သူ့ညီမငယ်လေး အနေဖြင့် မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ဆုံတွေ့ခဲ့ရသည်ကို သိလိုက်ရသဖြင့် ကျန်းမင် အံ့အားသင့်သွား၏။ ထို့အပြင် မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများမှာ ကျိုယန်ဂိုဏ်း၏ အကြီးအကဲများကိုပင် ကိုယ်ထင်ပြလာစေရန် ဖိအားပေးနိုင်လောက်အောင် အစွမ်းထက်လှပေသည်။ မည်သို့ပင်ဖြစ်စေ သူမ လွတ်မြောက်သွားနိုင်ခဲ့သည်ကိုမူ သူ ဝမ်းသာမိဆဲပင်။
ထိုအရာများအပြင် သူ့ညီမငယ်လေးက အနိမ ဂူသင်္ချိုင်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်ကိုလည်း အလွန်တရာ အံ့ဩနေမိချေသည်။ သူ့စိတ်ထဲတွင် သံသယ အနည်းငယ်ပင် ဝင်ရောက်လာခဲ့လေပြီ။ မထွက်ခွာမီက အပြင်ဘက်တွင် သူမကို စောင့်ကြိုနေသော ကြီးမားသည့် အခွင့်အရေး တစ်ခုကို အာရုံခံမိကြောင်း သူမ ပြောခဲ့ဖူး၏။
ထို့နောက် သူမ ထွက်သွားသည်မှာ အချိန်သိပ်မကြာသေးသော်ငြား ထိုကြီးမားသော အခွင့်အရေးကြီးကို ရှာတွေ့နေခဲ့ပြီ မဟုတ်ပါလား။ ထို့အပြင် မည်သည့် အန္တရာယ်မှ မကြုံတွေ့ရဘဲ အမွေအနှစ်ကို ဤမျှ လွယ်လွယ်ကူကူ ရရှိသွားသည်ကိုလည်း သူ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
အနိမ ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း ကျန်းမင် ကောင်းကောင်း သိထား၏။ ယင်းအကြောင်းကို 'လူသားများ၏ ကျင့်ကြံခြင်း အဆင့်များ အသေးစိတ် ရှင်းလင်းချက်' ဟူသော စာအုပ်ထဲတွင် သူ ဖတ်ဖူးခဲ့သည်။ ကျင့်ကြံခြင်း အဆင့် ဆယ်ဆင့် ရှိသည်။
၎င်းတို့မှာ ချီကျင့်ကြံခြင်း၊ အုပ်မြစ် တည်ဆောက်ခြင်း၊ ရွှေအမြုတေ၊ ခရမ်းရောင် နန်းတော်၊ တာအိုမျိုးစေ့၊ မူလဝိညာဉ်၊ ကနဦးဝိညာဉ်၊ သုခဘုံ၊ အနိမနှင့် အကြိုအင်မော်တယ် အဆင့်တို့ ဖြစ်ကြပေသည်။
အနိမ အဆင့် ရောက်နေသည့် ကျွမ်းကျင်သူ တစ်ယောက်မှာ ကျိုယန်ဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်လှ၏။
ကျန်းမင်က မတ်တပ်ထရပ်လိုက်ပြီး စိုးရိမ်စိတ်များကို မထိန်းချုပ်နိုင်တော့ချေ။ ခဏအကြာတွင် ဟင်းလင်းပြင်က ပုံပျက်ကာ လှိုင်းဂယက်ထသွားသည်နှင့် တပြိုင်နက် သူပါ အမြင်အာရုံမှ ပျောက်ကွယ်သွားလေပြီ။ ပြန်လည် ထွက်ပေါ်လာချိန်တွင် သူက တောင်တံခါးဝနှင့် အတော်လေး ဝေးကွာနေခဲ့ပြီ ဖြစ်သည်။ ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ထပ်မံ ပျောက်ကွယ်သွားပြန်၏။
…
တောက်ပသော လမင်းကြီးက ညအမှောင်ယံ ကောင်းကင်ထက် တွဲခိုနေစဉ် ကျန်းမင်က ဟင်းလင်းပြင်ကို အသုံးပြု၍ မယုံကြည်နိုင်လောက်အောင် လျင်မြန်သော အရှိန်နှုန်းဖြင့် ခရီးနှင်နေသည်။ တစ်ချိန်တည်းမှာပင် သူ့အသိစိတ်များကို ပတ်ဝန်းကျင် တစ်ခွင်သို့ ဖြန့်ကျက်ထားလိုက်၏။
