ပုံမှန်အားဖြင့် တာအိုသဘောတရားများကို နားလည်သဘောပေါက်ရန်နှင့် ကျင့်ကြံရန်မှလွဲ၍ ကျန်းမင်က သူ့ သဘာဝလွန် စွမ်းရည်များနှင့် ကျင့်စဉ်များကို လေ့လာရန်လည်း အာရုံစိုက်လေ့ရှိ၏။ သူက ခြွင်းချက်အနေဖြင့် အလွန် မြန်ဆန်စွာ သင်ယူနိုင်သူ မဟုတ်သော်လည်း မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းအား ကျင့်ကြံပြီးနောက် သူ့ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ ကြီးမားသော အသွင်ကူးပြောင်းမှု တစ်ခုကို ခံစားခဲ့ရသည်။
လူဝိညာဉ်သစ်သီးများ၊ မြေဝိညာဉ်သစ်သီးများနှင့် ကောင်းကင်ဝိညာဉ် သစ်သီးများကြောင့် ပိုမြင့်မားလာသော သူ့ နားလည်နိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်နှင့်ပါ ပေါင်းစပ်လိုက်လျှင် သဘာဝလွန် စွမ်းရည် တစ်ခုကို အခြေခံအဆင့် ရောက်သည်အထိ နားလည်ရန် တစ်ရက်သာ အချိန်ယူရတော့သည်။
ကောင်းကင်ဖြိုခွင်းဓား ဆိုသည်မှာ ကျန်းမင် ကျွမ်းကျင်မှု အဆင့်ထိ နားလည်သဘောပေါက်ထားသော ထူးခြားသည့် ဓားကျင့်စဉ် တစ်ခု ဖြစ်သည်။ ပြီးပြည့်စုံသော အဆင့်သို့ တက်လှမ်းရန် ခြေလှမ်း အနည်းငယ်သာ လိုတော့၏။
သူက ကောင်းကင်ဖြိုခွင်းဓားကို ထုတ်ဖော်လိုက်ချိန်တွင် ၎င်း စွမ်းအားမှာ အလွန် ပြင်းထန်လွန်းသဖြင့် ပိုင်ယွီ၏ သက်တော်စောင့် တစ်ယောက်ကို ဓားတစ်ချက်တည်းနှင့်ပင် ပိုင်းဖြတ် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် ပိုင်ယွီ... မင်းက အလယ်ပိုင်း ဒေသမှာ နာမည်ကြီးတဲ့သူ၊ ထွန်းတောက်နေတဲ့ ပါရမီရှင် တစ်ယောက် ဆိုတော့ လူတိုင်းရဲ့ လေးစားမှုကို ခံရသူမို့ မင်း အမှားလုပ်ရင်တောင် ဘယ်သူမှ မဆုံးမရဲကြဘူး။ အဲ့ဒါကြောင့် ချင်းယွင်ဂိုဏ်းရဲ့ ပိုင်နက် ဖြစ်တဲ့ ချင်းပြည်နယ်ကို ရောက်နေတာတောင် မင်းက ရမ်းရမ်းကားကား လုပ်ရဲတာလား။ တကယ်လို့ သေချင်တယ် ဆိုရင်လည်း ဒီနေ့ မင်းဆန္ဒ ပြည့်ဝအောင် ငါကိုယ်တိုင် သတ်ပေးမယ်" ကျန်းမင်၏ အသံမှာ လေထုထဲတွင် ဟိန်းထွက်သွား၏။
"သစ်သားနဂါး..."
