အထူးစွမ်းရည်များမှာ အစွမ်းထက်လှသော်လည်း ချီစွမ်းအင် အများအပြားကို ကုန်ဆုံးစေသည်။ ထို့ကြောင့် အကြိမ်ကြိမ် ဆက်တိုက် အသုံးပြုရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ထိုအချက်က ကျန်းမင် အပေါ် သက်ရောက်မှု မရှိချေ။ သူ့တွင် ကြီးမားကျယ်ပြန့်သော ချီစွမ်းအင် ပမာဏ ရှိနေသည် မဟုတ်ပါလား။ ယခုအခါ မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။ ထို့ကြောင့် သူက အထူးစွမ်းရည်များကို တစ်ခုပြီးတစ်ခု အခက်အခဲမရှိ ဆက်တိုက် ထုတ်သုံးနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
သူ့ လက်နက်တိုက် အတွင်း အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး အထူးစွမ်းရည်မှာ မဟာ အာကာပြင် သဏ္ဌာန်မဲ့ ဓားချီပင်။ သို့သော် ထိုစွမ်းရည်ကို အခြေခံအဆင့်မျှသာ နားလည် သဘောပေါက်ထားသေး၏။ အခြား တိုက်ခိုက်ရေး အထူးစွမ်းရည် တစ်ခုမှာ နတ်ဘုရားတောင်ကိုးလုံး ရတနာ ဖြစ်သည်။ ဤစွမ်းရည်က လောကပြင်ပမှ နတ်ဘုရားတောင်ကိုးလုံးအား ဆင့်ခေါ်နိုင်ပြီး ကြောက်မက်ဖွယ် ကောင်းသော ဖိနှိပ်ခြင်း အရှိန်အဝါ ထုတ်လွှတ်ပေးနိုင်သည်။
အနက်ရောင် တောင်ကြီးကို အလင်းကွင်း ကိုးကွင်းက ရစ်ပတ်ထားပြီး အဘိုးအို၏ ဆေးမီးဖို လေးခုကို လွင့်စင်သွားစေကာ တစ်ချိန်တည်းမှာပင် အဘိုးအိုအား ဖိနှိပ်ထားလိုက်တော့သည်။
"ဒါ ဘယ်လို အထူးစွမ်းရည်လဲ... အရမ်း အစွမ်းထက်တာပဲ"
အဘိုးအိုက မျက်လုံးများ ပြူးကျယ်လျက် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်၏။ သံချပ်ကာ ဝတ်ဆင်ထားသည့်တိုင် တောင်ကြီး၏ ဖိအားမှာ လျော့ကျသွားခြင်း မရှိပေ။ လေထုမှာ ခဲသွားသကဲ့သို့ ဖြစ်နေပြီး အသက်ရှူရပင် ခက်ခဲလာသည်။ ထို့အပြင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုက သူ့အပေါ်သို့... သူ့ အသိစိတ်ပင်လယ် အပေါ်သို့ ဖိချနေသကဲ့သို့ ခံစားနေရသည်။
"ကောင်းကင် ခြောက်လွှာ အမြောက်"
အဘိုးအို လက်ခုပ်တီးလိုက်ရာ စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျဆင်းလာသော နတ်ဘုရားတောင်ဆီ အလင်းတန်းများ အဆက်မပြတ် ပစ်လွှတ်လိုက်တော့သည်။
အလင်းတန်းများက လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်သွားပြီး ပစ်မှတ်ပေါ် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကျရောက်သွား၏။ ထိုစွမ်းအားမှာ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်သော်လည်း နတ်ဘုရားတောင်ကိုမူ မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ပေ။
ဒိန်း...
