ကျန်းမင် တောင်ပေါ်မှ ထွက်ခွာလာသည်နှင့် တပြိုင်နက် သူ့ချီစွမ်းအင် အားလုံးကို စုစည်း၍ အမြင့်ဆုံး အရှိန်ဖြင့် ရွေ့လျားသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်တစ်ထောင် အကွာအဝေးသို့ ရောက်သွားလေပြီ။ ညကောင်းကင်ယံတွင် ခရီးနှင်နေသော သူ့ပုံစံမှာ ကြယ်တံခွန် တစ်စင်းနှင့်ပင် တူနေ၏။ တစ်ချိန်တည်းမှာပင် သူက အဝေးမှ အရှိန်အဝါများကို အာရုံခံနိုင်ရန် နတ်ဘုရား အသိစိတ် အမျှင်တန်း တစ်ခုကို ဖြန့်ကျက်ထားလိုက်သည်။
နောက်ဆုံးတွင် အရှေ့တောင်ဘက် အရပ်သို့ လှမ်းကြည့်ရာ မှိန်ဖျော့ဖျော့ နတ်ဘုရား အလင်းတန်း တစ်ခုကို မြင်လိုက်ရသည်။ ယင်းထံမှ ထွက်ပေါ်နေသော စွမ်းအားမှာ အတော်လေး အစွမ်းထက်ပေသည်။
'သူမ အဲ့ဒီမှာ ရှိနေတာလား'
စိုးရိမ်ပူပန်မှုများ ရင်ထဲ စွဲကပ်လာသည်နှင့်အမျှ ထိုအရပ်ဆီသို့ လျင်မြန်စွာ ဦးတည်သွား၏။ သူ့ညီမငယ်လေး အနေဖြင့် မိစ္ဆာနှစ်ကောင်အား ရင်ဆိုင်ရမည်ကို သူ စိုးရိမ်နေမိခြင်းပင်။ အကယ်၍ ထိုသူများ၏ ကျင့်ကြံခြင်း အဆင့်က သူမထက် နိမ့်ကျနေမည် ဆိုပါက အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သော်ငြား၊ ထိုသူများကသာ တာအိုမျိုးစေ့ အဆင့်တွင် ရှိနေမည် ဆိုလျှင် တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါးလှသော သူမ အနေဖြင့် အနိုင်ယူနိုင်ပါ့မလား ဆိုသည်ကို သူ မသေချာတော့ပေ။
…
အစောပိုင်းက ဇီလင်းလုံ အနေဖြင့် သူမ၏ မှတ်ဉာဏ်များအရ အနိမ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိသည်နှင့် အချိန်ဖြုန်းမနေဘဲ ချက်ချင်း ကျင့်ကြံခဲ့သည်။ ထိုသို့ဖြင့် သူမ၏ ကျင့်ကြံခြင်းမှာ တာအိုမျိုးစေ့ အဆင့်သို့ ထိုးဖောက် ဝင်ရောက်သွားသည်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်၏။ ယင်းမတိုင်မီက သူမ၏ ခရမ်းရောင် နန်းတော်ကို မဖွင့်လှစ်မီ ချီစွမ်းအင်များ ပိုစုဆောင်းနိုင်ရန် ကျင့်ကြံခြင်း အဆင့်ကို ရွှေရောင်အမြုတေ အဆင့်တွင်သာ ထိန်းသိမ်းထားခဲ့သည်။
ဤသည်မှာ ခရမ်းရောင် နန်းတော် အဆင့်သို့ တက်လှမ်းပြီးနောက် စံအိမ်အတွင်းရှိ ချီစွမ်းအင်များကို လျင်မြန်စွာ ဖြည့်တင်းနိုင်ရန်ပင်။ သို့မှသာ တာအိုမျိုးစေ့ အဆင့်ဆီသို့ တိုက်ရိုက် တက်လှမ်းနိုင်မည် မဟုတ်ပါလား။
တာအိုမျိုးစေ့ အဆင့်သို့ ဝင်ရောက်ပြီးနောက် သမ္ဗောဓိဉာဏ်များကို နားလည်သဘောပေါက်ခြင်းဖြင့် တာအိုမျိုးစေ့များ ဖန်တီးရန် သူမ အချိန်ပို လိုအပ်လာခဲ့သည်။ အနာဂတ်တွင် နောင်တမရစေရန် ခိုင်မာသော အခြေခံအုတ်မြစ် တစ်ခုကို တည်ဆောက်ချင်သောကြောင့် မီး၊ လေနှင့် မိုးကြိုး အစရှိသည့် တာအိုမျိုးစေ့ အနည်းငယ် ဖန်တီးပြီးနောက် သူမ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။
ထိုအရာများအပြင် သူမ ထွက်လာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ ဂိုဏ်းတူအစ်ကို ဖြစ်သူအား စိုးရိမ်ပူပန်မှု မဖြစ်စေချင်တော့ချေ။ ဤအကြောင်းပြချက်များ အားလုံးကြောင့် တောင်ပေါ်သို့ ပြန်ရောက်မှသာ ဆက်လက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။
