ပိုင်ယွီ သတိဝင်လာချိန်တွင် အလျင်အမြန် နောက်ဆုတ်လိုက်၏။ သူက ကျန်းမင်နှင့် ကျန်းမင်၏ ဓားကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ ကျန်းမင်အား သူပြောခဲ့သည့် အရာများမှာ အပြည့်အဝ အမှန် မဟုတ်သော်လည်း သူ့တွင် အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရှိသည်ဆိုသည့် အချက်မှာမူ လိမ်ညာထားခြင်း မဟုတ်ပေ။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အရာများကို သူ နားလည်နိုင်စွမ်း မရှိတော့ချေ။
"မင်းမှာ နတ်ဘုရား ခန္ဓာကိုယ် ဒါမှမဟုတ် သူတော်စင် ခန္ဓာကိုယ် ရှိနေတာလား"
ပိုင်ယွီ တံတွေး တစ်ချက် မျိုချလိုက်၏။ သူ့နဖူးထက်တွင် ချွေးစေးများ စတင် ပေါ်လာပြီး မျက်နှာ ဘေးတစ်ဖက်တစ်ချက်ဆီ စီးကျလာလေပြီ။
ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲ ဆိုသည်မှာ ရှင်းလင်းလှသည်။ ပိုသန်မာသူက အနိုင်ရမည် မဟုတ်ပါလား။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် ထူးခြားသော စွမ်းရည်များမှာ အလွန် ရှားပါးပြီး အနန္တ ဆေးလုံးစံအိမ်တွင် တစ်ခုတည်းသာ ရှိသည်။ ပိုင်ယွီ အနေဖြင့် ထိုကျင့်စဉ်ကို အခြေခံ အဆင့်လောက်သာ ကျွမ်းကျင်သေး၏။ သူက ထိုကျင့်စဉ်အား အာရုံစိုက် ကျင့်ကြံရန် စီစဉ်ထားသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း အနိမ ဂူသင်္ချိုင်းကို ရှာဖွေရာတွင်သာ အာရုံစိုက်နေခဲ့သဖြင့် လစ်လျူရှုထားခဲ့ရခြင်း ဖြစ်သည်။
"မင်း ဘယ်လိုထင်လဲ"
ကျန်းမင်က အပြာရောင် သလင်းကျောက်ဓားကို ကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။ ပိုင်ယွီနှင့် ထိပ်တိုက် တွေ့ဆုံပြီးနောက် ဓားမှာ အနည်းငယ် ချိုင့်ဝင်သွားပြီး ဆံခြည်မျှင်ကဲ့သို့ အက်ကွဲကြောင်းများကိုပင် မြင်တွေ့နေရလေပြီ။
'ဒီဓားက ဒီလောက်ပဲ ခံနိုင်ရည် ရှိပုံရတယ်... အရမ်း ပေါ့ပါးလွန်းတော့ ငါ့ရဲ့ ချီစွမ်းအင်ကို ထည့်သွင်းလို့ မရဘူး... ဘာပဲဖြစ်ဖြစ် သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ ခွန်အားက တော်တော်လေး သန်မာတာကိုတော့ ဝန်ခံရမယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါက သူ့ထက် ပိုသန်မာနေတာပဲ...'
ကျန်းမင် စိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိသည်။
ကျန်းမင်က ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်စုံတစ်ရာ မကျင့်ကြံထားလျှင်ပင် သူ့ခန္ဓာကိုယ် သန်မာကြောင်း ကောင်းကောင်း သိထား၏။ လူအများစုထက် များစွာ သာလွန်နေသည် မဟုတ်လော။ မည်သို့ပင်ဆိုစေ စနစ်မှ ရရှိသော ကျင့်ကြံခြင်း ဆုလာဘ် တစ်ဝက်ခန့်က သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းကို ကျင့်ကြံလိုက်တိုင်း ၎င်းက သူ့ခန္ဓာကိုယ်ကို အလိုအလျောက် သန့်စင်ပေးပြီးသား ဖြစ်သွားသည်။ ဤကျင့်စဉ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ချီစွမ်းအင် နှစ်ခုလုံး အပေါ် အာရုံစိုက်ထားသည် မဟုတ်ပါလား။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်မှာ မူလ တာအိုခန္ဓာ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
'ငါ့ရဲ့ မူလ တာအိုခန္ဓာက နတ်ဘုရား ခန္ဓာကိုယ်နဲ့ သူတော်စင် ခန္ဓာကိုယ်တွေထက် ပိုသန်မာနေပုံပဲ...'
