ဇီလင်းလုံ ထွက်မသွားသေးပေ။ သူမက အဝေးမှနေ၍ တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေဆဲပင်။ အရာများစွာ ဖြစ်ပျက်ခဲ့သော်လည်း အားလုံးမှာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ စစ်တုရင်ခုံကို မြင်လိုက်ရချိန်တွင် သူမ မျက်လုံးများ ပြူးကျယ်သွား၏။
"ဒါက ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံပဲ..."
ထိုအကြောင်းကို ဆက်မတွေးနိုင်မီ သူမ ခေါင်းရုတ်တရက် မော့လာပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူမဆီသို့ မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာသည့် ကြီးမားလှသော အော်ရာတစ်ခုကို အာရုံခံမိလိုက်ခြင်းပင်။ သူမ ခန္ဓာကိုယ်မှာ ချက်ချင်း မှေးမှိန်သွားပြီး မကြာမီ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူမ ထွက်သွားခြင်း မဟုတ်ဘဲ ကိုယ်ပျောက် ကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းသာ။
အဝေးတစ်နေရာတွင်တော့ ပိုင်ယွီလည်း ပျောက်ကွယ်သွားလေပြီ။ ညကောင်းကင်ယံတွင် လွင့်မျောနေသော စစ်တုရင်ခုံ တစ်ခုသာ ကျန်ရစ်ခဲ့၏။
ထိုအချိန်တွင် လင်းလုံ အာရုံခံမိခဲ့သော အားကောင်းသည့် အော်ရာမှာ နောက်ဆုံး၌ ရောက်ရှိလာသည်။ ထိုအော်ရာမှာ အဖိုးအို တစ်ဦးထံမှ ဖြစ်ပြီး သေမျိုးလောကသို့ ဆင်းသက်လာသော အမြင့်ဆုံး အင်မော်တယ် တစ်ပါး၏ အရှိန်အဝါမျိုးကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။
"ဒါက... ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံလား..." လေထဲတွင် တောက်ပနေသော စစ်တုရင်ခုံကို မြင်လိုက်ရသဖြင့် အဖိုးအို၏ မျက်နှာထား မှောင်မိုက်သွားတော့သည်။
"ဘယ်ခွေးမသားက သူတော်စင် သားတော်ကို တိုက်ခိုက်ရဲတာလဲ။ မင်း ဘယ်သူပဲ ဖြစ်ဖြစ် သေချင်နေတာ သေချာတယ်..."
အဖိုးအိုက စစ်တုရင်ခုံ အနီးသို့ ချဉ်းကပ်သွားပြီး အတွင်းပိုင်း အခြေအနေကို ကြည့်ရှုရန် ကြိုးစားသော်လည်း အချည်းနှီးသာ။
"စစ်တုရင်ခုံကို အသက်သွင်းလိုက်ပြီ ဆိုရင် သေချာပေါက် လူသေရလိမ့်မယ်။ အသက်အန္တရာယ် ကြုံတွေ့ရတဲ့ အခြေအနေမျိုး မဟုတ်ရင် ဒါကို မသုံးဖို့ ငါ သူ့ကို အကြိမ်ကြိမ် သတိပေးထားခဲ့တာကို..." အဖိုးအိုက အေးစက်သော မျက်နှာထားဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
"မင်း ဘယ်သူလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ချင်းယွင်ဂိုဏ်းက ဖြစ်နေရင်တောင် သူတော်စင် သားတော်ကို ဆန့်ကျင်တဲ့ အတွက် ရလဒ် တစ်ခုတည်းပဲ ရှိမယ်။ အဲ့ဒါက သေလမ်းပဲ..."
အဖိုးအိုက စစ်တုရင်ခုံကို တိတ်ဆိတ်စွာ ဆက်လက် စောင့်ကြည့်နေသည်။
တစ်ဖက်တွင်တော့ ကိုယ်ပျောက်နေသော ဇီလင်းလုံမှာ မလှုပ်မယှက် ရှိနေဆဲပင်။ တစ်ချက်လေး ကြည့်မိလိုက်လျှင်ပင် သူမ ရှိနေကြောင်း ဖော်ပြသလို ဖြစ်သွားမည်ကို သိသဖြင့် အဖိုးအိုအား လှမ်းကြည့်ရန်ပင် မဝံ့ရဲခဲ့ချေ။
...
