးဖြစ်နေသဖြင့် သူ့ညီမငယ်လေး အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူသည်။ ထူးထူးခြားခြား ပြောင်းလဲမှု မရှိကြောင်း တွေ့ရမှသာ ခေါင်းကုတ်ရင်း သူ့ဘာသာ ရေရွတ်လိုက်၏။
"ငါ အရမ်းများ စိုးရိမ်နေတာလား... သူက ရွှေရောင်အမြုတေ အဆင့် နဝမအကြိမ် အစွန်းရောက်ကို ရောက်နေပြီလေ... ပြီးတော့ အစွမ်းထက်တဲ့ မှော်ပညာ အများကြီးကိုလည်း ကျွမ်းကျင်ထားတာ... ဘယ်သူမှ၊ ပထမအဆင့် တပည့်တွေတောင် သူ့ကို ဒုက္ခမပေးနိုင်ပါဘူး... ဒါ့အပြင် ခရမ်းရောင် နန်းတော် အဆင့် ကျင့်ကြံသူတွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်နေတာ… သာမန် တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူတွေဆီကနေလည်း လွတ်မြောက်နိုင်တယ်... ငါက ဘာလို့ စိုးရိမ်နေရသေးတာလဲ... အဖေကြီး ကျနေတာပဲ"
ထိုအရာများအပြင် ကျန်းမင်က ယင်မိစ္ဆာဂိုဏ်းနှင့် ပိရွှေဂိုဏ်းတို့ အတွက်လည်း စိုးရိမ်နေမိသည်။ ပြဿနာများက လက်တစ်ကမ်းမှာ ရှိနေကြောင်း သူ ပြင်းပြင်းထန်ထန် ခံစားနေရ၏။ ထို့အပြင် သူ့ကျင့်ကြံခြင်း အဆင့်မှာ တာအိုမျိုးစေ့ အဆင့်တွင်သာ ရှိသေးသည်။ ဆိုလိုသည်မှာ သူက မူလဝိညာဉ် အဆင့် ကျင့်ကြံသူများကို အလွန်ဆုံး တောင့်ခံထားနိုင်ရုံသာ တတ်နိုင်ပြီး သူတို့ကို သတ်ဖြတ်ရန် သို့မဟုတ် အနိုင်ယူရန်မူ လုံးဝ မဖြစ်နိုင်ပေ။ ဤအချက်က သူ့ကို လုံခြုံမှု ကင်းမဲ့သလို ခံစားရစေသည်။
ခဏအကြာတွင် မလိုအပ်သော အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး...
"ငါ အခု ကျင့်ကြံသင့်ပြီ"
ယခုအခါ သူက ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များနှင့် ကျောက်တုံး အများအပြားကို ပိုင်ဆိုင်ထားပြီး သူစားသုံးခဲ့သော မြေကမ္ဘာ ဝိညာဉ်သီးနှင့် ကောင်းကင် ဝိညာဉ်သီးတို့ ပေါင်းစပ်လိုက်လျှင် သူ့ကျင့်ကြံခြင်း တိုးတက်မှုမှာ ချောမွေ့နေသင့်ပေသည်။
ကျန်းမင်က သူ့သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ရည်အိုး တစ်လုံးကို ထုတ်ယူလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းပြီးသည်နှင့် ဝိညာဉ်စမ်းပေါက်မှ ရေတစ်စီးကြောင်းကို ဆွဲယူကာ လက်ဖက်ရည်အိုးထဲသို့ ထည့်သွင်း၏။ ထို့နောက် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် တစ်ရွက်ကို အိုးထဲသို့ ထည့်ကာ သူ့လက်များဖြင့် အိုးကို စတင် အပူပေးတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရေများ ဆူပွက်လာလေပြီ။ အားလုံး အသင့်ဖြစ်သွားချိန်တွင် သူက လက်ဖက်ရည်ကို ပန်းကန်လုံးထဲ ငှဲ့ကာ မှုတ်၍ တစ်ငုံ သောက်လိုက်သည်။
ထို့နောက် တင်ပျဉ်ခွေ ထိုင်၍ မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ့စိတ်အာရုံမှာ သဘာဝတရားနှင့် တစ်သားတည်း ကျသွားသည်နှင့်အမျှ သဘာဝတရား၏ အံ့ဖွယ်ရာများ၊ ဖန်ဆင်းခြင်းနှင့် သံသရာလည်ခြင်း နိယာမများ အပါအဝင် တာအို စည်းချက် အမျိုးမျိုးကို စူးရှစွာ အာရုံခံစားလာနိုင်တော့သည်။