နတ်ဘုရားတောင်ကြီးက အဘိုးအိုဆီသို့ အတားအဆီးမဲ့ ဆက်လက် ကျဆင်းလာရာ အဘိုးအိုမှာ မြေပြင်ပေါ်သို့ ဆင်းသက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့။ သူက ဆေးမီးဖိုများကို သူ့ဘေးသို့ ပြန်လာရန် အလျင်အမြန် ထိန်းချုပ်လိုက်ရသည်။
ဆေးမီးဖိုများက စတင် လည်ပတ်လာပြီး သူ့အား စွမ်းအားများ ထောက်ပံ့ပေးနေသကဲ့သို့ တောက်ပလာကာ ဖိနှိပ်ထားသော စွမ်းအားကို ခေတ္တမျှ ကြံ့ကြံ့ခံနိုင်အောင် ကူညီပေးထား၏။
အဘိုးအိုက အော်ဟစ်လိုက်သည်။
"ပေါင်းစပ်စမ်း... ကောင်းကင် ကိုးလွှာ အမြောက်... ငါ့အတွက် လမ်းဖွင့်ပေးစမ်း"
ဤတစ်ကြိမ် တိုက်ခိုက်မှုက နတ်ဘုရားတောင်ကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း အဘိုးအို၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားတော့သည်။ ဤတိုက်ခိုက်မှုက သူ့ ချီစွမ်းအင် အများအပြားကို ကုန်ဆုံးသွားစေခဲ့သည် မဟုတ်ပါလား။
"ကောင်းကင်ကိုးလွှာ အင်ပါယာ လျှပ်စီး"
ကျန်းမင်က အဘိုးအိုအား တစ်ခဏလေးပင် အသက်ရှူချောင်ခွင့် မပေးရန် ဆုံးဖြတ်ထားသည်။ သူက လက်ဝှေ့ယမ်းကာ လျှပ်စီးတန်းများ ဆင့်ခေါ်ပြီး အဘိုးအိုအား နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။
လျှပ်စီးတန်းများ၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် အဘိုးအိုကိုပင် အကြောက်တရား ဝင်သွားစေခဲ့သည်။ သူက ခြေကို မြေကြီးပေါ် ခိုင်မြဲစွာ နင်းထားပြီး ဆေးမီးဖိုများကို သူ့ပတ်လည်တွင် လည်ပတ်စေကာ လျှပ်စီးတန်းများ၏ ရိုက်ခတ်မှုမှ ကာကွယ်လိုက်ရ၏။
"ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံး"
ကောင်းကင်ယံတွင် လျှပ်စီးများ တလက်လက် တောက်ပနေစဉ် ကျန်းမင်က ရှေ့သို့ တစ်လှမ်း တိုးလာပြီး အာဏာရှင် လှံရှည်ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ကို မြှောက်ကာ လက်ဝါးကို အပေါ်သို့ လှန်လိုက်ရာ လေဟာနယ်ထဲမှ ဂါထာမန္တန် စာလုံးများ ထွက်ပေါ်လာ၏။ စာလုံးများက လည်ပတ်သွားပြီး နတ်ဘုရား တံဆိပ်တုံး တစ်ခုအဖြစ် ပုံပေါ်လာကာ အဘိုးအိုဆီသို့ ပြေးဝင်သွားတော့သည်။
ကျန်းမင်က သူ့ အထူးစွမ်းရည်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေသည်။ သူ့ပတ်လည်တွင် တလက်လက် တောက်ပနေသော လျှပ်စီးတန်းများကြောင့် သူ့ ပုံစံမှာ လူ့လောကသို့ ဆင်းသက်လာသော မိုးကြိုးနတ်ဘုရား တစ်ပါးနှင့်ပင် တူနေလေပြီ။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာလည်း တုန်ခါ ပြိုကျကုန်၏။ ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ပွဲ နောက်ကွယ်တွင် ကြီးမားသော ပျက်စီးယိုယွင်းမှုများသာ ကျန်ရစ်ခဲ့သည်။ အခြေအနေက ဤအဆင့်ထိ ရောက်လာပြီ ဖြစ်ရာ ယခုအချိန်တွင် သူတို့ ဖန်တီးလိုက်သော ပျက်စီးဆုံးရှုံးမှုများကို မည်သူကမျှ ဂရုမစိုက်နိုင်တော့ပေ။