စစ်တုရင်ခုံ အတွင်း၌ကား ပြန့်ပြူးသော မြေပြင်မှလွဲ၍ ဘာမျှ မရှိပေ။
ကျန်းမင်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ့ လက်ရှိ အခြေအနေကို အခြေခံအားဖြင့် နားလည်သွားသည်။ ဤနေရာ၏ အချင်းဝက်မှာ မိုင်တစ်ရာခန့်သာ ရှိပြီး သိပ်မကျယ်ဝန်းဘဲ စတုရန်းပုံစံ ရှိ၏။
အောက်သို့ ဆင်းသက်လာချိန်တွင် သူ့ရင်ထဲ၌ သွေးခုန်နှုန်းများ မြန်ဆန်နေသည်။ အစောပိုင်းက ပိုင်ယွီ ပစ်ထုတ်လိုက်သော စစ်တုရင်ခုံ၏ ဆွဲငင်အားမှ လွတ်မြောက်ရန် သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ခြေထောက်များ မြေကြီးနှင့် ထိတွေ့လိုက်ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီဟူသော ခံစားချက်က ပိုအားကောင်းလာသည်။ မကြာမီမှာပင် သူ့ ဝိညာဉ်စွမ်းအင်များ အသုံးပြု၍ မရတော့ကြောင်း တွေ့လိုက်ရ၏။
ဤနေရာရှိ စွမ်းအင်များက သူ့ကို ဝိညာဉ်စွမ်းအင်များနှင့် အဆက်အသွယ် ဖြတ်တောက်ထားသကဲ့သို့ ခံစားရသည်။ သူ့ဝိညာဉ်စွမ်းအင်များနှင့် သူ့ကြားတွင် အတားအဆီး တစ်ခု တည်ဆောက်ထားသည့်ပုံပင်။ မည်မျှ ခွန်အား စိုက်ထုတ်စေကာမူ ထိုအတားအဆီးကို မဖြိုခွင်းနိုင်ခဲ့ပေ။
"ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ချိပ်ပိတ်လိုက်တာလား..." ကျန်းမင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
"ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်တောင် ငါ သတိမထားမိဘဲ ငါ့ဝိညာဉ်စွမ်းအင်ကို ချိပ်ပိတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီပစ္စည်းကတော့ အလွယ်တကူ လုပ်နိုင်ခဲ့တယ်။ ဆိုလိုတာ ဒီပစ္စည်းက ထိပ်တန်းအဆင့် ရှိပြီး စွမ်းအား အပြည့်အဝလည်း ဖွင့်ချထားပြီးသား ဖြစ်ရမယ်"
ကျန်းမင်က ပျံသန်းရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့ချေ။ ထို့နောက် သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် လျှို့ဝှက် မျက်နှာဖုံးစွပ် ကျင့်စဉ်ဖြင့် ဖန်တီးထားသော အတုအယောင် ရုပ်သွင်တို့မှာမူ ထိခိုက်မှု မရှိကြောင်း တွေ့လိုက်ရသည်။
"စိတ်ဝင်စားစရာပဲ..." ကျန်းမင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ပိုင်ယွီဆီသို့ အကြည့် ရွှေ့သွားသည်။ သူက လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူလိုက်ရာ မှတ်တမ်းစာအုပ်မှာ ထိခိုက်မှု မရှိပုံရပြီး ပုံမှန်အတိုင်း ထိန်းချုပ်နိုင်သေးကြောင်း တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာ၏။
ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲက ဝိညာဉ်စွမ်းအင်တွေနဲ့ ငါ့ကို ခွဲခြားထားတဲ့ အတားအဆီးကို ဖြိုခွင်းဖို့ လူသားလမ်းစဉ် မှတ်တမ်းကို သုံးလို့ ရနိုင်တာပဲ။ ဘာလို့များ အစောကတည်းက စဉ်းစားမမိခဲ့တာလဲ...
