မိုင်ငါးထောင်ခန့် ကွာဝေးသော တောင်ထိပ် တစ်ခုပေါ်တွင် အဖိုးအို တစ်ဦးက လရောင်အောက်၌ တင်ပျဉ်ခွေ ထိုင်ကာ တရားမှတ်နေ၏။ ထိုအချိန်တွင် သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများအတွင်း အလင်းတန်း တစ်ခု တောက်ပသွားသည်။
"ဒါ ငါ့ရဲ့ တာအိုဦးလေး ချိပ်ပိတ်ထားတဲ့ စွမ်းအင်ဓားပဲ။ ဒုက္ခပဲ... သူတော်စင် သားတော် အန္တရာယ် ကြုံနေရပြီ"
ဖြစ်ပျက်နေသည်များကို နားလည်သွားချိန်တွင် အဖိုးအို၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူက အလင်းတန်း တစ်ခုပမာ ပစ်မှတ်ဆီ လျင်မြန်စွာ ပျံသန်းသွားလေပြီ။
...
တစ်ဖက်တွင်တော့ ကျန်းမင်က သူ့ရှေ့ရှိ ဖျက်ဆီးနိုင်စွမ်း အပြည့် ပါဝင်နေသော စွမ်းအင်ဓားကို ကြည့်ရင်း မျက်ခွံများ တဆတ်ဆတ် တုန်သွား၏။ လေထုကြီး တစ်ခုလုံး ခဲသွားသကဲ့သို့ ခံစားရပြီး တောင်ကြီး တစ်လုံးက သူ့အပေါ် ဖိကျိတ်ထားသလို လေးလံလွန်းလှသည်။ ထိုအချိန်တွင် လင်းလုံ၏ အသံက သူ့နားထဲ ပဲ့တင်ထပ်လာပြီး ထိုစွမ်းအင်ဓားမှာ သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ဦး၏ စွမ်းအား ဖြစ်ကြောင်း သတိပေးလိုက်သည်။
သုခဘုံ အဆင့် ကျွမ်းကျင်သူတဲ့လား...
ကျန်းမင် ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
သုခဘုံ အဆင့် ကျင့်ကြံသူ ဆိုသည်မှာ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်လျှင် လုံးဝ ကွဲပြားခြားနားသော အဆင့်အတန်း တစ်ခုတွင် ရှိနေသည်။ ဤစွမ်းအားမှာ အချိန်ကြာမြင့်စွာ ချိပ်ပိတ်ခံထားရလျှင်ပင် ထိပ်တိုက် ရင်ဆိုင်ရန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားနေဆဲ မဟုတ်ပါလား။
မျက်တောင် တစ်ခတ်စာ အချိန်အတွင်း ကောင်းကင်ကြီးကိုပင် အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်မည့် စွမ်းအင်ဓားကြီးက ကျန်းမင်ထံသို့ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
ကျန်းမင်မှာ မျက်စိဖြင့် မမြင်နိုင်သော လက်တစ်စုံဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရ၏။ မည်မျှပင် ရုန်းကန်နေစေကာမူ ဝင်ရောက်လာသော တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ။
"မဟာ အာကာပြင် သဏ္ဌာန်မဲ့ ဓားချီ..."
ထိုအခိုက်အတန့်တွင် ကျန်းမင်က သူ့စွမ်းအား အားလုံးကို ထုတ်ဖော်လိုက်သည်။ သူက ဓားကို ဝှေ့ယမ်းကာ စွမ်းအင်ဓား ကိုးလက် ဖန်တီး၏။
စွမ်းအင်ဓား ကိုးလက်က ခရမ်းရောင်တိမ်တိုက် ဓားထဲသို့ လျင်မြန်စွာ စီးဝင်သွားကြသည်။ ထို့နောက် ကြွပ်ဆတ်သော အသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ဓားမျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာတော့သည်။
စွမ်းအင်ဓား ကိုးလက် ဆိုသည်မှာ လူတစ်ယောက် အနေဖြင့် အခြေခံ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
ဘုန်း...