"မင်းက ကနဦးဝိညာဉ် အဆင့် မဟုတ်ဘူးမလား... ငါတို့ တိုက်ပွဲ စကတည်းက မင်းဆီကနေ ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအင် လှုပ်ခတ်မှုမျိုး မခံစားရဘူး... မင်းဆီမှာ ဘယ်လိုလုပ် ဒီလောက်များတဲ့ ချီစွမ်းအင်တွေ ရှိနေရတာလဲ"
အဘိုးအိုက မေးလိုက်၏။ အံ့ဩတုန်လှုပ်နေသော်လည်း သူက တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲပင်။ မည်သို့ပင်ဆိုစေ သူက အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး မဟုတ်ပါလား။
ထိုအချိန်တွင် သူ့ လက်ကို မြှောက်လိုက်ရာ နတ်ဘုရားဓား တစ်လက် ပေါ်လာ၏။ အပေါ်သို့ ပင့်ခုတ်လိုက်သော ဓားချက် တစ်ချက်ဖြင့် နတ်ဘုရား တံဆိပ်တုံးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ သို့တိုင် ပေါက်ကွဲသွားသော စွမ်းအားကြောင့် သူ အနောက်သို့ လွင့်စင်သွားရသေး၏။
အဘိုးအိုမှာ ပြင်းထန်စွာ မောဟိုက်နေလေပြီ။ ဆေးမီးဖိုများကို ထိန်းသိမ်းခြင်းနှင့် အလယ်အလတ် အဆင့် နတ်ဘုရားဓားကို ဆင့်ခေါ်ခြင်းတို့ကြောင့် သူ့ ချီစွမ်းအင် အများအပြား ကုန်ဆုံးသွားခဲ့ရသည်။
"ငါက ကနဦးဝိညာဉ် အဆင့် မဟုတ်လို့ မင်းကို မသတ်နိုင်ဘူး ထင်နေတာလား"
ကျန်းမင်က လှောင်ပြောင်လိုက်သည်။
"မင်းကို တစ်ခု ပြောပြမယ်... ငါက အကြို အင်မော်တယ်ပဲ... ငါက တားမြစ်နယ်မြေမှာ ကျင့်ကြံနေခဲ့တာ... ဒါပေမဲ့ တရားထိုင်ရာကနေ ထွက်လာတာနဲ့ အလယ်ပိုင်းဒေသက သူတော်စင် သားတော် တစ်ယောက် ဒီမှာ လာပြီး ရမ်းကားနေတာကို တွေ့လိုက်ရတယ်... မင်းတို့က ငါတို့ကို အနိုင်ကျင့်လို့ ရတယ် ထင်နေတာလား... မင်းတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်မယ် ထင်နေတာလား... ဒီအတွက် မင်း အသက်ပေးရလိမ့်မယ်"
ကျန်းမင်က နတ်ဘုရားတောင်ကိုးလုံး ရတနာကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်ပြန်သည်။
နတ်ဘုရား ရတနာ ထွက်ပေါ်လာချိန်တွင် ကြီးမားသော စွမ်းအားက အဘိုးအို၏ ဆေးမီးဖိုကို နောက်တစ်ကြိမ် လွင့်စင်သွားစေသည်။
"အကြို အင်မော်တယ်... ချီးကို အကြို အင်မော်တယ်လား... သေရမှာက မင်းပဲ"
ကျန်းမင်က သူတော်စင် သားတော် အကြောင်း ထည့်ပြောလိုက်သောအခါ အဘိုးအိုမှာ ပို၍ ဒေါသထွက်သွား၏။ သူ့ မျက်လုံးများ ဒေါသမီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မဟာ ကောင်းကင်ခွဲ ဓားသိုင်း..."
