"ဂိုဏ်းချုပ် ဝမ်ဟောင်ယု... ကျွန်တော်တို့ရဲ့ ဘိုးဘေး တွေကို အကြောင်းကြားပြီးပါပြီ”
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ဟောင်ယုထံသို့ စိတ်ချင်းဆက်သွယ်သော သတင်းစကားတစ်ခု ရောက်ရှိလာသည်။
"ကောင်းပြီ”
ပိုင်မျိုးနွယ်စုထံမှ သူ အမှန်တကယ် ကြောက်ရွံ့ရသူများသည် အင်မော်တယ်တွင် ရှိနေကြသော မဟာအကြီးအကဲ နှစ်ဦးသာ ဖြစ်သည်။
အကယ်၍ ၎င်းတို့သာ ပါဝင်လာပါက အင်အားချင်း မည်မျှပင် သာနေပါစေ သူတို့အတွက် အလွန်အန္တရာယ်များလှသည်။
ထို့ကြောင့် ၎င်းတို့ကို ထိန်းချုပ်ရန်အတွက် သူတို့ဂိုဏ်း၏ အင်မော်တယ်အဆင့်ရှိ ဘိုးဘေးများကို အသုံးပြုရမည်ဖြစ်သည်။
ပိုင်ရမ်၏ အစွမ်းကို သိထားသဖြင့် ဝမ်ဟောင်ယုအနေဖြင့် ၎င်းတို့ကို အနိုင်ရမည်ဟု မမျှော်လင့်ထားပေ
သို့သော်လည်း အနိုင်ရရန်လည်း မလိုပေ။ မဟာအကြီးအကဲ နှစ်ဦးကိုသာ အချိန်ဆွဲထားနိုင်လျှင် ကျန်ရှိသောသူများကို သူတို့ အသာစီးဖြင့် အနိုင်ယူနိုင်မည်ဖြစ်သည်။
ပိုင်ကျီဟန်ကို သူတို့လက်ထဲ ရောက်ရှိသွားစေရုံဖြင့် ထိုမဟာအကြီးအကဲ နှစ်ဦးကို ပိုင်ကျီဟန်၏ အသက်ဖြင့် ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူ တွက်ဆထား၏။
ကောင်းကင်ယံတွင် ကျင့်စဉ်အစီအရင်၏ အမိုးခုံးကြီးမှာ ပိတ်ဆို့သွားချေပြီ။
ပြင်ဆင်မှုများ အားလုံးပြီးစီးသွားသဖြင့် ပိုင်ကျီဟန်နှင့် သူ၏အင်အားစုများ ယနေ့ ဤနေရာတွင် ကျဆုံးရတော့မည်ဟု ဝမ်ဟောင်ယု အမှန်တကယ် ယုံကြည်နေတော့သည်။
"ဟားဟား... ပိုင်ကျီဟန်၊ အလဟဿ ခုခံမနေဘဲ အညံ့ခံလိုက်စမ်း။ ငါ့ပိုင်နက်ထဲ ဝင်လာတဲ့ ဘယ်သူမဆို လွတ်လမ်းမရှိဘူး။ မင်းရဲ့ ကံကြမ္မာကိုပဲ လက်ခံလိုက်တော့”
ပိုင်ကျီဟန်ကမူ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပါ။
"ငါသာ မင်းနေရာမှာဆိုရင် သူများအရေးထက် ကိုယ့်အရေးကိုယ် ပိုပူပန်မိမှာပဲ" ပိုင်ကျီဟန်က ပြန်ပြောလိုက်၏။
သူတို့ကို ထွက်ပြေးခွင့်မပေးရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် အသက်သွင်းလိုက်သော ကျင့်စဉ်အစီအရင်ကို သူ စိုးစဉ်းမျှ ဂရုမစိုက်ပေ။
(ထွက်ပြေးမယ်? ဘာလို့လဲ?)