ကျန်းမင်က ခရမ်းရောင်တိမ်တိုက်ဓားကို အပေါ်သို့ ခုတ်ချပြီး လေဟာနယ် အလယ်တွင် ကျဆင်းလာသော စွမ်းအင်ဓားနှင့် ထိပ်တိုက် တွေ့ဆုံစေသည်။
တိုက်ခိုက်မှု နှစ်ခု ရိုက်ခတ်သွားချိန်တွင် ဖျက်ဆီးနိုင်စွမ်း အပြည့် ပါဝင်နေသော စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက အရပ်မျက်နှာ အနှံ့သို့ တိုက်ခတ်သွားလေပြီ။
စွမ်းအင်ဓားများ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားပြီး လေဟာနယ်မှာလည်း တုန်ခါ ကောက်ကွေးသွား၏။
ခွပ်...
ခရမ်းရောင်တိမ်တိုက် ဓားမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး ကျန်းမင် ကိုယ်တိုင်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် မီတာ တစ်ထောင်ခန့် အနောက်သို့ လွင့်စင်သွားရသည်။
"အထင်ကြီးစရာပဲ..."
ကျန်းမင်က အာမေဍိတ်သံ ပြုလိုက်မိသည်။ ဤသည်မှာ ယခုအချိန်အထိ သူ ကြုံတွေ့ဖူးသမျှ အားအကောင်းဆုံး တိုက်ခိုက်မှုပင်။ သူ့ အစွမ်းကုန် ခွန်အားများကို ထုတ်သုံးရန် ဖိအားပေးနိုင်ခဲ့သည် မဟုတ်လော။ သူ ခေါင်းမော့ကြည့်လိုက်ရာ စွမ်းအင်ဓားမှာ ထိပ်တိုက် ရိုက်ခတ်ပြီးနောက် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။
တစ်ချိန်တည်းမှာပင် အဝေးမှနေ၍ စောင့်ကြည့်နေသော ဇီလင်းလုံမှာ မျက်မှောင် အကြီးအကျယ် ကြုတ်သွား၏။
‘သူက ကြောက်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာပဲ။ တာအိုမျိုးစေ့ အဆင့်ပဲ ရှိသေးပေမယ့် သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်ရဲ့ ချိပ်ပိတ်ထားတဲ့ စွမ်းအားကိုတောင် ခုခံနိုင်တယ်ပေါ့။ ငါတောင် ဒီလို စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ စောစောက သူ့နေရာမှာ ငါသာ ဆိုရင် ရလဒ် နှစ်ခုပဲ ရှိမယ်။ သေသွားတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပဲ။ ဒါပေမယ့် သူကတော့...’
‘စောစောက သူ ကျင့်စဉ် ထုတ်ဖော်လိုက်တဲ့ အချိန်မှာ သူ့ပတ်ဝန်းကျင်က ဟင်းလင်းပြင်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှု တစ်ခု ရှိနေသလို ခံစားလိုက်ရတယ်။ ဟင်းလင်းပြင် နိယာမ အပေါ် သူ့ နားလည်နိုင်စွမ်းနဲ့ သူ့ကျင့်စဉ်ရဲ့ ခွန်အားက ကျင့်ကြံသူတွေကြားမှာ သေချာပေါက် ထိပ်တန်း အဆင့်ပဲ။ ဒါပေမယ့် သူ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းအောင် အစွမ်းထက်နေပါစေ သုခဘုံ အဆင့် ကျွမ်းကျင်သူရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ…’
‘သူ့ဆီမှာ ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင် ရှိနေတာလဲ။ ငါ့ထက် ဆယ်ဆ ပိုများနေတာလား။ အခု အခြေအနေကို ကြည့်ရရင် အနည်းဆုံး အဆတစ်ရာလောက် ပိုများနေရမယ်။ ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူလို သာမန်မဟုတ်တဲ့ လူတစ်ယောက်က သေမျိုးလောကမှာ ဘယ်လိုလုပ် တည်ရှိနေနိုင်မှာလဲ...’
