"မင်း... မင်းက ဒုက္ခိတဖြစ်နေတာ မဟုတ်ဘူးပဲ”
သူ့လည်ချောင်းဝမှ ထိုစကားလုံးများက မထိန်းနိုင်မသိမ်းနိုင် အတင်းတိုးထွက်လာသည်။
တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့က မျက်ဝန်းတွင် အတိုင်းသားပင်
ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုကလည်း ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။
ကောင်းကင်အင်ပါယာ တစ်ခွင်တွင် ကောလာဟလများက ပျံ့နှံ့နေခဲ့ပြီးသားဖြစ်သည်။
သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရသော်လည်း ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်
ခြင်းနယ်ပယ်ကျင့်ကြံသူ မိစ္ဆာများကို မြက်ပင်ရိတ်သလို သတ်ဖြတ်ခဲ့သည်ဟူသော ပုံပြင်များက အလျှံပယ်ရှိနေချေသည်။
လူပြောသူပြောများလွန်းသဖြင့် လုံးဝအလိမ်အညာဟု မယူဆသော်လည်း ချဲ့ကားပြောဆိုချက်များဟုသာ သူမှတ်ယူခဲ့သည်။
ကိုယ်တိုင်မြင်ခဲ့ရသူတစ်ဦးထံမှပင် သူကြားခဲ့ဖူးသေးသည်။
သို့သော်လည်း ပိုင်ကျီဟန်အနေဖြင့် တိုက်ခိုက်ရာတွင် အတော်လေးရုန်းကန်ခဲ့ရမည်ဖြစ်ပြီး အခြားသူများ၏ အကူအညီလည်း ပါလိမ့်မည်ဟုသာ သူထင်ထားခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ သူ၏ ဗလာသန့်စင်ခြင်းနယ်ပယ် နောက်လိုက်သုံးယောက်သည်
တစ်ခဏချင်း ပျောက်ကွယ်သွားချေပြီ။
သူ့အသက်ရှူသံများ စက္ကန့်ပိုင်းမျှ ပြင်းထန်သွားသည်။
ကောလာဟလသာ အမှန်ဆိုပါက ပိုင်ကျီဟန်သည် ယခု အချိန်တွင်ဒုက္ခိတဖြစ်နေတာကြောင့် ထိုအလုပ်က လွယ်ကူလိမ့်မည်ဟု သူတွေးခဲ့မိ၏
ထို့နောက်
သူ့ကိုယ်သူ အတင်းပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ချေသည်။
သူက တစ်ယောက်တည်းမဟုတ်ပေ
သင်္ဘောသုံးစင်းရှိ၏
နောက်လိုက်ရာချီရှိပေသည်။
သူကိုယ်တိုင်ကလည်း မဟာကောင်းကင်ဘုံတက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်
ပိုင်ကျီဟန်က ဒုက္ခိတမဟုတ်ဘူးဆိုရင်တောင်
ဘာဖြစ်လဲ။
သူသတ်ခဲ့သည့် မဟာကောင်းကင်ဘုံတက်ခြင်းမိစ္ဆာ ကျင့်ကြံသူများက အားနည်းနေတာလည်း ဖြစ်နိုင်၏
ထို့အပြင် ၎င်းနေရာတွင် သူသာရှိနေရင် သူလည်း သတ်နိုင်မည်ဟု ယုံကြည်နေသည်။
"တိုက်ကြစမ်း”
သူ့အသံက စစ်မြေပြင်တစ်ခုလုံး ဟိန်းထွက်သွားသည်။
"သူ့ကိုသတ်ကြ”
ကောင်းကင်ဓားပြများ ခဏတာ တုံ့ဆိုင်းသွားကြ၏
သို့သော်လည်း ချက်ချင်းပင် စိုးရိမ်စိတ်ကို ဖိနှိပ်ကာ တပြိုင်နက်တည်း ဟိန်းဟောက်
လိုက်ကြသည်။
လူရိပ်များ ရှေ့သို့ တိုးဝင်လာပြန်သည်။
သင်္ဘောသုံးစင်းလုံး တပြိုင်နက် နေရာယူလိုက်ကြပြီး သူတို့၏ ဝိညာဉ်အမြောက်များကို အသင့်ပြင်လိုက်ကြသည်။
ပိုင်ကျီဟန်က တိုက်ချင်သည်ဆိုလျှင်လည်း