နောက်ဆုံးတွင် အစောပိုင်းက သူ့ညီမငယ်လေးနှင့် အတူရှိနေခဲ့သော ကျိုယန်ဂိုဏ်းမှ တပည့် သုံးယောက်ကို ရှာတွေ့သွားလေသည်။ ကျန်သူများမှာ အသက်ရှင်နေသလား၊ သေဆုံးသွားပြီလား ဆိုသည်ကိုမူ သူ မသိနိုင်တော့ပေ။ သို့သော် ထိုတပည့် သုံးယောက်မှာ ပင်ပန်းနေပုံသာ ရပြီး ဝမ်းနည်းနေသည့် အရိပ်အယောင် မရှိသောကြောင့် အခြားသူများလည်း လူစုကွဲသွားရုံသာဖြစ်ပြီး အသက်ရှင်နေသေးသည်ဟု သူ ကောက်ချက်ချလိုက်၏။
ကျန်းမင်က ကိုယ်ထင်ပြခြင်း မရှိချေ။ ထိုအစား လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူ၍ သူ့ညီမငယ်လေး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
အမည် - ဇီလင်းလုံ
လိင် - မ
ကျင့်ကြံခြင်းအဆင့် - ခရမ်းရောင် နန်းတော် အဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်၏ တပည့်
ရင်းနှီးမှု - ၉၅
မွေးရာပါ ပါရမီ - အင်မော်တယ် (ဖီးနစ် သွေးကြောစစ်စစ်)
အခြေအနေ - သူမက ဆေးဘုရင်၏ အနှစ်သာရကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး သူမ၏ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ကာ ခရမ်းရောင် နန်းတော် အဆင့်သို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ခဏတာ အနားယူပြီးနောက် ယခုအခါ သန့်စင်ပြီးသား ဆေးဘုရင်၏ အနှစ်သာရများကို ဆက်လက် စုပ်ယူနေပြီး သူမ၏ ကျင့်ကြံခြင်း အဆင့်ကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။
ကျန်းမင်က အသံထွက်၍ပင် အံ့ဩတကြီး ရေရွတ်လိုက်မိ၏။
"ညီမလေးက ဇာတ်လိုက်များလား... ဒါမှမဟုတ် ကောင်းကင်ဘုံရဲ့ မွေးစားသမီးများလား"
သူ့ညီမငယ်လေး၏ တိုးတက်မှုများမှာ ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ညီမငယ်လေး အနေဖြင့် သူမ၏ ဖီးနစ် သွေးကြောကို နိုးကြားလာစေချိန်တွင် သူမက လူမှုရေးရော ကျင့်ကြံခြင်းတွင်ပါ အတွေ့အကြုံ သိပ်မရှိသေးသည့် ရိုးအသော ကလေးငယ် တစ်ယောက်သာ ဖြစ်သေး၏။ ရွှေရောင်အမြုတေ အဆင့် (၉)သို့ ရုတ်တရက် လျင်မြန်စွာ တက်လှမ်းသွားနိုင်ခြင်းမှာ သူမ၏ ထူးကဲသော သွေးကြောကြောင့်ဟု ရှင်းပြ၍ ရနိုင်ပေသည်။
သို့သော် မည်သည့် အစောင့်အရှောက်မှ မပါဘဲ တောင်ပေါ်နှင့် ဝေးကွာနေချိန်တွင် ခရမ်းရောင် နန်းတော် အဆင့်သို့ တက်လှမ်းသွားခြင်းကမူ တကယ်ကို နားလည်ရခက်လှချေသည်။ ဤသည်ကို သူမ၏ သွေးကြော တစ်ခုတည်းကြောင့်ဟု လွယ်လွယ်ကူကူ သတ်မှတ်၍ ရနိုင်ပါမည်လော။
ထိုအရာများအပြင် သူမ၏ မွေးရာပါ ပါရမီမှာလည်း မြင့်တက်သွားခဲ့သည်။ 'အင်မော်တယ်' မွေးရာပါ ပါရမီအတွက် အဆင့်သတ်မှတ်ချက်များ ရှိ၊ မရှိ ဆိုသည်ကို ကျန်းမင် သေချာ မသိသော်ငြား တစ်စုံတစ်ယောက် အနေဖြင့် မိမိ၏ မွေးရာပါ ပါရမီကို မြှင့်တင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ မည်သို့ပင်ဆိုစေ ယင်းကို 'မွေးရာပါ' ပါရမီဟု ခေါ်ဆိုရသည့် အကြောင်းပြချက် ရှိပေသည်။ ၎င်းမှာ ကောင်းကင်ဘုံမှ ပေးသနားထားသော၊ မွေးရာပါ အဖြစ် ပါလာသော အရာတစ်ခု မဟုတ်ပါလား။ သို့သော် သူ့ညီမငယ်လေး၏ မွေးရာပါ ပါရမီက ကြယ်ရှစ်ပွင့်မှ အင်မော်တယ်အဆင့် အထိ မြင့်တက်သွားခဲ့လေပြီ။