သူမ ရှေ့ရှိ လူကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဇီလင်းလုံ အနေဖြင့် လက်ခံရန် ခက်ခဲနေဆဲပင်။
‘အရင်ဘဝက ဒီလိုလူမျိုး ရှိခဲ့တာကို ငါ မမှတ်မိဘူး။ ဘယ်နေရာကနေ၊ ဒါမှမဟုတ် ဘယ်အချိန် ကတည်းက အရာရာ ပြောင်းလဲသွားတာလဲ...’
ဇီလင်းလုံ မည်မျှပင် ကြိုးစား စဉ်းစားစေကာမူ အဖြေရှာမရနိုင်အောင် ဖြစ်နေလေပြီ။
တစ်ဖက်တွင်တော့ ပိုင်ယွီမှာ ဇီလင်းလုံထက်ပင် ပို၍ အံ့အားသင့်နေ၏။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်မှုများ အထင်အရှား ပေါ်လွင်နေပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
"မင်း ငါ့တိုက်ခိုက်မှုကို ခုခံလိုက်တယ်ပေါ့။ မဟုတ်ဘူး... မင်းက ကနဦးဝိညာဉ် အဆင့်လည်း မဟုတ်သလို မူလဝိညာဉ်ကိုလည်း မဖန်တီးရသေးဘူး ဆိုတာ ငါ သေချာ အာရုံခံမိတယ်။ မင်းက တာအိုမျိုးစေ့ အဆင့်ပဲ ရှိသေးတာ… ငါ့တိုက်ခိုက်မှုကို ခုခံနိုင်စရာ အကြောင်း လုံးဝ မရှိဘူး။ မင်း... မင်းရဲ့ ခွန်အား အစစ်အမှန်ကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ မင်း ခွန်အားကို ဖုံးကွယ်ထားတာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီနေ့တော့ မင်း သေရမှာပဲ။ ကြယ်ပတ်လမ်း မူလ ဓားအစီအရင်..."
ပိုင်ယွီက လက်ကို မြှောက်လိုက်ရာ ဓားပေါင်း ၁၀၈ လက်က ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ မိနစ်အနည်းငယ် အတွင်းမှာပင် ဓားများက ကောင်းကင် တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ဓားသွား အားလုံးကို ကျန်းမင်ဆီ ဦးတည်ထားသော စက်ဝိုင်းပုံ တစ်ခု အဖြစ် ဖန်တီးလိုက်၏။ ဓားများ တုန်ခါသွားပြီး ၎င်းတို့ ပတ်လည်ရှိ လေဟာနယ်ကိုပါ ကောက်ကွေးသွားစေသည်။ ခဏအကြာတွင် စွမ်းအင်ဓား တစ်လက်ပြီး တစ်လက် ထွက်ပေါ်လာကာ ကျန်းမင်ဆီသို့ မုန်တိုင်းတစ်ခုသဖွယ် တိုက်ခိုက်လာတော့သည်။
ထိုအချိန်တွင် အဆင့်မြင့် မှော်ရတနာ တစ်ခု ဖြစ်သော အပြာရောင် သလင်းကျောက် ဓားက ကျန်းမင်၏ လက်ထဲတွင် ရုပ်လုံးပေါ်လာ၏။ အမှန်ကို ဆိုရလျှင် သူက ထိုဓားအစီအရင် အတွက် အနည်းငယ်မျှ စိုးရိမ်မနေခဲ့ချေ။ မည်သို့ပင်ဆိုစေ ပိုင်ယွီမှာ တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူ တစ်ဦးသာ မဟုတ်ပါလား။ ပိုင်ယွီက သူတော်စင် သားတော် တစ်ဦး ဖြစ်ပြီး ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလျှင်ပင် သူ့အတွက် ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
"ကောင်းကင် ဖြိုခွင်းဓား..."
