ညနေပိုင်း ဂူဟိုင် ပြန်လာချိန်၌ သူ့မျက်နှာထက်တွင် မျက်မှောင်ကြုတ်လျက် စိုးရိမ်ပူပန်နေသော အမူအရာက အထင်းသား ပေါ်လွင်နေ၏။
ကျန်းမင်က သူ့ဆရာအတွက် ထိုင်ခုံ ယူလာပေးပြီးနောက် လက်ဖက်ရည် တစ်အိုး ဖျော်ရင်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဆရာ... ညီမလေးနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရပြီလား"
ဂူဟိုင်က ခေါင်းခါယမ်း၍...
"မရသေးဘူး... ဒါပေမဲ့ မင်းညီမလေးက ကံကောင်းတဲ့ ကလေးဆိုတော့ သူမ ဘေးကင်းမှာပါလေ"
"ကျုပ်လည်း အဲ့လိုပဲ ထင်တယ်" ကျန်းမင်က ခေါင်းညိတ်လိုက်၏။
လက်ဖက်ရည် ဖျော်ပြီးနောက် ဂူဟိုင်အတွက် တစ်ခွက် ငှဲ့ပေးကာ ပြုံး၍ ဆက်ပြောသည်။
"ညီမလေးက ရွှေရောင်အမြုတေ အဆင့် (၉)ကို ရောက်တုန်းက ကျိုယန်ဂိုဏ်းရဲ့ စံချိန်ကို ချိုးခဲ့တယ်လို့ အမြဲ ပြောလေ့ရှိတာပဲ... သူမလို ကံကောင်းတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် အန္တရာယ် တစ်ခုခုက ဒုက္ခပေးနိုင်မှာလဲ... စိတ်မပူပါနဲ့ ဆရာရယ်... သူမ မကြာခင် ပြန်လာမှာပါ"
ဂူဟိုင်က အတင်းအကျပ် ပြုံး၍...
"ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်"
လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် ဆက်ပြောလာ၏။
"အရှေ့ပိုင်းဒေသက ဟိုင်ပြည်နယ်ကို အစွမ်းထက်တဲ့ ရေမြေခြားဂိုဏ်း တစ်ခု ပြောင်းရွှေ့လာတယ်ဆိုတဲ့ သတင်းကို ဂိုဏ်းချုပ်က ရထားတယ်... မိစ္ဆာဂိုဏ်းတွေ ပြန်လည် အားကောင်းလာတာတင် မကဘူး အခု ရေမြေခြားဂိုဏ်း တစ်ခုရဲ့ ကျူးကျော်မှုပါ ဖြစ်လာနိုင်ခြေ ရှိနေပြီ... တကယ်ကို ဒုက္ခများတဲ့ နှစ်ပဲ"
"အစွမ်းထက်တဲ့ ရေမြေခြားဂိုဏ်း... ဘယ်လောက်တောင် အစွမ်းထက်လို့လဲ... ရေမြေခြားဂိုဏ်း တစ်ခုက ဟိုင်ပြည်နယ်မှာ ဘယ်လိုလုပ် ကြီးစိုးနိုင်မှာလဲ"
ကျန်းမင်က လက်ထဲမှ လက်ဖက်ရည် ပန်းကန်လုံးကို ကစားရင်း ပြောလိုက်သည်။