"မင်းပုံစံက ငါထင်ထားတာထက် အများကြီး ပိုငယ်နေတာပဲ..." ပိုင်ယွီ၏ စကားသံက ကျန်းမင်အား အတွေးလောကမှ ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် ပိုင်ယွီမှာ ကောင်းကင် ဖြိုခွင်းတူကြီးကို ကိုင်ဆောင်ထားခြင်း မရှိတော့ပေ။ ထိုအစား မီတာဝက်ကျော် ရှည်လျားသော အနက်ရောင် ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။ သူက ကျန်းမင်ကို စူးစိုက်ကြည့်ရင်း ရှေ့သို့ လျှောက်လာကာ ဆက်ပြောသည်။
"အရှေ့ပိုင်းဒေသကို ရောက်ကတည်းက ငါက သိုသိုသိပ်သိပ် နေခဲ့တာမို့ ဘယ်သူ့ကိုမှ စော်ကားခဲ့မယ်လို့ မထင်ဘူး။ တကယ်လို့ စော်ကားခဲ့မိရင်တောင် ငါ သူတို့ကို သေချာပေါက် သတ်ပစ်ခဲ့မှာပဲ။ မဟုတ်ဘူး... မင်း ငါ့နောက်ကို လိုက်နေတာ ချင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ငါ စော်ကားမိလို့ မဟုတ်ဘူးမလား။ မင်းက ဓားစာခံ တစ်ယောက်ကို ရှာနေတာ ဟုတ်တယ်မလား"
"အရှေ့ပိုင်းဒေသ ဆိုတာ ချင်းယွင်ဂိုဏ်းရဲ့ ပိုင်နက်ပဲ။ ငါတို့မှာ နေရာတိုင်း မျက်စိတွေ ရှိတယ်။ မင်း လုပ်ခဲ့တာတွေကို ငါတို့ဆီကနေ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား" ကျန်းမင်က အေးစက်စက် တုံ့ပြန်လိုက်၏။
"သူတော်စင် သားတော် တစ်ယောက် အနေနဲ့ မင်းက မိစ္ဆာတွေကို သတ်ဖြတ်ပြီး တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းသင့်တာ။ ဒါပေမယ့် မင်း ဘာလုပ်ခဲ့လဲ။ ကျေးရွာတွေ၊ မိသားစုတွေကို ဖျက်ဆီးပြီး သွားလေရာ နေရာတိုင်းမှာ ပျက်စီးခြင်းတွေ ချန်ထားရစ်ခဲ့တယ်။ မင်းက သူတော်စင် သားတော် ဖြစ်ဖို့ တကယ်ပဲ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေတာလား"
"သူတို့က တောသားတွေပါကွာ။ ချင်းယွင်ဂိုဏ်းလည်း ဒီလိုမျိုး အမြဲတမ်း လုပ်နေကျပဲ ဆိုတာ ငါသေချာ သိပါတယ်။ ငါ မှတ်မိသလောက် ဆိုရင် မင်းတို့က သိမ်းပိုက်ထားတဲ့ မြို့တစ်မြို့မှာတောင် လူသတ်ပွဲကြီး ဆင်နွှဲခဲ့သေးတာပဲ။ ငါ့ကို ကျေးရွာတွေ၊ မိသားစုတွေကို ဖျက်ဆီးတယ်လို့ စွပ်စွဲရအောင် မင်းက တော်တော် အရှက်မရှိတာပဲ။ ငါ့ကို ရယ်ရအောင် မလုပ်စမ်းပါနဲ့…” ပိုင်ယွီက လှောင်ပြောင်သော လေသံဖြင့် ဆိုလေသည်။
“မင်း ဓားစာခံ ရှာနေတယ် ဆိုတဲ့ စကားကို ငါ ပြန်ရုပ်သိမ်းတယ်။ ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်စဉ် အနည်းငယ်ကို အလွယ်တကူ သုံးနိုင်တာ ကြည့်ရရင် မင်းက သေချာပေါက် အောင်မြင်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါပေမယ့် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ငါမသိပေမယ့် အခု မင်းက ချင်းယွင်ဂိုဏ်းကို အရိုးထဲကနေ မုန်းတီးနေတယ် ဆိုတာတော့ ငါပြောနိုင်တယ်။ ဒါကြောင့် တော်ဝင်မြေ နှစ်ခုကြား စစ်ပွဲ စတင်ဖို့ ငါ့ကို သတ်ချင်နေတာ မဟုတ်လား"
