အင်မော်တယ်အရှိန်အဝါ များသည် လှိုင်းလုံးကြီးများသဖွယ် အပြင်ဘက်သို့ ရိုက်ခတ်သွားပြီး ကောင်းကင်ယံကြီး ပြိုကျလာသကဲ့သို့ ဝင်းအတွင်းရှိ မြေပြင်ကို ဖိနှိပ်လိုက်လေသည်။
အသစ်ရောက်ရှိလာသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးက ရှေ့သို့ အရင်ဆုံး လှမ်းတက်လာ၏။ သူ၏ ဝတ်ရုံသည် ရွှေအိုရောင်ဖြစ်ပြီး အသက်ဝင်နေသည့်အလား ထင်မှတ်ရသော တောက်လောင်နေသည့် နေမင်းပုံသဏ္ဍာန် ပန်းထိုးများဖြင့် ဆင်ယင်ထားသည်။
သူ၏ ဆံပင်များတွင် ဖြူရောင်သန်းနေသော်လည်း ဟန်ပန်မှာမူ မတ်မတ်ရှိနေဆဲဖြစ်ကာ အရှိန်အဝါ ကြီးမားလှပေသည်။
"ဟောင်ယု” သူက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သော်လည်း သူ၏အသံမှာ စစ်တလင်းတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ "မင်း အဆင်ပြေရဲ့လား"
ဝမ်ဟောင်ယုသည် ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး သူ၏မျက်နှာတွင် စိတ်သက်သာရာရမှုများ ယှက်သန်းသွားသည်။
"ဘိုးဘေး၊ ဒီမျိုးဆက်သစ်တပည့် ဘာဘေးမှမဖြစ်ပါဘူး"
အင်မော်တယ် လေးပါး ပေါ်လာသည့် ခဏမှာပင် သူ၏နှလုံးသားကို ဖိနှိပ်ထားသော အလေးအပင်ကြီးမှာ ပေါ့ပါးသွားတော့သည်။
အခြားတစ်ဦးက "အခြေအနေက ဘာလဲ၊ ငါတို့ဂိုဏ်းက ဘာလို့ ရှုံးနိမ့်နေရတာလဲ" ဟု မေးမြန်းလိုက်သည်။
ဝမ်ဟောင်ယုသည် ကိုယ်ကိုအနည်းငယ်မတ်လိုက်ပြီး အမြန်ပင် ဖြည့်စွက်ပြောဆိုလိုက်၏။ "ကျွန်တော်တို့ ပိုင်ကျီဟန်ကို ဖမ်းဆီးနိုင်သရွေ့ ဒီတိုက်ပွဲကို အနိုင်ရမှာပါ”
သူ၏မျက်လုံးများသည် တောက်လောင်နေသည်။ အရာအားလုံးက ထိုအချက်ပေါ်တွင်သာ မူတည်နေ၏။
အကယ်၍ ပိုင်ကျီဟန်ကိုသာ ဖမ်းမိခဲ့လျှင်
ပိုင်မျိုးနွယ်စုသည် တွန့်ဆုတ်သွားပေမည်။
မဟာအကြီးအကဲနှစ်ဦးသည်လည်း လက်တွန့်သွားလိမ့်မည်။
ထိုအခါ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်သေးသည်။
အင်မော်တယ်အရှိန်အဝါ များသည် ပိုမိုပြင်းထန်လာသည်။
၎င်းသည် ကောင်းကင်ယံမှ ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ ပိုင်ကျီဟန်၏ အပေါ်သို့ ဖိနှိပ်ချလိုက်၏။
သူ၏ခြေအောက်ရှိ ကျောက်ပြားများသည် အက်ကွဲကုန်သည်။
လေထုမှာ တုန်ခါသွား၏။
သူတို့၏ ထူထပ်လှသော တည်ရှိမှုအောက်တွင် ဝိညာဉ်စွမ်းအင်များပင် ယိုင်နဲ့ကောက်ကွေးသွားရသည်။
သို့သော်
ပိုင်ကျီဟန်သည် တုန်လှုပ်ခြင်းမရှိပေ။