သူ့ကို လူအင်အားဖြင့် ဖိသိပ်ချေမှုန်းပစ်မည်။
အောက်ဘက်တွင်မူ
ပိုင်ကျီဟန်က မလှုပ်မယှက်ပင်
သူက အပေါ်သို့ အေးအေးလူလူ မော့ကြည့်နေရုံသာ။
ကောင်းကင်ဓားဂိုဏ်းတုန်းသည် ဟန်ရှကို ထိန်းချုပ်ခဲ့သလိုမျိုး ထိုကောင်းကင်ဓားပြတွေကိုပါ ထိန်းချုပ်နိုင်မလားဟု သူစမ်းကြည့်နေသည်။
သို့သော်လည်း ဓားပြတွေထဲ၌ ထိုအတတ်ကို လေ့ကျင့်ထားသူ တစ်ယောက်မှ မရှိပုံရချေ။
(တောက်..နှမြောစရာပဲ)
မဟုတ်လျှင် သူတို့ကို ချက်ချင်းလက်နက်ချခိုင်းပြီး အရေးကြီးသည့် သတင်းအချက်အလက်များကို ခုခံမှုမရှိဘဲ ရယူနိုင်
မည်ဖြစ်သည်။
ရှေ့သို့ တိုးဝင်လာသော ဓားပြများ
ပေအနည်းငယ်မျှသာ ရောက်သေးချိန်တွင်
"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက် “
ရွှမ်
ထိုဓားချက်ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက် ကောင်းကင်ကြီးကိုယ်တိုင် နှစ်ခြမ်းကွဲသွားသလို ထင်ရသည်။
ရှေ့သို့ ပြေးဝင်လာသော ကောင်းကင်ဓားပြများသည် လေထဲတွင်ပင် တောင့်ခဲသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်များက ထိုဓားအလင်းတန်းမျဉ်းကို ဖြတ်ကျော်မိသွားပြီး
သီးခြားစီ ပြတ်တောက်သွားတော့သည်။
သွေးမထွက်ပေ။
အော်သံမထွက်ချေ။
ဘာဖြစ်သွားသည်ကို သူတို့၏ အသိစိတ်ကပင် မသိလိုက်ရလောက်အောင်ကို သန့်ရှင်းစင်ကြယ်စွာ ပိုင်းဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
ဓားအရှိန်က ပထမဆုံး ကောင်းကင်သင်္ဘောဆီသို့ ဆက်လက်ဦးတည်သွားသည်။
သင်္ဘော၏ ခံစစ်အခင်းအကျင်းသည်အလိုအလျောက် ပွင့်လာပြီး အလွှာပေါင်းများစွာ တရစပ် ကာကွယ်လိုက်သော်လည်း
နေရောင်အောက်က မြူနှင်းများလို ချက်ချင်းပင် ကြေမွသွားသည်။
သင်္ဘောကိုယ်ထည်ကြီးကလည်း
နှစ်ခြမ်းကွဲသွားချေပြီ။
ဒုတိယသင်္ဘောက ခုခံရန် ကြိုးစားသော်လည်း
အားနည်းလွန်းလှသည်
ဓားချက်က ဖြတ်သန်းသွားသည်။
တတိယမြောက် ပျံသန်းရေးသင်္ဘောသည်လည်း ထိုကံကြမ္မာနှင့်ပင် ရင်ဆိုင်လိုက်ရလေသည်။
ကောင်းကင်ထက်ဝယ် ပျံသန်းရေးသင်္ဘော သုံးစင်းစလုံး လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေကြသည်။
ထို့နောက် တဖြည်းဖြည်းချင်း အပိုင်းပိုင်းပြတ်တောက်သွား တော့သည်။
ဟိန်းဟောက်သော ပေါက်ကွဲသံများ မရှိခဲ့ပေ။
ကြောက်မက်ဖွယ် ပြိုလဲပျက်စီးမှုများလည်း မရှိခဲ့။
တိခနဲ ဖြတ်တောက်ခံလိုက်ရသော တည်ရှိမှုသက်သက်သာ ဖြစ်သည်။
သင်္ဘောပျက်စီးသောအစအနများသည် တိမ်တိုက်များထဲသို့ အရည်ပျော်ကျရင်း အောက်ဘက်သို့ လွင့်စင်သွားကြသည်။
ကောင်းကင်ဓားပြများ
ပျောက်ကွယ်သွားချေပြီ
၎င်းတို့၏ သင်္ဘောများနှင့်အတူ အစအနမကျန် ဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။
