ကျန်းမင် ရောက်လာချိန်တွင် ဂျူနီယာ ညီမလေး ဝိုင်းရံခံနေရသည်ကို မြင်လိုက်ရသဖြင့် ဒေါသအလိပ်လိုက် ထွက်ပေါ်လာ၏။ သို့သော် သူက အလျင်စလို မလှုပ်ရှားခဲ့ပေ။ ထိုအစား လေဟာနယ် အတွင်း တိတ်တဆိတ် ပုန်းကွယ်နေပြီး လူသားလမ်းစဉ် မှတ်တမ်းကို လှန်ဖွင့်လိုက်တော့သည်။
အမည် - ပိုင်ဟိုင်ထျန်း
မျိုးနွယ် - ရေနဂါး
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - ခရမ်းရောင် နန်းတော် အဆင့်
နောက်ခံ - အရှေ့ပင်လယ်မှ ရေနဂါးဖြူဘုရင်၏ တတိယမြောက် သားတော်။
ဆက်ဆံရေး - (ဝ)
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်
လက်ရှိ အခြေအနေ - ရေနဂါးဖြူဘုရင်၏ အမိန့်ဖြင့် လက်ရှိ အခြေအနေများကို စုံစမ်းရန် နဂါးဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန် အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာသည်။ ထိုခရီးစဉ် အတွင်း တောင်တန်းများနှင့် မြစ်များ၏ သဘာဝ အလှအပများကို ခံစားရင်း အပန်းဖြေရန် စီစဉ်ထားခဲ့၏။ သဘာဝ အလှအပများကို ခံစားနေစဉ် အဝေးမှ ပြင်းထန်သော စွမ်းအင် လှုပ်ခတ်မှု တစ်ခုကို အာရုံခံမိခဲ့သည်။
ထိုလှုပ်ခတ်မှု၏ အရင်းအမြစ်ဆီသို့ သွားရောက်စဉ် ဇီလင်းလုံနှင့် ဆုံတွေ့ခဲ့ခြင်းပင်။ ဇီလင်းလုံ၏ ထူးကဲသော သွေးမျိုးဆက်ကို အာရုံခံမိသွားသဖြင့် သူမကို ဖမ်းဆီးကာ ကိုယ်လုပ်တော် အဖြစ် ထားရှိရန် (သို့မဟုတ်)အစာအဖြစ် စားသုံးရန် (သို့မဟုတ်)သူမ၏ စွမ်းအားများကို ရယူ၍ မိမိကိုယ်ပိုင် စွမ်းအား မြှင့်တင်ရန် ဆန္ဒပြင်းပြနေသည်။
ပိုင်ဟိုင်ထျန်း၏ လက်ရှိ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင်၏ ဒေါသများ ပိုဆူပွက်လာလေသည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပနေပြီး စိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိ၏။
ကောင်းပြီလေ... ပိုင်ဟိုင်ထျန်း ဆိုတဲ့ မင်းနာမည်ကို သေချာ မှတ်ထားလိုက်မယ်...
ကျန်းမင်က ပိုင်ဟိုင်ထျန်းအား သူသတ်ဖြတ်ရမည့် စာရင်းထဲသို့ စိတ်ထဲမှနေ၍ ထည့်သွင်းလိုက်သည်။ အနည်းငယ် တည်ငြိမ်သွားချိန်တွင် လူသားလမ်းစဉ် မှတ်တမ်း၌ အနည်းငယ် ပြောင်းလဲသွားကြောင်း နောက်ဆုံး၌ သတိပြုမိသွား၏။ ယခုအခါ မျိုးနွယ်ဟူသော အချက်အလက်သစ် တစ်ခု တိုးလာသည်။ လက်ရှိ အခြေအနေ ဖော်ပြချက်မှာလည်း ယခင်ကထက် ပိုအသေးစိတ် ကျလာသလို ပစ်မှတ်၏ အတိတ်ကိုပါ အကျဉ်းချုပ် ဖော်ပြပေးနေပုံရသည်။
သို့သော် ကျန်းမင် အနေဖြင့် ရေနဂါး မျိုးနွယ်စု အကြောင်း သိပ်မသိထားသဖြင့် ပိုင်ဟိုင်ထျန်း၏ အချက်အလက်များမှာ အသုံးမဝင်လှပေ။
ပင်လယ် မျိုးနွယ်စုတွေက မိစ္ဆာဂိုဏ်းတွေနဲ့ ပူးပေါင်းနေတာများလား။ ပိရွှေဂိုဏ်း ဒီကို ပြောင်းရွှေ့လာတာ အဲ့ဒါကြောင့်များလား...