ပိုင်ယွီနှင့် ဓားချင်းယှဉ်ပြီးနောက် ကျန်းမင် အနေဖြင့် သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုနားလည် သဘောပေါက်သွားခဲ့၏။
ထိုအချိန်တွင် ကျန်းမင်က အပြာရောင် သလင်းကျောက်ဓားကို ဘေးသို့ ပစ်ချလိုက်ပြီး ပိုင်ယွီရှိရာ လေထဲ ခုန်တက်သွားတော့သည်။
"မင်းလှည့် ပြီးသွားပြီ... အခု ငါ့အလှည့်ပဲ"
ဘုန်း...
ကျန်းမင် လက်သီး ထိုးထုတ်လိုက်ချိန်တွင် လေခွင်းသံနှင့်အတူ မိုးခြိမ်းသံ တစ်ခု ပေါက်ကွဲထွက်လာသည်။
"ဒါ ငါ့နယ်မြေကွ... မင်း ငါ့ကို သတ်နိုင်မယ်လို့ မယုံဘူး"
ပိုင်ယွီ အော်ဟစ်လိုက်သည်နှင့် သူ့ ခန္ဓာကိုယ်မှာ စတင် ကြီးထွားလာတော့သည်။ ဤသည်မှာ သူ နားလည် သဘောပေါက်ထားသော ရုပ်ပိုင်းဆိုင်ရာ အထူးစွမ်းရည်၏ အာနိသင်ပင်။ သူ့သွေးကြောများထဲတွင် သွေးများ ပြင်းထန်စွာ စီးဆင်းလာပြီး ခွန်အားများ တဟုန်ထိုး တိုးပွားလာ၏။
"သေစမ်း"
ပိုင်ယွီက ရှိသမျှ အားအကုန်သုံး၍ သူ့ဓားကို ခုတ်ချလိုက်သည်။
မထင်မှတ်စွာဖြင့် ကျန်းမင် ရှောင်တိမ်းခဲ့ခြင်း မရှိချေ။ ယင်းအစား သူက လက်မောင်းကို ဆန့်ထုတ်၍ ဓားသွားကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ထိပ်တိုက် တွေ့ဆုံမှု၏ စွမ်းအားက ပေါက်ကွဲထွက်သွားပြီး ရွှေရောင် သလင်းကျောက်ဓားမှာ လွင့်စင်သွားတော့သည်။
ပိုင်ယွီ အံ့အားသင့်သွားပြီး အနောက်သို့ လွင့်ထွက်သွား၏။ အောက်သို့ ငုံ့ကြည့်ရာ သူ့ အရေပြားများ ပေါက်ပြဲနေပြီး ကြွက်သားများ စုတ်ပြဲကာ အရိုးများပင် အက်ကွဲနေသည်ကို တွေ့လိုက်ရသည်။
ကျန်းမင်က ရှေ့သို့ တစ်လှမ်း တိုးပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် သူတို့ကြားရှိ အကွာအဝေးကို ကျော်ဖြတ်ကာ ပိုင်ယွီ၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။
သေမင်းတမန် ခေါင်းလောင်းသံပမာ ဝင်ရောက်လာသော လက်သီးနှင့်အတူ လေခွင်းသံကို ကြားလိုက်ရချိန်တွင် ပိုင်ယွီ မျက်နှာမှာ ဖြူရော်သွားတော့သည်။ သူက လက်သီးကို ကာကွယ်ရန် လက်နှစ်ဖက်အား ရင်ဘတ်ရှေ့တွင် အလျင်အမြန် ယှက်လိုက်၏။ ကံမကောင်းစွာဖြင့် အချည်းနှီးသာ။ လေထုထဲတွင် ပေါက်ကွဲသံ တစ်ခု ပဲ့တင်ထပ်သွားပြီး ကျန်းမင်က သူ့ လက်နှစ်ဖက်စလုံးကို ချိုးဖျက်ပစ်လိုက်လေပြီ။
"ပြာမှသည် ပြာသို့... မြေမှုန့်မှသည် မြေမှုန့်သို့... ဒါ မင်းရဲ့ နိဂုံးပဲ ပိုင်ယွီ"