"ကျန်းမိသားစု၊ ဖေးယွန်ဂိုဏ်းနဲ့ ထျန်းရွှေဂိုဏ်းတို့က ဟိုင်ပြည်နယ်မှာ အဓိက အင်အားစု သုံးခုပဲလေ... တစ်ဖွဲ့ချင်းစီက ငါတို့ ကျိုယန်ဂိုဏ်းလောက် မစွမ်းပေမဲ့ သူတို့ သုံးဖွဲ့ပေါင်းလိုက်ရင်တော့ ငါတို့လောက် အစွမ်းထက်တာပဲ... သူတို့နယ်မြေထဲကို ရေမြေခြားဂိုဏ်း တစ်ခု အလွယ်တကူ ဝင်လာဖို့ကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ... ပြီးတော့ ငါတို့ ကျိုယန်ဂိုဏ်းက ဟိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်မှာ ရှိတာ... အဲ့ဒီရေမြေခြားဂိုဏ်းက ငါတို့ဂိုဏ်း တိုက်ခိုက်လာမှာကို မကြောက်ဘူးလား"
အရှေ့ပိုင်းဒေသတွင် ဖုန်းပြည်နယ်၊ ယုပြည်နယ်၊ လဲ့ပြည်နယ်၊ ယွန်းပြည်နယ်၊ ရွှေပြည်နယ်၊ ဝူပြည်နယ်၊ မုပြည်နယ်၊ ချင်းပြည်နယ်နှင့် ဟိုင်ပြည်နယ် ဟူ၍ ပြည်နယ် ကိုးခု ရှိပေသည်။ ဟိုင်ပြည်နယ်မှာ ပင်လယ်နှင့် နီးပြီး ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိ၏။
ဂူဟိုင်က ရှင်းပြလာသည်။
"ရေမြေခြားဂိုဏ်းရဲ့ နာမည်က ပိရွှေဂိုဏ်းလို့ ဂိုဏ်းချုပ် ပြောတာ ကြားလိုက်တယ်... အဲ့ဒီဂိုဏ်းက အစွမ်းထက်ပြီး ဘယ်သူ့ကိုမှ အသိမပေးဘဲ တိတ်တဆိတ် ဝင်ရောက်လာတာတဲ့... ဖေးယွန်ဂိုဏ်းကို ဖျက်ဆီးပြီး ကျန်းမိသားစုကိုလည်း သိမ်းသွင်းလိုက်ပြီ... ထျန်းရွှေဂိုဏ်းက ငါတို့ဆီ အခုလေးတင် အကူအညီ လာတောင်းသွားတာ"
သူက ခါးသီးစွာ ပြုံးရင်း ဆက်ပြောသည်။
"အရင်တုန်းကသာဆို ပိရွှေဂိုဏ်းက အရှေ့ပိုင်းဒေသ တစ်ခုလုံးရဲ့ ဒေါသကို ရင်ဆိုင်ရမှာ သေချာတယ်... ဒါပေမဲ့ အခုလက်ရှိမှာက မိစ္ဆာဂိုဏ်းတွေ ပြန်လည် အားကောင်းလာတဲ့ အချိန်ဖြစ်နေတယ်လေ... ပိရွှေဂိုဏ်းက သူတို့ ဒီကို ပြောင်းရွှေ့လာပေမဲ့ ချင်းယွင်ဂိုဏ်းရဲ့ အမိန့်ကို နာခံပြီး မိစ္ဆာဂိုဏ်းတွေကို သေချေပါးချေ တိုက်ခိုက်သွားမယ်လို့ ကြေညာထားတယ်... ကြည့်ရသလောက် ပိရွှေဂိုဏ်းက ချင်းယွင်ဂိုဏ်းကို ရှားပါးပြီး တန်ဖိုးကြီးတဲ့ လက်ဆောင်တချို့နဲ့ လာဘ်ထိုးထားပုံပဲ... မဟုတ်ရင် သူတို့ ဒီလို လုပ်ရဲမှာ မဟုတ်ဘူး"
"ပိရွှေဂိုဏ်း ဟုတ်လား..." ကျန်းမင် မျက်မှောင်ကြုတ်သွား၏။
လွန်ခဲ့သော လအနည်းငယ်က ကျန်းမင် အနေဖြင့် ချင်းယွင်ဂိုဏ်းမှ ခဲချင်ချန်းနှင့် မုလေ့တို့ကို လိုက်လံ ဖမ်းဆီးစဉ် ပိရွှေဂိုဏ်း၏ အကြီးအကဲဖြစ်သူ လန်ရှီနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်က လန်ရှီမှာ အရှေ့ပိုင်းဒေသတွင် ခြေကုပ်ယူနိုင်ရန် စီးမာမိသားစုနှင့် ပူးပေါင်း ကြံစည်နေခဲ့၏။ ထိုအချိန်က ချင်းယွင်ဂိုဏ်း၏ မျက်နှာသာပေးမှုနှင့် အဆက်အသွယ် ရရှိရန် မုလေ့အား ကယ်တင်ရန် ကြိုးစားခဲ့ပုံကို ထောက်ရှုလျှင် ပိရွှေဂိုဏ်း အနေဖြင့် ချင်းယွင်ဂိုဏ်းနှင့် မည်သည့် ဆက်ဆံရေးမှ မရှိသေးကြောင်း ထင်ရှားလှပေသည်။