ငြိမ်သက်ခြင်းက စိုးမိုးသွားသည်။
လေတိုးသံမှတစ်ပါး အခြားမရှိတော့ပေ။
အထက်ကောင်းကင်တွင်
ကောင်းကင်ဓားပြခေါင်းဆောင်သည် တစ်ကိုယ်တည်း ရပ်တန့်နေ၏။
သူ၏မျက်နှာသည် ဖြူလျော့နေ၏
သူ၏ အရှိန်အဝါ မှာလည်း ပထမဆုံးအကြိမ်အဖြစ် ထိန်းချုပ်မရအောင် တုန်လှုပ်နေသည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ပျံသန်းရေးသင်္ဘော သုံးစင်း။
ရာနှင့်ချီသော ကျင့်ကြံသူများ။
အားလုံး ပျက်စီးသွားချေပြီ။
ဓားတစ်ချက်တည်းနှင့်။
"ဒါ... ဒါက..."
သူ၏အသံသည် လည်ချောင်းထဲတွင် တစ်ဆို့နေသည်။
မည်မျှပင် ငြင်းပယ်ချင်ပါစေ၊
မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်ကို ငြင်းဆန်၍မရနိုင်တော့ပေ။
ကောလာဟလများမှာ အနည်းငယ်မျှပင် ချဲ့ကားထားခြင်း မရှိခဲ့ချေ။
ယခု သူ ပိုင်ကျီဟန်ထံမှ အတိုင်းသား ခံစားနေရသော အရှိန်အဝါသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်မဟုတ်တော့ပေ။
၎င်းမှာ
ဗလာသန့်စင်ခြင်းနယ်ပယ် ဖြစ်ချေ၏
ဓားပြခေါင်းဆောင်၏ သူငယ်အိမ်များ တုန်
ရင်သွားသည်။
သူသည် ဤစစ်ဆင်ရေးမတိုင်မီက သတင်းအချက်အလက်များ စုဆောင်းခဲ့သည်။ သတင်းတိုင်းတွင် ပိုင်ကျီဟန်သည် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်နေသူဟုသာ ဖော်ပြထားသည်။
အကောင်းဆုံးအခြေအနေတွင်ပင် ယခင်က ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သာ ရှိခဲ့သူဖြစ်သည်။
သို့သော် ယခုမူ
ဤသည်မှာ ဗလာသန့်စင်ခြင်းနယ်ပယ်ပင်။
အောက်ဘက်တွင်
ပိုင်ကျီဟန်က ခေါင်းကို အသာအယာ စောင်းလိုက်သည်။
"အိုးဟိုး”
သူ့အစွမ်းကို ထုတ်ပြလိုက်သည်နှင့် ယွင်မိုခို ကောင်းကင်ဓားပြခေါင်းဆောင်သည် ချက်ချင်း ထွက်ပြေးလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်
ထိုသူမှာ ကျန်ရှိနေဆဲသာ။
သူ နောက်မဆုတ်ခဲ့ပေ။
သူ၏ တပ်ဖွဲ့နှင့် လက်အောက်ငယ်သားများ ပျက်စီးသွားသည့်အတွက်လည်း ဒေါသထွက်နေပုံမရပေ။
ကြောက်ရွံ့တုန်လှုပ်နေပုံလည်း မပေါ်ပေ။
ဖြစ်နိုင်သည်မှာ
သူသည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်ပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကို ဆုပ်ကိုင်ထားဆဲ ဖြစ်နိုင်သည်။
သို့မဟုတ် ပိုင်ကျီဟန်ကို သူ အနိုင်ယူနိုင်သေးသည်ဟု ယုံကြည်နေဆဲ ဖြစ်ကောင်းဖြစ်မည်။
သို့မဟုတ်ပါကလည်း လက်တွေ့ဘဝကို လက်ခံရန် ငြင်းဆန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ
ဤသည်မှာ ပို၍ကောင်းပါသည်။
ပိုင်ကျီဟန်သည် ကောင်းကင်ထက်၌ သားကောင်ကို လိုက်လံအမဲလိုက်ရခြင်းအား အထူးတလည် နှစ်သက်သူမဟုတ်ပေ။
"မပြေးဘူးပေါ့?"