အဘိုးအိုက အပေါ်သို့ ပင့်ခုတ်ရာ ဓားချက် တစ်ချက်တည်းဖြင့် နတ်ဘုရားတောင်ကို ဖျက်ဆီးပစ်လိုက်သည်။
ကျန်းမင်က အဘိုးအို၏ ဓားကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
'အနန္တ ဆေးလုံးစံအိမ်က ကျွမ်းကျင်သူ ပီသတာပဲ... သူ့လက်နက်တိုက်ထဲမှာ တန်ဖိုးကြီး လက်နက်တွေ အများကြီး ရှိနေတာ...'
အကယ်၍ အဘိုးအိုသာ သာမန် ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့လျှင် ကျန်းမင်က သူ့ကို အချိန်အတော်ကြာ ကတည်းက သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကံမကောင်းစွာဖြင့် အဘိုးအိုမှာ အားနည်းသော ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်ချေ။ ထို့အပြင် သူက လက်နက် သွန်းလုပ်ခြင်း ပညာရပ်ဖြင့် နာမည်ကြီးသော အနန္တ ဆေးလုံးစံအိမ် ဟူသည့် တော်ဝင်မြေမှ လာသူ ဖြစ်သည်။ သူတို့မှာ ချမ်းသာကြွယ်ဝရုံ သာမက လက်နက်များနှင့် မှော်ရတနာများစွာကိုလည်း ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
ဘုန်း...
ကျန်းမင် အတွေးလွန်နေချိန်တွင် နတ်ဘုရားတောင် ပြိုကျသွားပြီး ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ သူက လမ်းဖယ် မရှောင်တိမ်းခဲ့ပေ။ ယင်းအစား အပြာရောင် သလင်းကျောက်ဓားကို ထုတ်ယူလိုက်၏။
"မဟာ အာကာပြင် သဏ္ဌာန်မဲ့ ဓားချီ..."
ကျန်းမင်က အဘိုးအို အပေါ်သို့ ဓားဖြင့် ခုတ်ချလိုက်သည်။
အဘိုးအိုကလည်း တိုက်ခိုက်မှုကို ဓားဖြင့် ပြန်လည် ခုခံ၏။
ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံချိန်တွင် လေထုထဲ၌ ပေါက်ကွဲသံကြီး တစ်ခု ပဲ့တင်ထပ်သွားပြီး အဘိုးအိုမှာ အဝေးသို့ လွင့်စင်သွားတော့သည်။
"သူက ဘာလို့ သတ်ရခက်နေတာလဲ..."
ကျန်းမင်က ညည်းညူရင်း အဘိုးအိုထံ အရိပ်မဲ့အပ် သုံးချောင်း ပစ်လွှတ်သည်။
အရိပ်မဲ့ အပ်များမှာ အဆင့်မြင့် မှော်ရတနာ တစ်ခုနှင့် ညီမျှသည်။ ၎င်းတို့က ခြေကုပ် ပြန်မရသေးသော အဘိုးအိုထံ မြားများသဖွယ် ပြေးဝင်သွားကြ၏။ ပစ်မှတ်မှာ သူ့ နဖူးနှင့် နားရွက်များပင်။
ဝှစ်...
ထိုအရေးကြီးသော အချိန်လေးတွင် အဘိုးအို၏ ပတ်လည်၌ ဆေးမီးဖို လေးခု ပေါ်လာပြီး အရိပ်မဲ့အပ် သုံးချောင်းကို လမ်းကြောင်းလွှဲ ဖယ်ရှားပေးလိုက်သည်။ သို့သော် တားမြစ်လက်နက်များ ဖြစ်သည့် အပ်များ၏ သဘာဝအရ ဆေးမီးဖိုများနှင့် ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲထွက်သွားပြီး ထိပ်တန်းအဆင့် ဆေးမီးဖို လေးခုကို နောက်တစ်ကြိမ် လွင့်စင်သွားစေပြန်သည်။
အဘိုးအိုမှာ ရိုက်ခတ်မှုကြောင့် ဒဏ်ရာရသွားပြီး သွေးတစ်ပွက် အန်ချလိုက်ရတော့သည်။
"သေစမ်း..."