သူ သမ္ဗောဓိဉာဏ် အသစ်တစ်ခုကို နားလည်သဘောပေါက်တိုင်း တာအိုမျိုးစေ့ အသစ်တစ်ခု ဖြစ်ပေါ်လာပေမည်။ မျိုးစေ့များ ကြီးထွားလာစေရန် သမ္ဗောဓိဉာဏ်များကို ဆက်လက် နားလည်သဘောပေါက်အောင် ကြိုးစားရမည် ဖြစ်သည်။ အကယ်၍ သူ့တွင် တာအိုမျိုးစေ့ တစ်စေ့တည်းသာ ရှိခဲ့လျှင် သူစုဆောင်းထားသော ချီစွမ်းအင်များဖြင့် မူလဝိညာဉ် အဆင့်သို့ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ ကြာလှပေပြီ။
…
နောက်တစ်နေ့။
ကျန်းမင်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီးနောက် ရေခပ်ခြင်း၊ ခြံဝင်း လှဲကျင်းခြင်းနှင့် နံနက်စာ ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်လိုက်သည်။ တစ်ယောက်တည်း နံနက်စာ စားနေရခြင်းက သူ့ညီမငယ်လေး မရှိကြောင်းကို အမှတ်ရစေ၏။ ထို့ကြောင့် သူမ၏ အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ ခေါ်ယူလိုက်သည်။ ယွဲ့ချန်နှင့် မိုမိုတို့၏ စာမျက်နှာများကိုလည်း လှန်ကြည့်ခဲ့သော်လည်း သူစိတ်ပျက်ရလောက်အောင် မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။
နံနက်စာ စားပြီးနောက် သူက တောင်နောက်ဘက်သို့ ထွက်လာခဲ့ပြီး စိုက်ခင်းဖြင့် အခြား မည်သည့်အရာများ လုပ်ဆောင်နိုင်မည်ကို စဉ်းစားနေမိသည်။ တောင်နောက်ဘက်သို့ လမ်းလျှောက်သွားစဉ် လူသားလမ်းစဉ် မှတ်တမ်းကို နောက်တစ်ကြိမ် ခေါ်ယူကြည့်ပြန်၏။
ခဏအကြာ ရေကန်စပ်သို့ ရောက်သောအခါ ငါးမျှားတံ တစ်ချောင်း ထုတ်ယူ၍ ထိုင်ချလိုက်သည်။ အရင်ကဲ့သို့ပင် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူကြည့်ရန် စိတ်အားထက်သန်နေမိပြန်သည်။
မွန်းတည့်ချိန် ရောက်သောအခါ လူသားလမ်းစဉ် မှတ်တမ်းကို ငါးကြိမ်တိုင်တိုင် ခေါ်ယူကြည့်ပြီးနေလေပြီ။
ကျန်းမင် ခါးသီးစွာ ပြုံးလိုက်သည်။
"ငါက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"
ကျန်းမင်က အမိုးပေါ်သို့ တက်သွားစဉ် စိတ်ပိုင်းဖြတ်လိုက်သည်။
'ဒီကစပြီး တစ်ရက်ကို တစ်ကြိမ်... မဟုတ်ဘူး... အလွန်ဆုံး နှစ်ကြိမ်ပဲ ကြည့်တော့မယ်... မနက် တစ်ကြိမ်၊ ည တစ်ကြိမ်ပဲ ကြည့်မယ်'
ထို့နောက် သူက မဏ္ဍပ်ထဲတွင် တင်ပျဉ်ခွေ ထိုင်၍ စတင် ကျင့်ကြံတော့သည်။
ရက်များ ဆက်လက် ကုန်ဆုံးသွားပြီး တောင်တန်းများပေါ်တွင် မည်သည့် ထူးခြားမှုမှ မရှိခဲ့ချေ။
ကျန်းမင်က နေ့စဉ် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် နှစ်ရွက်မှ သုံးရွက်အထိ အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် သူ့အသိစိတ်ပင်လယ်ထဲရှိ တာအိုမျိုးစေ့များမှာ ဆက်လက်၍ လျင်မြန်စွာ ကြီးထွားလာခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့အထူးစွမ်းရည်များကို ကျွမ်းကျင်လာစေရန်လည်း အချိန်ပေးခဲ့သည်။ သူ့ကျင့်ကြံခြင်း အဆင့်မှာ အတူတူပင် ဖြစ်သော်ငြား တိုက်ခိုက်ရေး စွမ်းရည်များမှာမူ ပိုအစွမ်းထက်လာခဲ့လေပြီ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားခဲ့၏။
