အကြီးအကဲ၏ ဦးခေါင်းသည် ကျောက်ကြမ်းပြင်ပေါ်တွင် လိမ့်သွားပြီး ပျက်စီးနေသော စမ်းသပ်ခုံ၏ ခြေထောက်နားတွင် ရပ်တန့်သွားကာ ဦးခေါင်းလိမ့်ပါသွားရာ လမ်းတစ်လျှောက်၌ သွေးစလေးများ ကျန်ရစ်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ ခဏမျှ ဒူးထောက်လျက်သား ကျန်နေခဲ့ပြီးမှ
လဲကျသွားတော့သည်။
ဘုန်း
နက်မှောင်ပျစ်ခဲလှသော သွေးများသည် ကျောက်ပြားများကြားရှိ မြောင်းငယ်လေးများအတိုင်း တဖြည်းဖြည်းချင်း စီးဆင်းလာ၏။
အခန်းအတွင်း၌ အော်ဟစ်သံများ မကြားရတော့ပေ။
တိတ်ဆိတ်မှုကို ဖြိုခွင်းနေသည့် သွေးစက်လက်သံ "တောက်... တောက်... တောက်..." ကိုသာ ကြားနေရတော့သည်။
ကျန်းယွမ်ကျန်းသည် သူ၏ဓားကို တစ်ချက်ခါလိုက်၏
ဓားသွားပေါ်ရှိ သွေးများမှာ စင်ကြယ်စွာ လွင့်စင်သွား၏။
သူတို့နောက်ကွယ်တွင်မူ
ကလေးငယ်များမှာ မှင်သက်ကာ ကြည့်နေကြသည်။
မည်သူမျှ အော်ဟစ်ခြင်း
သို့မဟုတ် ငိုယိုခြင်း မပြုကြပေ။
အငယ်ဆုံးကလေးပင်လျှင် တိတ်ဆိတ်နေ၏။
သူတို့၏ အကြည့်များမှာ မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော ဦးခေါင်းပေါ်တွင်သာ စွဲထင်နေကြသည်။
ထိုမျက်နှာ
သူတို့ မီးလောင်ခံနေရသည်ကို စောင့်ကြည့်ခဲ့သော ထိုမျက်နှာပင်။
သူတို့ကို "ကုန်ကြမ်း" ဟု ခေါ်ဝေါ်ခဲ့သော ထိုမျက်နှာပင်။
သူတို့ နာကျင်စွာ အော်ဟစ်နေစဉ် ပြုံးရယ်နေခဲ့သော ထိုပါးစပ်ပင်။
ယခုမူ ထိုမျက်နှာမှာ ထိတ်လန့်တုန်လှုပ်လျက်၊ မျက်လုံးများသည် ပြူးကျယ်လျက်နှင့် မဆုံးသတ်နိုင်တော့သော အသနားခံစကားများကြား၌ အသက်မဲ့စွာ တည်ရှိနေချေပြီ။
ကလေးငယ်များ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ မရှိတော့ပေ။
စိတ်သက်သာရာရမှုနှင့် ကျေနပ်မှုများကိုသာ မြင်တွေ့ရတော့သည်။
သို့သော်လည်း သူတို့သည် ဝမ်းသာအားရ အော်ဟစ်ခြင်း မလုပ်ပေ။
အောင်ပွဲခံခြင်းမျိုး မပြုကြပေ။
ထိုမြင်ကွင်းကို မှတ်ဉာဏ်ထဲ၌ စွဲထင်ကျန်ရစ်စေရန်အတွက်သာ ငေးစိုက်ကြည့်နေကြ၏။
သူတို့အတွက်တော့ အိပ်မက်ဆိုးကြီးမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ပိုင်ကျီဟန်သည် သူတို့ဘက်သို့ လှည့်လိုက်သည်။
သူ၏ အကြည့်မှာ ပိန်လှီနေသော ကလေးငယ်များ၏ ကိုယ်ခန္ဓာနှင့် ညစ်ပတ်ပေရေနေသော အင်္ကျီလက်များကို ဝေ့ဝိုက်ကြည့်လိုက်၏။
"ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင် ငါ့နောက်ကို လိုက်ခဲ့ကြ" ပိုင်ကျီဟန်က ပြောလိုက်သည်။
ဤကလေးငယ်များသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ ယုတ်မာရက်စက်သော အပြစ်ဒုစရိုက်များအတွက် သက်သေအစစ်အမှန်များ ဖြစ်နေကြသောကြောင့် ဂိုဏ်းအနေဖြင့် သူတို့ကို အသက်ရှင်လျက် အပြင်သို့ ပေးထွက်မည်မဟုတ်သည်မှာ သေချာလှသည်။
"တကယ်လို့ မလိုက်ချင်ဘူးဆိုရင်လည်း ဒီမှာပဲ နေခဲ့လို့ရတယ်။"