ထို့နောက် ပိုင်ဟိုင်ထျန်းအား စောင့်ကြပ်နေသော ရွှေရောင် ဝတ်စုံနှင့် လူလတ်ပိုင်း သုံးယောက်၏ အချက်အလက်များကို ဆက်လက် ရှာဖွေကြည့်လိုက်သည်။ သူတို့ အားလုံးမှာ တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့အပြင် မိုးပျံသင်္ဘောပေါ်တွင် ပုန်းအောင်းနေသော မူလဝိညာဉ် အဆင့် မိစ္ဆာတစ်ကောင် ရှိနေကြောင်းလည်း တွေ့လိုက်ရသည်။ သို့တိုင် ထိုမိစ္ဆာအတွက် သူ အနည်းငယ်မျှ စိုးရိမ်မနေခဲ့ချေ။
ထို့နောက် ကျန်းမင်က အခြား လူတစ်စုဆီ အာရုံပြောင်းပြီး လူသားလမ်းစဉ် မှတ်တမ်းကို စာမျက်နှာသစ် တစ်ခုသို့ လှန်လိုက်တော့သည်။
အမည် - ပိုင်ယွီ
မျိုးနွယ် - လူသား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - အနန္တ ဆေးလုံးစံအိမ်၏ လက်ရှိ သူတော်စင် သားတော်
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - အနိမ အဆင့် ကျင့်ကြံသူ ယွင်ထျန်းခုန်း၏ မှတ်စုကို ရှာတွေ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ ယွင်ထျန်းခုန်းတွင် တပည့် တစ်ယောက်မျှ မရှိခဲ့ကြောင်း သိရှိသွားသည်။ ထိုအကြောင်းပြချက်ကြောင့် ယွင်ထျန်းခုန်း အနေဖြင့် ၎င်း၏ အမွေအနှစ်များကို ချန်ထားရစ်ခဲ့မည်ဟု အခိုင်အမာ ယုံကြည်နေ၏။ ယွင်ထျန်းခုန်း၏ အမွေအနှစ်ကို မည်သည့်နည်းနှင့်မဆို ရယူရန် ဆုံးဖြတ်ထားသည်။ လွန်ခဲ့သော သုံးနှစ်ကတည်းက အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သော်လည်း မည်သည့် အရိပ်အယောင်မျှ မတွေ့ခဲ့ရပေ။
ယနေ့ညတွင်တော့ အနိမ အဆင့် ကျင့်ကြံသူ တစ်ဦး၏ တာအို လှုပ်ခတ်မှုကို အာရုံခံမိခဲ့သည်။ သို့သော် သူ ရောက်လာချိန်တွင် ဂူသင်္ချိုင်းမှာ ဖွင့်ဖောက်ခံထားရပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့နောက် ဂူသင်္ချိုင်းထဲတွင် ကျန်ရစ်နေသော အော်ရာကို ခြေရာခံရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ပိုင်ယွီ၏ အချက်အလက်များကို ဖတ်ပြီးနောက် ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။ ပိုင်ယွီ၏ တာအိုမျိုးစေ့ အဆင့် ကျင့်ကြံခြင်းအား သူ မကြောက်ရွံ့သော်လည်း အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော် ဆိုသည့် နောက်ခံကိုတော့ စိုးရိမ်မိပေသည်။
ကျန်းမင်တွင် အလယ်ပိုင်း ဒေသရှိ အင်အားစုများနှင့် ပတ်သက်၍ အခြေခံ နားလည်မှု ရှိထားပြီး ဖြစ်သည်။ အနန္တ ဆေးလုံးစံအိမ်မှာ လက်နက် သွန်းလုပ်ခြင်းနှင့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များဖြင့် နာမည်ကြီးလှသည်။ အမှန်တကယ်တော့ ၎င်းတို့မှာ ချင်းယွင်ဂိုဏ်းကဲ့သို့ တော်ဝင်မြေ တစ်ခုနှင့်ပင် ရင်ပေါင်တန်းနိုင်သည့် အဆင့်တွင် ရှိနေသည် မဟုတ်ပါလား။
