"အားးး အားးး”
"တ... တောင်းပန်ပါတယ်။ ကျွန်တော့်ကို သတ်လိုက်ပါတော့”
"ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ? အားးး..."
ကျောက်စင်္ကြံလမ်းတစ်လျှောက် အော်ဟစ်သံများ ဟိန်းထွက်နေသည်။
ထိုအသံသည် တောက်လောင်နေသော နေမင်းပုံစံများ ထွင်းထုထားသည့် နံရံများကို ရိုက်ခတ်ကာ လေထဲတွင် ငြိမ်းလုဆဲဆဲ မီးခဲတစ်ခဲကဲ့သို့ တိုးလိုက် ကျယ်လိုက် ဖြစ်နေသည်။
ထို့နောက်တွင်မူ
တိတ်ဆိတ်သွားလေသည်။
ဘုန်း
သွေးညှီနံ့များက လေထုထဲတွင် ပို၍ စူးရှလာသည်။
မြေအောက်ခန်းအတွင်းရှိ အစီအရင်တစ်ခုသည် တောက်လောင်နေသော ရွှေရောင်အလင်းတန်းများဖြင့် တုန်ခါနေသည်။
နေမင်းအသေးစားပုံသဏ္ဍာန်ရှိသော ရှေးဟောင်း အက္ခရာများသည် လေထဲတွင် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ပြင်းထန်သောအပူရှိန်ကို ထုတ်လွှတ်နေသည်။
အလယ်ဗဟိုတွင်မူ
ခန္ဓာကိုယ်တစ်ခုသည် ပြင်းထန်စွာ တွန့်လိမ်နေသည်။
အရေပြားများ ကွဲအက်နေသည်။
နီရဲတောက်လောင်နေသော အရေပြားအောက်ရှိ သွေးကြောများမှာ မည်းနက်ကာ ဖောင်းကြွနေသည်။
အသားမျှင်များအတွင်းမှ ရွှေရောင်မီးလျှံများ ပွင့်ထွက်လာပြီး အပြင်ဘက်သို့ လောင်ကျွမ်းစေသည်။
ထိုလူသည် တစ်ချက်မျှ ကော့တက်သွားပြီးနောက်
ခွေကျသွားတော့သည်။
ကျွမ်းလောင်သွားချေပြီ။
သေဆုံးသွားချေပြီ
ရွှေရောင်အက္ခရာများ မှေးမှိန်သွားသည်။
အစီအရင်မျဉ်းများ၏ အေးခဲသွားသော အသံသဲ့သဲ့မှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။
အနီးအနားတွင် လူတစ်ဦး ရပ်နေကာ သူ၏လက်များကို နောက်ပစ်ထားသည်။
သူဝတ်ဆင်ထားသော ဝတ်ရုံပေါ်တွင် တောက်ပသော နေမင်းတံဆိပ်ကို ရွှေချည်မျှင်များဖြင့် ထိုးထားရာ မှောင်မှိုင်သော အခန်းထဲတွင်ပင် ဝင်းလက်နေသည်။
သူ့မျက်နှာထားကတော့ ပြောင်းလဲခြင်းမရှိပေ။
အော်ဟစ်သံကြောင့်လည်း မဟုတ်ပေ။
သေဆုံးမှုကြောင့်လည်း မဟုတ်ပေ။
သူ၏ မျက်လုံးများသာ လှုပ်ရှားနေသည်။
အေးစက်ပြီး စိစစ်တွက်ချက်နေသော မျက်လုံးများ...