ကျန်းမင်က ဓားဝှေ့ယမ်းကာ သူ့ဆီသို့ ပစ်လွှတ်လာသော စွမ်းအင်ဓား အားလုံးကို ခုခံလိုက်သည်။ ခဏအကြာတွင် များပြားလှသော စွမ်းအင်ဓားများက သူ့ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်လာပြီး သူ့ပတ်လည်၌ တိုက်ခိုက်မှုများကို ကာကွယ်ရန် ဒိုင်းကာတစ်ခု အဖြစ် ဖန်တီးလိုက်၏။
"ငါ့ဓားကို ဆွဲထုတ်ပြီး ကောင်းကင်ကို နှစ်ခြမ်း ခွဲပစ်မယ်..." ထိုအခိုက်အတန့်တွင် ကျန်းမင်က ဓားအစီအရင်ကို ဖြိုခွင်းပစ်သည်။
ဓားပျံ ၁၀၈ လက်မှာ ချက်ချင်း လွင့်စင်သွားကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျန်းမင်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ အကယ်၍ သူသာ ဆိုလျှင် မည်သူမျှ သူ့အစီအရင်ကို ဖြိုခွင်းနိုင်မည် မဟုတ်ကြောင်း သေချာသည်။
နှမြောစရာပဲ...
"သေစမ်း..."
ကျန်းမင်က သေဆုံခြင်း တာအိုသဘောတရား လှုပ်ခတ်မှုများ ဆူပွက်လာချိန်တွင် သူ့ သဘာဝလွန် စွမ်းရည်ကို ထုတ်ဖော်ရန် ပြင်ဆင်သည်။ သူက ဓားကို ပိုင်ယွီ၏ ခေါင်းဆီ အားကုန် ခုတ်ချလိုက်၏။
ကောင်းကင်ယံ တုန်ခါသွားပြီး တိမ်များ ကွဲဟသွားသည်။ လမင်းကြီးက ကောင်းကင်ထက်တွင် အထီးကျန် ဆန်စွာဖြင့် အဖြူရောင် အချပ်ပြား တစ်ခုကဲ့သို့ တောက်ပနေတော့သည်။
ပိုင်ယွီက အသက်ပြင်းပြင်း ရှူသွင်းကာ တူကြီး တစ်လက်ကို ထုတ်ယူ၏။ ၎င်းမှာ အလွန် ကြီးမားလှသည်။ လက်ကိုင်ရိုး တစ်ခုတည်းကပင် နှစ်မီတာကျော် ရှည်လျားပြီး တူခေါင်း၏ အချင်းမှာ တစ်ပေခန့် ရှိသည်။ ၎င်း ပေါ်လာသည်နှင့် တပြိုင်နက် ဖျက်ဆီးနိုင်စွမ်းရှိသော ခွန်အား တစ်ခု ပေါက်ကွဲထွက်လာသည်။
"ဒီနေ့ သေရမယ့်သူက မင်းပဲ..."