ထိုအစီအရင်ကို မြင်သောအခါ ပိုင်ကျီဟန် စိတ်ထဲမှ တွေးလိုက်မိသည်။
သူ့တွင် ထွက်ပြေးရန် အစီအစဉ် လုံးဝမရှိသဖြင့် ဝမ်ဟောင်ယု၏ ပြင်ဆင်မှုများမှာ လုံးဝ အသုံးမဝင်သော အရာများသာ ဖြစ်နေတော့သည်။
"စကားကြီးစကားကျယ် မပြောနဲ့..သတ်ကြစမ်း”
ဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။
မြစိမ်းရောင်နေမင်းဂိုဏ်းသားများသည် တောက်လောင်နေသော ဝတ်ရုံများနှင့် ဓားသွားများဖြင့် လှိုင်းလုံးကြီးများသဖွယ် ရှေ့သို့ တိုးဝင်လာကြ၏။
သူတို့၏ အင်အားမှာ ပိုင်မျိုးနွယ်စုထက် ငါးဆခန့် သို့မဟုတ် ထိုထက်မက ပို၍ များပြားလှသည်။
"အညံ့ခံလိုက်စမ်း”
"ဒီနေ့တော့ ပိုင်မျိုးနွယ်စု ဒုက္ခရောက်ပြီး ငါကတော့ ဆုလာဘ်ကြီးကြီးရတော့မှာပဲ”
"စိတ်ကူးယဉ်မနေနဲ့၊ အဲ့ဒီကောင်တွေကို ငါကိုယ်တိုင် သတ်မှာ”
မီးတောက်ကျင့်စဉ်များသည် ဝင်းခြံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ရာနှင့်ချီသော လက်ဝါးရိုက်ချက်များက တစ်ပြိုင်နက် ကျဆင်းလာရာ ကောင်းကင်ယံတွင် မီးမိုးများ ရွာသွန်းနေသကဲ့သို့ ဖြစ်နေတော့သည်။
ခဏတာမျှ ကြည့်လိုက်လျှင်
အလွန်ပင် အားကြီးလှသည်ဟု ထင်ရ၏။
သို့သော်
ပိုင်မျိုးနွယ်စုဝင်များ လှုပ်ရှားလာကြသည်။
သူတို့သည် အော်ဟစ်ခြင်း
သို့မဟုတ် ထိတ်လန့်ခြင်း မရှိကြပေ။
ပြေးဝင်တိုက်ခိုက်ခြင်းပင် မပြုပေ။
တည်ငြိမ်စွာပင် ရှေ့သို့ လှမ်းတက်လာကြသည်။
ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးက လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်၏။
သူ့ရှေ့ရှိ လေထုသည် ပိုးသားကုလားကာတစ်ခုကဲ့သို့ ကွဲအက်သွားသည်။
ပြေးဝင်လာသော မီးတောက်လှံများသည် သူ၏ အင်္ကျီလက်ကိုပင် မထိနိုင်ခင် မီးပွားများအဖြစ် ကြေမွသွားတော့သည်။
အခြားအကြီးအကဲတစ်ဦးက သူ၏ အင်္ကျီလက်ကို အပြင်သို့ ဝေ့ယမ်းလိုက်ရာ ဖြူဖွေးသော ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုသည် စက်ဝိုင်းပုံစံ ပြန့်ကားထွက်သွားသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းသားများ၏ ပထမဆုံး တိုက်စစ်လှိုင်းသည် မမြင်ရသော တောင်ကြီးတစ်လုံးနှင့် တိုက်မိသကဲ့သို့ပင်။
အရိုးကျိုးသံများ ဟိန်းထွက်လာ၏
သွေးများ ပန်းထွက်သွား၏။
သူတို့သည် ထိုအကြီးအကဲ၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ကြချေ။
ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင်
အစွမ်းချင်းကွာခြားမှုမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ အမာခံတပည့်တစ်ဦးသည် နေမင်းတာအို မီးတောက်များ စုစည်းထားသော ဓားဖြင့် ပိုင်မျိုးနွယ်စုမှ လူငယ်တစ်ဦးထံသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။