ဤမျှ စွမ်းအားကြီးမားသော ဂိုဏ်းမှ သူတော်စင် သားတော် တစ်ဦးမှာ သွားလေရာ နေရာတိုင်းတွင် လှိုက်လှဲစွာ ကြိုဆိုခံရမည်မှာ အသေအချာပင်။ အကယ်၍ ပိုင်ယွီသာ ကျိုယန်ဂိုဏ်းသို့ လာလည်မည် ဆိုပါက ဂိုဏ်းချုပ် ကိုယ်တိုင် အစီအရင်များကို ရုပ်သိမ်းပြီး ပထမ အကြီးအကဲ ရှစ်ယောက်လုံးကို ဦးဆောင်ကာ ဝင်ပေါက်မှနေ၍ ကြိုဆိုရပေလိမ့်မည်။
အမှန်ကို ဆိုရလျှင် ကျိုယန်ဂိုဏ်းချုပ် မပြောနှင့်... ချင်းယွင်ဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် ပိုင်ယွီအား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရမည်သာ။ မည်သို့ဆိုစေ သူတော်စင် သားတော်များနှင့် သူတော်စင် သမီးတော်များ ဆိုသည်မှာ ၎င်းတို့ အင်အားစု အသီးသီး၏ ကိုယ်စားလှယ်များ ဖြစ်ကြသည် မဟုတ်လော။
ထို့အပြင် ပိုင်ယွီ၏ မွေးရာပါ ပါရမီမှာလည်း အလွန် မြင့်မားသည်။ သူက ကြယ်ဆယ်ပွင့် မွေးရာပါ ပါရမီကို ပိုင်ဆိုင်ထားရုံသာမက ကောင်းကင် အရှင်သခင် ခန္ဓာကိုယ် ဟူသော ထူးခြားသည့် ရုပ်ခန္ဓာကိုပါ ပိုင်ဆိုင်ထားသေး၏။
သာမန်လူများ ဖတ်ရှုနိုင်သော စာအုပ်များထဲတွင် ထူးခြားသည့် ရုပ်ခန္ဓာ အမျိုးမျိုးကို စာရင်းပြုစု ဖော်ပြထားတတ်ကြသည်။ ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်မှာ အကောင်းဆုံး ရုပ်ခန္ဓာ အခုနှစ်ဆယ် စာရင်းဝင် ဖြစ်သည်။ ဤကဲ့သို့ ရုပ်ခန္ဓာမျိုးမှာ ပင်ကိုယ်အားဖြင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ပြီးသားပင်။ အနန္တ ဆေးလုံးစံအိမ်၏ ထူးခြားသော ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များနှင့်ပါ ပေါင်းစပ်လိုက်လျှင် ပိုင်ယွီ၏ ခွန်အားမှာ စိတ်ကူး၍ပင် မရနိုင်အောင် ကြီးမားပေလိမ့်မည်။
ပိုင်ယွီ၏ လက်ရှိ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားရုံသာ ရှိခဲ့သည်။ ထို့နောက် ပိုင်ယွီနှင့် အတူပါလာသော ကျွမ်းကျင်သူ လေးယောက်၏ အချက်အလက်များကို စစ်ဆေးကြည့်ရာ သူတို့ အားလုံးမှာ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူများ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ကျန်းမင်လည်း မထိန်းနိုင်တော့ဘဲ ကျိန်ဆဲမိတော့သည်။
"လခွမ်း... ငါ့ဂိုဏ်းချုပ်က မူလဝိညာဉ် အဆင့် ကျင့်ကြံသူလေ။ ဒါပေမယ့် အနန္တ ဆေးလုံးစံအိမ်မှာတော့ မူလဝိညာဉ် အဆင့် ကျင့်ကြံသူတွေက သက်တော်စောင့်တွေပဲ ဖြစ်နေပါရောလား"
တကယ်တမ်းတွင် ကျိုယန်ဂိုဏ်းက အားနည်းနေခြင်း မဟုတ်။ အနန္တ ဆေးလုံးစံအိမ်က အလွန်အမင်း စွမ်းအားကြီးမား နေခြင်းသာ ဖြစ်ပေသည်။
ကျန်းမင် ခေါင်းခါမ်းရင်း တိတ်တဆိတ် တွေးလိုက်မိ၏။
ပိုင်ယွီနဲ့ ယှဉ်လိုက်ရင် ပိုင်ဟိုင်ထျန်းက သနားစရာ ကောင်းလောက်အောင်ကို သေးသိမ်သွားတာပဲ...