ပိုင်ယွီက အော်ဟစ်ရင်း တူကြီးကို အောက်သို့ လွှဲချလိုက်သည်။ မြေကြီးထဲရှိ သွေးကြောများ တုန်ခါသွားပြီး စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ တိုက်ခိုက်မှု၏ စွမ်းအားမှာ ဧရာမ ကြီးမားလှပြီး စိတ်ကူး၍ မရနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။
လေများ တိုက်ခတ်လာပြီး မြေကြီး တုန်ခါသွားတော့သည်။
ရိုက်ခတ်မှု အရှိန်ကြောင့် ပိုင်ယွီ အနောက်သို့ လွင့်စင်သွားပြီး တူကြီးမှာ သူ့လက်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအို လက်နက်များ တစ်ခုပြီးတစ်ခု တောက်ပလာသည်ကို မြင်လိုက်ရသဖြင့် သူ့မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
"ငါ ဒဏ်ရာရသွားတယ်ပေါ့..." ပိုင်ယွီက အော်ဟစ်လိုက်သည်။
"ကောင်းကင် ဖြိုခွင်းတူနဲ့ ငါဝတ်ထားတဲ့ သံချပ်ကာက အဆင့်နိမ့် တာအို လက်နက်တွေလေ။ မင်းရဲ့ဓားက အဆင့်မြင့် မှော်ရတနာ တစ်ခုပဲ ရှိသေးတာ။ သူတို့ကြားမှာ အကြီးကြီး ကွာခြားတယ်။ မင်းတိုက်ခိုက်မှုကို ငါ မတားဆီးနိုင်ရင်တောင် ငါ့သံချပ်ကာက ဒဏ်ရာ အများစုကို စုပ်ယူသွားရမှာ။ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်စရာ အကြောင်း လုံးဝ မရှိဘူး..." ပိုင်ယွီက မယုံကြည်နိုင်စွာဖြင့် ဆက်လက် ရေရွတ်နေမိသည်။
"ချင်းယွင်ဂိုဏ်းက မိစ္ဆာအိုကြီး... မင်းက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် ဖြစ်တဲ့ ငါ့ကို သေချာပေါက် သတ်ချင်နေတာပဲ။ ကြည့်ရတာ ချင်းယွင်ဂိုဏ်းက အနန္တ ဆေးလုံးစံအိမ်ကို တကယ်ပဲ စစ်ကြေညာချင်နေတာကိုး။ ကောင်းပြီလေ... အနန္တ ဆေးလုံးစံအိမ်ရဲ့ စွမ်းအားကို မင်းကို ပြသပေးရတာပေါ့"
ရွှီး...
ပိုင်ယွီက လက်ဝှေ့ယမ်းကာ တောက်ပနေသော အချပ်ပြား အစီအရင် တစ်ခုကို ကျန်းမင်ဆီသို့ ပစ်လွှတ်လိုက်သည်။
အချပ်ပြား အစီအရင် တောက်ပလာချိန်တွင် ၎င်းက လေဟာနယ်ထဲမှ စွမ်းအင်များကို စုပ်ယူကာ သံကြိုးတစ်ချောင်း အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်ကို ချုပ်နှောင်၏။
"မင်းမှာ ဒီလောက်ပဲ ရှိတာလား"
ကျန်းမင်က လှောင်ပြောင်နေဆဲပင်။ သူက ဓားကို ခုတ်ချကာ အချပ်ပြား အစီအရင်ကို နှစ်ခြမ်း ခွဲပစ်လိုက်၏။ တိုက်ခိုက်မှုကို အောင်မြင်စွာ ချေဖျက်နိုင်ပြီဟု သူ ထင်လိုက်ချိန်မှာပင် မီးလုံးတစ်လုံး ကျဆင်းလာပြီး ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
"သူတော်စင် သားတော် တစ်ယောက်က ဒီလောက် အောက်တန်းကျပြီး ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး" ကျန်းမင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထို့နောက် လေဟာနယ်ထဲတွင် ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာနှင့် အလွန် ဝေးကွာသော နေရာသို့ ရောက်နေလေပြီ။ အစောပိုင်းက သူ ရပ်နေခဲ့သော နေရာကို လှမ်းကြည့်လိုက်ရာ ပြာများမှလွဲ၍ ဘာကိုမှ မမြင်ရတော့ပေ။
"ငါက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်လေ။ မှော်ရတနာတွေ ဆိုတာ ငါ့ရဲ့ လက်နက်တွေပဲ" ပိုင်ယွီက သတိမလွတ်စေဘဲ ဆက်ပြောသည်။