"သေစမ်း”
ဓားချက်က ကျဆင်းလာ၏
သို့သော်လည်း ပိုင်မျိုးနွယ်စုမှ လူငယ်သည် ဘေးသို့ အသာအယာ ရှောင်တိမ်းလိုက်၏။
ထို့နောက် လက်ဝါးရိုက်ချက်တစ်ခုဖြင့် ထိုတပည့်၏ ရင်ဘတ်ကို ခပ်ဖွဖွလေး ရိုက်လိုက်သည်။
ထိုအခါ မြစိမ်းရောင်နေမင်းဂိုဏ်းတပည့်၏ ခန္ဓာကိုယ်သည် ခံစစ်တံတိုင်းကြီးတစ်ခုနှင့် တိုက်မိသကဲ့သို့ အတွင်းသို့ ချိုင့်ဝင်သွားတော့သည်။
သူသည် ဝင်းခြံတစ်ခုလုံးကို ဖြတ်ကျော်ကာ လွင့်စင်သွားပြီး နံရံတစ်ခုထဲသို့ တစ်ပါတည်း စိုက်ဝင်သွားကာ ငြိမ်သက်သွား၏။
ပိုင်မျိုးနွယ်စုလူငယ်မှာမူ သူ့ကို တစ်ချက်ပင် ပြန်မကြည့်တော့ပေ။
သူသည် သူ၏အစွမ်းကို သုံးဆယ်ရာခိုင်နှုန်းပင် မသုံးခဲ့ရချေ။
အခြားတစ်နေရာတွင်မူ
မြစိမ်းရောင်နေမင်းဂိုဏ်းအကြီးအကဲ သုံးဦးသည် သူတို့၏ တိုက်ကွက်များကို ပေါင်းစပ်လိုက်ပြီး တိုက်ပွဲအလယ်၌ သုံးထပ်ပါသော နေမင်းကျင့်စဉ်အစီအရင် တစ်ခုကို ဖန်တီးလိုက်ကြသည်။
ရွှေရောင်လွှမ်းသော စွမ်းအားကြိုးကွင်းများ ကျဆင်းလာ၏။
ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦးသည် ထိုအစီအရင်အတွင်း၌ ရပ်နေသည်။
သူသည် သူ၏ခြေလက်များကို ပတ်နှောင်ထားသော စွမ်းအားကြိုးကွင်းများကို ငေးကြည့်နေမိ၏။
ထို့နောက်
သူက ခန္ဓာကိုယ်ကို တစ်ချက်မျှ လှုပ်ရှားလိုက်ရုံဖြင့် ရွှေရောင်ကြိုးကွင်းများမှာ ဖန်သားပြင်ကဲ့သို့ တစစီ ကြေမွသွားတော့သည်။
အကြီးအကဲ သုံးဦး ဘာမှမလုပ်နိုင်မီမှာပင်
သူ ပျောက်ကွယ်သွား၏။
ဂျောက် ဂျောက် ဂျောက်
ဆက်တိုက်ဆိုသလို အသံသုံးချက် ထွက်ပေါ်လာပြီးနောက် အကြီးအကဲ သုံးဦးသည် သူတို့၏ နဖူးများတွင် ဖောက်ထွင်းခံလိုက်ရကာ အသက်မဲ့စွာ လဲကျသွားကြတော့သည်။
ပိုင်မျိုးနွယ်စု အကြီးအကဲသည် သူနဂိုရပ်နေခဲ့သည့် နေရာတွင် ပြန်လည်ပေါ်လာ၏။
သူ၏ အင်္ကျီလက်များမှာ တွန့်ကြေခြင်းမရှိပေ
အသက်ရှူသံမှာလည်း ပြောင်းလဲခြင်းမရှိပေ။
"ညံ့လိုက်တာ" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
တိုက်ပွဲအခြေအနေမှာ တစ်ဖက်သတ် ဖြစ်လာနေချေပြီ။
မြစိမ်းရောင်နေမင်း ဂိုဏ်းသားများသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း စတင်သတိထားမိလာကြသည်။
သူတို့တွင် လူအင်အားရှိသည်။
ကျင့်စဉ်အစီအရင်များရှိသည်။
ကိုယ့်နယ်မြေကိုယ် အသာစီးရထားသည်။
သို့သော်လည်း ထိုအရာအားလုံးမှာ အသုံးမဝင်တော့ချေ။
သူတို့၏ ခံစစ်တံတိုင်းကို မထိန်းထားနိုင်ကြတော့ပေ။
လူဆယ်ယောက်က တစ်ယောက်ကို ဝိုင်းတိုက်လျှင်ပင်
၎င်းမှာ ကျရှုံးမည့်အချိန်ကို စက္ကန့်အနည်းငယ်မျှသာ ဆွဲဆန့်နိုင်ခြင်း ဖြစ်တော့သည်။
အကြီးအကဲများ စုပေါင်းအင်အားသုံးလျှင်ပင်