ကျန်းမင်က အော်ဟစ်ရင်း ရှေ့သို့ ပြေးထွက်သွား၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အဘိုးအို၏ အရှေ့သို့ ရောက်လာလေပြီ။ အာဏာရှင် လှံရှည်မှာ သူ့ လက်ထဲသို့ နောက်တစ်ကြိမ် ရောက်ရှိနေသည်။ သူက လှံရှည်ကြီးကို ခေါင်းပေါ်သို့ မြှောက်ကာ သူ့ မာနနှင့် ခွန်အား အားလုံးကို လက်ထဲသို့ စုစည်း ထည့်သွင်း၏။ ထို့နောက် သူ့ အံ့မခန်း ခွန်အားကို ပိုကြီးထွားလာစေရန် အစွမ်းကုန် ခုတ်ချလိုက်တော့သည်။
လှံရှည်ကြီး ကျဆင်းလာချိန်တွင် လေဟာနယ်ထဲ၌ လှိုင်းဂယက်များ ထသွားစေသည်။
အဘိုးအို၏ မျက်နှာမှာ ဖြူရော်သွားပြီး အဆင့်နိမ့် တာအို ကာကွယ်ရေး ရတနာ ဖြစ်သော ဒိုင်းလွှား တစ်ခုကို အလျင်အမြန် ဆင့်ခေါ်လိုက်ရ၏။ ကံမကောင်းစွာဖြင့် ဒိုင်းလွှား ပေါ်လာသည်နှင့် တပြိုင်နက် လှံရှည်ကြီး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
"သေစမ်း... သေစမ်း... သေစမ်း..."
ကျန်းမင်က လှံရှည်ကြီးကို အစွမ်းကုန် ဝှေ့ယမ်းနေသည်။ ဒိုင်းလွှားကို ဖျက်ဆီးပြီးနောက် အဘိုးအိုအား နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ရာ အဘိုးအို၏ တာအိုဓားကိုပါ ဖျက်ဆီးပစ်ပြီး အဝေးသို့ လွင့်စင်သွားစေတော့သည်။
ဤတိုက်ခိုက်မှုက အဘိုးအို၏ ကာကွယ်ရေး သံချပ်ကာကို ချေမွသွားစေပြီး ခန္ဓာကိုယ်ကိုပါ ထိုးဖောက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေလေပြီ။
အဘိုးအို ပြုတ်ကျသွားချိန်တွင် မြေပြင်ပေါ်၌ ဧရာမ တွင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ အဘိုးအိုက တွင်းအောက်ခြေတွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေရင်း ညကောင်းကင်ယံကိုသာ စိုက်ကြည့်နေမိ၏။ သူ့ ဘယ်ဘက် လက်မောင်း ဆုံးရှုံးသွားပြီး မျက်နှာ တစ်ဝက်မှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေပြီ ဖြစ်သည်။
ကျန်းမင် စတုတ္ထအကြိမ် တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အဘိုးအို၏ နဖူးပေါ်၌ အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။ ထို့နောက် အဘိုးအို၏ ပုံစံတူ အရွယ်အစားသေး ရုပ်လုံးလေး တစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက အဘိုးအို၏ မူလဝိညာဉ်ပင်။ ယခုအချိန်တွင် ၎င်း၏ မျက်နှာထားမှာ ဒေါသကြောင့် ပုံပျက်နေလေပြီ။
"မီးလျှံ မူလဝိညာဉ်... အသွင်ပြောင်းစမ်း... ဓားတစ်လက် အဖြစ် ပြောင်းလဲပြီး ငါ့ရှေ့က ကောင်ကို သတ်စမ်း..."