"နောက်ထပ် ကျရှုံးမှုတစ်ခုပဲ"
သူ့အသံမှာ တည်ငြိမ်နေသည်။
ပျင်းရိငြီးငွေ့နေသည့်အလားပင်။
ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေသော လက်အောက် ငယ်သားက ခေါင်းကို ပို၍ ငုံ့လိုက်သည်။
"ကျွန်တော်မျိုး တောင်းပန်ပါတယ် အကြီးအကဲ"
ထိုလူက တောင်းပန်စကားကို ဂရုမစိုက်ပေ။
သူသည် ရှေ့သို့လှမ်းကာ အလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ကာ မည်းနက်နေသော ရင်ဘတ်ကို သာသာလေး ထိလိုက်သည်။
ဝိညာဉ်အာရုံတစ်ခုသည် အလောင်းအတွင်းသို့ စိမ့်ဝင်သွားသည်။
သူသည် ကျင့်စဉ်ကြောများကို စစ်ဆေးသည်။
စွမ်းအင်စုရပ်ကို စစ်ဆေးသည်။
ပျက်စီးသွားသော ဝိညာဉ်လမ်းကြောင်းများကို စစ်ဆေးသည်။
"လိုက်လျောညီထွေဖြစ်မှုနှုန်း... ၂၃ ရာခိုင်နှုန်း"
သူ့ဘာသာ ရေရွတ်လိုက်သည်။
"အရင်အသုတ်ထက်စာရင်တော့ တိုးတက်လာတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး"
သူ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။
သူသည် အလောင်း၏ ပျက်စီးနေသော စွမ်းအင်စုရပ်အတွင်းမှ အပိုင်းအစလေးတစ်ခုကို မြှောက်လိုက်ရာ ရွှေရောင်အစီအရင်က တစ်ချက်မျှ လက်ခနဲ ဖြစ်သွားသည်။
လက်သည်းခွံထက် မကြီးသော အပိုင်းအစလေး
အားနည်းစွာ လင်းလက်နေသည်။
၎င်းသည် ငြိမ်းလုဆဲဆဲ နေမင်းတစ်စင်းကဲ့သို့
နေမင်းတာအို အစိတ်အပိုင်း
သူသည် လျှာတစ်ချက် သပ်လိုက်သည်။
"လူသားခန္ဓာကိုယ်က အလွန်နုနယ်လွန်းသေးတယ်။ အမှားအယွင်း အနည်းငယ်ရှိတာနဲ့ အသက်ပျောက်ကုန်တာပဲ"
သူ၏ အကြည့်သည် အခန်း၏ အခြားတစ်ဖက်သို့ ရောက်သွားသည်။
ထိုနေရာတွင်
နံရံတစ်လျှောက် သံလှောင်အိမ်များ ရှိနေသည်။
အချို့မှာ အလွတ်များဖြစ်၏
အချို့မှာမူ မဟုတ်ပေ။
လက်ကလေးများက သံတိုင်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။
မျက်လုံးများ ပြူးကျယ်နေကြသည်။
တုန်ရင်နေကြသည်။
သူတို့သည် စမ်းသပ်ပစ္စည်းများသာ ဖြစ်သည်။
ထိုထက် မပိုပေ။
"နောက်ထပ် နမူနာတစ်ခု ယူခဲ့စမ်း"
သူ့လေသံမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲသာ။
လက်အောက်ငယ်သားမှာ တွန့်ဆုတ်နေခြင်း မရှိပေ။
"ဟုတ်ကဲ့ပါ အကြီးအကဲ”
သူသည် လှည့်၍ အချက်ပေးလိုက်သည်။
တပည့်နှစ်ဦးက ပိန်လှီသော ဆယ်ကျော်သက် ကောင်လေးတစ်ဦးကို ဆွဲခေါ်လာကြပြီး သံခြေချင်းများက ကျောက်ကြမ်းပြင်ပေါ်တွင် တဂျိဂျိမြည်နေသည်။
ထိုကောင်လေးသည် အားနည်းစွာ ရုန်းကန်နေပြီး မှိုင်းပေနေသော ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေသည်။
"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး မလုပ်ပါနဲ့”