၎င်းတို့မှာ စနစ်တကျ ချေမှုန်းခြင်းကို ခံနေရသည်။ ပိုင်မျိုးနွယ်စုဝင်များသည် အလောတကြီး မလုပ်ဆောင်ကြပေ။
ကျင့်စဉ်စွမ်းအားကိုလည်း အလဟဿ အလွန်အကျွံ မသုံးစွဲကြချေ။
လှုပ်ရှားမှုတိုင်းက တွက်ချက်ပြီးသားဖြစ်၏
ရိုက်ချက်တိုင်းက ထိရောက်လှသည်။
နွေးထွေးမှုပြုလုပ်ရုံမျှသာဖြစ်သကဲ့သို့ သူတို့၏ အင်အားကို ချွေတာသုံးစွဲနေကြ၏။
အကယ်၍ သူတို့သာ အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုပါက
အသက်ရှူကြိမ်ရေ တစ်ဒါဇင်အတွင်းမှာတင် ဤဝင်းခြံကြီးတစ်ခုလုံးမှာ အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက နောက်လာမည့် တိုက်ပွဲများအတွက် အင်အားချည့်နဲ့သွားစေနိုင်သဖြင့် ပုံမှန်ထက် အချိန်အနည်းငယ် ပိုပေးနေရခြင်း ဖြစ်သည်။
ထို့ပြင်
"အားး၊ ဘာဖြစ်နေတာလဲ? ငါ့ခန္ဓာကိုယ်ကို ငါထိန်းလို့မရတော့ဘူး”
"ဟေ့…လှုပ်ရှားလေ၊တိုက်ပွဲအလယ်မှာ ဘာရပ်လုပ်နေတာလဲ?"
"ကစားမနေနဲ့တော့... ငါ့ကို ကူဦးလေ”
စစ်တလင်းတစ်ခုလုံးတွင် မြစိမ်းရောင်နေမင်းဂိုဏ်းမှ ဂိုဏ်းသားအများအပြားသည် အကြောင်းရင်းမရှိဘဲ ရုတ်တရက် လဲကျကုန်ကြသည်။
ထိုသူများမှာ ကောင်းကင်အမိန့်တော် တစ်သားတည်းဖြစ်ခြင်း အတတ်ကို ကျင့်ကြံထားကြသူများ ဖြစ်သည်။
ပိုင်ကျီဟန်သည် ၎င်းတို့၏ ကျင့်စဉ်စွမ်းအားများကို လျှို့ဝှက်စွာ ထိန်းချုပ်မရဖြစ်အောင် ပြုလုပ်လိုက်သဖြင့် အသာစီးရနေသော တိုက်ပွဲမှာ ပို၍ပင် တစ်ဖက်သတ် ဆန်လာတော့သည်။
ပိုင်ကျီဟန်သည် ဟန်ရှကို ပြုလုပ်ခဲ့သလို ဝမ်ဟောင်ယုကိုပါ ထိန်းချုပ်ရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။
ဝမ်ဟောင်ယုသည် ထိုမျှားခေါ်မှုကို မခံခဲ့ခြင်း သို့မဟုတ် ပိုမိုစွမ်းအားကြီးသော အခြားကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားခြင်း ဖြစ်ပုံရသည်။
မည်သို့ပင်ဆိုစေ သူသည် ပိုင်ကျီဟန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်နေခဲ့၏။ အချို့သောသူများအပေါ်တွင် ဘာတွေဖြစ်
ပျက်နေသည်ကို ပိုင်မျိုးနွယ်စုရော မြစိမ်းရောင်နေမင်းဂိုဏ်း ဘက်ကပါ နားမလည်ကြသဖြင့် ဝေခွဲမရဖြစ်နေကြသည်။
သို့သော်လည်း ၎င်းမှာ ကြာရှည်မခံပေ။ ပိုင်မျိုးနွယ်စုဝင်များသည် ထိုအခွင့်အရေးကို အရယူကာ ရန်သူများကို သနားညှာတာမှုမရှိဘဲ သုတ်သင်လိုက်ကြသည်။
သူတို့တွင် ဘာချို့ယွင်းချက်ဖြစ်နေသည်ကို ပိုင်မျိုးနွယ်စုက ဂရုမစိုက်ပေ။ ပိုင်ကျီဟန်ကို ဆန့်ကျင်ခဲ့ခြင်းဟူသော အချက်ကပင် သူတို့အတွက် သေဒဏ်ပေးရန် လုံလောက်နေပြီ ဖြစ်သည်။
ဂိုဏ်းချုပ်သည် ပင်မဆောင်လှေကားထစ်များပေါ်တွင် ရပ်လျက် ထိုမြင်ကွင်းကို စောင့်ကြည့်နေ၏။
သူ၏မျက်နှာသည် သွေးမရှိသလို ဖြူလျော့နေတော့သည်။
"ဒါ... ဒါ မဖြစ်နိုင်တာ..."