ဇီလင်းလုံက အနိမ ဂူသင်္ချိုင်းမှ မထွက်ခွာမီ ရတနာများ အားလုံးကို ယူဆောင်သွားရန် မမေ့လျော့ခဲ့ပေ။ သူမ အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ဂူသင်္ချိုင်းထဲမှ နတ်ဘုရား အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး စွမ်းအင်များ အတက်အကျ ဖြစ်ပေါ်လာလေပြီ။
သူမ မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းလိုက်၏။ အတိတ်ဘဝက ဤဂူသင်္ချိုင်းသို့ ရောက်ခဲ့ဖူးသော်ငြား လုယက်ဖျက်ဆီး ခံထားရပြီးနောက်မှသာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ယခင်ဘဝက ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်မည့် လမ်းကြောင်း၊ ရတနာများနှင့် ၎င်းတို့ရှိရာ နေရာများကိုသာ သူမ သိထားခဲ့၏။ ဤနတ်ဘုရား အလင်းတန်းနှင့် ပတ်သက်၍မူ မည်သည့်အရာမှ မသိခဲ့ချေ။
သူမက ဂူသင်္ချိုင်းဘက်သို့ ပြန်လှည့်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ကမ္ဘာကြီး တစ်ခုလုံးကို ကြေညာပြီး မင်းဂူကို လုယက်သွားတဲ့သူဆီကနေ ကလဲ့စားချေဖို့ ကြိုးစားနေတာလား"
ထို့နောက် သူမဆီသို့ ဦးတည်လာနေသော အရှိန်အဝါနှစ်ခုကို အာရုံခံလိုက်မိ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့ရန် သူတို့၏ စွမ်းအင်များကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ကြသည်။
"ဂူတစ်ခုလား"
"ရှေးဟောင်း အပျက်အစီး တစ်ခုလား"
အသစ်ရောက်လာသူ လူငယ်တစ်ဦးနှင့် လူလတ်ပိုင်း တစ်ဦးတို့က တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြပြီးနောက် ဇီလင်းလုံကို လှည့်ကြည့်လာ၏။
ဘယ်ဘက်တွင် ရပ်နေသော လူငယ်က ရိုင်းစိုင်းစွာ မေးလာသည်။
"မင်း အခုလေးတင် အပျက်အစီးထဲက ထွက်လာတာလား... အဲ့ဒီအထဲမှာ ဘာတွေရှိလဲ... မင်းရလာတဲ့ ပစ္စည်းတွေ အကုန်လုံး အခုချက်ချင်း ထုတ်ပေးစမ်း"
ညာဘက်တွင် ရပ်နေသော လူလတ်ပိုင်းထံမှ မှိန်ဖျော့သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ယင်းမှာ အဆင့်မြင့် ကာကွယ်ရေး ဝတ်ရုံ တစ်ထည်၏ အရှိန်အဝါမှန်း သိသာလှပေသည်။ သူက အစွမ်းထက် လက်နက်တစ်ခု ဖြစ်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားရင်း ခြိမ်းခြောက်လာ၏။
"ငါတို့က ချင်းပြည်နယ်နဲ့ ဟိုင်ပြည်နယ်ရဲ့ နယ်စပ်မှာ ရောက်နေတာ... အခုက ညဉ့်လည်း နက်နေပြီ တောင်တန်းတွေကလည်း လူသူကင်းမဲ့နေတယ်... မိုင်ထောင်ချီတဲ့ အထိ ဘယ်သူမှ မရှိဘူး... တကယ်လို့ မင်းသာ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် မင်းကို အေးအေးဆေးဆေး ထွက်သွားခွင့် ပေးမယ်"
ထို့နောက် သူက နှုတ်ခမ်းမဲ့လျက် ရမ္မက်ကြီးစွာ ဆက်ပြောသည်။
"မဟုတ်ရင်တော့ မင်းကို ငါ ကောင်းကောင်းကြီး ကစားပေးရလိမ့်မယ်..."