နောက်ဆုံးတွင် သူ့ညီမငယ်လေးမှာ ကံကြမ္မာနာရီ သို့မဟုတ် ထိုကဲ့သို့သော ထူးကဲသည့် ပစ္စည်းတစ်ခုခုကို ရရှိခဲ့ခြင်း ဖြစ်ရမည်ဟု သူ ကောက်ချက်ချလိုက်၏။
သူ့အား အကျေနပ်ဆုံး ဖြစ်စေသည့် အချက်မှာ သူ့ညီမငယ်လေး၏ တိုးတက်မှုများ ကြီးမားနေသည့်တိုင် သူတို့နှစ်ယောက်၏ ရင်းနှီးမှု တန်ဖိုးမှာ အတူတူပင် ဖြစ်နေခြင်း ဖြစ်သည်။
ကျန်းမင်က အနိမ ဂူသင်္ချိုင်းကို ပတ်ဝန်းကျင်တွင် လိုက်လံ ရှာဖွေခဲ့သော်လည်း သူ့ကြိုးစားမှုများမှာ အချည်းနှီးသာ။ မိုးလင်းခါနီး အချိန်သို့ ရောက်သောအခါ လူသားလမ်းစဉ် မှတ်တမ်းကို နောက်တစ်ကြိမ် ခေါ်ယူကြည့်လိုက်ပြန်၏။ မည်သည့် အပြောင်းအလဲမှ မရှိသည်ကို မြင်ရမှသာ တောင်ပေါ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းမင်က သူ့ကိုယ်သူ စိတ်သက်သာရာ ရစေရန် ကြိုးစားလျက် စိတ်ထဲမှ တွေးလိုက်သည်။
'ညီမလေးက ပုံမှန်မဟုတ်လောက်အောင် ကံကောင်းနေတာပဲ... သူမ အဆင်ပြေမှာပါလေ'
တောင်ပေါ်သို့ ပြန်ရောက်ပြီးနောက် ကျင့်ကြံခြင်း မစတင်မီ လက်ဖက်ရည် တစ်အိုး ဖျော်လိုက်၏။
တာအို စည်းချက်က သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ ရှေးဟောင်း ကာလများဆီမှ သေမင်းတမန် တိတ်ဆိတ်မှု အသံ၊ ဖန်ဆင်းခြင်းနှင့် သဘာဝတရား၏ တက်ကြွသော အသံ၊ သတ်ဖြတ်လိုစိတ်၏ တိတ်ဆိတ်သော တဝီဝီ မြည်သံနှင့် လေပြင်းဓားသွားများ ကဲ့သို့သော စွမ်းအင် အတက်အကျများက သူ့နားထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်လာခဲ့လေပြီ။
ကျန်းမင်မှာ နေ့စဉ်နှင့်အမျှ သိသိသာသာ တိုးတက်လာခဲ့၏။
ကျင့်ကြံခြင်းအပြင် ဝိညာဉ်မျိုးစေ့များ ရှာဖွေရန်အတွက်လည်း အချိန်ဖယ်ထားခဲ့သည်။ ချွန်းယန်တောင်ထွတ်မှ ကျန့်ကျွင်းပေါင်၏ အကူအညီကိုပင် တောင်းခံကာ ဝိညာဉ်မျိုးစေ့များကို ရှာဖွေခဲ့၏။ ထိုသို့ဖြင့် သူက စိုက်ပျိုးရေးကို ဆက်လက် လုပ်ဆောင်နေခဲ့ပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လဝက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။
ကျန်းမင်က သူ့ညီမငယ်လေးကို စစ်ဆေးကြည့်လိုက်ချိန်တွင် ထိတ်လန့်ပြီး ကြောင်တောင်တောင် ဖြစ်သွားရ၏။ သူ့ညီမငယ်လေးမှာ ယခုအခါ တာအိုမျိုးစေ့ အဆင့်သို့ ရောက်ရှိနေလေပြီ။
သူက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အကယ်၍ သူ့ထံတွင်သာ လူသားလမ်းစဉ် မှတ်တမ်း မရှိခဲ့ပါက သူ့ညီမငယ်လေး၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ အစားထိုး ခံလိုက်ရပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။