လန်ရှီ သေဆုံးသွားပြီးနောက် ပိရွှေဂိုဏ်းမှာ ပရမ်းပတာ ဖြစ်နေသင့်ပေသည်။ လအနည်းငယ် အကြာတွင် ဟိုင်ပြည်နယ်၌ ဤမျှ အင်အားကြီးမားသော လှုပ်ရှားမှုမျိုး မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကို ကျန်းမင် နားမလည်နိုင်အောင် ဖြစ်နေတော့သည်။ မည်သို့ပင်ဖြစ်စေ သူ့ဆရာ တွေးသကဲ့သို့ပင် ပိရွှေဂိုဏ်းက ချင်းယွင်ဂိုဏ်းကို အလွန်တန်ဖိုးကြီးမားသော အရာတစ်ခုခု ပေးအပ်ခဲ့မည်မှာ သေချာလှ၏။
မဟုတ်ပါက အရှေ့ပိုင်းဒေသ၏ ဟိုင်ပြည်နယ်သို့ ပိရွှေဂိုဏ်း ရုတ်တရက် ပြောင်းရွှေ့လာမှုကို ချင်းယွင်ဂိုဏ်းက လျစ်လျူရှုထားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ချင်းယွင်ဂိုဏ်းမှာ အရှေ့ပိုင်းဒေသ၏ တော်ဝင်မြေ မဟုတ်ပါလား။ မရေရာမှုများစွာ ရှိနေသေးသော်ငြား ဤအတိုင်းသာ ဆက်သွားပါက အရှေ့ပိုင်းဒေသတွင် စစ်ပွဲများ အနှေးနှင့်အမြန် ဖြစ်ပွားလာမည်မှာ သေချာသလောက်ပင်။
တစ်ချိန်တည်းမှာပင် သူ့ဆရာ အနေဖြင့် လင်းလုံအတွက် စိုးရိမ်နေဆဲ ဖြစ်ကြောင်း ကျန်းမင် သတိပြုမိလိုက်သည်။ ရှာမတွေ့သေးသော ကလေးမလေးမှာ မိစ္ဆာဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားမည်ကို သူ့ဆရာ ကြောက်ရွံ့နေမှန်း သိသိသာသာပင်။ သူက ဆက်လက် ဖြေသိမ့်ပေးလိုက်၏။
"ဆရာ... စိတ်မပူပါနဲ့... ညီမလေး ဘေးကင်းမှာ သေချာပါတယ်"
ကျန်းမင် အနေဖြင့် သူ့ဆရာ၏ စိုးရိမ်မှုကို နားလည်နိုင်ပေသည်။ အကယ်၍ သူ့ထံတွင်သာ လူသားလမ်းစဉ် မှတ်တမ်း မရှိခဲ့ပါက သူကိုယ်တိုင်လည်း ဆရာဖြစ်သူထက်ပင် ပို၍ စိုးရိမ်နေမိမည် ဖြစ်သည်။
ဂူဟိုင်က ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းမင်အား ပင်မတောင်ထွတ်ရှိ ခန်းမဆောင်ကြီးသို့ မပြန်မီ ခံတွင်းမြိန်စေမည့် ညစာ တစ်နပ် ချက်ပြုတ်ခိုင်းလိုက်၏။