ဇီလင်းလုံက လှောင်ပြုံး ပြုံးပြီးနောက် ခံစားချက် ကင်းမဲ့သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ငါ တစ်ကြိမ်ပဲ ပြောမယ်... ငါ့လမ်းကနေ ဖယ်လိုက်"
ထို့နောက် သူမ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှု အနည်းငယ် ထွက်ပေါ်လာပြီး မျက်လုံးထောင့်မှနေ၍ အဝေးရှိ ကောင်းကင်ယံသို့ လှမ်းကြည့်မိ၏။
ဇီလင်းလုံ၏ စကားကို ကြားလျှင် လူငယ်က အသံကျယ်ကြီးဖြင့် ရယ်မောတော့သည်။
"တကယ်ကို မောက်မာတဲ့ ကောင်မလေးပဲ... ထွက်သွားဖို့ကတော့ မေ့လိုက်တော့... မင်းကို ဖမ်းပြီး ငါ့ရဲ့ ကိုယ်လုပ်တော် အဖြစ် သိမ်းပိုက်ပစ်မယ်"
ရွှစ်...
လူငယ်၏ စကားဆုံးသည်နှင့် တပြိုင်နက် ဇီလင်းလုံက သူမလက်ကို မြှောက်လိုက်၏။ ရှည်လျားသော ဓားတစ်လက် ချက်ချင်း ထွက်ပေါ်လာသည်။ စွမ်းအင် ဓားတစ်လက်က လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ပစ်ထွက်သွားပြီး ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ချန်ရစ်ကာ လူငယ်ကို နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။
"လျူခုံး..." လူလတ်ပိုင်းက အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး အစွမ်းထက်သော ကာကွယ်ရေး ဒိုင်းလွှားတစ်ခု ဖန်တီးကာ လျင်မြန်စွာ ဆုတ်ခွာသွား၏။ ထိုလူငယ်မှာ တာအိုမျိုးစေ့ အဆင့်သို့ ယခုလေးတင် ထိုးဖောက် ဝင်ရောက်ထားသူ ဖြစ်သော်ငြား မျက်တောင်တစ်ခတ် အတွင်း အလွယ်တကူ နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရပြီ မဟုတ်ပါလား။ တာအိုမျိုးစေ့ အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော သူပင်လျှင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိချေ။ ထို့ကြောင့် သူ ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။
ဇီလင်းလုံက လှောင်ပြုံး ပြုံးလျက် နှာခေါင်းရှုံ့နေဆဲပင်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
လေထုထဲတွင် လေဖြတ်သန်းသံ တစ်ခု မြည်ဟည်းသွားပြီးနောက် သူမက ဓားကို ရှေ့သို့ ထိုးစိုက်လိုက်၏။
လူလတ်ပိုင်းမှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ညည်းတွားနေရသည်။
"ငါက ပျော်ရွှင်ဖို့ မိန်းမလာရှာရုံလေးကို ဘယ်လိုဖြစ်ပြီး..."