အကြီးအကဲမှာ မည်သို့မျှ မတုံ့ပြန်ပေ။
သူ၏လက်ချောင်းများက လေထဲတွင် တံဆိပ်တစ်ခုကို ရေးဆွဲလိုက်သည်။
အစီအရင်မှာ နောက်တစ်ကြိမ် တောက်လောင်လာပြန်သည်။
ရွှေရောင်အလင်းများသည် အခန်းတစ်ခုလုံးကို ဝါးမြိုသွားသည်။
အော်ဟစ်သံများ ပြန်လည်စတင်လာပြန်သည်။
အကြီးအကဲ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ နာကျင်မှုကြောင့် မဟုတ်ဘဲ
ကောင်လေး၏ ခန္ဓာကိုယ်အတွင်းရှိ တာအိုအစိတ်အပိုင်း၏ တုံ့ပြန်မှုကြောင့်သာ ဖြစ်သည်။
ထိုအစိတ်အပိုင်းမှာ ပြင်းထန်စွာ တုန်ခါနေသည်။
"မတည်ငြိမ်ဘူး။ ငြင်းဆန်မှုက အရမ်းများနေတယ်"
ကျင့်စဉ်ကြောများသည် ချက်ချင်းပင် စတင်ပေါက်ကွဲတော့သည်။
"ဟင်းးး"
သူက လက်တွေ့ဆန်စွာ စောင့်ကြည့်နေသည်။
"တည်ဆောက်ပုံက လိုက်လျောညီထွေမဖြစ်ဘူး။ ချက်ချင်း ပျက်စီးသွားတာပဲ။ သူတို့ ယူလာတဲ့ ကုန်ကြမ်းတွေက အရည်အသွေး ညံ့ဖျင်းနေပုံရတယ်"
အော်ဟစ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
အစီအရင်၏ အလယ်ဗဟိုမှ မီးခိုးများ ထွက်လာသည်။
နောက်ထပ် အလောင်းတစ်ခု။
နောက်ထပ် အလဟဿ ဖြစ်သွားသော အစိတ်အပိုင်းတစ်ခု။
အကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။
၎င်းမှာ ဝမ်းနည်းခြင်းမဟုတ်ပေ
စိတ်ပျက်အားမလိုအားမရ ဖြစ်ခြင်းသာ။
အကြီးအကဲသည် သူ၏ဝတ်ရုံစကို ခါလိုက်လေတော့သည်။
ပြာပူများက အစီအရင်စင်္ကြံပေါ်တွင် လွင့်စင်သွားသည်။ "နောက်ထပ် သုံးယောက် ခေါ်ခဲ့။"
သူ့လေသံက အရင်အတိုင်းပင် မပြောင်းလဲချေ။
ဆေးဖော်စပ်ရန်အတွက် ဆေးပင်အပိုတောင်းနေသကဲ့သို့ အေးဆေးလွန်းလှသည်။
လက်အောက်ငယ်သားမှာ ကိုယ်ရှိန်သတ်သွား၏
တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
အကြီးအကဲက လှည့်မကြည့်ပေ
သို့သော်လည်း သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်အရှိန်အဝါများသည် ဖျတ်ခနဲ လှုပ်ခတ်သွားသည်။
"ဘာလဲ... ပြဿနာရှိလို့လား?"
လက်အောက်ငယ်သားမှာ ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်ပြီး "အ... အကြီးအကဲ... ကျန်တဲ့သူ အများကြီး မရှိတော့လို့ပါ"
အခန်းတွင်းရှိ လေထုက ပို၍ အေးစက်လာသယောင်ရှိသည်။
သံတိုင်များနောက်ကွယ်မှ ကလေးငယ်များသည်လည်း ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားကြသည်။
အကြီးအကဲက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာသည်။
"တောက်၊ ပစ္စည်းရရှိမှုက ကျဆင်းလာတာပဲ"
သူက လက်အောက်ငယ်သားဘက်သို့ လှည့်လိုက်သည်။
"နောက်ဆုံးအသုတ်မှာ သုံးယောက်ပဲ အောင်မြင်တယ်..."