ပုံရိပ်ငယ်လေးက ပါးစပ်ဟကာ မီးတောက် တစ်ခု မှုတ်ထုတ်လိုက်ရာ ထိုမီးတောက်မှာ ဓားတစ်လက် အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပုံရိပ်ငယ်လေးက အဘိုးအို၏ နဖူးထဲသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
မီးလျှံဓားက အံ့မခန်း အမြန်နှုန်းဖြင့် ကျန်းမင်ထံ ပြေးဝင်လာသည်။
ကျန်းမင်က အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ချေ။ ဓား ကျရောက်လာချိန်တွင် သူ့ အသိစိတ်ပင်လယ် တုန်ခါသွားသည်ကို ခံစားလိုက်ရသော်လည်း ပြိုကျသွားခြင်း မရှိပေ။
ထို့နောက် ၎င်းက မီးလျှံဓားကို အနောက်သို့ ပြန်လည် လွင့်စင်သွားစေပြီး ကျန်းမင်က လျှပ်စီးတန်း တစ်ခု ဆင့်ခေါ်ကာ ဖျက်ဆီးပစ်လိုက်သည်။
"မဖြစ်နိုင်ဘူး... မင်းရဲ့ အသိစိတ်ပင်လယ်ကိုတောင် မဖောက်ထွင်းနိုင်ဘူးလား..."
အဘိုးအိုက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"မင်းက တကယ်ပဲ အနိမ အဆင့် ကျင့်ကြံသူ ဒါမှမဟုတ် ကောင်းကင်ဘုံကို တက်လှမ်းခါနီး ကျင့်ကြံသူ တစ်ယောက်ရဲ့ ကောင်းချီးပေးခံထားရတဲ့ အကြို အင်မော်တယ်လား... စောနက တိုက်ခိုက်မှုက တားမြစ် ဂါထာမန္တန် တစ်ခုလေ... သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် ဒဏ်ရာရစေနိုင်တဲ့ အရာကွ... မင်းက ဘယ်လိုလုပ် အထိအခိုက်မရှိ လွတ်မြောက်သွားရတာလဲ... အဲ့ဒါသာ ငါ့ကို ထိခဲ့ရင် နာလန်ထဖို့ အနည်းဆုံး ရာစုနှစ် တစ်ခုလောက် အချိန်ယူရမှာ... ဒါ... ဒါက... မတရားဘူးကွ"
ကျန်းမင်က အဘိုးအိုအား လျစ်လျူရှုကာ အဘိုးအို၏ ခေါင်းကို လက်ဖြင့် ရိုက်ချလိုက်တော့သည်။
ထို့နောက် ပုံရိပ်ငယ်လေး တစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ ပျံသန်း ထွက်ပြေးရန် ကြိုးစားလေသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ကျန်းမင် လှောင်ပြုံး ပြုံးလိုက်၏။
မဟာ အာကာပြင် သဏ္ဌာန်မဲ့ ဓားချီကို နောက်တစ်ကြိမ် အသုံးပြုရန် ပြင်လိုက်ချိန်မှာပင် ဓားတစ်လက်က ပုံရိပ်ငယ်လေးကို ထိုးဖောက်သွားပြီး လေဟာနယ်ထဲတွင် အက်ကွဲကြောင်း တစ်ခု ချန်ထားရစ်ခဲ့သည်။
ကျန်းမင် မှင်တက်သွား၏။ သူ သတိပြန်ဝင်လာချိန်တွင် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတုန်လှုပ်သွားတော့သည်။
"သူက လေဟာနယ်ထဲမှာ အက်ကွဲကြောင်း တစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့တာလား... လေဟာနယ်ရဲ့ လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် လေဟာနယ် ရွေ့လျားခြင်း ကျင့်စဉ်တွေကို နားလည် သဘောပေါက်မှသာ ဒါမျိုးက ဖြစ်နိုင်တာလေ..."
End
***