သူ စကားပင် မဆုံးလိုက်ရ။ ဇီလင်းလုံ၏ ဓားက လူလတ်ပိုင်း၏ ဦးခေါင်းခွံကို တိကျစွာ ဖောက်ထွင်းသွားခဲ့လေပြီ။
လူလတ်ပိုင်း သေခါနီး ပြောသွားသော စကားကို ကြားချိန်တွင် ဇီလင်းလုံ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ လက်ရှိတွင် သူမက အဆင့်တူတွင်ရှိသည့် မည်သူ့ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဇီလင်းလုံ အချိန်ဖြုန်းမနေဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ မည်သို့ပင်ဆိုစေ ဤလူနှစ်ယောက်တွင် ပတ်ဝန်းကျင်၌ အပေါင်းအပါများ ရှိ၊ မရှိ ဆိုသည်ကို ဘယ်သူက သိနိုင်မည်နည်း။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမက မိုင်တစ်ထောင် အကွာသို့ ရောက်ရှိသွားတော့သည်။
ရှေ့ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထနေသည်ကို မြင်လိုက်ရသဖြင့် သူမ ရုတ်တရက် ရပ်တန့်သွား၏။ တိမ်တိုက်များ ကွဲအက်သွားပြီးနောက် မရေမတွက်နိုင်သော တောက်ပသည့် အက္ခရာများ ထွင်းထုထားသော ပျံသန်းသည့် သင်္ဘောတစ်စင်း ထွက်ပေါ်လာသည်။ သူမ စိတ်ထဲမှ သက်ပြင်းချရင်း ကိုယ့်ကံကြမ္မာဆိုးကို ညည်းတွားလိုက်မိတော့သည်။
ထိုပျံသန်းသည့် သင်္ဘောမှာ သုံးထပ် မြင့်မားသည်။ အပေါ်ဆုံးထပ်တွင် ပြောင်လက်နေသော သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် မဏ္ဍပ်တစ်ခုကို တည်ဆောက်ထား၏။ လရောင်အောက်တွင် တောက်ပနေသော တပိုင်းတစ ဖောက်ထွင်းမြင်နိုင်သည့် လိုက်ကာများက မဏ္ဍပ်ပတ်လည်တွင် တလူလူ လွင့်လူးနေသည်။
အမျိုးသမီး ကချေသည် ရှစ်ဦးက ကပြဖျော်ဖြေနေကြပြီး လူငယ်တစ်ဦးက သူတို့ကို စိတ်ဝင်တစား ကြည့်ရှုနေသည်။ မှောင်မိုက်သော ရွှေရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်း သုံးဦးက သူ့ဘေးတွင် ထိုင်ကာ လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်သုံးနေ၏။
ကုန်းပတ်ပေါ်တွင်တော့ ငွေရောင် သံချပ်ကာဝတ် စစ်သည် အယောက် တစ်ရာခန့်က တန်းနှစ်တန်းဖြင့် သပ်ရပ်စွာ တန်းစီနေကြသည်။ သူတို့အားလုံး၏ အရှိန်အဝါများမှာ အစွမ်းထက်လှပြီး ခရမ်းရောင် နန်းတော် အဆင့် ကျင့်ကြံသူများ ဖြစ်သည်။
ဤမျှများပြားသော ခရမ်းရောင် နန်းတော် အဆင့် ကျင့်ကြံသူများကို အမိန့်ပေးနိုင်သည်ကို ကြည့်လျှင် ဤငွေရောင်သံချပ်ကာ စစ်သည်များ၏ ခေါင်းဆောင်မှာ အစွမ်းထက်သူ သို့မဟုတ် အဆင့်အတန်း မြင့်မားသူ ဖြစ်ရမည်။ အမြန် အကဲခတ်ကြည့်ပြီးနောက် ငွေရောင်သံချပ်ကာ စစ်သည်များနှင့် ပတ်သက်၍ ထူးဆန်းသော အရာတစ်ခုကို သူမ သတိပြုမိသွားသည်။
သူတို့ မျက်နှာများ၊ လည်ပင်းများ၊ လက်မောင်းများနှင့် ဖော်ပြနေသော အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးတွင် သွေးကြောများ ထောင်ထနေပြီး အကြေးခွံများ ရှိနေ၏။ ဤသည်ကို မြင်သည်နှင့် အမှန်တရားက သူမခေါင်းထဲ ချက်ချင်း လင်းလက်သွားတော့သည်။
"သူတို့က ပင်လယ် မျိုးနွယ်စုတွေထဲက တစ်ခုပဲ"
ထိုအချိန်တွင် လူငယ်က မတ်တပ်ထရပ်ပြီး အပြုံးဖြင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လာသည်။
"သခင်မလေး... ကျုပ်က ပိုင်ဟိုင်ထျန်းပါ... ညကလည်း အစောကြီး ရှိပါသေးတယ် ကျုပ်လည်း လန်းဆန်းနေတုန်းပဲ... ကျုပ်နဲ့အတူ သောက်ချင်သလား"
ထိုလူငယ်၏ မျက်နှာမှာ ဖြူဝင်းပြီး ရုပ်ရည် ချောမောလှသည်။ သူ့အပြုံးမှာလည်း အလွန် တောက်ပနေ၏။
သို့တိုင် ဇီလင်းလုံက ဂရုမစိုက်ဟန်ဖြင့်…
"ငါက ငြင်းမယ်ဆိုရင်ကော"
"ကျုပ်က ပုံမှန်အားဖြင့် လူတွေကို အတင်းအကျပ် မလုပ်ပါဘူး... ဘာပဲဖြစ်ဖြစ် ကျုပ်နှုတ်ဆက်လိုက်တာနဲ့တင် မိန်းကလေး သန်းချီပြီး ကျုပ်ဆီ အုံခဲလာကြမှာပဲ..." ပိုင်ဟိုင်ထျန်းက ပြုံးနေရာမှ မျက်နှာထား မှောင်မိုက်သွားပြီး ဆက်ပြောသည်။
"ဒါပေမဲ့ ကျုပ် စိတ်ဝင်စားတဲ့ လူတစ်ယောက်ကသာ ကျုပ်ကို ငြင်းဆန်မယ်ဆိုရင်တော့..."