လေထဲသို့ ခုန်တက်ရင်း ကျန်းမင် ရေရွတ်လိုက်သည်။ သူက အရှိန်ယူရန် လေထဲတွင် လည်ပတ်ပြီးနောက် ပိုင်ယွီကို ကန်ကျောက်လိုက်ရာ ပိုင်ယွီ၏ ခေါင်းမှာ ကြေမွသွားတော့သည်။
သွေးများ ပန်းထွက်လာပြီး လေထဲတွင် သွေးရောင် သက်တံ တစ်ခုအသွင် ဖန်တီးသွား၏။
ဤသို့ဖြင့် ပိုင်ယွီ တစ်ယောက် အသက်ပျောက်သွားခဲ့လေပြီ။
မြေပြင်ပေါ် ကျဆင်းပြီးနောက် ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းများကို ဆင့်ခေါ်လိုက်သည်။
ဝှစ်...
အမည် - ပိုင်ယွီ
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော်
ဆက်ဆံရေး - ဝ
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (ကောင်းကင် အရှင်သခင် ခန္ဓာကိုယ်)
အခြေအနေ - သေဆုံး
"နောက်ဆုံးတော့ သူ သေသွားပြီပဲ"
ကျန်းမင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွား၏။ တစ်ချိန်တည်းမှာပင် သူ့ချီစွမ်းအင် ချိပ်ပိတ်ထားသော စွမ်းအင်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
[ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံထဲသို့ ဆွဲခေါ်ခံရပြီးနောက် လူတိုင်း၏ ချီစွမ်းအင်များ ချိပ်ပိတ်ခံရမည် ဖြစ်သည်။ တစ်ဖက်လူ သေဆုံးသွားမှသာ မိမိ၏ ချီစွမ်းအင်များ ပြန်လည် ပွင့်ထွက်လာမည် ဖြစ်သည်]
ယခု ပိုင်ယွီ သေဆုံးသွားပြီ ဖြစ်ရာ ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံမှာ သခင်မဲ့ ဖြစ်သွားလေပြီ။ သို့သော် ကျန်းမင် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မီမှာပင် သူ့အား ဆွဲငင်နေသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ အပြင်သို့ မရောက်သွားခင် အပြာရောင် သလင်းကျောက်ဓား၊ ရွှေရောင် သလင်းကျောက်ဓားနှင့် ပိုင်ယွီ၏ ဟင်းလင်းပြင် လက်စွပ်တို့ကို အလျင်အမြန် ဆွဲယူလိုက်တော့သည်။
စစ်တုရင်ခုံ အတွင်းမှ အပြင်သို့ ရောက်ရှိပြီးနောက် ခေါင်းမော့လိုက်သည်နှင့် အေးစက်သော မျက်လုံး တစ်စုံကို ချက်ချင်း တွေ့လိုက်ရ၏။
အဘိုးအိုမှာ အနည်းငယ် လန့်ဖျပ်သွားပြီးနောက် ကျန်းမင် ပေါ်လာခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားချိန်တွင် သူ့ မျက်လုံးများက ဒေါသမီးတောက်များဖြင့် လောင်ကျွမ်းသွားတော့သည်။