သူ၏ အကြည့်မှာ သွေးစွန်းနေသော ကျင့်စဉ်စက်ဝိုင်း ဆီသို့ ခဏမျှ ရောက်ရှိသွား၏။
"ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှာကြပေါ့။"
သူသည် သူတို့ကို အဓမ္မမခိုင်းစေပေ။ သို့သော် အပြင်ဘက်တွင် မြစိမ်းရောင်နေမင်းဂိုဏ်းမှ ဂိုဏ်းသားများ ဝိုင်းရံထားနိုင်သည်ကို ထည့်တွက်လျှင် သူ၏အကူအညီမပါဘဲ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် သူတို့ဘာသာ ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်သည်။
ကျန်းယွမ်ကျန်းသည် ကလေးငယ်များကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ပိုင်ကျီဟန်နောက်သို့သာ လိုက်သွား၏။
သူတို့နောက်တွင်မူ
ကလေးငယ်များသည် တစ်ဦးနှင့်တစ်ဦး ဝေခွဲမရသော အကြည့်များဖြင့် ကြည့်နေကြသည်။
ယုံကြည်မှုဆိုသည့်အရာမှာ သူတို့အတွက် ခက်ခဲလှသော အရာတစ်ခု ဖြစ်နေခဲ့ချေပြီ။
သို့သော် မြေပြင်ပေါ်ရှိ အလောင်းမှာ ခိုင်လုံသော သက်သေပင် ဖြစ်သည်။
သူတို့ကို နှိပ်စက်ခဲ့သူသည် သေဆုံးသွားခဲ့ပြီ။
တွန့်ဆုတ်ခြင်းမရှိပေ။
အလျှော့ပေးခြင်းမရှိပေ။
အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ အကြီးအကဲသာ အသက်ရှင်နေသေးပါက သူတို့ သံသယဝင်နေကြဦးမည် ဖြစ်သည်။
ဤအရာမှာ နောက်ထပ် စမ်းသပ်မှုတစ်ခု
လှည့်ဖြားမှုတစ်ခု ဖြစ်နိုင်သည်ဟု သူတို့ ထင်ကောင်းထင်ကြပေလိမ့်မည်။
သို့သော်လည်း သူ သေသွားခဲ့ပြီ။
သူတို့အတွက် လွတ်မြောက်ရာလမ်းကို ကမ်းလှမ်းခဲ့သူ၏ အမိန့်ဖြင့်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံးတော့ ပိုင်ကျီဟန်သည် သူတို့ကို တကယ်ကူညီလိမ့်မည်ဟူသော မျှော်လင့်ချက်ရှိနေမှန်း သူတို့သိကြသည်။
ထို့ပြင်
သူတို့မှာ အခြားဘာရွေးချယ်စရာ ရှိဦးမည်နည်း။
သူတို့သည် ထွက်ပေါက်ကို မသိကြချေ။
အကယ်၍ ဤနေရာတွင်သာ ဆက်နေခဲ့လျှင် နောက်ထပ် တစ်စုံတစ်ယောက် ရောက်လာဦးမည်သာ ဖြစ်သည်။
ဝတ်ရုံရှည်ကြီးနှင့် နောက်ထပ်လူတစ်ယောက်
"နောက်ထပ် ကျရှုံးမှုတစ်ခုပဲ”
တည်ငြိမ်စွာ ကြေညာမည့် နောက်ထပ်အသံတစ်ခု။
ထို့ကြောင့် ပိုင်ကျီဟန်နောက်သို့ လိုက်၍ ဤငရဲခန်းမှ ထွက်ခွာခြင်းက ပို၍ကောင်းပေလိမ့်မည်။
ဤငရဲမှ လွတ်မြောက်ရန် နောက်ဆုံးအခွင့်အရေးအပေါ် လောင်းကြေးထပ်ခြင်းက ပို၍မှန်ကန်ပေလိမ့်မည်။
သူတို့၏ ရန်သူကို သတ်ခဲ့သူနောက်သို့ လိုက်ခြင်းက ပို၍ အဓိပ္ပာယ်ရှိပေလိမ့်မည်။
စက္ကန့်အနည်းငယ်အကြာတွင် အားလုံးသည် လှုပ်ရှားလာကြပြီး ပိုင်ကျီဟန်နှင့် ကျန်းယွမ်ကျန်းတို့၏ နောက်သို့ လိုက်ပါလာကြတော့သည်။
ခြေဗလာများက ကျောက်ကြမ်းပြင်ပေါ်တွင် တိုးညှင်းစွာ နင်းလျှောက်လာကြ၏။
ပိန်လှီသော ခန္ဓာကိုယ်လေးများသည် ကျင့်ကြံသူနှစ်ဦး၏ နောက်တွင် တန်းစီလိုက်ပါလာကြသည်။
မည်သူမျှ လမ်းချော်မသွားပေ
မည်သူမျှလည်း နောက်သို့ လှည့်မကြည့်ကြတော့ပေ။