ပိုင်ဟိုင်ထျန်းက လက်ဝှေ့ယမ်းလိုက်ရာ လိုက်ကာများ လွင့်လူးသွားပြီးနောက် ခြိမ်းခြောက်သည့် လေသံဖြင့် ဆက်ပြောလာ၏။
"သူမကို ချက်မစားခင် ခန္ဓာကိုယ်ဆီကနေ အရင်ဆုံး သာယာမှု ယူပစ်မယ်... ပြီးတော့မှ ခန္ဓာကိုယ်ကို ဆက်ပြီး အရသာခံမယ်"
"ငါးရှဉ့်လို မျက်နှာပေးနဲ့ကောင်... သွားသေလိုက်စမ်း"
"မင်း ငါ့ကို မငြင်းတာ အကောင်းဆုံးပဲ"
ပိုင်ဟိုင်ထျန်း တစ်စုံတစ်ရာ ထပ်မပြောနိုင်မီ ဇီလင်းလုံက သူမဓားကို ထုတ်ယူကာ ဓားသမ္ဗောဓိဉာဏ်၏ ဖျက်ဆီးနိုင်စွမ်းရှိသော လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ယင်းက လေထဲတွင် ဖြတ်သန်းသွားပြီး လမ်းကြောင်းရှိ တိမ်တိုက်များကို ခွဲဖြာသွားစေ၏။ သူမက သူမ၏ လမ်းကို ပိတ်ဆို့သူ သို့မဟုတ် မကောင်းသော ရည်ရွယ်ချက် ရှိသူတိုင်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားလေပြီ။
ထိုပျက်စီးခြင်း စွမ်းအားကို ကာကွယ်ရန် ကြိုးစားသည့်အလား ပျံသန်းသည့် သင်္ဘောမှ အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သို့တိုင် ၎င်းက သင်္ဘောကို ဝင်တိုက်သွားဆဲပင်။ ယခုအခါ ဇီလင်းလုံ၏ ဓားသမ္ဗောဓိမှာ အရာအားလုံးကို ခုတ်ပိုင်းနိုင်စွမ်း ရှိလောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။
ပိုင်ဟိုင်ထျန်း၏ မျက်နှာထားမှာ တင်းမာသွားသော်လည်း ရှောင်တိမ်းခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လူလတ်ပိုင်း သုံးဦးမှာ သူ့ရှေ့တွင် ရပ်ကာ ကာကွယ်ပေးထားသောကြောင့် ဖြစ်၏။
မဏ္ဍပ်ကို ဖုံးလွှမ်းထားသော နတ်ဘုရား အလင်းတန်းမှာ စွမ်းအင်ဓားကို တားဆီးထားနိုင်ခြင်း မရှိချေ။ လူလတ်ပိုင်း သုံးဦး ပူးပေါင်းလိုက်မှသာ စွမ်းအင်ဓားကို ဖျက်ဆီးနိုင်ခဲ့သည်။ သို့တိုင် သူတို့မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရဆဲပင်။
ပိုင်ဟိုင်ထျန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ... မင်းက တာအိုမျိုးစေ့ အဆင့်မှာပဲ ရှိသေးတာကို ဒီလို အစွမ်းထက်တဲ့ ဓားသမ္ဗောဓိဉာဏ်ကို ဘယ်လိုများ ထုတ်လွှတ်နိုင်ရတာလဲ"
ဇီလင်းလုံက ပိုင်ဟိုင်ထျန်းကို လျစ်လျူရှုထား၏။ ထိုအစား သူမက ပျံသန်းသည့် သင်္ဘော၏ အောက်ခြေကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူမ၏ တိုက်ခိုက်မှုက သင်္ဘောမှ နတ်ဘုရား အလင်းတန်းကို ဖောက်ထွင်းသွားချိန်တွင် သင်္ဘောထဲ၌ ပုန်းကွယ်နေသော ပိုအစွမ်းထက်သည့် အရှိန်အဝါတစ်ခုကို သူမ အာရုံခံလိုက်မိခြင်းပင်။