ထိုမျှပြင်းထန်သော ဖိအားအောက်တွင် သူ၏ဝတ်ရုံစများသည် လေထဲတွင် အေးအေးလူလူ လွင့်မြောနေဆဲ ဖြစ်သည်။
သူ၏ နှုတ်ခမ်းအစုံတွင် အပြုံးဖျော့ဖျော့လေး တစ်ခုက ကွေးညွှတ်နေ၏။
အင်မော်တယ် လေးဦးသည် သူတို့၏မျက်လုံးများကို မှေးလိုက်ကြသည်။
ထိုအထဲမှ တစ်ဦးဖြစ်သော ထက်မြက်သည့် ရုပ်ရည်နှင့် စူးရှသော ရွှေရောင်မျက်ဝန်းပိုင်ရှင် အဖိုးအိုမှာ ပိုင်ကျီဟန်ကို သေချာစွာ စစ်ဆေးကြည့်ရှုနေသည်။
သူသည် ဤနေရာတွင် အင်အားအကြီးဆုံးဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်က မိစ္ဆာတပ်ဖွဲ့ များနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။
သူ မြင်ခဲ့ဖူးသည်။
ပိုင်ကျီဟန်သည် မိစ္ဆာသားရဲပင်လယ်ကြီးအတွင်း၌ ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာ ဖြတ်သန်းသွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်ကပင် သူသည် အလွန်အမင်း အထင်ကြီးခဲ့ရသည်။
သို့သော် ယခုမူ
အင်မော်တယ် လေးဦး၏ ပေါင်းစပ်ဖိအားအောက်တွင် တည်ငြိမ်စွာ ရပ်နေနိုင်ခြင်းလော။
၎င်းသည် လုံးဝကို အခြားအဆင့်တစ်ခု ဖြစ်နေချေပြီ။
"မင်းက တကယ်ကို ထူးခြားတာပဲ" မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက လေးလေးပင်ပင် ဆိုလိုက်သည်။
"စစ်ပွဲတုန်းက မင်းရဲ့စွမ်းဆောင်ရည်ကို ငါမြင်ခဲ့ပါတယ်။ မင်းရဲ့ပါရမီက မင်းတို့မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းပဲ"
သူ၏မျက်လုံးများ စူးရှသွား၏။
"ငါတို့ရှေ့မှာ မင်း ဒီလောက် တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
အင်မော်တယ်ဘိုးဘေးက ဆက်လက်၍ နှမြောတသဟန်ဖြင့် ဆိုသည်။
"တခြားအချိန်မျိုးမှာသာဆိုရင်... ငါ မင်းကို တပည့်အဖြစ် လက်ခံချင်မိမှာပဲ"
မြစိမ်းရောင်နေမင်းဂိုဏ်းတပည့်များကြားတွင် တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာသည်။
အင်မော်တယ်ဘိုးဘေးတစ်ဦး၏ တပည့်အဖြစ် လက်ခံခံရခြင်းမှာ သူတို့အတွက် အမြင့်မြတ်ဆုံးသော ဂုဏ်သရေဖြစ်ပေသည်။
"ဒါပေမဲ့" အင်မော်တယ်ဘိုးဘေး လေသံမှာ မာကျောသွား၏။ "မင်းက ငါတို့ဂိုဏ်းကို ကျူးကျော်ပြီး ငါတို့လူတွေကို သတ်ဖြတ်ဝံ့တဲ့အတွက် မင်း ဒီအကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်"
တိတ်ဆိတ်သွား၏။
ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
ထို့နောက်
သူက နှာခေါင်းရှုံ့လိုက်လေသည်။