သူ့ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ ချက်ချင်း ဆူပွက်လာပြီး စကြဝဠာ၏ တာအို လှုပ်ခတ်မှုများနှင့် ပေါင်းစပ်သွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်ပေါင်းများစွာ အကွာအဝေး အထိ မြေပြင်ပေါ်မှ သစ်ပင်ပေါက်လေးများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ထိုအပင်များမှာ လျင်မြန်သော အရှိန်ဖြင့် မီတာရာချီ မြင့်မားသော သစ်ပင်ကြီးများ အဖြစ်သို့ ချက်ချင်း ကြီးထွားသွားကြ၏။
၎င်းနောက် အစိမ်းရောင် နဂါးငယ် သုံးကောင်နှင့် တူသော ပုံရိပ်များက အရပ်မျက်နှာ အသီးသီးမှနေ၍ ပိုင်ယွီနှင့် သူ့သက်တော်စောင့် သုံးယောက်ဆီ ပြေးဝင်သွားပြီး သေမင်းတမန် အစီအရင် တစ်ခုဖြင့် ဝန်းရံ ပိတ်ဆို့လိုက်လေပြီ။
ပိုင်ယွီက မျက်မှောင်ကြုတ်ကာ ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ လှုပ်ရှားလိုက်ချိန်တွင် အလင်းတန်း တစ်ခုပမာ ထင်မှတ်ရပြီး သူ့ပတ်လည်ရှိ သစ်ကိုင်းများကို ရူးသွပ်စွာ ခုတ်ထစ်ရင်း အော်ပြော၏။
"ကောင်းကင်ဖြိုခွင်းဓား... သစ်သားနဂါး... ဒါတွေက ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ် နှစ်ခုပဲ။ တော်ဝင်မြေက ကျင့်ကြံသူ မိတ်ဆွေ... ငါက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်မှန်း သိရက်နဲ့တောင် ငါ့ကို တိုက်ခိုက်ရဲသေးတာလား။ တော်ဝင်မြေ နှစ်ခုကြား စစ်ပွဲ စတင်ချင်နေတာလား"
စကားအဆုံးတွင် ပိုင်ယွီက သူ့ဓားကို ဝှေ့ယမ်း၍ လမ်းကြောင်း တစ်ခု ဖောက်ကာ ကျန်းမင်ဆီ ပြေးဝင်သွားတော့သည်။
ဘေးတွင် ရပ်နေသော လင်းလုံက ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။
ဒီလူက ရင်းနှီးနေသလိုပဲ။ ဒါပေမယ့် နတ်ဘုရား အလင်းတန်းတွေ ဖုံးကွယ်ထားလို့ သူ့မျက်နှာကို သေချာ မမြင်ရဘူး...
လင်းလုံ၏ ရှေ့တွင် မြင့်မားသော သစ်ပင်ကြီးများ ပေါက်ရောက်နေသော်လည်း သူမ အနောက်တွင်မူ ဆုတ်ခွာရန် လမ်းကြောင်းတစ်ခု ရှိနေဆဲပင်။ သူမက ချက်ချင်း လှည့်၍ အဝေးသို့ ဆုတ်ခွာသွားပြီးနောက် ရှေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ရပ်ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲတွင် အတွေးပေါင်းစုံ ပြေးလွှားနေ၏။
“ချင်းယွင်ဂိုဏ်းနဲ့ အနန္တ ဆေးလုံးစံအိမ် နှစ်ခုလုံးက တော်ဝင်မြေတွေပဲ။ ဘယ်သူက ပိုအစွမ်းထက်လဲ ဆိုတာ ပြောဖို့ ခက်တယ်။ ဒါပေမယ့် အဲ့ဒီလူက ဘာလို့ ပိုင်ယွီကို တိုက်ခိုက်နေတာလဲ။ သူတော်စင် သားတော် တစ်ယောက်ကို ပေါ်တင် တိုက်ခိုက် သတ်ဖြတ်တာက စစ်ကြေညာတာနဲ့ အတူတူပဲ...”
“သူက ဟန်ဆောင်ထားတာများလား...”
“ဖြစ်နိုင်ခြေ ရှိပေမယ့် သူ သုံးသွားတဲ့ ကျင့်စဉ်တွေက ချင်းယွင်ဂိုဏ်းရဲ့ သီးသန့် ကျင့်စဉ်တွေ ဖြစ်နေတယ်... ဒါ့အပြင် သူက ငါ့ကို နည်းနည်းလေးတောင် ဂရုမစိုက်တဲ့ပုံပဲ။ ငါ့ကိုတောင် ထွက်သွားခွင့် ပေးလိုက်သေးတယ်။ နေပါဦး... ငါ အတိုက်ခံရတော့မယ့် အချိန်မှာ သူက ရုတ်တရက် ပေါ်လာတာလေ။ သူက ငါ့ကို ကူညီဖို့ ကြိုးစားနေတာများလား။ ဒါပေမယ့် ဘာလို့လဲ။ သူက ချင်းယွင်ဂိုဏ်းက မဟုတ်ရင်တောင် ကျိုယန်ဂိုဏ်းကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး...”