သူမ မကြောက်ရွံ့သော်ငြား ကိုယ့်ကံကြမ္မာဆိုးကို စိတ်ထဲမှ မညည်းတွားဘဲ မနေနိုင်တော့ချေ။ သူမ လူများကို ရှောင်ရှားချင်သော်လည်း ပင်လယ် မျိုးနွယ်စုမှ လူများနှင့် ဆုံတွေ့ရမည်ကို ဘယ်သူက သိနိုင်မည်နည်း။ နောက်ဆုံးတွင် ပိုင်ဟိုင်ထျန်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ငါးရှဉ့်လိုကောင်... အနှေးနဲ့အမြန် နင့်ကို ငါ သတ်ပစ်မယ်"
ထိုစဉ် လေထဲတွင် ရယ်မောသံ တစ်ခု မြည်ဟည်းလာ၏။
"ငါးရှဉ့်လိုကောင် ဟုတ်လား... ပြောတတ်လိုက်တာ"
ထို့နောက် အဝေးမှ ဟင်းလင်းပြင် လှိုင်းဂယက်ထသွားပြီးနောက် အလင်းတန်း တစ်ချက် ထွက်ပေါ်လာသည်။ ယင်းနောက် လူတစ်စုက လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာတော့သည်။
ခေါင်းဆောင်အဖြစ် ပါလာသော လူငယ်မှာ နဂါးချိုများ ပါရှိသည့် မြင်းဖြူတစ်ကောင်ကို စီးနင်းထား\။ ၎င်း၏ ခွာလေးဖက်က တိမ်တိုက်များပေါ်တွင် နင်းလျှောက်နေပြီး ကြောက်မက်ဖွယ်ကောင်းကာ ခန့်ညားထည်ဝါနေသည်။
၎င်း ခန္ဓာကိုယ်က အာဏာစက်ကြီးမားသော စွမ်းအားနှင့် ထိတ်လန့်ဖွယ်ကောင်းသော အသက်စွမ်းအင်၊ သွေးများ၏ အရိပ်အယောင်ကို ဖော်ပြနေသည်။ ယင်းမှာ ဒဏ္ဍာရီလာ နဂါးမြင်းပင် မိစ္ဆာမျိုးနွယ်မှ အလွန် အစွမ်းထက်သော သွေးကြောတစ်ခု ဖြစ်သော်ငြား ယခုအခါ စီးတော်ယဉ် တစ်ကောင် အဖြစ်သို့ ကျဆင်းသွားခဲ့လေပြီ။
နှင်းကဲ့သို့ ဖြူဖွေးသော ယူနီကွန်း လေးကောင်က မြင်းဖြူနောက်တွင် ရပ်နေကြသည်။ ခဏတာ အကဲခတ်ကြည့်ရုံဖြင့် ၎င်းတို့ကို နဂါးမြင်းဟု အထင်မှားနိုင်သော်လည်း တကယ်တမ်းတွင် သူတို့ကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
အသစ်ရောက်လာသူများက အဖွဲ့ အနီးသို့ ရောက်လာရန် အချိန်သိပ်မကြာလိုက်ချေ။
နဂါးမြင်း စီးနင်းထားသော လူငယ်ကို မြင်သည်နှင့် ပိုင်ဟိုင်ထျန်း မျက်နှာထား မှောင်မိုက်သွား၏။ သူက ပြစ်တင်ရှုတ်ချသည့် လေသံဖြင့်…
"မင်းက နဂါးမြင်းကို စီးရဲတယ်ပေါ့... ဘယ်လိုများ ရဲတင်းနေရတာလဲ... ပြီးတော့ မင်း၊ နဂါးမြင်း... မင်းက နဂါးတွေရဲ့ မြင့်မြတ်တဲ့ သွေးကြောကို သယ်ဆောင်ထားတာလေ... လူသားတစ်ယောက်ရဲ့ စီးတော်ယဉ် လုပ်ပြီး မင်းရဲ့ သွေးကြောကို ဘယ်လိုများ ညစ်ညမ်းစေရဲတာလဲ... သွားသေလိုက်စမ်း"
နဂါးမြင်းက ဟီသံပြုပြီး ၎င်း နှာခေါင်းပေါက်များမှ မီးတောက် တစ်ချက်ကိုပင် မှုတ်ထုတ်လိုက်သေး၏။ သို့သော် ၎င်းကို စီးနင်းထားသော လူငယ်၏ ညင်သာသော ပွတ်သပ်မှုကြောင့် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