"မင်းကရော ဘယ်လိုလဲ။ မင်းက မိစ္ဆာအိုကြီး ဖြစ်နေလျက်နဲ့ မင်းထက် ငယ်တဲ့သူကို တိုက်ခိုက်နေတာလေ။ ရှက်ဖို့ မကောင်းဘူးလား"
"မင်းက ခံစားထိုက်ပါတယ်"
ကျန်းမင်က အာကာပြင် ခြေလှမ်းကို အသုံးပြု၍ ပိုင်ယွီ၏ အရှေ့တွင် ပေါ်လာသည်။
ပိုင်ယွီက ကောင်းကင် ဖြိုခွင်းတူဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သော်လည်း နောက်တစ်ကြိမ် လွင့်စင်သွားရပြန်၏။ သို့သော် ဤတစ်ကြိမ်တွင်မူ သူက သွေးတစ်လုပ် အန်ချလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ဆွဲဖြဲခံရသကဲ့သို့ နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရလေပြီ။
ကျန်းမင်၏ ဧရာမ ကြီးမားလှသော ခွန်အားကြောင့် ပိုင်ယွီ ထိတ်လန့်သွားတော့သည်။ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့က သူ့ရင်ထဲတွင် အမြစ်တွယ် စတင်လာ၏။
‘ငါ တော်တော်လေး သတိထားခဲ့ပါတယ်။ ငါ့သက်တော်စောင့် လေးယောက်ကို သူ သတ်ပြီးပြီးချင်း ကျောက်စိမ်း ဆွဲပြားကို အသက်သွင်းခဲ့တာပဲ။ ကျောက်စိမ်း ဆွဲပြားကို အသက်သွင်းပြီးတာနဲ့ တခြား သက်တော်စောင့်တွေက ငါ့ကို ကူညီဖို့ ချက်ချင်း ပြေးလာရမှာလေ။ သူတို့ ဘယ်ရောက်နေကြတာလဲ။ ငါက အရမ်း ဝေးနေလို့များလား...’
ထိုအတွေး ဝင်လာချိန်တွင် ပိုင်ယွီ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"တာအို လက်နက်တွေရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီမှာတင် အဆုံးသတ်ပြီ" ကျန်းမင်က ဆိုလေသည်။ "ဒါကို သေချာ မှတ်ထား... မင်း သေရတာ ချင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားမိလို့ပဲ"
"ငါ့ဓားနဲ့ ကောင်းကင်ကို နှစ်ခြမ်း ခွဲပစ်မယ်... သေမင်းနဲ့ ရင်ဆိုင်လိုက်စမ်း။ အဆုံးစွန်သော ခုတ်ပိုင်းခြင်း..." ကျန်းမင်က ဤသဘာဝလွန် စွမ်းရည်၏ အားအကောင်းဆုံး ပုံစံကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ နားလည်သဘောပေါက်ထားသော ဖျက်ဆီးခြင်း တာအိုသဘောတရားကိုပါ ပေါင်းစပ်ထည့်သွင်းလိုက်ရာ တိုက်ခိုက်မှု၏ စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားလေပြီ။
"မဖြစ်ဘူး... ဒီတိုက်ခိုက်မှုကို ငါ ခုခံနိုင်စရာ အကြောင်း လုံးဝ မရှိဘူး..."
ပိုင်ယွီ၏ မျက်နှာမှာ ပြာနှမ်းသွား၏။ သူ့သက်တော်စောင့် လာနေပြီ ဖြစ်ကြောင်း ယခုမှ သူ အာရုံခံမိလိုက်သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။
အခုတော့ အကုန်လုံး ပုံအောရတော့မှာပဲ...
ပိုင်ယွီက စိတ်ထဲ တိတ်တဆိတ် တွေးတောပြီး လေထဲသို့ တစ်စုံတစ်ခုကို ပစ်တင်လိုက်ရာ စစ်တုရင်ခုံ တစ်ခု လေထုထဲတွင် ပေါ်လာတော့သည်။
စစ်တုရင်ခုံ ပေါ်လာသည်နှင့် တပြိုင်နက် လေဟာနယ်မှာ ကောက်ကွေး တုန်ခါသွားပြီး ကျန်းမင်၏ စွမ်းအင်ဓားကို ဖျက်ဆီးပစ်လိုက်သည်။
၎င်းနောက် စစ်တုရင်ခုံမှာ ရုတ်တရက် စက်လုံး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်အား ၎င်းအထဲသို့ ဆွဲသွင်းသွားတော့သည်။
End
***