ဇီလင်းလုံက အဝေးတွင် ရပ်နေပြီး ထွက်မသွားခဲ့ပေ။ တိုက်ပွဲ၏ ရလဒ်ကို သူမ သိချင်နေသည်။ သူမ၏ လုံခြုံရေးနှင့် ပတ်သက်၍မူ အသစ်ရောက်လာသူမှာ မူလဝိညာဉ် အဆင့် ဖြစ်နေလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိကြောင်း အပြည့်အဝ ယုံကြည်ထားသည် မဟုတ်ပါလား။
"ပိုင်ယွီ... မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ မင်းက အနန္တ ဆေးလုံးစံအိမ် တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သေးပါဘူးကွ" ကျန်းမင်က ဆိုလိုက်သည်။ သူ့ပုံရိပ် လက်ခနဲ ဖြစ်သွားပြီးနောက် မြင့်မားသော သစ်ပင်ကြီး တစ်ပင်နှင့် ရုတ်တရက် ပေါင်းစပ်သွား၏။ ဤသည်မှာ သစ်သား တာအိုသဘောတရားကို ကျွမ်းကျင်ပိုင်နိုင်သူများသာ ပြုလုပ်နိုင်သော စွမ်းဆောင်ရည် တစ်ခုပင်။
ထို့နောက် ကျန်းမင်က သက်တော်စောင့် တစ်ယောက်၏ အနောက်တွင် ပေါ်လာသည်။ ကံမကောင်းစွာဖြင့် သူက ရှေ့ရှိလူကို လျှော့တွက်မိသွား၏။ ပြိုင်ဘက်မှာ သူ ထင်ထားသည်ထက် ပိုအစွမ်းထက်နေသည်။
ရွှေရောင်ချီများ လွှမ်းခြုံထားသော ဧရာမ ခေါင်းလောင်းကြီး တစ်ခု ရုတ်တရက် ကျဆင်းလာသည်။ ခေါင်းလောင်းကြီး အောက်တွင် ဓားလေးလက်က သူ့ပတ်လည်၌ လျင်မြန်စွာ လည်ပတ်နေပြီး လက်နက်အဖြစ်ရော ဒိုင်းကာအဖြစ်ပါ အလုပ်လုပ်ပေးနေ၏။ ၎င်းတို့ လည်ပတ်နေစဉ် သူ့ဆီသို့ တွားသွားလာသော သစ်ကိုင်းများနှင့် နွယ်ပင်များကို လွယ်ကူစွာ ခုတ်ထစ် ဖျက်ဆီးပစ်လိုက်သည်။
"ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံး..."
ကျန်းမင်က အော်ဟစ်ပြီး ဘယ်ဘက်လက်ဖြင့် လေဟာနယ်ထဲတွင် တံဆိပ်တစ်ခု ရေးဆွဲလိုက်သည်။ သူ အပေါ်သို့ ခုန်တက်လိုက်ချိန်တွင် နတ်ဘုရား တံဆိပ်တုံး တစ်ခု လေထုထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးထံမှ စွမ်းအားများကို စုပ်ယူ၏။ ၎င်း စွမ်းအားမှာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
"မလုပ်နဲ့..."
မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ ဖြစ်သော သက်တော်စောင့်က အော်ဟစ်လိုက်သည်။ အန္တရာယ်ကို အာရုံခံမိသည်နှင့် သူ့မွေးရာပါ အသိစိတ်က နောက်လှည့်ကြည့်ရန် အမိန့်ပေးလာ၏။ တစ်ချိန်တည်းမှာပင် ဓားလေးလက်က နတ်ဘုရား တံဆိပ်တုံးဆီ ပြေးဝင်သွားသော်လည်း အလွယ်တကူပင် လွင့်စင်သွားကြသည်။ အပေါ်မှ တွဲလောင်းကျနေသော ခေါင်းလောင်းကြီးပင်လျှင် သူ့အပေါ်သို့ ပြုတ်ကျလာပြီး သူ့ခေါင်းကို ရိုက်ခွဲမိလုနီးပါး ဖြစ်သွားတော့သည်။ သူ ပြုတ်ကျသွားချိန်တွင် ဒဏ်ရာများမှ သွေးများ ပန်းထွက်လာ၏။
တစ်ချိန်တည်းမှာပင် သစ်ကိုင်းများနှင့် နွယ်ပင်များက အခွင့်အရေးကို ဆုပ်ကိုင်၍ သက်တော်စောင့်ဆီ ပြေးဝင်သွားကြသည်။ သူတို့က သက်တော်စောင့်ကို ထိုးဖောက် ဝင်ရောက်ပြီးနောက် သူ့ဝိညာဉ်စွမ်းအင်များနှင့် သွေးများကို စုပ်ယူကာ သူ့အသားအရေကို ညှိုးနွမ်းသွားစေတော့သည်။ ထိုနည်းဖြင့်ပင် သူ သေဆုံးသွားရလေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပိုင်ယွီက ကျိန်ဆဲလိုက်သည်။
"ကောင်းကင် မီးလောင်ကျွမ်းဓား..."