၎င်းသည် လောကကြီးတွင် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ မထီမဲ့မြင်ပြုသော အသံလေးပင် ဖြစ်သည်။
"ခင်ဗျားလို လူမျိုးကို ကျွန်တော်က ဆရာအဖြစ် အသိအမှတ်ပြုရမယ်ဆိုရင်" သူက တည်ငြိမ်စွာ ဆိုလိုက်၏။ "အဲ့ဒါက အရှက်ခွဲခံရတာထက်တောင် ပိုဆိုးဦးမယ်"
အင်မော်တယ် မျက်နှာမှာ အေးခဲသွားသည်။
သူ၏ နားထင်မှ အကြောများမှာ တလှုပ်လှုပ် ဖြစ်လာ၏။
"မင်း”
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ဖိအားများသည် ကြမ်းတမ်းစွာ မြင့်တက်လာပြီး ပိုင်ကျီဟန်၏ ခြေဖဝါးအောက်ရှိ ကျောက်ပြားများမှာ ပိုမိုအက်ကွဲသွားတော့သည်။
သို့သော် ပိုင်ကျီဟန်မှာ တုန်လှုပ်ခြင်း မရှိသေးပေ။
အင်မော်တယ်ဘိုးဘေးက ထပ်မံစကားမဆိုနိုင်မီ
အသံတစ်ခုက အထက်ကောင်းကင်ယံမှ ဟိန်းထွက်လာသည်။
"ငါ သဘောတူတယ်”
ပိုင်ရမ် ပေါ်လာလေပြီ။
"ငါတို့ရဲ့ အမွေခံသခင်လေးကို ဆရာလုပ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ? မင်းတို့လို အားနည်းတဲ့သူတွေက သူ့ကို ဘာသင်ပေးနိုင်မှာမို့လို့လဲ?"
သူက မောက်မာစွာ ပြောဆိုလိုက်ပြီး ဓားကို သူတို့ထံသို့ ချိန်ရွယ်လိုက်သည်။
ထိုဓား ပေါ်လာသည့် ခဏမှာပင်
အင်မော်တယ်လေးဦးစလုံး တောင့်တင်းသွားကြ၏။
ဝမ်ဟောင်ယု ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်။
သူတော်စင်အဆင့် လက်နက်
အင်ပါယာတစ်ခုလုံးတွင် အစွမ်းအထက်ဆုံး လက်နက်ပင်။
၎င်း၏ အရှိန်အဝါသည် အရူးအမူး ထွက်ပေါ်နေခြင်းမျိုး မဟုတ်သော်လည်း
ထိုသို့ဖြစ်နေရန် မလိုအပ်ပေ။
၎င်းသည် မည်သို့သော လက်နက်မျိုးဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
ဂလု
သူတို့လေးဦးစလုံးမှာ သိစိတ်မဲ့စွာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။
အကယ်၍ ထိုဓား၏ ဒဏ်ချက်ကိုသာ ခံရလျှင် သေဆုံးသွားနိုင်ခြေ အလွန်များပေသည်။ ထိုလက်နက်ရှေ့တွင် ချီလင်းတစ်ပိုင်း သားရဲ ပင်လျှင် အသက်မရှင်နိုင်ခဲ့သည် မဟုတ်ပါလား။
အစောပိုင်းက စကားပြောခဲ့သော မြေကမ္ဘာအင်မော်တယ်ဘိုးဘေးသည် မိမိကိုယ်ကို တည်ငြိမ်အောင် အားတင်းထားလိုက်ရသည်။
"ပိုင်ရမ် မင်းက ငါတို့အင်အားစုနှစ်ခုကြားမှာ အပြည့်အဝ စစ်မက်ဖြစ်ပွားဖို့ ကြေညာနေတာလား"
ပိုင်ရမ် အကြည့်မှာ အေးစက်လှသည်။
"မင်းတို့ ငါတို့ရဲ့ အမွေခံကို လက်ဖျားနဲ့ ထိဖို့ ကြိုးစားခဲ့ကတည်းက စစ်ပွဲကို ကြေညာခဲ့ပြီးသားပဲ"