အဘိုးအိုမှာ ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံ အပြင်ဘက်တွင် ပိုင်ယွီအား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အပြင်သို့ ထွက်လာသူမှာ ပိုင်ယွီ မဟုတ်ဘဲ သူစိမ်း တစ်ယောက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ လုံးဝ ဒေါသထွက်သွားလေပြီ။ သူ လက်ကို မြှောက်လိုက်ရာ ကျန်းမင် အပေါ်တွင် ဆေးမီးဖိုကြီး တစ်ခု ပေါ်လာ၏။
ဆေးမီးဖိုကြီးက ကျန်းမင် အပေါ်သို့ လျင်မြန်စွာ ကျဆင်းလာသည်။ ၎င်း စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် လေဟာနယ်ကိုပင် လှိုင်းဂယက်များ ထသွားစေတော့သည်။
ကြိုတင် မျှော်လင့်ထားသည့် အတိုင်း ကျန်းမင်က လက်ဝှေ့ယမ်းကာ ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးကို ဖန်ဆင်းလိုက်သည်။
တိုက်ခိုက်မှု နှစ်ခုစလုံးက ကြီးမားသော စွမ်းအားများကို သယ်ဆောင်ထား၏။ ၎င်းတို့ ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် လေဟာနယ်ပင် စုတ်ပြဲသွားတော့သည်။
ပြိုင်ဘက် နှစ်ယောက်စလုံးမှာ ထိပ်တိုက် တွေ့ဆုံမှု၏ စွမ်းအားကြောင့် အနောက်သို့ လွင့်စင်သွားကြသည်။
တိုက်ခိုက်မှု စွမ်းအားမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ပမာ ပြင်းထန်လှသည်။ ၎င်းက အရပ်မျက်နှာ အနှံ့ လွှမ်းခြုံသွားပြီး မြေပြင်များ ကွဲအက်ကာ တောင်တန်းများပင် ပြင်းထန်စွာ တုန်ခါသွားလေပြီ။
ပုန်းအောင်းနေသော ဇီလင်းလုံပင်လျှင် ရွေးချယ်စရာ မရှိတော့ဘဲ ထွက်ပေါ်လာကာ အဝေးသို့ ဆုတ်ခွာသွားရတော့သည်။
"ကောင်းကင်ကိုးလွှာ အင်ပါယာ လျှပ်စီး..."
ကျန်းမင် အော်ဟစ်လိုက်၏။ မီတာ ထောင်ပေါင်းများစွာ အနောက်သို့ လွင့်စင်သွားပြီးမှ သူ ခြေကုပ် ပြန်ယူနိုင်ခဲ့သည်။ တည်ငြိမ်မှု ပြန်ရသည်နှင့် သူက နောက်တစ်ကြိမ် ရှေ့သို့ ပြေးထွက်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့ အထူးစွမ်းရည်ကို အသုံးပြုသည်။
လျှပ်စီးတန်း တစ်ခုက အဘိုးအိုထံ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ဤအဘိုးအိုမှာ ပိုင်ယွီ၏ အကူအညီ ဖြစ်ရမည်ကို ကျန်းမင် သိထားသည်။ အဘိုးအိုက ပိုင်ယွီဘက်မှ ဖြစ်နေသဖြင့် သူ လုပ်စရာ တစ်ခုသာ ကျန်တော့သည်။ ထိုအရာက အဘိုးအိုအား သတ်ဖြတ်ရန်ပင်။
"သစ်သားနဂါး..."