ပိုင်မျိုးနွယ်စုက ပိုသန်မာသည်ကို သူ သိထားသည်။
နတ်ဆိုးတပ်ဖွဲ့များနှင့် စစ်ဖြစ်စဉ်က သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးသည် မဟုတ်ပါလော
သို့သော်လည်း ယခုမူ
သူ ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေကြသည်။
ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင် သူ၏ အမာခံတပည့်များမှာ စက္ကန့်ပိုင်းအတွင်း ရှုံးနိမ့်နေကြရ၏။
အဆင့်မြင့်လာလေလေ ကွာခြားချက်က ပို၍ ကြီးမားလာလေလေပင်။
ပိုင်မျိုးနွယ်စု၏ ဝိညာဉ်စွမ်းအားမှာ ပို၍ သိပ်သည်းပြီး စင်ကြယ်လှသည်။
သူတို့၏ တိုက်ကွက်များက ပို၍ ပြင်းထန်သည်။
စွမ်းအားကိုလည်း အပိုမသုံးဘဲ နောက်ထပ်ရန်သူအတွက်ပါ စွမ်းအင်ကို ချွေတာထားကြသည်။
၎င်းမှာ အသက်လုတိုက်ပွဲဝင်နေကြသည့် ပုံစံမျိုး လုံးဝမဟုတ်ပေ
လေ့ကျင့်ခန်းဆင်းနေသည့် ပုံစံမျိုးသာ ဖြစ်နေခဲ့သည်။
သူ၏ အကြီးအကဲများနှင့် တပည့်အချို့သည်လည်း အကြောင်းရင်းမရှိဘဲ လဲကျနေကြသည်။
ဝမ်ဟောင်ယု၏ လက်ချောင်းများမှာ နောက်ကျောတွင် တုန်ရီနေမိ၏။
"ဘယ်လိုဖြစ်ပြီး... မင်း ဘာလုပ်လိုက်တာလဲ၊ ပိုင်ကျီဟန်”
ဘာတွေဖြစ်နေသည်ကို ဝမ်ဟောင်ယု အတိအကျမသိပေမဲ့ ၎င်းသည် ပိုင်ကျီဟန်ဖြင့် တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေမည်ဟု သူ ချက်ချင်းပင် ထင်ကြေးပေးလိုက်မိသည်။
ပိုင်ကျီဟန်နှင့် မပတ်သက်ဘဲ ဒီလိုဖြစ်လာစရာ အကြောင်းမရှိပေ။
မနေ့ကအထိ ဘာမှမဖြစ်ခဲ့သူသည် ထိုနေ့ကျမှ အပြင်းအထန် ဒဏ်ရာရထားသလိုမျိုး အတုံးအရုံး လဲကျနေကြသည် မဟုတ်ပါလော
ဂိုဏ်းချုပ်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။
မဖြစ်နိုင်တာ
လုံးဝကို မဖြစ်နိုင်ပေ။
သူသည် တိုက်ပွဲအခြေအနေကို လှည့်ပြောင်းနိုင်မည့် အခွင့်အရေးကို လိုက်လံရှာဖွေနေမိသည်။
ထိုစဉ် ပိုင်မျိုးနွယ်စု၏ အားနည်းချက် သို့မဟုတ် အခြေအနေကို ပြောင်းလဲပေးနိုင်မည့်အရာတစ်ခုကို သူ တွေ့သွားခဲ့သည်။
၎င်းမှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။
သို့သော်လည်း မဟာအကြီးအကဲ နှစ်ဦးမှာ မလှုပ်ရှားရသေးသဖြင့် ၎င်းမှာ လွယ်ကူလိမ့်မည်ဟု သူ မထင်ပေ ။
သူတို့သည် အင်မော်တယ်အဆင့်အောက်ရှိ မည်သူ့ကိုမဆို အလွယ်တကူ ဟန့်တားနိုင်စွမ်း ရှိကြသည်။
"အကြီးအကဲတို့၊ တစ်ယောက်က ပိုင်ကျီဟန်ကို တိုက်ခိုက်၊ နောက်တစ်ယောက်က သက်သေတွေကို သတ်ပစ်”