ကျန်းမင်က ရှုပ်ထွေးနေသော စိတ်ဖြင့် အတွင်းကျကျ တွေးတောနေမိ၏။
'ခရမ်းရောင် နန်းတော်ကို ချီစွမ်းအင်တွေနဲ့ ဖြည့်ပြီးမှသာ တာအိုမျိုးစေ့ အဆင့်ကို ထိုးဖောက် ဝင်ရောက်နိုင်တာလေ... ပြီးတော့ သမ္ဗောဓိဉာဏ်ကို နားလည်သဘောပေါက်ပြီး တာအိုမျိုးစေ့ တစ်စေ့ကိုလည်း ဖန်တီးဖို့ လိုသေးတယ်... ဒါတွေ အားလုံးကို ပြီးမြောက်ဖို့ဆိုတာ အချိန်အကြာကြီး ယူရမှာ... ဒါကို သူမက ဘယ်လိုလုပ် ဒီလောက် မြန်မြန် ထိုးဖောက်သွားရတာလဲ... သူမဆီမှာလည်း စနစ်တစ်ခု ရှိနေတာများလား'
ကျန်းမင်က ထိုအကြောင်း တွေးရင်း ခါးသီးစွာ ပြုံးလိုက်သည်။
'ငါ့ဆီမှာ လှည့်ကွက်တွေ ပေးစွမ်းနိုင်တဲ့ စနစ်တစ်ခု ရှိနေရင်တောင် အခုမှ တာအိုမျိုးစေ့ အဆင့်ပဲ ရှိသေးတာ... ညီမလေးက ငါ့ထက် နောက်ကျမှ ကျင့်ကြံတာကို အခု ငါတို့က ကျင့်ကြံခြင်း အဆင့်ချင်း တူနေပြီ... အသက် ဆယ့်သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်က တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဆိုတာကို ဘယ်သူကများ ယုံကြည်မှာလဲ'
သူတို့၏ ရင်းနှီးမှု တန်ဖိုး မပြောင်းလဲသွားခြင်းသာ မဟုတ်ပါက သူ့ညီမငယ်လေး၌ ဆိုးရွားသော ပြဿနာ တစ်ခုခု ဖြစ်နေပြီဟု သူ သံသယ ဝင်မိမည်မှာ အမှန်ပင်။
နောက်ဆုံးတွင် သူ့ညီမငယ်လေးမှာ အလွန်အမင်း ကံကောင်းနေခြင်းသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရတော့သည်။ တစ်ချိန်တည်းမှာပင် သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမအတွက် ဆက်လက် စိုးရိမ်မနေတော့ချေ။
ကျန်းမင် ပြုံးရင်း ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။
'ငါလည်း ကြိုးကြိုးစားစား ကျင့်ကြံသင့်ပြီ... မဟုတ်ရင် အနာဂတ်မှာ ငါ့ကိုယ်ငါ ကာကွယ်ဖို့ ညီမလေးကို အားကိုးနေရလိမ့်မယ်'
ကျန်းမင်၏ အသိစိတ်ပင်လယ်ထဲတွင် တာအိုမျိုးစေ့ အတော်များများ ရှိနေလေပြီ။ သူက သစ်၊ မီး၊ မြေ၊ သတ္တုနှင့် ရေ ကဲ့သို့သော အခြေခံ တာအိုမျိုးစေ့ ငါးမျိုးကို စုဆောင်းထားပြီး ဖြစ်သည်။ ထိုအရာများအပြင် မိုးကြိုး၊ လေ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့် အခြား မျိုးစေ့များလည်း ရှိနေသေး၏။
သူက အခြေခံ ငါးမျိုးကို ပေါင်းစပ်ရန်နှင့် ယင်၊ ယန်တို့၏ နက်နဲသော အရာများ၊ အာကာသ နိယာမများကို နားလည်သဘောပေါက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူ့ရှေ့တွင် ရှည်လျားသော ခရီးလမ်း တစ်ခု ကျန်ရှိနေသေးကြောင်း သူ ကောင်းကောင်း သိထားသည်။ ကံကောင်းစွာဖြင့် သူ့ထံတွင် ချီစွမ်းအင်များ အမြောက်အမြား ရှိနေ၏။ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များဖြင့် ဖျော်စပ်ထားသော လက်ဖက်ရည်ကို သောက်သုံးပြီး ကျင့်ကြံရန်သာ ဖြစ်တော့သည်။