ကျန်းမင်က လက်ခုပ်တီးလိုက်သည်။
"သူတော်စင် သားတော် ပီသပါပေတယ်။ တကယ်ကို ဉာဏ်ရည် ထက်မြက်တာပဲ... ဒါက ဘာပစ္စည်းလဲ ဆိုတာ ပြောပြလို့ ရမလား"
ပိုင်ယွီက အလွန် အစွမ်းထက်သည့်ဟန်ဖြင့် လက်မောင်းကို ဆန့်ထုတ်ကာ ဓားကို လှည့်ကစားရင်း…
"မင်း ဘယ်တော့မှ မေးမှာ မဟုတ်ဘူးလို့ ထင်နေတာ။ တစ်ခါက ရှေးဟောင်း အင်မော်တယ် တစ်ပါးရဲ့ ဂူသင်္ချိုင်းထဲ ငါ ဝင်ခဲ့ဖူးတယ်။ အသက်စွန့်ပြီး တိုက်ခိုက်ပြီးနောက်မှာ ဒီစစ်တုရင်ခုံကို ငါ ရခဲ့တာပဲ။ ဒါကို ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံလို့ ခေါ်တယ်။ ဒီအထဲ ရောက်သွားပြီ ဆိုတာနဲ့ ဝိညာဉ်စွမ်းအင်ကို လုံးဝ သုံးလို့ ရတော့မှာ မဟုတ်ဘူး။ ဒီထဲမှာ ကျင့်စဉ်တွေ သက်သက်နဲ့ပဲ တိုက်ခိုက်လို့ ရမယ်။ ကံမကောင်းစွာနဲ့ ငါက ဒါကို အပြည့်အဝ မကျွမ်းကျင်သေးလို့ ငါ့အပြင် နောက်ထပ် တစ်ယောက်ကိုပဲ ဒီနေရာဆီ ခေါ်လာလို့ ရတယ်။ အခု ငါတို့ ဒီနေရာကို ရောက်နေပြီ ဆိုတော့ ထွက်သွားဖို့ တစ်ခုတည်းသော နည်းလမ်းက ငါတို့ထဲက တစ်ယောက် သေဖို့ပဲ..."
"အို... ဟုတ်သားပဲ။ စစ်တုရင်ခုံရဲ့ သခင် အနေနဲ့ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ငါးဆ ပိုအားကောင်းလာတယ် ဆိုတာကို ပြောဖို့ မေ့သွားတယ်။ ပြီးတော့ ငါ့ဆီမှာ ကောင်းကင် အရှင်သခင် ခန္ဓာကိုယ် ရှိတယ် ဆိုတာကိုလည်း ထည့်ပြောရဦးမယ် ထင်တယ်။ ဆိုလိုတာက ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ပြိုင်ဘက်ကင်းတယ် ပေါ့။ အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် အနေနဲ့ ငါက အကောင်းဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားတာလေ။ အနန္တ ဆေးလုံးစံအိမ်က ငါ့ကို အဆုံးအစမရှိ ထောက်ပံ့ပေးထားတဲ့ အရင်းအမြစ်တွေကြောင့် ငါ့ခန္ဓာကိုယ်က ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်လောက်ကို သန့်စင်ပြီးသားပဲ"
"ငါ့ရဲ့ ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်ကို အသက်သွင်းလိုက်တာနဲ့ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်လို အစွမ်းထက်လာလိမ့်မယ်။ စစ်တုရင်ခုံရဲ့ အာနိသင်နဲ့ပါ ပေါင်းလိုက်ရင် မင်းက သေလူ တစ်ယောက် ဖြစ်သွားပြီပဲ..." ပိုင်ယွီက မာနထောင်လွှားစွာဖြင့် ဆိုလေသည်။
"အဲ့ဒါကြောင့်မို့လို့ ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံက ငါ့အတွက် အသင့်တော်ဆုံး ဖြစ်ပြီး အသက်ကယ်ဖဲ အနေနဲ့ သိမ်းထားခဲ့တာပေါ့။ သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဒီထဲ ရောက်လာရင်တောင် သူ့ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခံရမှာ သေချာတယ်..."
"ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံကို ပထမဆုံး ရခဲ့တုန်းက အနန္တ ဆေးလုံးစံအိမ်က အကြီးအကဲတွေနဲ့ ငါ စမ်းသပ်ခဲ့ဖူးတယ်။ ငါတို့က စွမ်းအားတွေ မသုံးဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်နဲ့ပဲ တိုက်ခိုက်ခဲ့ကြတာ။ ကနဦးဝိညာဉ် အဆင့်နဲ့ သုခဘုံ အဆင့် အကြီးအကဲ နှစ်ယောက်စလုံးကို ငါ အနိုင်ယူနိုင်ခဲ့တယ်..."
"ဒါကြောင့် ဒီနေ့ မင်း သေချာပေါက် သေရမယ်..."
ပိုင်ယွီက စကားပြောလေ ယုံကြည်မှု ပိုရှိလာလေပင်။
"ဒီနေ့ ငါ သေချာပေါက် သေရမယ် ဟုတ်လား..." ကျန်းမင်က ခေါင်းခါမ်းရင်း ပြုံးလျက် တုံ့ပြန်လိုက်၏။
"မင်းက ဟောင်ရုံပဲ ဟောင်တတ်ပြီး မကိုက်တတ်တဲ့ ကောင်ပဲ။ ငါ့ထက် ပိုအစွမ်းထက်တယ် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင်နဲ့ ငါ့ကို ခြောက်လှန့်ဖို့ အတွက် ဒီလောက် အများကြီး ပြောနေတာလေ။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ငါးဆ တိုးလာတယ် ဟုတ်လား။ ဒီထဲမှာ မူလဝိညာဉ်နဲ့ သုခဘုံ အဆင့် ကျင့်ကြံသူတွေကို အနိုင်ယူဖူးတယ် ဟုတ်လား။ ချီးပဲ... အဲ့ဒါသာ တကယ်ဆိုရင် မင်း အာပေါက်မတတ် ပြောနေမယ့် အစား ငါ့ကို ချက်ချင်း ဝင်တိုက်ပြီပေါ့..."
"မင်းက အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်... အလယ်ပိုင်း ဒေသမှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာလေ။ မင်းရဲ့ သက်တော်စောင့် လေးယောက်လုံးကို ငါ သတ်ပြီးတဲ့ နောက်ပိုင်းမှာ မင်းပြောသလို ငါ့ကို အလွယ်တကူ သတ်နိုင်စွမ်း ရှိတယ် ဆိုရင် ငါနဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ အကြောင်း လုံးဝ မရှိဘူး။ လာစမ်း ပိုင်ယွီ... မင်းပြောသလိုပဲ ဒီနေ့ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်ရမယ်..."