ညနေခင်း အချိန်။
ရေကန်ဘေးတွင်။
ကျန်းမင်က တိတ်ဆိတ်စွာ ငါးမျှားနေသည်။ ဤသည်မှာ ကျင့်ကြံခြင်းအပြင် သူ့နေ့စဉ်လုပ်ငန်းဆောင်တာ တစ်ခု ဖြစ်နေဆဲပင်။
သူ့ထူးခြားသော ကျင့်ကြံခြင်း နည်းလမ်းကြောင့် သမ္ဗောဓိဉာဏ် တစ်ခုကို နားလည်သဘောပေါက်ရန် လွယ်ကူလှသည်။ အခြား သမ္ဗောဓိ တစ်ခုကို နားလည်သဘောပေါက်ရန်မူ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အတွက် အချိန်အနည်းငယ် လိုအပ်ပေသည်။ နေ့စဉ် သာမန်အလုပ်များနှင့် ကာယလုပ်အားများမှာ သူ့ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင်။
ထိုစဉ် သူ့ငါးမျှားတံ အနည်းငယ် နစ်ဝင်သွားသဖြင့် ကျန်းမင်၏ မျက်လုံးများ တောက်ပလာသည်။
မည်သည့် မှော်ပညာ သို့မဟုတ် အထူးစွမ်းရည်ကိုမှ အသုံးမပြုဘဲ သူက ငါးမျှားကြိုးကို ဆွဲတင်လိုက်၏။ မည်းနက်သော အကြေးခွံများ၊ ပါးစပ်ကျယ်ကျယ်နှင့် နှုတ်ခမ်းမွှေး နှစ်ချောင်း ပါရှိသည့် နှစ်မီတာကျော် ရှည်လျားသော ငါးတစ်ကောင်က ရေကန်ထဲမှ ခုန်ထွက်လာသည်။ ယင်းက သူ့ခန္ဓာကိုယ်ကို ရူးသွပ်စွာ ရုန်းကန်နေပြီး ယခင်က ငြိမ်သက်နေသော ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးများ ထန်လာစေ၏။
[ဒင်... သက်တမ်း နှစ်ရာရှိ နဂါးနက်ငါးရှဉ့် တစ်ကောင် ဖမ်းမိတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုလာဘ် - အထူးစွမ်းရည် တစ်ခု၊ မဟာ ပုံရိပ်ယောင်ဖန်တီးခြင်း ကျင့်စဉ်]
စနစ်၏ အသိပေးချက်ကို ကြားလျှင် ကျန်းမင် အံ့အားသင့်သွားသည်။ နဂါးနက်ငါးရှဉ့် အကြောင်း သူ သိထား၏။ ယင်းတွင် နဂါးသွေးကြော အနည်းငယ် ပါဝင်နေသောကြောင့် ၎င်း၏ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက် တစ်ခုသို့ ရောက်ရှိသွားပါက နဂါးတစ်ကောင် အဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်သည်။ သက်တမ်း နှစ်ရာရှိ နဂါးနက်ငါးရှဉ့် တစ်ကောင်တွင် အစွမ်းထက်သော ချီစွမ်းအင် ရှိသဖြင့် အုပ်မြစ် တည်ဆောက်ခြင်း အဆင့်နှင့် ညီမျှပေသည်။
ကျန်းမင်၏ ခန့်မှန်းချက်အရ နဂါးနက်ငါးရှဉ့်မှာ မိစ္ဆာစွမ်းအင် ကျင့်ကြံနည်းကို မသိသောကြောင့် ရေကန်ဆီသို့ ဦးတည်နေသော တောင်ပေါ် စမ်းချောင်းများထဲ လှည့်လည်သွားလာနေခြင်း ဖြစ်ပေလိမ့်မည်။
ယခုအခါ ချူယန်တောင်ထွတ်တွင် ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီ ဖြစ်ရာ ဤနေရာရှိ ရေကန်တွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေခြင်းမှာ သဘာဝပင်။ ရလဒ်အနေဖြင့် ယင်းက နဂါးနက်ငါးရှဉ့်ကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
'လောလောဆယ်တော့ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်မယ်... ညီမလေး ပြန်လာမှ သူမအတွက် ချက်ကျွေးရမယ်...'