'နှိုင်းယှဉ်စရာ မရှိလျှင် နာကျင်စရာ မရှိ' ဆိုသည့် စကားအတိုင်းပင် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် ပိုင်ဟိုင်ထျန်း၏ အော်ဟစ်သံကို ကျန်းမင် ကြားလိုက်ရသည်။ ပိုင်ဟိုင်ထျန်းက အသက်စွန့် တိုက်ခိုက်တော့မည်ဟု ထင်မှတ်ခဲ့သော်လည်း မိုးပျံသင်္ဘောထဲမှ စွမ်းအင်ဓား တစ်လက် ထွက်ပေါ်လာပြီး အလင်းတံတိုင်းဆီသို့ ပြေးဝင်သွားသည်ကိုသာ တွေ့လိုက်ရ၏။
ဘုန်း...
အလင်းတံတိုင်းမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အပေါက်ငယ် တစ်ခု ပေါ်လာသည်။ ကံမကောင်းစွာဖြင့် အပေါက်မှာ ချက်ချင်းဆိုသလို ပြန်လည် ပိတ်ဆို့သွားလေပြီ။
ပိုင်ဟိုင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်ရွံ့မှုကြောင့် မျက်နှာမှာ သွေးဆုတ်ဖြူရော် သွားတော့သည်။
ပိုင်ယွီက တဟားဟား ရယ်မောနေ၏။
"ရန်စပြီး ထွက်ပြေးဖို့ ကြိုးစားတာက တော်တော်လေး လည်တာပဲ။ စကားမစပ်... သင်္ဘောထဲမှာ ပုန်းနေတဲ့သူက အတော်လေး အစွမ်းထက်သားပဲ။ ဒါပေမယ့် မင်းကို ကယ်တင်နိုင်လောက်အောင်တော့ မစွမ်းသေးဘူး။ အထူးသဖြင့် ငါက မင်းရဲ့ ရန်သူ ဖြစ်နေတဲ့ အချိန်မျိုးမှာပေါ့"
"ငါက မင်းကို ဘာမှ မစော်ကားဖူးဘဲနဲ့ ဘာလို့ ဒီလို လုပ်ရတာလဲ။ ငါက အရှေ့ပင်လယ်က ရေနဂါးဖြူဘုရင်ရဲ့ တတိယမြောက် သားတော်ကွ။ ငါ့ကို သတ်ရင် ငါ့ခမည်းတော်ရဲ့ ဒေါသကို ဆွပေးသလို ဖြစ်လိမ့်မယ်။ ငါ့ကို သတ်လို့ မင်းအတွက် ဘာအကျိုးမှ ရှိလာမှာ မဟုတ်ဘူး" ပိုင်ဟိုင်ထျန်းက မျှော်လင့်ချက် ကင်းမဲ့နေသော လေသံဖြင့် ဆိုလေသည်။
ပိုင်ယွီက အေးစက်စက် လေသံဖြင့်…
"မင်း မှားနေပြီ။ မင်းတို့ အကုန်လုံးကို သတ်လိုက်ရင် အကျိုးအမြတ် ရှိပါတယ်။ မင်းတို့ အားလုံးကို ငါ ပင်လယ်စာ ဟင်းလျာတွေ အဖြစ် ဖန်တီးလို့ ရတယ်လေ။ ငါ့အတွက်တော့ ရေနဂါးဖြူဘုရင် ဆိုတာ ခပ်ကြီးကြီး ငါးရှဉ့် တစ်ကောင်လောက်ပဲ ရှိတာ။ တကယ်လို့ သူသာ ငါ့ကို လာရှာရဲရင် ငါးရှဉ့် သားအဖ ဟင်းလျာဆိုပြီး လုပ်ပေးလိုက်ရတာပေါ့"
ပိုင်ဟိုင်ထျန်း ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့က မီးဟုန်းဟုန်း တောက်လောင်နေပြီ ဖြစ်သော်လည်း အပြင်ပန်းတွင်မူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းတော့ ရူးနေပြီ..."