ဝတ်စုံဖြူနှင့် လူငယ်က ပိုင်ဟိုင်ထျန်းကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ဒီတစ်ခေါက် အရှေ့ပိုင်းဒေသကို လာတဲ့ ခရီးစဉ်မှာ ပင်လယ်ဘက်ကို မရောက်သေးဘူး... ဒီမှာ မင်းနဲ့ တွေ့ရတာ ကောင်းတာပေါ့... မင်းကို ချက်စားပြီး ဘယ်လောက် အရသာရှိမလဲ ဆိုတာကို နောက်မှ ကြည့်ရမယ်"
ထို့နောက် သူ့အကြည့်က ဇီလင်းလုံဆီ ရောက်သွားပြီး ဆက်ပြော၏။
"သခင်မလေး... မင်းက ငါ့ကို အဝေးကြီး လိုက်ရှာအောင် တကယ် လုပ်နိုင်ခဲ့တာပဲ... ငါက ကျုံးပြည်နယ် အနန္တ ဆေးလုံးစံအိမ်က ပိုင်ယွီပါ... အနိမ အဆင့် ကျင့်ကြံသူ ယွန်းထျန်းခုံးရဲ့ မှတ်စုတစ်ခုကို ငါ မတော်တဆ ရှာတွေ့ခဲ့တယ်... သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားချိန်မှာ အသက်မရှင်နိုင်တော့မှန်း သိလို့ သူ မွေးဖွားကြီးပြင်းခဲ့တဲ့ အရှေ့ပိုင်းဒေသကို ပြန်လာခဲ့တာ... ဒါပေမဲ့ သူ သိခဲ့တဲ့ နေရာတွေက မရှိတော့ဘူး... အချိန်အကြာကြီး ရှာဖွေပြီးမှ ချင်းပြည်နယ်နဲ့ ဟိုင်ပြည်နယ် နယ်စပ်နားမှာ သူ့ဘာသာ မြှုပ်နှံခဲ့တယ်ဆိုတာကို ငါ နောက်ဆုံး ရှာတွေ့ခဲ့တာ"
ပိုင်ယွီက ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ပြောသည်။
"လွန်ခဲ့တဲ့ သုံးနှစ်က ငါ အဲ့ဒီနေရာကို လာပြီး လျှို့ဝှက် ရှာဖွေခဲ့ပေမဲ့ အချည်းနှီးပဲ... မိစ္ဆာဂိုဏ်းတွေ ပြန်လည် အားကောင်းလာတာက ယွန်းထျန်းခုံးရဲ့ ဂူသင်္ချိုင်းကို ရှာတွေ့သွားလို့များလားလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အဲ့ဒီလို မဟုတ်လောက်ဘူး ထင်ပါရဲ့... ကံကောင်းစွာနဲ့ ငါ လက်မလျှော့ခဲ့ဘူး... ဒီည အနိမ ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအို အတက်အကျကို ငါ အာရုံခံမိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး... တကယ်ကို ဝမ်းသာလုံးဆို့သွားခဲ့တာ... ဒါပေမဲ့ ငါ ရောက်သွားချိန်မှာ မိစ္ဆာနှစ်ကောင်ရဲ့ အလောင်းတွေကိုပဲ တွေ့ခဲ့ရတယ်... အဲ့ဒီနောက် မင်းရဲ့ ကျန်ရစ်နေတဲ့ အရှိန်အဝါနောက်ကို လိုက်လာရင်း ဒီကို ရောက်လာတာပဲ"
ပိုင်ယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလာ၏။