ကျန်းမင်က တွေးတောရင်း နဂါးနက်ငါးရှဉ့်ကို ရေကန်ထဲ ပြန်လွှတ်ပေးလိုက်သည်။
နဂါးနက်ငါးရှဉ့်က လျင်မြန်စွာ ကူးခတ်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ကျန်းမင်က သူ အခုလေးတင် ရရှိခဲ့သော အထူးစွမ်းရည် ဖြစ်သည့် မဟာ ပုံရိပ်ယောင်ဖန်တီးခြင်း ကျင့်စဉ်ကို ကြည့်ရှုလိုက်သည်။
ယင်းမှာ သူ့ကိုယ်ပွားတစ်ခု ဖန်တီးရန်အတွက် အလွန်ကောင်းမွန်သော မှော်ပညာ တစ်ခုပင်။ သာမန် ပုံရိပ်ယောင်ဖန်တီးခြင်း နည်းစနစ်က မိမိ၏ ချီစွမ်းအင်ပေါ်တွင် မှီခိုရသည်။ ဆိုလိုသည်မှာ ကိုယ်ပွားက အချိန်ကြာကြာ ခံမည်မဟုတ်ဘဲ သိပ်လည်း အစွမ်းထက်မည် မဟုတ်ပေ။ တစ်ဖက်တွင်မူ မဟာ ပုံရိပ်ယောင်ဖန်တီးခြင်း ကျင့်စဉ်က ချီစွမ်းအင် တစ်ခုတည်းပေါ်တွင် မှီခိုနေခြင်း မဟုတ်ချေ။
ကိုယ်ပွားကို စွမ်းအင်ပေးရန် မိမိ၏ သွေးအနှစ်သာရ သို့မဟုတ် ဝိညာဉ်ပစ္စည်း တစ်ခုခုကိုလည်း မှီခိုနိုင်သည်။ အဆင့်မြင့် ဝိညာဉ်ပစ္စည်းများက ၎င်းတို့ ပိုင်ရှင်များ၏ စွမ်းအားများကို ပိုသယ်ဆောင်နိုင်ပေသည်။ ထို့အပြင် စွမ်းအင် ကုန်ခမ်းသွားပြီးနောက် ပြန်လည် ဖြည့်တင်းနိုင်သေး၏။ ဆိုလိုသည်မှာ ကိုယ်ပွားက အလွယ်တကူ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
"ဒါက တကယ်ကို မိုက်တာပဲ"
ကျန်းမင် ဝမ်းသာလုံးဆို့သွား၏။ ဤဆုလာဘ်မှာ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူရရှိခဲ့သမျှထဲတွင် အကောင်းဆုံး ဆုလာဘ်ပင်။
"ငါ့ရဲ့ ကိုယ်ပွားတစ်ခု ဖန်တီးပြီးသွားရင် တောင်ပေါ်ကနေ အလွယ်တကူ ထွက်သွားလို့ရပြီ" ကျန်းမင်က စိတ်လှုပ်ရှားစွာဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။
တကယ်တမ်းတွင် သူက တောင်အပြင်ဘက်ရှိ လောကကြီးကို မြင်တွေ့ချင်နေခဲ့သည်မှာ ကြာလှပြီ။ သို့သော် သူ့ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေမှုနှင့် လုံခြုံရေးကြောင့် တောင်ပေါ်တွင် နေခြင်းက အကောင်းဆုံးဟု တွေးခဲ့မိခြင်း ဖြစ်သည်။
စနစ်ကို ရရှိပြီးနောက် သူ့ကျင့်ကြံခြင်းမှာ များစွာ တိုးတက်လာခဲ့၏။ သို့သော် တစ်စုံတစ်ရာ အကြောင်းပြချက်ကြောင့် သူက တောင်ပေါ်တွင်သာ ဆက်လက် နေထိုင်နေခဲ့သည်။
ငါးမျှားတံ သိမ်းဆည်းပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့သည်။
အထူးစွမ်းရည်ကို နားလည်သဘောပေါက်ရန် မကြိုးစားမီ လက်ဖက်ရည် တစ်အိုး ဖျော်လိုက်၏။ အထူးစွမ်းရည်ကို အခြေခံအဆင့်အထိ ကျွမ်းကျင်လာရန် လက်ဖက်ရည် တစ်ခွက်သောက်ချိန်ခန့်သာ ကြာမြင့်ခဲ့သည်။
သူ မျက်လုံးများ ဖွင့်လိုက်ချိန်တွင် အသက်စွမ်းအင် အငွေ့အသက် တစ်ခုကို မှုတ်ထုတ်လိုက်သည်။ အလင်းရောင် တစ်ချက် လက်သွားပြီးနောက် သူ့ရှေ့တွင် သူနှင့် တစ်ပုံစံတည်း တူညီသော ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
'အသက်စွမ်းအင်နဲ့ ဖန်တီးထားတဲ့ ကိုယ်ပွားက ပုံရိပ်ယောင်ဖန်တီးခြင်းရဲ့ အနိမ့်ဆုံး အဆင့်ပဲ... ဒါက ငါ့အသိစိတ် တစ်စိတ်တစ်ပိုင်းနဲ့ ငါ့စွမ်းအားရဲ့ အပုံတစ်သန်းပုံ တစ်ပုံလောက်ပဲ ပါတယ်... ပြီးတော့ ကုန်သွားတဲ့ စွမ်းအင်တွေကိုလည်း ငါ ပြန်ဖြည့်တင်းနိုင်မှာ မဟုတ်ဘူး... တစ်ခါသုံး ပစ္စည်း တစ်ခုလိုပဲ...'