ထိုအချိန်တွင် ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သော ဇီလင်းလုံက နောက်ဆုံး၌ စကားစလာ၏။
"ပိုင်ယွီ... နင်က အနိမ ဂူသင်္ချိုင်းကို လာရှာတဲ့ အကြောင်းနဲ့ အနန္တ ဆေးလုံးစံအိမ်က လာတဲ့အကြောင်း ထုတ်ဖော်ပြီးတာတောင် ငါ့ကို အထိအခိုက်မရှိ လွှတ်ပေးဦးမှာ သေချာလို့လား"
"မိန်းကလေး... မင်းက တော်တော် ထက်မြက်တာပဲ။ အဲဒီလောက်တင် မကဘူး... အနိမ ဂူသင်္ချိုင်းကိုပါ ရှာတွေ့ခဲ့တာ ဆိုတော့ မင်းက တကယ့်ကို ကံကောင်းတဲ့သူပဲ။ မင်းက ငါ့ရဲ့ အစေခံမလေး ဖြစ်လာဖို့ သေချာပေါက် အရည်အချင်း ပြည့်မီတယ်" ပိုင်ယွီက လက်ခုပ်တီးကာ ချီးကျူးသော လေသံဖြင့် ဆိုလေသည်။
ဇီလင်းလုံက ပိုင်ယွီအား စကားပြန်မပြောချင်လောက်အောင်ပင် စိုက်ကြည့်နေမိသည်။ ထို့နောက် ပိုင်ဟိုင်ထျန်းဘက် လှည့်ကာ မေးလိုက်၏။
"နင် အခုထိ လှုပ်ရှားဖို့ အစီအစဉ် မရှိသေးဘူးလား"
"မိန်းကလေး... မင်းက တော်တော် မာနကြီးပြီး သူ့ကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး ဆိုတာ ငါ မြင်ပါတယ်။ ဒါပေမယ့် အရှုံးမပေးရင် မင်း သေသွားနိုင်တယ်။ ငါတို့ ပူးပေါင်းပြီး သူ့ကို ဖြေရှင်းကြရင်ကော ဘယ်လိုလဲ" ပိုင်ဟိုင်ထျန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။
ဇီလင်းလုံက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ... နင် အရင် တိုက်ခိုက်"
ပိုင်ဟိုင်ထျန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ သို့သော် သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အက်ကွဲသော အသံဖြင့် အမိန့်ပေးလိုက်ရတော့သည်။
"ဦးလေးပုစွန်... တိုက်ကြစို့..."
ထိုစကားအဆုံးတွင် မိုးပျံသင်္ဘော၏ တစ်ဖက်တစ်ချက်စီ၌ ရှိနေသော ငွေရောင် သံချပ်ကာ စစ်သည်များက ကျောကို မတ်မတ်ထားလိုက်ကြသည်။ ထို့နောက် သူတို့ ခန္ဓာကိုယ်ထဲမှ စွမ်းအင်စီးကြောင်းများက မိုးပျံသင်္ဘောထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားပြီး သူတို့ ခန္ဓာကိုယ်များမှာ လျင်မြန်စွာ ညှိုးနွမ်းသွားကြ၏။ မသိလျှင် သူတို့၏ ရှိသမျှ စွမ်းအင် အားလုံးကို သင်္ဘောဆီ လွှဲပြောင်းပေးနေသကဲ့သို့ပင်။
ရွှီး... ရွှီး... ရွှီး...