ရွှီး...
ပိုင်ယွီက အလယ်အလတ်အဆင့် မှော်ရတနာများ ဖြစ်ကြသော ဓားပျံ ၁၀၈ လက်ကို ဆင့်ခေါ်၍ ဓားအစီအရင် တစ်ခု ဖန်တီးလိုက်သည်။ ဤကျင့်စဉ်ကို နောက်ဆုံး အသက်ကယ်ဖဲ အနေဖြင့် သိမ်းထားရန် ရည်ရွယ်ခဲ့သော်လည်း အခြေအနေက ယခု ဤကျင့်စဉ်ကို အတင်းအကျပ် ထုတ်သုံးစေခဲ့သည်။ ပြိုင်ဘက် မည်မျှ အစွမ်းထက်သနည်း ဆိုသည်ကို ကြည့်ပြီးနောက် သူ အစွမ်းကုန် မတိုက်ခိုက်လျှင် ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ရခြင်းပင်။
သစ်သားနဂါး အကြောင်း ပိုင်ယွီ ကြားဖူးသော်လည်း ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်း ခွန်အားမှာ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တူညီနေသည်။ တိုက်ခိုက်မှုကို သူ အလွယ်တကူ မချေဖျက်နိုင်ပေ။ ထို့ကြောင့် ဤတိုက်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိကြောင်း သူ သိလိုက်သည်။
ဓားပျံများ ပေါ်လာသည်နှင့် ၎င်းတို့၏ ထိပ်ဖျားမှ မီးတောက်များ ပစ်လွှတ်ကာ မီးနဂါး အနည်းငယ်ကို ဖန်တီးလိုက်သည်။ မီးနဂါးများက မြင့်မားသော သစ်ပင်ကြီးများဆီ ပျံသန်းသွားပြီး မျက်တောင်တစ်ခတ် အတွင်း သစ်ပင် တစ်ဝက်ခန့်ကို ပြာအဖြစ် ပြောင်းလဲပစ်၏။
"တိုက်ကြ..."
ကျန်ရှိနေသော သက်တော်စောင့် နှစ်ယောက်က ပြေးထွက်လာကြသည်။ ကျန်းမင်ကို ထောင်ချောက်ဆင်ရန်နှင့် သူ့လှုပ်ရှားမှုများကို ကန့်သတ်ရန် သူတို့က အလံတစ်ခုစီ ထုတ်ယူကာ အစီအရင် တစ်ခု ဖန်တီးလိုက်ကြသည်။
ကျန်းမင်က နောက်ထပ် နတ်ဘုရား တံဆိပ်တုံး တစ်ခု ထပ်မံ ပစ်လွှတ်၍ အစီအရင်ကို ချေမှုန်းပြီး ညာလက်ဖြင့် သူ့ဓားကို မြှောက်လိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်းမင်၏ အပေါ် ကောင်းကင်ယံတွင် တိမ်မည်းများ စုဝေးလာကြသည်။ မိုးကြိုးပစ်ခတ်မှုများ ကောင်းကင်ယံ၌ လက်ခနဲ ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ဘုံကိုးဆင့် အင်ပါယာ လျှပ်စီး... ဒါနဲ့ မင်းတို့ အကုန်လုံးကို အဆုံးသတ်ပေးမယ်" ကျန်းမင်က ဓားကို အောက်သို့ ခုတ်ချလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် လျှပ်စီးတန်းများက သူ့ရန်သူများထံ ပြင်းထန်စွာ ကျဆင်းသွားလေပြီ။
ဘုန်း...
မိုးခြိမ်းသံများ လေထုထဲတွင် ဆက်လက် ပဲ့တင်ထပ်နေပြီး လျှပ်စီးများက မျက်စိကျိန်းမတတ် တောက်ပစွာဖြင့် အဆက်မပြတ် ရိုက်ခတ်နေ၏။
ပိုင်ယွီက စိတ်စွမ်းအင်ဖြင့် သူ့ဓားများကို ပြန်လည် ခေါ်ယူလိုက်သည်။ ဓားများ သူ့အနား ရောက်လာချိန်တွင် လျှပ်စီးတန်းများကို တားဆီးရန် သူ့အပေါ်၌ ဓားအစီအရင် တစ်ခု ဖန်တီးသည်။
"တကယ်ကို အစွမ်းထက်လွန်းတယ်..."