ပိုင်ကျီဟန်သည် သူ၏နောက်တွင် ကလေးများ စုရုံးရောက်ရှိလာသည်ကို အာရုံခံမိသော်လည်း လှည့်မကြည့်ခဲ့ပေ။
သူသည် ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းနေ၏။
သို့သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေခဲ့သည်။
အပြင်ဘက်တွင်မူ—
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဝှက်ထားသော ဝင်းခြံကျယ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့ပေ။
ကောင်းကင်ယံထက်တွင် ဝိညာဉ်အလင်းတန်းများ ပြင်းထန်စွာ ရိုက်ခတ်နေကြသည်။
ဓားအလင်းတန်းများ လက်ခနဲဖြစ်သွားလိုက်
အစီအရင်လက်ဖွဲ့များ ပေါက်ကွဲတောက်လောင်သွားလိုက်နှင့် ရှိနေ၏။
မြစိမ်းရောင်နေမင်းဂိုဏ်းသည် ကျူးကျော်ခံရပြီဖြစ်ကြောင်း သိရှိသည်နှင့် ချက်ချင်းပင် တုံ့ပြန်ခဲ့ကြသည်။
ယခုမူ
ထိုဝင်းခြံကြီးသည် စစ်တလင်းတစ်ခု ဖြစ်နေချေပြီ။
ပိုင်မျိုးနွယ်စု တပည့်တစ်ဦးသည် ကျဆင်းလာသော မီးတောက်ကျင့်စဉ်ကို ပိုင်းဖြတ်လိုက်ပြီး ပြင်းထန်သော အားမာန်ဖြင့် ရှေ့သို့ ဝါးတားရိုက်ချက်တစ်ခု ပေးလိုက်သည်။
ဖြူဖွေးသော ကျင့်စဉ်စွမ်းအားလှိုင်းတစ်ခုသည် အပြင်သို့ ဝေ့ဝိုက်ထွက်သွားပြီး မြစိမ်းရောင်နေမင်းဂိုဏ်း၏ အမာခံတပည့်သုံးဦးကို ကျောက်တိုင်များနှင့် ရိုက်မိသွားစေသည်။
သို့သော်လည်း နောက်ထပ် တပည့်တစ်သုတ်မှာ ၎င်းကို ရင်ဆိုင်ရန် ရှေ့သို့ တိုးဝင်လာပြန်သည်။
"ကျင့်စဉ်စက်ဝိုင်းကို ထိန်းထားကြ”
"ဒီကောင်တွေကို ဆုတ်ခွါခွင့်မပေးနဲ့”
"သတ်ပစ်ကြ”
အမိန့်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်း ဂိုဏ်းချုပ်သည် ပင်မဆောင်၏ လှေကားထစ်များပေါ်တွင် ရပ်နေပြီး ပြင်းထန်သော စွမ်းအားလှိုင်းများကြောင့် သူ၏ဝတ်ရုံသည် လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။
သူ၏ မျက်နှာအမူအရာမှာ မှောင်မိုက်နေပြီး ဒေါသများလည်း ပြည့်
နှက်နေသည်။
ကျူးကျော်သူများ ဦးတည်နေသည့် အရပ်ကို သိသည်နှင့်တစ်ပြိုင်နက် သူသည် ရှိသမျှ အင်အားအားလုံးကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ လက်ချောင်းများမှာ နောက်ကျောတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၏။
"ပိုင်မျိုးနွယ်စု... အဲ့ဒီ သစ္စာဖောက် ကျန်းယွမ်ကျန်းက သူတို့ကို လမ်းပြလာတာပဲ ဖြစ်ရမယ်။"
သူ၏ အကြည့်များက စူးရှသွားသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်းယွမ်ကျန်းသည် သူ၏အင်အားကို အတင်းအဓမ္မ မြှင့်တင်ရန်အတွက် နေမင်းတာအို အပိုင်းအစအား ဖောက်ခွဲပစ်လိုက်ကတည်းက သူသည် ထိုကောင်ကို သေလူအဖြစ်သာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ပိုင်ကျီဟန်ကြောင့် အကြီးအကဲသည် ကျန်းယွမ်ကျန်းကို ရှင်းလင်းရန် ပျက်ကွက်ခဲ့သော်လည်း ၎င်းမှာ ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ကျန်းယွမ်ကျန်းသည် ပိုင်ကျီဟန်ကို သူတို့ဂိုဏ်း၏ မှောင်မိုက်သော လျှို့ဝှက်ချက်များကို ပြောပြလျှင်ပင် ၎င်းမှာ