ကျန်းမင်၏ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ သူက ညာလက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ ဘယ်လက်၌ လက်သီးဆုပ်လျက် ပိုင်ယွီဆီ လျှောက်သွားလိုက်၏။
ပိုင်ယွီက ခေါင်းမော့ကာ အားရပါးရ ရယ်မောနေသည်။ သို့သော် သူ့ ရယ်မောသံမှာ မျက်လုံးများ အထိ မရောက်ခဲ့ပေ။ ရယ်မောခြင်း ရပ်တန့်သွားချိန်တွင် ကျန်းမင်ကို ကြည့်ကာ…
"ကျင့်ကြံသူ အများစုက မှော်ကျင့်စဉ်တွေကိုပဲ အဓိကထား ကျင့်ကြံပြီး ခန္ဓာကိုယ် သန့်စင်ဖို့ကို ဘာလို့ လူနည်းစုကပဲ ရွေးချယ်ကြလဲ ဆိုတာ မင်း သိလား။ ဘာလို့လဲ ဆိုတော့ ခန္ဓာကိုယ် သန့်စင်တဲ့ လုပ်ငန်းစဉ်က အရမ်း ကြမ်းတမ်းပြီး နာကျင်ရလို့ပဲ။ တော်ဝင်မြေတွေက လူတွေ အများကြီး ရှိပေမယ့် နတ်ဘုရား ခန္ဓာကိုယ်၊ သူတော်စင် ခန္ဓာကိုယ်၊ ဒါမှမဟုတ် ငါ့လို ထူးခြားတဲ့ ရုပ်ခန္ဓာမျိုး မရှိရင် သူတို့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ ငါ့ဆီမှာ ကောင်းကင် အရှင်သခင် ခန္ဓာကိုယ် ရှိပြီး အဆင့်တူ နတ်ဘုရား ခန္ဓာကိုယ် ပိုင်ရှင်တွေကို အနိုင်ယူခဲ့ဖူးတယ်။ မင်းက ဘယ်သူမို့လို့ မင်း အပေါ် ဒီလို အသေးအဖွဲ လှည့်ကွက်မျိုး သုံးရမှာလဲ..."
"ငါ့လက်ထဲက ဓားက ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံ အတွက် သီးသန့် သွန်းလုပ်ထားတဲ့ လက်နက်ပဲ။ သူ့မှာ ဘာသဘာဝလွန် စွမ်းရည်မှ မရှိပေမယ့် အရမ်း မာကျောပြီး ထက်မြက်တယ်။ နတ်ဆိုးတစ်ကောင်ရဲ့ အကြေးခွံကိုတောင် အလွယ်တကူ ထိုးဖောက်နိုင်တယ်..."
ပိုင်ယွီက သူ့ ဓားကို ကျန်းမင်ဆီ ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"ဒီနေ့ ငါ့ရဲ့ ရွှေတိမ်လွှာဓားနဲ့ မင်းကို ခုတ်ပိုင်းပစ်မယ်... သေစမ်း..."
လေများ ပြင်းထန်စွာ တိုက်ခတ်လာပြီး လေဟာနယ်မှာလည်း တုန်ခါ ကောက်ကွေးသွားတော့သည်။
ကျန်းမင် မျက်မှောင်ကြုတ်သွားပြီး ဓားကို ခုခံရန် မြှောက်လိုက်၏။ ပိုင်ယွီ၏ ဝိညာဉ်စွမ်းအင် ချိပ်ပိတ်ခြင်း စစ်တုရင်ခုံ အတွင်း ရောက်နေသဖြင့် သူ သတိထားရမည်ကို ကောင်းစွာသိသည်။
ဘုန်း...
ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
ရိုက်ခတ်မှုကြောင့် ကျန်းမင်၏ လက်မောင်း အနည်းငယ် တုန်ယင်သွားပြီး ခဏတာ ကြောင်အသွား၏။ ပြန်လည် သတိဝင်လာချိန်တွင် သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"မင်းမှာ ဒီလောက်ပဲ ရှိတာလား။ အကောင်းဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို မင်း ကျင့်ကြံထားတယ် ဆို။ ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်ကိုရော ပိုင်ဆိုင်မထားဘူးလား။ မင်းရဲ့ ခွန်အားက ငါးဆ တိုးလာတယ် ဆို။ ဒီထဲမှာ မူလဝိညာဉ်နဲ့ သုခဘုံ အဆင့် ကျွမ်းကျင်သူတွေကို မင်း အနိုင်ယူခဲ့ဖူးတယ် ဆို။ တကယ်ပဲ မင်းမှာ ဒီလောက်ပဲ ရှိတာလား..."
"ဘယ်... ဘယ်လိုလုပ်... ဘယ်လိုလုပ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ပိုင်ယွီမှာ မျက်နှာ ဖြူရော်သွားပြီး စကားများ ထစ်အသွားတော့သည်။
End
***