ကျန်းမင်က အဘိုးအိုအား တိုက်ခိုက်ရန် အချိန်မပေးတော့ဘဲ အခြား အထူးစွမ်းရည် တစ်ခုကို ထပ်မံ အသုံးပြုလိုက်သည်။
အဘိုးအို လျှပ်စီးတန်းကို ကာကွယ်လိုက်ချိန်မှာပင် မျက်တောင်တစ်ခတ် အတွင်း သူ့ပတ်လည်၌ သစ်တောကြီး တစ်ခု ပေါက်ရောက်လာလေပြီ။ သစ်ကိုင်းများနှင့် နွယ်ပင်များက ထိုးထွက်လာပြီး လှံရှည်များ၊ လှံတိုများနှင့် နဂါးငယ်လေးများ အဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က အဘိုးအိုကို ဝန်းရံကာ မနားတမ်း တိုက်ခိုက်တော့သည်။
လူသားလမ်းစဉ် မှတ်တမ်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
အမည် - ကျန်းဖန်
ကျင့်ကြံခြင်း အဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - အနန္တ ဆေးလုံးစံအိမ်၏ အကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၉၈
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - သူတော်စင် သားတော်၏ အစောင့်အရှောက် အဖြစ် ခံယူပြီးနောက် သူ့ အလားအလာများကို ဖြုန်းတီးပစ်ခဲ့သည်။ သူက ယွင်ထျန်းခုန်း၏ ဂူသင်္ချိုင်းကို ရှာဖွေရန် ပိုင်ယွီနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ချိပ်ပိတ်ထားသော သုခဘုံ စွမ်းအင်ဓားကို ပိုင်ယွီ အသက်သွင်းလိုက်သည်အား အာရုံခံမိချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ရိပ်မိသွားသည်။ သူ ရောက်ရှိလာချိန်တွင် ချီစွမ်းအင် ချိပ်ပိတ် စစ်တုရင်ခုံမှာ အသက်ဝင်နေပြီ ဖြစ်သဖြင့် ပိုင်ယွီ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ပိုင်ယွီ သေဆုံးသွားကြောင်း သိလိုက်ရချိန်တွင် ဒေါသူပုန်ထကာ ကျန်းမင်အား စတင် တိုက်ခိုက်ခဲ့၏။
'ကနဦးဝိညာဉ် အဆင့် အစောင့်အရှောက်တဲ့လား...'
ကျန်းမင် မျက်ခမ်းများ တုန်လှုပ်သွားသည်။ အနန္တ ဆေးလုံးစံအိမ်က သူတို့၏ သူတော်စင် သားတော်ကို အမှန်တကယ် တန်ဖိုးထားပုံ ရသည်။ ပိုင်ယွီတွင် မူလဝိညာဉ် အဆင့် အစောင့်အရှောက် လေးယောက် ရှိရုံသာမက ကနဦးဝိညာဉ် အဆင့် အစောင့်အရှောက် တစ်ယောက်ပင် ရှိနေသေးသည် မဟုတ်ပါလား။
ကျန်းမင် စိတ်က မုလေ့ထံသို့ မတော်တဆ ရောက်သွားမိ၏။ ချင်းယွင်ဂိုဏ်း၏ ပင်မတပည့် တစ်ယောက် ဖြစ်သော်လည်း ပိုင်ယွီနှင့် နှိုင်းယှဉ်လျှင် သူ ရရှိသော အခွင့်အရေးများမှာ အလွန် ဆိုးရွားလှသည်။ သို့တိုင် ၎င်းမှာ သဘာဝကျကြောင်း သူ တွေးလိုက်မိသည်။ မုလေ့မှာ ရွှေအမြူတေ အဆင့်ရှိ ပင်မ တပည့် တစ်ယောက်သာ ဖြစ်ပြီး သူတော်စင် သားတော် တစ်ပါး မဟုတ်ပေ။
အတွေးတစ်ချက် ဝင်လာသည်နှင့် လှံရှည်ကြီး တစ်လက်က ကျန်းမင် လက်ထဲတွင် ပေါ်လာ၏။
"အလယ်အလတ်အဆင့် တာအို ရတနာ... အာဏာရှင် လှံရှည်..."
ဒိန်း...