ခိုင်လုံသော သက်သေအထောက်အထားမရှိပေ
ပိုင်မျိုးနွယ်စုပင်လျှင် ခိုင်မာသော သက်သေမရှိဘဲ သူတို့ဂိုဏ်းကို ဘာမျှ ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်ပေ။ ကျန်းယွမ်ကျန်း၏ စကားသက်သက်မှာလည်း လုံလောက်မှုမရှိပေ။
ထို့ကြောင့် နောက်ပိုင်းတွင် သူသည် ကျန်းယွမ်ကျန်းကို အဓိကပစ်မှတ်အဖြစ် မသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အကြောင်းရင်းတစ်ခုမှာ ကျန်းယွမ်ကျန်းကို ပြန်လည်ဖမ်းဆီးရန် ကြိုးပမ်းခြင်းသည် ပိုင်မျိုးနွယ်စုနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံရခြင်းကို ဆိုလိုသောကြောင့် ဖြစ်သည်။
ထိုအချိန်က ထိုအတိုင်းလွှတ်ထားလိုက်ခြင်းမှာ ပညာရှိသော ဆုံးဖြတ်ချက်ဟု သူ ထင်မြင်ခဲ့မိသည်။
နောင်တအရိပ်အယောင်များ သူ၏မျက်ဝန်းတွင် ဖြတ်ပြေးသွားသည်။
သူသည် ထိုသူများကို လျှော့တွက်ခဲ့မိချေပြီ။
ပိုင်မျိုးနွယ်စုသည် ခိုင်လုံသော အထောက်အထား များများစားစားမရှိဘဲ ကျန်းယွမ်ကျန်းပေးသော သတင်းအချက်အလက်အပေါ် အခြေခံကာ ဤမျှအထိ လှုပ်ရှားလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ပိုင်မျိုးနွယ်စုသည် စမ်းသပ်ခန်းရှိရာသို့ ဦးတည်နေကြောင်း ကြားလိုက်ရသည့်အခါ သူသည် ဝေခွဲမနေတော့ဘဲ အမိန့်တစ်ခုကို ချက်ချင်းထုတ်ပြန်ခဲ့သည်။ "ရှိသမျှ အင်အားအားလုံးကို စုရုံးကြ”
သူသည် အတည်ပြောခြင်းဖြစ်သည်။
အမာခံတပည့်များ၊
အတွင်းဆောင်အကြီးအကဲများ၊
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့်
တံခါးပိတ်ကျင့်ကြံနေသူများကိုပင် သတင်းပေးလိုက်သည်။
သူတို့၏ မည်းမှောင်သော လျှို့ဝှက်ချက်များကို အသိပေး၍မဖြစ်ပေ။ စမ်းသပ်ခန်းအကြောင်း၊
နေမင်းတာအို အပိုင်းအစသုတေသနအကြောင်းနှင့် ကလေးငယ်များကို ပြန်ပေးဆွဲထားသည့်အကြောင်း—အစအနလေးမျှပင် အပြင်သို့ ပေါက်ကြားသွား၍ မရပေ။
၎င်းတို့အနက်မှ အစိတ်အပိုင်းလေးတစ်ခုမျှ လွဲမှားသော နားများထဲသို့ ရောက်ရှိသွားခဲ့လျှင် သူတို့ဂိုဏ်းသည် ပိုင်မျိုးနွယ်စု တစ်ခုတည်းကိုသာ ရင်ဆိုင်ရမည်မဟုတ်ပေ
အင်ပါယာတစ်ခုလုံးနှင့် ထိပ်တိုက်တွေ့ရမည် ဖြစ်သည်။
"ငါ အဲ့ဒီသစ္စာဖောက်ကို သတ်ပစ်ခဲ့သင့်တာ”
သူ၏အကြည့်သည် ပိတ်ထားသော မြေအောက်ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။
ထိုစဉ်
ရှေ့တန်းနားရှိ ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးသည် တိုက်ခိုက်နေရင်းမှ ရုတ်တရက် ရပ်တန့်သွား၏။
"သခင်လေး”
ဝင်းခြံတစ်ခုလုံးတွင်
မြေအောက်လှေကားကို ဖုံးအုပ်ထားသော ကျောက်ပြားကြီးသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာတော့သည်။