သူ၏နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားသည်။
"မင်းရဲ့ သတ္တိကိုတော့ ငါ ချီးကျူးရမှာပဲ။"
သူ၏လေသံသည် ငြင်းဆန်၍မရသော မာန်မာနများ ပါဝင်နေသည်။ ကောင်းကင်ဓားပြခေါင်းဆောင်သည် သူ့ကို အတန်ကြာ စိုက်ကြည့်နေသည်။
သူက ရယ်မောလိုက်သည်။
ပထမတွင် တိုးတိုးလေးဖြစ်သော်လည်း
နောက်ပိုင်းတွင် ကျယ်လောင်လာသည်။
"ဟားဟားဟား... ဒါက အမှန်ပဲပေါ့။ မင်းက အရမ်းမာနကြီးတယ်လို့ သူတို့ ပြောခဲ့ကြတာ။"
သူ၏ အကြည့်များမှာ စူးရှသွားသည်။
"သူတို့ပြောတာ မှန်တာပဲ။"
သူက မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အနေအထားကို ပြန်လည်ယူလိုက်သည်။
"မင်း နိုင်ပြီလို့ မထင်လိုက်နဲ့ဦး။"
သူ၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာသည်။ ကီလိုမီတာ အတော်များများရှိ တိမ်တိုက်များပါ တုန်ခါသွားကြသည်။
ဝိညာဉ်ရေးရာ ဖိအားများသည် ပြိုလဲကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ သက်ရောက်လာတော့သည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်
အစွမ်းကုန် ထုတ်ဖော်လိုက်ချေပြီ။
"မင်း ငါ့ကို အကျပ်ကိုင်လိုက်တာပဲ။"
သူ၏အသံမှာ ပို၍နက်ရှိုင်းသွား၏ လေထုတစ်ခုလုံးပါ တုန်ခါနေချေသည်။
တစ်စုံတစ်ခု ပြောင်းလဲသွားသည်။
ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ကောင်းကင်ဓားပြခေါင်းဆောင်၏အရှိန်အဝါသည် မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက၊ အဆမတန် ဆက်လက်မြင့်တက်လာသည်။
ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို လျစ်လျူရှုထားသည့် ဒီရေလှိုင်းများကဲ့သို့ သူ၏ ကျင့်စဉ်အဆင့်သည် ပုံမှန်မဟုတ်ဘဲ မြင့်တက်လာနေသည်။
အထက်မှ တိမ်တိုက်များသည် ပုံမှန်မဟုတ်ဘဲ မှောင်မိုက်သွားပြီး သူ့ဆီသို့ စုပ်ယူခံရသကဲ့သို့ အတွင်းဘက်သို့ လှည့်ပတ်နေသည်။
ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။
ထို့နောက် အပူရှိန်များ လိုက်ပါလာသည်။
အစပိုင်းတွင် နွေးထွေးသော လေပြေမျှသာ ဖြစ်၏
သို့သော်လည်း နောက်ပိုင်းတွင် မီးတောက်များ ပေါက်ကွဲထွက်လာတော့သည်။
ထိုမီးတောက်များသည် အနက်ရောင်ဖြစ်ပြီး ခရမ်းရောင် လျှပ်စီးတန်းများ အားနည်းစွာ ရောယှက်နေသည်။
၎င်းတို့သည် လေထုထဲရှိ ဝိညာဉ်စွမ်းအင်များကို ဝါးမြိုရင်း သူ၏ခန္ဓာကိုယ်တွင် မြွေများကဲ့သို့ ရစ်ပတ်နေကြသည်။
သူ၏ ဝတ်ရုံများသည် ချက်ချင်းပင် လောင်ကျွမ်းသွား၏
သို့သော်လည်း သူ၏ အရေပြားမှာမူ မီးလောင်ကျွမ်းခြင်းမရှိပေ။
အရှိန်အဝါ မြင့်တက်မှုမှာ မရပ်တန့်သေးပေ။
မြင့်မာရလာချေ၏
ပိုမိုမြင့်မားလာသည်။
ပို၍ မြင့်မားလာသည်။
ပိုင်ကျီဟန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ "အိုး?"