ဂူဟိုင် ထွက်သွားပြီးနောက် ကျန်းမင်က နေရာကို သန့်ရှင်းရေး လုပ်ကာ အမိုးပေါ်သို့ ပျံတက်သွားပြီး ထိုင်ခုံပေါ်တွင် လှဲလျောင်းလိုက်သည်။ ထို့နောက် ပိရွှေဂိုဏ်းအကြောင်း တွေးတောရင်း လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူလိုက်၏။
အမည် - ကျန်းမိုမို
လိင် - မ
ကျင့်ကြံခြင်းအဆင့် - အုပ်မြစ် တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ကျောင်းယန်တောင်ထွတ်၏ တပည့် (မှတ်ချက် - ပိရွှေဂိုဏ်းမှ ဖြစ်ပြီး နတ်မိမယ် ရွှေယွဲ့၏ သမီးလည်း ဖြစ်သည်)
ရင်းနှီးမှု - ၆၃
အခြေအနေ - သူမက ကျိုယန်ဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက်များ ပေးပို့ရန် ပိရွှေဂိုဏ်းထံမှ အမိန့်ရရှိထားသည်။ တောင်းဆိုထားသော အချက်အလက်များမှာ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူ့ ကျင့်ကြံခြင်းအဆင့်၊ ကျွမ်းကျင်သူ အရေအတွက်၊ တောင်တံခါးဝရှိ စက်ကွင်း အခြေအနေ အစရှိသည်တို့ ဖြစ်သည်။ သူမက လက်ရှိတွင် အကျပ်ရိုက်နေသည်။ မည်သို့ပင်ဆိုစေ သူမက ပိရွှေဂိုဏ်းမှ ဖြစ်သော်ငြား ကျိုယန်ဂိုဏ်းတွင် ကြီးပြင်းပြီး ပြုစုပျိုးထောင်ခံခဲ့ရသူ မဟုတ်ပါလား။
ကျန်းမင်က တီးတိုး ရေရွတ်လိုက်၏။
"စိတ်ဝင်စားစရာပဲ"
သူ့အနေဖြင့် မိုမိုနှင့် မည်သည့် ပဋိပက္ခမှ မရှိခဲ့ပေ။ တကယ်တမ်းတွင် သူမအပေါ် ကောင်းမွန်သော အမြင်ပင် ရှိခဲ့သေး၏။ သို့သော် သူမသာ ကျိုယန်ဂိုဏ်းကို သစ္စာဖောက်မည် ဆိုပါက သူ လုံးဝ တုံ့ဆိုင်းနေမည် မဟုတ်ချေ။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် သူမကို သတ်ပစ်မည်သာ။
'ပိရွှေဂိုဏ်းက သူမ မွေးဖွားရာ နေရာ ဖြစ်ပေမဲ့ ကျိုယန်ဂိုဏ်းက သူမ ကြီးပြင်းလာတဲ့ နေရာလေ... တကယ်ကို ရွေးချယ်ရ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ'
ကျန်းမင်က စိတ်ထဲမှ တွေးလိုက်သည်။ သူမအနေဖြင့် ကျိုယန်ဂိုဏ်းသို့ မည်သို့ ရောက်ရှိလာခဲ့သည်ကို တွေးတောနေမိသော်လည်း အဖြေတစ်ခုမှ ထွက်မလာခဲ့ချေ။
ထို့နောက် ပိရွှေဂိုဏ်းမှ အခြား သူလျှိုများ ရှိ၊ မရှိ စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းပေါ်တွင် ကျောင်းယန်တောင်ထွတ်မှ တပည့်များ၏ အမည်များကို ရေးချလိုက်သည်။ ကံကောင်းစွာဖြင့် မည်သူမျှ မရှိခဲ့ပေ။
'ငါ နေ့တိုင်း ဆက်စစ်ဆေးနေသင့်တယ်...'