သူသည် အကြီးအကဲ နှစ်ဦးထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းစကား ပေးလိုက်သည်။ ဝမ်ဟောင်ယု ဘာကို ရည်ရွယ်
နေသည်မှာ ထင်ရှားလှ၏။
ပိုင်ကျီဟန်ကို ပစ်မှတ်ထားလိုက်လျှင် သူ၏အနီးရှိ အကြီးအကဲများနှင့် မဟာအကြီးအကဲများအားလုံးသည် သူ့ကို ကာကွယ်ရန် လှုပ်ရှားကြမည်ဖြစ်သည်။
ထိုအချိန်တွင် ကလေးငယ်များကို ရှင်းလင်းပစ်ရန် သူ ကြံစည်နေခြင်း ဖြစ်သည်။
ထိုစမ်းသပ်ခံ သက်သေများကိုသာ ဖျောက်ဖျက်နိုင်လျှင် ပိုင်မျိုးနွယ်စုထံတွင် ခိုင်လုံသော အထောက်အထား ရှိတော့မည်မဟုတ်ဟု ဝမ်ဟောင်ယု တွေးလိုက်သည်။ အထောက်အထားမရှိလျှင် ပိုင်မျိုးနွယ်စုအနေဖြင့် သူတို့၏ လျှို့ဝှက်ချက်ကို သိနေလျှင်ပင် ဘာမျှ ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်ပေ။
"နားလည်ပါပြီ”
ဗလာသန့်စင်ခြင်းအဆင့်အကြီးအကဲ နှစ်ဦးက ပြန်ထူးလိုက်ကြ၏။
ရှူးးးး
သူတို့သည် အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
ပထမဆုံးအနေဖြင့် ပိုင်ကျီဟန်ကို တိုက်ခိုက်လိုက်၏။
"ပိုင်သခင်လေး၊ မင်းတော့ သွားပြီသာမှတ်တော့”
သူသည် အာခေါင်ခြစ်ကာ အော်ဟစ်လိုက်၏။
ပထမအကြီးအကဲသည် အာရုံစိုက်မှုအားလုံး ရရှိစေရန် တတ်နိုင်သမျှ ဆူညံပွက်လောရိုက်အောင် ပြုလုပ်ခဲ့သည်။
အခြားတစ်ယောက်ကမူ ခဏမျှ စောင့်ဆိုင်းပြီးမှ ကလေးငယ်များရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်သွား၏။
ကလေးငယ်များသည် သူလာနေသည်ကို သတိမထားမိကြသလို၊ ကျန်ရှိသောသူများမှာလည်း ပထမအကြီးအကဲ ဖြစ်ပေါ်စေခဲ့သော ဆူညံမှုများကြောင့် အာရုံလွဲနေကြသည်။
"မင်းတို့ ဒီမှာပဲ နေခဲ့သင့်တာ" သူက တိုးတိုးလေး ရေရွတ်ရင်း သူ့ကို သတိမထားမိကြသေးသော ကလေးများကို သတ်ရန် ရှေ့သို့ တိုးလိုက်သည်။
ထိုစဉ် ဖြူဖွေးသော အရိပ်တစ်ခုက သူ့ရှေ့မှ ဖြတ်ပြေးသွား၏။
ဒုန်း
အကြီးအကဲ၏ ဦးခေါင်းသည် လေထဲတွင် လွင့်ထွက်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ သုံးလှမ်းခန့် ဆက်သွားပြီးမှ လဲကျသွား၏။
ပိုင်မျိုးနွယ်စု အကြီးအကဲတစ်ဦး ပေါ်လာခြင်း ဖြစ်သည်။
သူ၏ မျက်နှာအမူအရာမှာ အေးစက်လှ၏။
"ဟွန့်၊ မင်းတို့ရဲ့ အကြံကို ငါတို့က မသိဘူးများ မှတ်နေလား?"
သူ့နောက်တွင်မူ ကလေးငယ်များသည် ဖြစ်ပျက်သွားသည်ကို သိရှိသွားပြီးနောက် တစ်ဦးကိုတစ်ဦး ပိုမို တင်းကြပ်စွာ ဖက်ထားကြသည်။
ပိုင်ကျီဟန်ကို ပစ်မှတ်ထားခဲ့သော အခြားအကြီးအကဲ တစ်ယောက်မှာမူ
သူ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
***