မိုးပျံသင်္ဘောထဲမှ စွမ်းအင်များ ဆူပွက်လာသည်။ ထို့နောက် သင်္ဘောကြီး တုန်ခါသွားပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။
ကံမကောင်းစွာဖြင့် အရပ်လေးမျက်နှာတွင် ရပ်နေသော ကျွမ်းကျင်သူ လေးယောက်က သူတို့၏ အလံများကို တစ်ပြိုင်နက် ဝှေ့ယမ်းလိုက်ကြရာ မိုးပျံသင်္ဘောကြီးမှာ ရှေ့ဆက် မတိုးနိုင်ဘဲ ရပ်တန့်သွားလေပြီ။
၎င်းနောက် နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မိုးပျံသင်္ဘောကြီးထံမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ မျက်စိဖြင့် မမြင်နိုင်သော ဧရာမ လက်တစ်စုံက သင်္ဘောကြီးကို ဖြည်းညှင်းစွာ ချေမွနေသည့်ပုံပင်။
ပိုင်ဟိုင်ထျန်းမှာ သတိလစ်လုမတတ် ကြောက်လန့်သွားတော့သည်။ သူ့လက်အောက်ငယ်သား သုံးယောက်က ဒေါသတကြီး ပြေးထွက်လာကြသော်လည်း လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာသော မိုးကြိုးပစ်ခတ်မှု သုံးချက်ကြောင့် လွယ်ကူစွာ လွင့်စင်သွားကြလေပြီ။
ထိုအချိန်တွင် လေထုထဲ၌ ပေါက်ကွဲသံ တစ်သံ ပဲ့တင်ထပ်သွားပြီး ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ အဖိုးအို တစ်ဦးပင်။ သူက လက်တစ်ဖက်ဖြင့် ပိုင်ဟိုင်ထျန်းကို ဆွဲဖမ်းကာ လေဟာနယ်ကို ဆွဲဖြဲလိုက်၏။ ထို့နောက် ပိုင်ဟိုင်ထျန်းကို ခေါ်၍ လေဟာနယ်ထဲသို့ အလျင်စလို ဆွဲသွင်းသွားတော့သည်။
ပိုင်ယွီက တက်ကြွသော မျက်နှာထားဖြင့် ရပ်ကြည့်နေသည်။ ဝင်ရောက် စွက်ဖက်မည့် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း သိသာလှ၏။
ထိုအစား ပိုင်ယွီ၏ သက်တော်စောင့် လေးယောက်က ၎င်းတို့ ဓားအသီးသီးကို ထိန်းချုပ်ကာ ဓားအစီအရင် တစ်ခု ဖန်တီးပြီး အဖိုးအိုနှင့် ပိုင်ဟိုင်ထျန်းတို့ မလွတ်မြောက်နိုင်မီ ဝန်းရံ ပိတ်ဆို့လိုက်ကြသည်။ ဓားများက နေရာတွင်ပင် ဆက်လက် လည်ပတ်နေပြီး မရေမတွက်နိုင်သော စွမ်းအင်ဓားများကို ပစ်လွှတ်တော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပိုင်ဟိုင်ထျန်းက မျှော်လင့်ချက် ကင်းမဲ့စွာ အော်ဟစ်လိုက်သည်။
"ရပ်ပါ... ကျေးဇူးပြုပြီး ရပ်ပါတော့... မင်းကို ငါ အရှုံးပေးဖို့ သဘောတူပါတယ်။ ငါ... ငါ မင်းရဲ့ စီးတော်နဂါး လုပ်ပေးပါ့မယ်..."