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ရုပ်သိမ်းမသွားဘဲ သူ့ညီမငယ်လေး အခြေအနေကို ထပ်မံ စစ်ဆေးရန် သူမ စာမျက်နှာသို့ လှန်လိုက်၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ တာအိုမျိုးစေ့ အဆင့်တွင် ရှိနေဆဲပင်။ အခြေအနေအရ သူမက အနိမ ဂူသင်္ချိုင်းထဲရှိ ရတနာများကို စုဆောင်းပြီးနောက် အပျက်အစီးများထဲမှ ထွက်ခွာလာပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
'ညီမလေး ဂိုဏ်းကို ပြန်လာတော့မှာပဲ'
ကျန်းမင် ဝမ်းသာလုံးဆို့သွား၏။ တောင်တံခါးပြင်ပသို့ ထွက်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ မည်သို့ပင်ဆိုစေ သူက ဂိုဏ်း၏ စက်ကွင်း ကန့်သတ်ချက်များအောက်တွင် မရှိတော့ပေ။ စက်ကွင်းများနှင့် ပတ်သက်ပြီး သူ လက်ရှိ သိရှိထားသော အသိပညာများအရ မျက်လုံးမှိတ်လျက်ပင် စက်ကွင်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။ စနစ်မှ ပေးအပ်သော အခြေခံ စက်ကွင်းများကိုသာ လေ့လာခဲ့ရသော်လည်း ၎င်းတို့ကို စနစ်က အခြေခံဟု သတ်မှတ်ထားခြင်းသာ ဖြစ်၏။ ဆိုလိုသည်မှာ ထိုစက်ကွင်းများက သာမန် အခြေခံ စက်ကွင်းများ ဖြစ်နေမည်ဟု မဆိုလိုပေ။
ဂိုဏ်းပိုင်နက်မှ ထွက်ခွာပြီးနောက် သူ သွားစရာ နေရာမရှိကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် ခါးသီးစွာ ပြုံး၍ တောင်ပေါ်သို့ ပြန်လာခဲ့ရတော့သည်။
သူက အမိုးပေါ်သို့ ပြန်တက်လာပြီး ပတ်ဝန်းကျင် တောင်တန်းများကို ငေးကြည့်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ ခေါ်ယူလိုက်၏။ သူ့ညီမငယ်လေးနှင့် ကျန်းမိုမို၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ယွဲ့ချန် အချက်အလက်များကိုပါ စစ်ဆေးကြည့်သည်။
ကျန်းမိုမို အခြေအနေကို မြင်ချိန်တွင် ကျန်းမင် သက်ပြင်းချလိုက်မိ၏။ သူမက ဇီလင်းလုံ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဂိုဏ်းမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သူ သိလိုက်ရသည်။ တကယ်တမ်းတွင် ပိရွှေဂိုဏ်းထံ သတင်းပို့ရန် ထွက်ခွာသွားခြင်းသာ ဖြစ်ပေမည်။
ကျန်းမိုမို၏ အခြေအနေကို စစ်ဆေးရန် တောင်ပေါ်မှ ထပ်မံ ထွက်ခွာရန် တွေးမိသော်လည်း လောလောဆယ် မသွားရန် ဆုံးဖြတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက နတ်ဘုရား အသိစိတ် အမျှင်တန်း တစ်ခုကို အပြင်သို့ ဖြန့်ကျက်လိုက်၏။ ပထမအဆင့် ယင်ယွဲ့ထံမှ သူ့အရှိန်အဝါကို ဖုံးကွယ်နိုင်မည်ဟု မသေချာသဖြင့် အလွန် သတိထားနေခဲ့သည်။ သို့သော် ကျောင်းယန်တောင်ထွတ်ရှိ မြင်ကွင်းက သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာချိန်၌ သူ့နှာခေါင်းထဲမှ သွေးများ ပန်းထွက်လာမတတ် ဖြစ်သွားတော့သည်။
"အာ... တောင်းပန်ပါတယ်... ငါ တမင်ရည်ရွယ်တာ မဟုတ်ပါဘူး"