သူ့လေသံက အနည်းငယ် မာကျောသွားသည်။
"ဒါက လက်ခံနိုင်စရာ မဟုတ်ဘူး။"
လက်အောက်ငယ်သားက တံတွေးတစ်ချက် မြိုချလိုက်၏
"အခြေအနေက... လူတွေက ပိုပြီး သတိထားလာကြပါတယ်။ စမ်းသပ်ပစ္စည်းတွေ ရဖို့လည်း ပိုခက်ခဲလာပါတယ်။ အထူးသဖြင့် အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေပေါ့"
အကြီးအကဲ၏ မျက်လုံးများက အေးစက်သွားသည်။
"တောက်၊ မိစ္ဆာအင်အားစုတွေနဲ့ စစ်ပွဲသာ အခုထက် ပိုကြာခဲ့ရင်၊ ငါတို့ ဘာပြဿနာမှမရှိဘဲ ပစ္စည်းတွေ အများကြီး ရနိုင်ခဲ့မှာ"
သူသည် ချောမွတ်သော ကျောက်ကြမ်းပြင်ပေါ်တွင် ရွှေရောင်အလင်းများ ရစ်ပတ်နေသည့် အစီအရင်ရှေ့တွင် ဟိုဟိုဒီဒီ ဖြည်းဖြည်းချင်း လျှောက်နေသည်။
စစ်ပွဲ အပြင်းထန်ဆုံး အချိန်များတုန်းက မြို့လုံးကျွတ် တစ်ညတွင်းချင်း ပျောက်ကွယ်သွားတတ်သည်။ ရွာများသည် ပြာအတိဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းများမှာလည်း အစအနမကျန် ပျောက်ဆုံးခဲ့ကြသည်။ ထိုစဉ်က စုံစမ်းစစ်ဆေးရန်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သော အရာဖြစ်သည်။
ဧကရာဇ်မင်းမြတ်၏ စစ်တပ်များက ရှေ့တန်းတွင် တပ်စွဲထားရပြီး၊ မျိုးနွယ်စုကြီးများသည်လည်း သူတို့၏ အထူးချွန်ဆုံး ပညာရှင်များကို စစ်မြေပြင်တွင် အကုန်အစင် အသုံးပြုနေရသည်။
ထိုစဉ်က ပျောက်ဆုံးသွားသူများကို လိုက်ရှာရန် အချိန်မရှိသလို၊ ကွယ်ပျောက်သွားသော ကလေးငယ်များ၊ ပြန်မလာတော့သော လေလွင့်ကျင့်ကြံသူများနှင့် အုပ်စုလိုက် ပျောက်ဆုံးသွားသော ဒုက္ခသည်များကိုလည်း မည်သူကမျှ အာရုံမစိုက်နိုင်ခဲ့ကြချေ
ဘေးဒုက္ခကြီးများ၏ နောက်ကွယ်တွင် ထိုသူအားလုံးမှာ ပရမ်းပတာ အခြေအနေများကြား၌ ဝါးမြိုခံခဲ့ကြရသည်။
အစီရင်ခံစာများ တင်ခဲ့ကြသော်လည်း သံသယများ ရှိခဲ့ကြသော်လည်း စစ်မြေပြင်ကသာ အရာရာကို ဆုံးဖြတ်နေသည့် အချိန်ဖြစ်ခဲ့သည်။
ပျောက်ဆုံးသူများကို လိုက်ရှာရန်အတွက် ပညာရှင်များကို အသုံးမပြုနိုင်ခဲ့ချေ။ ထိုကာလများသည် အကြီးအကဲအတွက် ရွှေရောင်ကာလများပင် ဖြစ်သည်။ ပရမ်းပတာ အခြေအနေက သူ့ကို လွတ်လပ်ခွင့် ပေးခဲ့သည်။
ပစ္စည်းအသုတ်လိုက်ကို မည်သည့် အဟန့်အတားမှမရှိဘဲ သယ်ယူနိုင်ခဲ့သည်။ ကောလာဟလများ ထွက်ပေါ်လာလျှင်ပင် စစ်ပွဲ၏ ဘေးထွက်ဆိုးကျိုးများအဖြစ်သာ သဘောထားပြီး မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။
၎င်းသည် မည်သည့် စစ်ဆေးမှု၊ မည်သည့် ကန့်သတ်ချက်မှမရှိဘဲ စမ်းသပ်မှုများကို လွတ်လပ်စွာ လုပ်ဆောင်ရန် အကောင်းဆုံးသော အကာအကွယ် ဖြစ်ခဲ့သည်။
ထိုစဉ်က စမ်းသပ်မှုပေါင်း ရာနှင့်ချီပြီး လုပ်ဆောင်နိုင်ခဲ့ကာ အောင်မြင်မှုနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