ကျန်းမင်က စိတ်ထဲတွင် တွေးလိုက်သည်။ သူ့ကိုယ်ပွား ဖန်တီးခြင်းက သူ့အသိစိတ်ကို နှစ်ပိုင်းခွဲရမည်ဟု ဆိုလိုကြောင်း သူ သိထား၏။ သို့မှသာ သူက တစ်ချိန်တည်းတွင် အလုပ်နှစ်ခုကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ရွှစ်...
အသက်စွမ်းအင်များနှင့်အတူ ကိုယ်ပွားက ပျောက်ကွယ်သွားပြီး အသိစိတ် အစိတ်အပိုင်းလေးသာ သူ့ထံသို့ ပြန်လည် ရောက်ရှိလာသည်။
ထို့နောက် ကျန်းမင်က မတ်တပ်ရပ်၍ လက်ကို လှုပ်ရှားကာ အသိစိတ်နှင့် ချီစွမ်းအင် အမျှင်တန်းများကို ထုတ်လွှတ်၍ သူ့ကိုယ်ပွား ၈၁ ခုကို ဖန်တီးလိုက်၏။
"အံ့မခန်းပဲ"
သူ့ကိုယ်ပွား ၈၁ ခုမှာ ကိုယ်ပိုင် လှုပ်ရှားနိုင်စွမ်း ရှိကြသည်။ ထိုအချိန်တွင် သူတို့က တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေသည့်အလား ကြည့်ရှုနေ၏။
"ကိုယ်ပွားတွေက တော်တော်လေး အပြစ်အနာအဆာ ကင်းတာပဲ..."
ခဏအကြာတွင် ကျန်းမင်က ကိုယ်ပွားများကို နောက်ဆုံး၌ ပြန်လည် ရုပ်သိမ်းလိုက်သည်။ မည်သို့ပင်ဆိုစေ ယခုလောလောဆယ် သူတို့ကို အသုံးပြုစရာ မရှိသေးပေ။
'ငါ ဒီကျင့်စဉ်ကို ပိုကျွမ်းကျင်လာအောင် အချိန်ပိုပေးသင့်တယ်... ဒါမှ စွမ်းအင် ပြန်ဖြည့်လို့ရတဲ့ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်မှာ...'
ထိုအချိန်တွင် ညလွှမ်းမိုးနေလေပြီ။ ကောင်းကင်ယံတွင် ကြယ်များ တောက်ပနေပြီး လမင်းက ညအမှောင်ကို လင်းထိန်စေလျက်။
ကျန်းမင်က သူ့ညီမငယ်လေး အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ ခေါ်ယူလိုက်သည်။
အမည် - ဇီလင်းလုံ
လိင် - မ
ကျင့်ကြံခြင်းအဆင့် - ရွှေရောင်အမြုတေ အဆင့်၏ နဝမမြောက် အစွန်းရောက်
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်၏ တပည့်။
ရင်းနှီးမှု - ၉၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ဖီးနစ် သွေးကြောစစ်စစ်)
အခြေအနေ - မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် တွေ့ဆုံ တိုက်ခိုက်ခဲ့သည်။ တပည့်များကို လျှို့ဝှက် စောင့်ရှောက်နေသော ကျိုယန်ဂိုဏ်း၏ အကြီးအကဲများက ကိုယ်ထင်ပြခဲ့ရသည်။ အဖွဲ့ကွဲသွားပြီး သူမက တောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့၏။ သူမ၏ တည်ရှိမှုကို ဖုံးကွယ်ရန် လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုခဲ့သည်။ သူမက အနိမ ဂူသင်္ချိုင်းတစ်ခုကို ယခုလေးတင် ရှာဖွေတွေ့ရှိပြီး ဝင်ရောက်သွားသည်။ ဆေးဘုရင်၏ အနှစ်သာရကို တွေ့ရှိခဲ့ပြီး လက်ရှိတွင် ၎င်းကို သန့်စင်နေလေပြီ။
End
***