ထိုအခိုက်အတန့်တွင် အရှေ့ဘက်ရှိ သစ်ပင်များမှာ မီးလောင်ကျွမ်းနေလေပြီ။
အဘိုးအိုက လေထဲတွင် ပေါ်လာပြီး ကျန်းမင်ကို စူးရဲစွာ ကြည့်လိုက်သည်။
"မင်း နာမည် ပြောစမ်း..."
ကျန်းမင်က မေးခွန်းကို ပြန်ဖြေရန် စိတ်မဝင်စားပေ။ သူက အာဏာရှင် လှံရှည်အား ဝှေ့ယမ်းကာ ကောင်းကင်ခွဲ ကျင့်စဉ်ကို အသုံးပြုသည်။ လှံရှည်ကြီးမှာ အလယ်အလတ်အဆင့် တာအို ရတနာ တစ်ပါး ဖြစ်သဖြင့် အပြာရောင် သလင်းကျောက်ဓားထက် များစွာ သာလွန်သည်။ ပြောနေစရာပင် မလို... အလယ်အလတ်အဆင့် တာအို ရတနာဖြင့် အသုံးပြုလိုက်သော ကောင်းကင်ခွဲ ကျင့်စဉ်၏ စွမ်းအားမှာ ယခုအခါ ပို၍ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
အဘိုးအိုက ဓားတစ်လက် ဆင့်ခေါ်ပြီး ကျန်းမင်၏ တိုက်ခိုက်မှုကို ဟန့်တားရန် ခုတ်ချလိုက်၏။
"ကောင်းကင်ခွဲ ကျင့်စဉ်၊ ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံး၊ ကောင်းကင်ကိုးလွှာ အင်ပါယာ လျှပ်စီး နဲ့ သစ်နဂါး... ဒါတွေ အကုန်လုံးက ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်စဉ်တွေပဲ... မင်း ဘယ်သူလဲ... အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်ကို မင်း ဘာလို့ သတ်ရတာလဲ..."
ကျန်းမင်က အဘိုးအိုအား ဆက်လက် လျစ်လျူရှုထားဆဲပင်။ သူက ရှိသမျှ ချီစွမ်းအင် အားလုံးကို လှံရှည်ကြီးထဲ ထည့်သွင်းပြီး အစွမ်းကုန် တိုက်ခိုက်တော့သည်။
သို့သော် အဘိုးအိုက သူ့ တိုက်ခိုက်မှု အားလုံးကို ကာကွယ်နိုင်ခဲ့သည်။
"မင်း မပြောဘူးပေါ့လေ... ကောင်းပြီလေ... ငါလည်း ဂရုမစိုက်ဘူး... မင်းက ငါတို့ အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်ကို သတ်ခဲ့မှတော့ ချင်းယွင်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်ရမှာပဲ"
အဘိုးအိုက လက်ဝှေ့ယမ်းလိုက်ရာ ကျန်းမင် ပတ်လည်တွင် ဆေးမီးဖို လေးခု ရုတ်တရက် ပေါ်လာ၏။
"ဆေးမီးဖိုတွေ... ငါ့အမိန့်ကို နာခံစမ်း..."
အဘိုးအိုက သူ့ တာအို ရတနာဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ကျန်းမင်က သူ့လှံရှည်ကြီးကို ရုတ်တရက် မြှောက်လိုက်သည်။
နတ်ဘုရား တောင်တန်းကြီး တစ်ခု ကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းမှာ ကြီးမားပြီး ခမ်းနားထည်ဝါလှ၏။ ထွက်ပေါ်လာသော အရှိန်အဝါမှာ ကျယ်ပြန့်ပြီး ကြီးမားလွန်းလှသဖြင့် ဆေးမီးဖို လေးခုလုံး ချက်ချင်း လွင့်စင်သွားပြီး လေဟာနယ် တစ်ခုလုံး ပြိုကျသွားတော့သည်။
End
***