သူ ယခု ရှင်းရှင်းလင်းလင်း ခံစားမိပြီဖြစ်သည်။
ဤသည်မှာ သာမန် မဟာကောင်းကင်ဘုံတက်လှမ်းခြင်း ဖိအားမဟုတ်တော့ပေ။
၎င်းကို ကျော်လွန်သွားပြီ ဖြစ်သည်။
အင်မော်တယ်နယ်ပယ်ထဲသို့ အပြည့်အဝ ခြေမလှမ်း ရသေးသော်လည်း အလွန်နီးကပ်နေပြီဖြစ်သည်။
ခြေတစ်လှမ်းအကွာ။
သို့မဟုတ်ပါက
အတင်းအဓမ္မ တုပထားခြင်း ဖြစ်နိုင်သည်။
ဓားပြခေါင်းဆောင်၏ ရယ်သံသည် တစ်ဖန် ထွက်ပေါ်လာပြန်သော်လည်း ယခုအခါ လူသားမဟုတ်သော အသံတစ်မျိုးနှင့် ရောယှက်နေသည်။
"မင်း ငါ့ကို အနိုင်ယူနိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား?"
မီးတောက်များမှာ ပိုမိုပြင်းထန်လာသည်။
သူ၏ တည်ရှိမှုဒဏ်ကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ သိသိသာသာ ပုံပျက်ရှုံ့တွလာသည်။
ပိုင်ကျီဟန်က တည်ငြိမ်စွာ ကြည့်နေသည်။
သူ၏ အမူအရာ ပြောင်းလဲခြင်း မရှိပေ
သို့သော်လည်း သူ၏စိတ်သည် အလုပ်လုပ်
နေသည်။
(နေပါဦး၊ ဒီမြင်ကွင်းကို ငါ ဘယ်မှာ တွေ့ဖူးပါလိမ့်?)