ကျောက်စကျောက်နများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်သွား၏
ဖုန်မှုန့်များ ထပွလာ၏။
ထိုဖုန်မှုန့်များကြားမှ
လူနှစ်ဦး အရင်ဆုံး ထွက်ပေါ်လာသည်။
ပိုင်ကျီဟန်
ကျန်းယွမ်ကျန်း
ပိန်လှီပြီး တုန်ရီနေသော ကလေးငယ်တစ်သိုက်သည် အလင်းရောင်ရှိရာသို့ ထွက်ပေါ်လာကြတော့သည်။
ဝင်းခြံတစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွား၏။
တိုက်ပွဲအလယ်တွင်ပင်
အားလုံး၏ အကြည့်များမှာ သူတို့ဆီသို့ ရောက်သွားကြသည်။
ဂိုဏ်းချုပ်သည် ထိုကလေးများကို မြင်လိုက်ရသောအခါ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွား၏။
အားလုံးရှေ့တွင် ပေါ်ပေါ်ထင်ထင်ပင်။
အသက်ရှင်နေသော သက်သေများ။
ထို့နောက် သူ၏အကြည့်သည် ကျန်းယွမ်ကျန်းဆီသို့ ရောက်သွား၏
နောက်ဆုံးတွင်မူ
အမြဲတမ်းလိုပင် တည်ငြိမ်နေဆဲပင်။
တားမြစ်ထားသော စမ်းသပ်ခန်းတစ်ခုကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မဟုတ်ဘဲ ပန်းခြံထဲတွင် လမ်းလျှောက်ထွက်လာသကဲ့သို့ပင်
(ဒီကောင်ပါ ရောက်နေတာလား?)
ဂိုဏ်းချုပ်၏ မျက်နှာမှာ ပို၍ မဲမှောက်သွား၏။
"ဒါဆို..."
သူ၏အသံသည် ကျင့်စဉ်စွမ်းအားများ ပါဝင်နေသဖြင့် စစ်တလင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"မင်းက ငါ့ရဲ့ မြစိမ်းရောင်နေမင်းဂိုဏ်းကို ကျူးကျော်ရဲတယ်ပေါ့? ဒုက္ခိတတစ်ယောက်ကများ?"
ပိုင်ကျီဟန်၏ အကြည့်မှာ သူနှင့် ဆုံသွားသည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ? မင်း ဘာလုပ်နိုင်မှာမလို့လဲ? ဟိုကလေးတွေလိုပဲ ငါ့ကိုပါ စမ်းသပ်ဦးမလို့လား?"
ထိုစကားကြောင့် မြစိမ်းရောင်နေမင်းဂိုဏ်းသားများကြားတွင် လှုပ်ခတ်သွားကြသည်။
အချို့မှာ တောင့်တင်းသွားကြ၏
အချို့မှာမူ ကလေးများကို မကြည့်ဝံ့ဘဲ မျက်နှာလွှဲလိုက်ကြ၏။ အခြားသူများမှာမူ ဂိုဏ်း၏ မှောင်မိုက်သော လျှို့ဝှက်ချက်များကို မသိကြသဖြင့် တကယ်ပင် ဝေခွဲမရ ဖြစ်နေကြသည်။
ဂိုဏ်းချုပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"ဒါဟာ လုပ်ကြံစွပ်စွဲမှုပဲ”
သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
ထိပ်တန်းပညာရှင်တစ်ဦး၏ ဖိနှိပ်လိုသော အရှိန်အဝါသည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ဝင်းခြံတစ်ခုလုံးအပေါ်သို့ ကျရောက်လာ၏။
ပတ်ဝန်းကျင် အပူချိန်မှာလည်း မြင့်တက်လာပုံရသည်။
"ပိုင်ကျီဟန်... မင်းက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မင်းရဲ့မျိုးနွယ်စုကို ဒီကိုခေါ်လာတယ်၊ ငါ့ရဲ့အကြီးအကဲတွေကို သတ်တယ်၊ ပြီးတော့ ငါ့ရဲ့တပည့်တွေကိုပါ ပြန်ပေးဆွဲသွားတယ်”
ကျန်းယွမ်ကျန်းသည် လှောင်ပြောင်သည့်အနေဖြင့် တစ်ချက် ရယ်မောလိုက်သည်။
"တပည့်တွေ ဟုတ်လား?"