ကံမကောင်းစွာဖြင့် ပိုင်ဟိုင်ထျန်းအား မည်သူကမျှ ဂရုမစိုက်ခဲ့ကြချေ။
မကြာမီမှာပင် ပိုင်ဟိုင်ထျန်းနှင့် အဖိုးအိုတို့မှာ သွေးမြူများ အဖြစ် အမှုန့်ကြိတ် ခံလိုက်ရလေပြီ။
ပိုင်ယွီက ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်၏။
"မင်းတို့ လေးယောက်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြတာလဲ။ အခုလို သွေးမြူတွေ အဖြစ် ပြောင်းသွားမှတော့ ငါက သူတို့ကို ဘာလုပ်လို့ ရတော့မှာလဲ" ထို့နောက် သူက ဇီလင်းလုံဆီ အကြည့်ရွှေ့ကာ ပြုံးလျက် မေးလိုက်သည်။
"မင်း ဆုံးဖြတ်ပြီးပြီလား"
"ငါက ငြင်းမယ် ဆိုရင်ရော" ဇီလင်းလုံက အေးစက်စက် မေးခွန်းထုတ်ဆဲပင်။
ပိုင်ယွီ၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွား၏။ သူက ကျောကို မတ်မတ်ထားကာ…
"ငါ့ရဲ့ အစေခံမလေး ဖြစ်လာဖို့ ဆိုတာ မင်းအတွက်တော့ ရွှေရောင် အခွင့်အရေးနဲ့ ကောင်းချီးတစ်ခုပဲ။ အကယ်၍ မင်းသာ ငါ့ကို ငြင်းပယ်ရင် မင်းအတွက် စောင့်ကြိုနေမယ့် ရလဒ်က တစ်ခုတည်း ရှိတယ်။ ဒါ့အပြင် မင်းက ယွင်ထျန်းခုန်းရဲ့ ဂူသင်္ချိုင်းထဲ ဝင်ပြီး ငါပိုင်ရမယ့် အရာတွေကို ယူသွားခဲ့သေးတယ်။ မင်းကို နောက်ဆုံး အကြိမ် အခွင့်အရေး ပေးမယ်။ ငါ့ရဲ့ ကျွန်အဖြစ် နေဖို့ သဘောတူလား"
ဇီလင်းလုံ၏ လေသံမှာ ပိုအေးစက်သွားပြီး တုံ့ပြန်လိုက်၏။
"အခုတော့ နင့်ရဲ့ ကမ်းလှမ်းချက်က အစေခံမလေးကနေ ကျွန် အဖြစ်ကို လျော့ကျသွားပြီပေါ့"
တစ်ချိန်တည်းမှာပင် သူမ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ဆူပွက်လာပြီး အလင်းတန်းများ အဖြစ် ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် သူမမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီး တစ်ပါးနှင့် တူနေတော့သည်။
"ဒါက အရင်တစ်ခါ ငါ့ကို ငြင်းပယ်ခဲ့တဲ့ အဖိုးအခပဲ။ ဒီနေ့ ငါ စိတ်ခံစားချက် ကောင်းနေလို့သာ မင်းကို ဒုတိယ အခွင့်အရေး ပေးလိုက်တာ" ပိုင်ယွီက ဆက်ပြောသည်။
ထိုစဉ် လေဟာနယ် အက်ကွဲကြောင်း ထဲမှ စွမ်းအင်ဓား တစ်လက် ပစ်ထွက်လာပြီး သူ့သက်တော်စောင့် တစ်ယောက်အား သတ်ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် ပိုင်ယွီ ရုတ်တရက် လှည့်ကြည့်လိုက်၏။
သူ့ဂျူနီယာ ညီမလေးအား ကျွန်အဖြစ်နေရန် ပိုင်ယွီက အတင်းအဓမ္မ ဖိအားပေးနေသဖြင့် ကျန်းမင်လည်း ဆက်သည်းမခံနိုင်တော့ပေ။ သူက ကိုယ်ပိုင် လက်နက် သို့မဟုတ် သဘာဝလွန် စွမ်းရည်များကို အသုံးမပြုခဲ့ပေ။
ထိုအစား ချင်းယွင်ဂိုဏ်းဝင် ခဲချင်ချန်ထံမှ ရရှိထားသော အဆင့်မြင့် မှော်ရတနာကို အသုံးပြုကာ ထိုဂိုဏ်း၏ ထူးခြားသော ကောင်းကင်ဖြိုခွင်းဓား ကျင့်စဉ်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်တော့သည်။
End
***