သူ အရင်က တွေ့ဖူးခဲ့သည့် အရာနှင့် အနည်းငယ် တူညီနေသော်လည်း လုံးဝ တူသည်တော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ဓားပြခေါင်းဆောင်၏ ယုံကြည်မှုမှာ အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။
သူ့တွင် ဤကဲ့သို့သော လျှို့ဝှက်လက်နက် ရှိနေ၍သာ လွန်လွန်ကျွံကျွံ မကြောက်ရွံ့ခြင်း ဖြစ်ပေမည်။
ဓားပြခေါင်းဆောင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
သူ၏ ခြေဖဝါးအောက်ရှိ ကောင်းကင်ပြင်သည် ဖန်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။
လှုပ်ရှားမှုတိုင်းသည် လေထုထဲတွင် မီးဟုန်များကို ချန်ရစ်ခဲ့သည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ မီးတောက်များသည် ဝိညာဉ်မီးတောက် လှံရှည်ကြီးတစ်ခုအဖြစ် စုစည်းသွားလေသည်။
"မင်းကို ငါပြမယ်— တကယ့်ကို အစွမ်းထက်လှတဲ့ စွမ်းအားဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို”
ဘုန်း
သူ၏ အရှိန်အဝါမှာ တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။
ခဏတာအတွင်း
ထိုဖိအားသည် အင်မော်တယ်နယ်ပယ်နှင့် ခွဲခြား၍ ရလောက်အောင် ဖြစ်သွားသည်။
စစ်မှန်သော ကူးမြောက်မှု မဟုတ်ပေ
သို့သော်လည်း နယ်နိမိတ်မျဉ်းကို ဝေဝါးသွားစေရန် လုံလောက်လှသည်။
ပိုင်ကျီဟန်သည် နောက်ဆုံးတွင် ကိုယ်ကို အနည်းငယ် မတ်လိုက်သည်။
သူ၏ဝတ်ရုံမှာ တိုက်ခတ်လာသော မီးတောက် လေပြင်းများကြားတွင် အသာအယာ လွင့်မြောနေသည်။
စိတ်ဝင်စားစရာပဲ
သူ၏နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ "ကောင်းပြီ”
သူ၏ မျက်လုံးများမှာ စူးရှသွားသည်။
"အနည်းဆုံးတော့ မင်းက နောက်ထပ် ဓားတစ်ချက် ထပ်သုံးဖို့ ထိုက်တန်သေးတာပဲ။"
ကောင်းကင်ဓားပြခေါင်းဆောင်က စတင်လှုပ်ရှားသည်။
သူ၏ လက်ထဲရှိ မီးလျှံ လှံရှည်သည် အဆမတန် ကျယ်ပြန့်လာပြီး ဝိညာဉ်မီးတောက်လွှာများကို ထပ်ဆင့်ဖိသိပ်လိုက်ရာ လှံဦးဖျားတွင် ဟင်းလင်းပြင်များပင် ပုံပျက်လာသည်။
သူ ထိုးနှက်လိုက်သည်။
လှံရှည်သည် ပြုတ်ကျလာသော နေမင်းကြီးကဲ့သို့ ဆင်းသက်လာသည်။
လေထုတစ်ခုလုံး အော်ဟစ်မြည်ဟီးနေတော့သည်။
အောက်ဘက်ရှိ ပျံသန်းရေးသင်္ဘောမှာလည်း တုန်ခါနေသည်။
ကာကွယ်ရေး အစီအရင်များသည် ထိုဖိအားအောက်တွင် အလိုအလျောက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသည်။
သင်္ဘောထဲရှိ ပိုင်ရွှယ်ချင်းနှင့် အခြားသူများသည်လည်း အသက်ရှူကျပ်လောက်သော အပူရှိန်ကို ခံစားနေကြရသည်။
ပိုင်ကျီဟန်မှာမူ မလှုပ်မယှက်ပင်။
သူ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။
ယင်းအစား— သူ၏လက်ထဲတွင် ထာဝရဝိညာဉ်ဓား ပေါ်ပေါက်လာသည်။
"ထာဝရ စီးဆင်းနေသော ရေဓားချက်”