သူသည် နောက်ကွယ်ရှိ ကလေးများကို အသာအယာ ညွှန်ပြလိုက်၏
"ဒါတွေက တပည့်တွေဆိုတာ သေချာရဲ့လား? သူတို့ကိုပဲ မေးကြည့်ကြမလား?"
ဂိုဏ်းချုပ်၏ အကြည့်မှာ ခက်ထန်သွား၏။
"အဲ့ဒါ မင်းနဲ့မဆိုင်ဘူး”
နှစ်ဖက်စလုံးမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်မှာမူ ထိုအချက်ကို ပြန်မဖြေဘဲ ပိုင်ကျီဟန်ကိုသာ စိုက်ကြည့်နေ၏။
"မင်း ဒီကနေ ထွက်သွားနိုင်မယ် ထင်နေတာလား?"
သူ၏လေသံသည် နိမ့်ဆင်းသွားပြီး အန္တရာယ်ရှိသော အငွေ့အသက်များ ပါဝင်နေသည်။
"မင်း ငါ့ရဲ့ပိုင်နက်ထဲကို ခြေလှမ်းလိုက်ပြီ။ ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်မယ်လို့ မထင်နဲ့။ မင်းက ပိုင်မျိုးနွယ်စုက ဖြစ်နေရင်တောင် ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားရမှာပဲ”
ပိုင်ကျီဟန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။
"ခင်ဗျားကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားရမှာက ခင်ဗျားပဲ ဖြစ်လိမ့်မယ်။"
သူ့နောက်ကွယ်ရှိ ပိုင်မျိုးနွယ်စု အကြီးအကဲများသည်လည်း တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်ကြသည်။
ဂိုဏ်းချုပ်သည် ပိုင်ကျီဟန်ကို စိုက်ကြည့်နေ၏။ သူ့ကို သတ်လိုက်မည်ဆိုပါက ကိစ္စကြီးသွားမည်ဖြစ်ပြီး ပိုင်မျိုးနွယ်စု၏ ရှိသမျှအင်အားအားလုံးကို ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် ပိုင်ကျီဟန်သာ အသက်ရှင်လျက် ထွက်သွားပါက
အားလုံးမှာ ပျက်စီးသွားပေလိမ့်မည်။ သူ ရင်ဆိုင်ရမည့်အရာမှာ ပိုင်မျိုးနွယ်စု တစ်ခုတည်းမဟုတ်ဘဲ အင်ပါယာတစ်ခုလုံး ဖြစ်လာပေလိမ့်မည်။
ထိုအခါမျိုးတွင် လီ-ကျောက် မဟာမိတ် ပင်လျှင် သူ့ကို ကူညီနိုင်မည်မဟုတ်ပေ။
သူ၏ အကြည့်မှာ စူးရှသွားသည်။
"အခင်းအကျငိးတွေကို ပိတ်လိုက်ကြ။ တစ်
ယောက်မှ လွတ်အောင် မလွှတ်နဲ့”
ချက်ချင်းပင် ဝင်းခြံအနားသတ်များရှိ ကျင့်စဉ်တိုင်များသည် တောက်လောင်လာတော့သည်။
ရွှေရောင်တောက်နေသော စွမ်းအားအမိုးခုံးကြီးတစ်ခုသည် ကောင်းကင်ယံတွင် စတင်ဖြစ်ပေါ်လာ၏။
မည်သူမျှ ထွက်သွားနိုင်မည်မဟုတ်ပေ။
ပိုင်မျိုးနွယ်စုလည်း မရ၊ ကလေးများလည်း မရပေ။
သစ္စာဖောက်လည်း မရပေ။
သူသည် အမှန်တရားကို ဤနေရာတွင်ပင် မြေမြှုပ်ပစ်မည်။
ထို့နောက် သူကိုယ်တိုင် သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မည်။
ယခုတစ်ကြိမ်တွင်မူ
သူသည် ယခင်ကလို အမှားမျိုး ထပ်မံအမှားခံတော့မည်မဟုတ်ပေ။
***