"သခင်မလေး... ဂူသင်္ချိုင်းထဲကနေ မင်း ဘာတွေ ရခဲ့သလဲ ဆိုတာ ကျေးဇူးပြုပြီး ပြောပြနိုင်မလား... တကယ်လို့ မင်းသာ ပြောပြမယ် ဆိုရင် အဲ့ဒီငါးရှဉ့်ကောင်ကို ဖမ်းပေးပြီး ချက်တောင် ချက်ကျွေးဦးမယ်... ဒါ့အပြင် မင်းကို အနန္တ ဆေးလုံးစံအိမ်ရဲ့ မိတ်ဆွေ တစ်ယောက် အဖြစ်လည်း သတ်မှတ်ပေးမယ်... တကယ်လို့ မင်းသာ လိုချင်ရင် စံအိမ်ရဲ့ တပည့်အဖြစ် လက်ခံပေးဖို့တောင် ငါ လုပ်ပေးနိုင်တယ်... အဲ့ဒီအခါကျရင် အနန္တ ဆေးလုံးစံအိမ်ရဲ့ စစ်မှန်တဲ့ တပည့် တစ်ယောက် ဖြစ်လာဖို့တောင် အခွင့်အရေး ရလာမှာ"
"အနန္တ ဆေးလုံးစံအိမ် ဟုတ်လား..." သင်္ဘောပေါ်မှ ပိုင်ဟိုင်ထျန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"သွားကြမယ်"
ပျံသန်းသည့် သင်္ဘောမှ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် မရွေ့လျားနိုင်မီမှာပင် ပိုင်ယွီ၏ လူလေးယောက်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှေ့ရှိ မတူညီသော အရပ်လေးမျက်နှာတွင် ပြန်လည် ထွက်ပေါ်လာကြ၏။ ထို့နောက် သူတို့က ကြီးမားသော အလံတစ်ခုစီကို ထုတ်ယူကာ လေထဲသို့ ထိုးစိုက်လိုက်ရာ နေရာတစ်ခုလုံးကို ပိတ်ဆို့သွားစေသည့် ကြီးမားသော စက်ကွင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
ဘန်း...
ပျံသန်းသည့် သင်္ဘောက အလင်းတန်း အတားအဆီး တစ်ခုကို ဝင်တိုက်မိပြီး နောက်သို့ ပြန်လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သင်္ဘောပတ်လည်ရှိ အလင်းရောင်များလည်း မှေးမှိန်သွားခဲ့လေပြီ။
သင်္ဘောထိပ်တွင် ရပ်နေသော ပိုင်ဟိုင်ထျန်းက အတင်းအကျပ် ပြုံး၍ ပိုင်ယွီအား အနည်းငယ် ဦးညွှတ်ကာ ဆိုလာသည်။
"သခင်ကြီး... ကျုပ် မျိုးရိုးနာမည်ကလည်း ပိုင်ပါပဲ... ကျုပ်တို့ မျိုးရိုးနာမည် တူညီတဲ့အတွက် ကျေးဇူးပြုပြီး ကျုပ်တို့ကို ထွက်သွားခွင့် ပြုနိုင်မလား"
ပိုင်ယွီ မျက်ခုံးပင့်လိုက်၏။
"မင်း မျိုးရိုးနာမည်ကလည်း ပိုင် ဟုတ်လား... ကြည့်ရတာ မင်း အခွင့်အရေး တစ်ခုတော့ ရသင့်တယ် ထင်တယ်… ဒူးထောက်ပြီး ဒီသခင်မလေးကို တောင်းပန်လိုက်... ဒါဆို မင်းအသက်ကို ငါ ချမ်းသာပေးမယ်"
ပိုင်ဟိုင်ထျန်း လုံးဝ ဒေါသပေါက်ကွဲသွားတော့သည်။
"သွားသေလိုက်... အနန္တ ဆေးလုံးစံအိမ်က အစွမ်းထက်တယ် ဆိုပေမဲ့ ကျုံးပြည်နယ်မှာပဲ ရမယ်... ငါတို့က အခု အရှေ့ပိုင်းဒေသက ပင်လယ်နဲ့ အရမ်း နီးကပ်နေတယ် ဆိုတာ မမေ့နဲ့... ဒါ့အပြင် မင်းက အနန္တ ဆေးလုံးစံအိမ်ရဲ့ သာမန် တပည့် တစ်ယောက်သာသာပဲ... မင်းလို ကောင်လေးက ဘယ်လိုများ ဒီလောက် မောက်မာရဲရတာလဲ... မင်းတို့ အားလုံးကို ဒီနေ့ သတ်ပြီး ချက်စားပစ်မယ်... အဲ့ဒါမှ ညစာကို ဝိုင်နဲ့ တွဲပြီး သောက်လို့ရမှာ"
End
***