နှောင့်ယှက်မှုများ မရှိခြင်းက နည်းစနစ်များ ပိုမိုကောင်းမွန်လာစေရန် အရှိန်အဟုန် မြှင့်တင်ပေးခဲ့သည်။
ယခုမူ စစ်ပွဲက ပြီးဆုံးသွားချေပြီ။ မိစ္ဆာအင်အားစုများ ဆုတ်ခွာသွားပြီး ရှေ့တန်းစစ်မျက်နှာပြင်များ တည်ငြိမ်သွားကာ စစ်တပ်များမှာလည်း နေရပ်သို့ ပြန်လာကြပြီ ဖြစ်သည်။
အုပ်ချုပ်သူများနှင့် ဂိုဏ်းအသီးသီးသည် အရေးပေါ် ခြိမ်းခြောက်မှုများမှ ကင်းဝေးသွားသောအခါ အတွင်းပိုင်းကိစ္စများကို ပြန်လည် အာရုံစိုက်လာကြသည်။
ဧကရာဇ်မိသားစုက အတွင်းပိုင်း စစ်ဆေးမှုများကို စတင်လုပ်ဆောင်လာပြီး၊လူကုန်ကူးမှု ကွန်ရက် အသေးစားများကိုလည်း ဖော်ထုတ် အမြစ်ဖြတ်လာကြသည်။ ဒေသတိုင်းတွင် စောင့်ကြည့်စစ်ဆေးမှုများ ပိုမို တင်းကျပ်လာသည်။ ယခင်ကကဲ့သို့ အဟန့်အတားမရှိ စမ်းသပ်နိုင်သော လွတ်လပ်မှုများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ပစ္စည်းရှာဖွေသည့် လမ်းကြောင်းများကို ပိုမိုကျဉ်းမြောင်းစေကာ သွယ်ဝိုက်ပြီး သတိကြီးစွာ လုပ်ဆောင်လာရသည်။
စမ်းသပ်ပစ္စည်းများ ရှားပါးလာပြီး အရည်အသွေးများ ကျဆင်းလာကာ အရည်အသွေးညံ့သော ပစ္စည်းများက လိုက်လျောညီထွေဖြစ်မှုနှုန်းကို ကျဆင်းစေသောကြောင့် စမ်းသပ်မှုများမှာလည်း တုံ့ဆိုင်းနေရသည်။
အကြီးအကဲ၏ စိတ်ပျက်အားမလိုအားမရ ဖြစ်မှုများသည် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေပြီး သူ၏ ရွှေရောင်ချီ အရှိန်အဝါများကလည်း တုံ့ပြန်မှုအနေဖြင့် ပတ်ဝန်းကျင်၌ တဖျတ်ဖျတ် လှုပ်ခတ်နေသည်။
"ရှာဖွေမဲ့ ဧရိယာကို ထပ်ချဲ့လိုက်။ သာမန်လူလား၊ ကျင့်ကြံသူလားဆိုတာ အရေးမကြီးဘူး။ ရသမျှလူ အကုန်ဖမ်းခဲ့" သူ့အသံက ပို၍ တိုးညှင်းသွားသည်။
"ငါတို့ ဒီထက် ပိုနှောင့်နှေးနေရင် ဂိုဏ်းချုပ်က စိတ်ကျေနပ်တော့မှာ မဟုတ်ဘူး"
လက်အောက်ငယ်သားက ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ဟုတ်ကဲ့ပါ အကြီးအကဲ”
ရွှေရောင်အလင်းများက နောက်တစ်ကြိမ် မှေးမှိန်သွားပြန်သည်။
အကြီးအကဲသည် သူ၏လက်ဖဝါးပေါ်ရှိ နေမင်းတာအို အစိတ်အပိုင်း၏ မှိန်ဖျော့နေသော အလင်းတန်းကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။
"ကျရှုံးမှုတွေကတော့ များသားပဲ..."
သူ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။
"ဒါပေမဲ့ အောင်မြင်မှုနှုန်းက တဖြည်းဖြည်း တက်လာနေပြီ။ ငါတို့ ၅၀ ရာခိုင်နှုန်းထက် ကျော်သွားတာနဲ့”
သူ၏ ဝိညာဉ်ချီစွမ်းအားကြောင့် ထိုအစိတ်အပိုင်းသည် အနည်းငယ် ပို၍ တောက်ပလာသည်။
"အဲဒီအခါကျရင် ငါတို့ ဒီကမ္ဘာကြီးကို စိုးမိုးနိုင်လိမ့်မယ်”
သူက လက်ကို ဆုပ်လိုက်သည်။
ထိုအစိတ်အပိုင်းမှာ ပျောက်ကွယ်သွားတော့သည်။
"သွားတော့။"
သူ့အသံက အေးစက်တည်ငြိမ်သော အခြေအနေသို့ ပြန်ရောက်သွားသည်။
"ပစ္စည်းတွေ အမြန်သွားဖြည့်တော့”
***