ဓားသွားသည် အသာအယာ တောက်ပလာပြီး ၎င်း၏အရှိန်အဝါသည် တည်ငြိမ်အေးချမ်းကာ ကမ္ဘာဦးအစကတည်းက စီးဆင်းလာသော မြစ်တစ်စင်းကဲ့သို့ အဆုံးအစမရှိပေ။
သူ ဓားကို မြှောက်လိုက်သည်။
မီးလျှံလှံရှည်နှင့် တိုက်မိသွားသည်။
မီးတောက်များက ကောင်းကင်နှင့် တိမ်တိုက်ပင်လယ်ပြင်ကို ဝါးမြိုသွားသည်။
ထိခိုက်မှုကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ စက်ဝိုင်းပုံစံ အပိုင်းပိုင်း ကွဲအက်သွားသည်။
မီးတောက်များက အပြင်ဘက်သို့ ပြင်းထန်စွာ တိုးထွက်လာသော်လည်း စီးဆင်းနေသော ဓားရည်ရွယ်ချက်၏ကာဆီးမှုကြောင့် နှစ်ခြမ်းကွဲသွားရသည်။
လှံရှည်သည် ဓားမျက်နှာပြင်နှင့် ပွတ်တိုက်နေသော်လည်း တစ်လက်မမျှ ရှေ့ဆက်၍ မတိုးနိုင်ပေ။
ပိုင်ကျီဟန်၏ ဝတ်ရုံစများမှာ ထိုအင်အားကြောင့် ပြင်းထန်စွာ လွင့်ခါနေသည်။
သူ၏ ခြေဖဝါးသည် ဟင်းလင်းပြင်ထဲသို့ တစ်ဝက်ခန့် နိမ့်ဝင်သွားသော်လည်း
သူသည် ထိုလှံရှည်ကို ဖြတ်သန်းခွင့် မပေးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်တွင်
ပျံသန်းရေးသင်္ဘော ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ သူသာ အနည်းငယ်မျှ ရှောင်တိမ်းလိုက်ပါက
ထိုတုန်ခါမှုအရှိန်ကပင် သင်္ဘောကို ဖျက်ဆီးပစ်လိမ့်မည်။
ပိုင်ရွှယ်ချင်းနှင့် အခြားသူများလည်း ဒုက္ခရောက်ကုန် ကြပေလိမ့်မည်။
အထက်တွင်
ကောင်းကင်ဓားပြခေါင်းဆောင်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"အိုး..မင်း မလှုပ်ရဲဘူးပေါ့?"
သူ၏ မျက်လုံးများ ဝင်းလက်သွားသည်။
ထို့နောက် သူက လှံရှည်ကို အားဖြင့် လိမ်ချိုးလိုက်သည်။
မီးတောက်များမှာ ပိုင်ကျီဟန်ဆီသို့ မဟုတ်ဘဲ
သူ့ပတ်ဝန်းကျင်သို့ ပေါက်ကွဲထွက်သွားသည်။
တွက်ချက်ထားသော ထောင့်များ။
တိကျသော လမ်းကြောင်းများ။ တိုက်ခိုက်မှုတိုင်းသည်
ပိုင်ကျီဟန်သာ ရှောင်တိမ်းလိုက်ပါက
သင်္ဘောကို ထိမှန်မည့် နေရာများကိုသာ ဦးတည်နေသည်။
ကောင်းကင်ဓားပြခေါင်းဆောင်သည် မိုက်မဲသူမဟုတ်ပေ။
သူ၏ သွေးကြောများထဲတွင် မတည်ငြိမ်သော စွမ်းအားများ စီးဆင်းနေသော်လည်း သူ၏စိတ်သည် ထက်မြက်နေဆဲ ဖြစ်သည်။
ဤကဲ့သို့သော အခွင့်ကောင်းကို သူ လက်လွတ်ခံမည် မဟုတ်ပေ။
ပိုင်ကျီဟန် တစ်ဖန် ပြန်လည်ကာကွယ်သည်။
နောက်တစ်ကြိမ်။
ထပ်မံ၍။
မီးတောက်များမှာ ဥက္ကာခဲများကဲ့သို့ မိုးရွာချနေသည်။
ထာဝရ စီးဆင်းသော ရေဓားချက်သည် ထိခိုက်မှုတစ်ခုချင်းစီကို ရေလှိုင်းများအဖြစ် ပြောင်းလဲပေးပြီး အင်အားများကို ဟင်းလင်းပြင်ထဲသို့ ပျံ့နှံ့စေခဲ့သည်။
သို့သော် ဖိအားဒဏ်မှာ သိသိသာသာ ပေါ်လွင်နေသည်။
သူတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အကြိမ်ကြိမ် ကွဲအက်နေ၏
ကောင်းကင်ယံမှာလည်း ဟိန်းဟောက်နေတော့သည်။
ကောင်းကင်ဓားပြခေါင်းဆောင်က ရယ်မောလိုက်သည်။
"ဒါက မင်းရဲ့ အားနည်းချက်ပဲပေါ့”
***