ပိုင်ယွီ အံ့အားသင့်သွားရသည်အထိ ဓားအစီအရင်မှာ တုန်ခါနေ၏။ လျှပ်စီးတန်းများက အစီအရင်ကို တဖြည်းဖြည်း ပျက်စီးစေနေသည်။
ပိုင်ယွီ အနေဖြင့် သာမန် ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ဦးကိုပင် ဓားအစီအရင်ဖြင့် ခုခံနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခု အခိုက်အတန့်တွင် သူက အရေးနိမ့်သော အနေအထားသို့ ရောက်ရှိနေလေပြီ။ တိုက်ခိုက်မှု၏ စွမ်းအားက အလွန် ပြင်းထန်လွန်းပြီး လွှမ်းခြုံနိုင်သော ဧရိယာမှာလည်း ကျယ်ပြန့်လွန်းသည် မဟုတ်ပါလား။
ထိုစဉ် သနားစရာကောင်းသော အော်ဟစ်သံ နှစ်ခုက ပိုင်ယွီ၏ နားထဲသို့ ပဲ့တင်ထပ် လာသည်။ သဘာဝလွန် စွမ်းရည် တစ်ခုကို အသုံးပြုလိုက်သဖြင့် သူ ရင်တထိတ်ထိတ် ဖြစ်သွား၏။ သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ကျန်ရှိနေသော သက်တော်စောင့် နှစ်ယောက် လျှပ်စီးထိမှန်၍ သေဆုံးသွားသည့် မြင်ကွင်းက သူ့မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ဒေါသများ လွှမ်းမိုးသွားသဖြင့် ပိုင်ယွီက အော်ဟစ်လိုက်သည်။
"ချင်းယွင်ဂိုဏ်း... ဒီနေ့ကိစ္စ အတွက် မင်းတို့ဂိုဏ်းက လူတိုင်းကို သတ်ပစ်မယ်ကွ"
သက်တော်စောင့်များကို အနန္တ ဆေးလုံးစံအိမ်က သူ့အား ပေးအပ်ထားခြင်း ဖြစ်သည်။ သူတို့က သူ့ကို ကာကွယ်ပေးရုံသာမက သူ့အဆင့်အတန်းကို ပြသသည့် သင်္ကေတ တစ်ခုလည်း ဖြစ်သည်။ ယနေ့ သူတို့ အားလုံးကို ဆုံးရှုံးရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် သူ မတွေးထင်ဖူးခဲ့ချေ။
"မင်းကို သတ်ပစ်မယ်..."
ပိုင်ယွီက အော်ဟစ်ရင်း ဓားငယ်လေး တစ်လက် ထွင်းထုထားသော ကျောက်စိမ်း ဆွဲပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ဆွဲပြားကို လေထဲသို့ ပစ်တင်လိုက်ချိန်တွင် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အတွင်း၌ ချိပ်ပိတ်ထားသော ဓားငယ်လေး တစ်လက် ထွက်ပေါ်လာ၏။
တစ်ခဏတာမျှ လျှပ်စီးများနှင့် မိုးခြိမ်းသံများ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ ဖျက်ဆီးနိုင်စွမ်း ပြည့်ဝနေသော ဓားဆန္ဒ တစ်ခုက အရပ်မျက်နှာ အနှံ့သို့ တိုက်ခတ်သွားတော့သည်။
အချိန်များ တစ်စက္ကန့်ခန့် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ဓားငယ်လေး သန်းပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာကာ ပြင်းထန်သော တာအို လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေသည်။ သန်းပေါင်းများစွာသော ဓားငယ်လေးများက ချက်ချင်းပင် ဓားနယ်ပယ် တစ်ခု အဖြစ် စုစည်းသွားကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဇီလင်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီစွမ်းအင်ဓားက သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်ရဲ့ စွမ်းအားတွေ ပါဝင်နေတာပဲ။ ကနဦး အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်တယ်"
ထို့နောက် ဇီလင်းလုံ စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။
အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား...
End
***