ကျောင်းယန်တောင်ထွတ်ရှိ တပည့်များ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြ၏။ သူ့နတ်ဘုရား အသိစိတ်မှတစ်ဆင့် အလွန် လှပသော မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။ တပည့် အနည်းငယ်က ရေပူစမ်းထဲတွင် စိမ်လျက် တိတ်ဆိတ်စွာ ကျင့်ကြံနေကြပြီး၊ တပည့် နှစ်ယောက်က ကုတင်ပေါ်တွင် နောက်ပြောင်၍ လုံးထွေးနေကြကာ၊ အခြား နှစ်ယောက်က ပန်းခင်းထဲတွင် လက်ချင်းတွဲ၍ ကျင့်ကြံနေကြသည်အား သူ တွေ့လိုက်ရ၏။
ပုံမှန်အားဖြင့် နတ်ဘုရား အသိစိတ်မှတစ်ဆင့် မြင်ကွင်းတစ်ခုကို ရှိသည့်အတိုင်းသာ မြင်ရမည် ဖြစ်သည်။ သို့သော် သူ့နတ်ဘုရား အသိစိတ်က တစ်မူထူးခြားနေပုံ ရ၏။ ဝတ်ရုံများနှင့် ၎င်းတို့အောက်ရှိ အရာများကို ဓာတ်မှန်ရိုက်ကြည့်နေရသကဲ့သို့ သူ ဖောက်ထွင်း မြင်နိုင်နေပေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူက ရှက်ရွံ့မှု၊ မျှော်လင့်ချက်နှင့် လက်တွေ့ လုပ်ဆောင်ချင်စိတ် ပြင်းပြမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ စိတ်တည်ငြိမ်သွားစေရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
ခဏအကြာတွင် နောက်ဆုံး၌ ကျန်းမိုမိုကို ရှာတွေ့သောအခါ သူမကို ညှို့ယူရန် သူမစိတ်ထဲသို့ အသိစိတ် အမျှင်တန်း တစ်ခု ပို့လွှတ်ပြီး မည်သည့် သဲလွန်စမှ မချန်ထားဘဲ သူ့အသိစိတ်ကို တိတ်ဆိတ်စွာ ပြန်လည် ရုပ်သိမ်းလိုက်လေသည်။
ကျန်းမင်က သူ့နဖူးကို နှိပ်နယ်လိုက်၏။ ကျောင်းယန်တောင်ထွတ်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများ တောက်ပနေသည်။ အနှောင့်အယှက် ဖြစ်စေသော အတွေးများကို ဖယ်ရှားရန် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက်မှသာ နောက်ဆုံးတွင် သူ ပြန်လည် တည်ငြိမ်သွားတော့သည်။
'လှပတဲ့ မိန်းမတွေက သူရဲကောင်းတွေကို ပျက်စီးစေနိုင်တယ်လို့ လူတွေ ပြောကြတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ' သူ့ စိတ်ထဲမှ တွေးလိုက်သည်။
မကြာမီမှာပင် သူ့ညီမငယ်လေးကို နောက်တစ်ကြိမ် စစ်ဆေးကြည့်မိ၏။
"ကျစ်..."
သူမအနေဖြင့် မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူ နှစ်ဦးနှင့် ဆုံတွေ့နေကြောင်း သူ သိလိုက်ရသည်နှင့် လုံးဝ တုံ့ဆိုင်းမနေဘဲ အလျင်စလို ပျံသန်း ထွက်ခွာလာတော့သည်။
…
တစ်ချိန်တည်းမှာပင်။
ကျောင်းယန်တောင်ထွတ်တွင်။
ကျန်းမိုမိုက ယင်ယွဲ့ရှေ့တွင် ဒူးထောက်နေ၏။
"မိုမို... မနက်ဖြန်အထိတောင် စောင့်လို့မရလောက်အောင် ဘာကိစ္စများ ရှိနေလို့လဲ"
မည်သည့် သတိပေးချက်မှ မရှိဘဲ ကျန်းမိုမိုက ရုတ်တရက် ထပြောလိုက်သည်။
"ဆရာ... တပည့်က အရင်ကတည်းက ပိရွှေဂိုဏ်းရဲ့ တပည့် တစ်ယောက်ပါ"
"ဘာ..."
ကျန်းမိုမို၏ ရုတ်တရက် ဖွင့်ဟဝန်ခံမှုကြောင့် ယင်ယွဲ့ တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားတော့သည်။
End
***