ကျိုယန်ဂိုဏ်း ပင်မတောင်ထွတ်၏ ခန်းမဆောင်ကြီး အတွင်း၌။
ဂူဟိုင်က စိုးရိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်... လင်းလုံနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရသေးလား... သူမ ထွက်သွားတာ သုံးလတောင် ရှိနေပြီလေ... သူမနဲ့ အတူ ထွက်သွားတဲ့ တပည့်အများစုက ပြန်ရောက်နေကြပြီ... ဘာလို့ သူမ သတင်းကို မရရတာလဲ... ဂိုဏ်းချုပ် တကယ်ရော လူလွှတ်ပြီး ရှာခိုင်းရဲ့လား"
လီယန်တောင်ထွတ်၏ ပထမအဆင့်ဖြစ်သူ တုန်ဖန်းလီက နှာခေါင်းရှုံ့လိုက်၏။
"ဂူဟိုင်... မင်းစကားကို ဆင်ခြင်ပြော... လင်းလုံက မွေးရာပါ ပါရမီ မြင့်မားတော့ ဂိုဏ်းထဲမှာပဲ နေပြီး ကျင့်ကြံသင့်တာ... ဒါပေမဲ့ မင်းက သူမကို တောင်ပေါ်က ဆင်းခွင့်ပြုခဲ့တယ်လေ... မင်းရဲ့ ချူယန်တောင်ထွတ်မှာ တပည့်တွေ အရမ်းများနေပြီလို့ ထင်နေတာလား... ဒါမှမဟုတ် ဂိုဏ်းအနေနဲ့ သူမလို ရှားပါး ပါရမီရှင် တစ်ယောက် မလိုအပ်ဘူးလို့များ ထင်နေတာလား... မင်းကို ပထမအဆင့် ရာထူးကနေ ဖယ်ရှားပစ်သင့်တာ ကြာပြီ"
ဂူဟိုင်မှာ ဒေါသထွက်သွားပြီး အံကြိတ်လိုက်၏။
"မင်း..."
ထိုအချိန်တွင် ကျောင်းယန်တောင်ထွတ်၏ ပထမအဆင့်ဖြစ်သူ ယင်ယွဲ့က မျက်ခုံးပင့်ရင်း ဝင်ပြောလာသည်။
"တုန်ဖန်းလီ... လင်းလုံကို ဂိုဏ်းကနေ ထွက်သွားဖို့ ဂိုဏ်းချုပ်ကိုယ်တိုင် သဘောတူခဲ့တာပါ... ရှင်လည်း သဘောတူခဲ့တယ်လို့ မှတ်မိသေးတယ်... တကယ်တော့ လင်းလုံလို ပါရမီရှင် တပည့် တစ်ယောက် အနေနဲ့ အပြင်ထွက်ပြီး အတွေ့အကြုံ ယူတာ ကောင်းတယ်လို့တောင် ရှင်ပြောခဲ့သေးတာပဲ... အခု အခြေအနေတွေ မကောင်းတော့မှ အပြစ်တွေ အကုန်လုံးကို အစ်ကိုကြီးဂူဆီ ပုံချချင်နေတာလား"
ကျီယန်တောင်ထွတ်၏ ပထမအဆင့်ဖြစ်သူ ယွဲ့ချန်က ကြားဝင် ဖြန်ဖြေပေးလာ၏။
"ကဲပါ ကဲပါ... လင်းလုံလေးက ပါရမီ အရမ်းမြင့်ပြီး ကောင်းချီးပေးခံထားရတဲ့ ကလေးပါ... သူမ အဆင်ပြေမှာ သေချာပါတယ်... ပြီးတော့ သတင်းမကြားရတာ သတင်းကောင်းပဲ မဟုတ်ပါလား"
ထိုစဉ် အလင်းတန်း တစ်ခုက ခန်းမဆောင်ကြီး အတွင်းသို့ ရုတ်တရက် ပစ်ဝင်လာတော့သည်။
ဂိုဏ်းချုပ်က ယင်းကို လက်ဖြင့် ဖမ်းဆုပ်လိုက်ချိန်တွင် အလင်းရောင် ပျောက်ကွယ်သွားပြီး စာတစ်စောင် ထွက်ပေါ်လာ၏။ စာကို ဖတ်ပြီးနောက် သူ့မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာဖြင့် ရုတ်တရက် မတ်တပ် ထရပ်လိုက်လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဂူဟိုင်၏ မျက်နှာမှာ ဖြူလျော့သွားပြီး အနည်းငယ် တုန်ယင်လာခဲ့သည်။ သူက စိုးရိမ်တကြီး မေးလိုက်၏။
"ဘ... ဘာဖြစ်လို့လဲ... လင်းလုံ တစ်ခုခု ဖြစ်လို့လား"
End
***