သူတော်စင်အဆင့် ဓားမြှောင်မှာ မှိန်ပျပျ တောက်ပနေ၏။
ပိုင်မျိုးနွယ်စု အကြီးအကဲများသည်လည်း သိသိသာသာ ကိုယ်ကို မတ်လိုက်ကြသည်။
"မင်းပြောသလိုပဲ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာပဲ။ ငါတို့ရဲ့ အမွေခံကို ရန်ပြုဖို့ ကြိုးစားတဲ့အတွက် မင်းတို့ဂိုဏ်း ပျက်စီးခြင်းဟာ အဲ့ဒီအကျိုးဆက်ပဲ"
"မောက်မာလှချည်လား”
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေးများ ရှေ့သို့ တက်လာကြပြီး သူတို့ပတ်ဝန်းကျင်တွင် အင်မော်တယ်အချီစွမ်းအင်များ ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။
"မင်း ဘယ်လောက်ပဲ သန်မာနေပါစေ ပိုင်ရမ်၊ သူတော်စင်အဆင့် လက်နက်တစ်ခုတည်းနဲ့ ဒီကောင်းကင်အင်ပါယာ ရဲ့ ထိပ်သီးဂိုဏ်းတစ်ခုကို ဖြိုဖျက်နိုင်မယ်လို့ ထင်နေတာလား"
"ဟမ့်။ ဒီနေ့ မင်း ငါတို့ရဲ့ အစွမ်းကို သိစေရမယ်”
ဘုန်း
အင်မော်တယ်အရှိန်အဝါ လေးခုမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။
ရွှေရောင်အလင်းတန်းများ ရောယှက်သွားပြီး ကောင်းကင်ယံတွင် ကြီးမားလှသော နေမင်းစက်ဝန်း အခင်းအကျင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ဂိုဏ်း၏ အထက်ရှိ ကာကွယ်ရေး အမိုးခုံးကြီးသည်လည်း သူတို့၏ ချီစွမ်းအင်များနှင့် ပဲ့တင်ထပ်ကာ အရှိန်အဝါများကို ပိုမိုအားဖြည့်ပေးနေတော့သည်။
ထိုစဉ် အောက်ဘက်၌
ပိုင်ကျီဟန်၏ အနားတွင် နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာပြန်သည်။
ပိုင်ရုဟုန်
သူသည် ပိုင်ကျီဟန်၏ အနားတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်မတ်ရပ်နေ၏။
မြစိမ်းရောင်နေမင်းဂိုဏ်းမှ အင်မော်တယ်များ၏ မျက်နှာမှာ ပိုမိုမှောင်မဲသွားတော့သည်။ ပိုင်မျိုးနွယ်စု၏ အင်မော်တယ်အဆင့်ရှိသော မဟာအကြီးအကဲ နှစ်ဦးစလုံး ရောက်ရှိလာခြင်းပင်။
ပိုင်ရမ်သည် ဘေးသို့ တစ်ချက်ကလေးပင် စောင်းမကြည့်ခဲ့ပေ။
"ရုဟုန်..."
သူ၏ လေသံမှာ ရိုးရှင်းလှသည်။
"သူတို့ကို ငါပဲ ကိုင်တွယ်မယ်"
ပိုင်ရုဟုန်သည် အင်မော်တယ်အလေးပါးကို ခေတ္တမျှ ကြည့်ရှုအကဲခတ်လိုက်သည်။
ထို့နောက် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ”
သူ ကိုယ်တိုင် ပါဝင်ရန် မလိုအပ်ဟု အမှန်တကယ်ပင် ယူဆမိခြင်း ဖြစ်သည်။ ထို့အပြင် ရန်သူတွင် မသိနိုင်သော အကြံအစည်များ ရှိနေပါက ပိုင်ကျီဟန်ကို ကာကွယ်ရန် သူ ကျန်ရစ်နေခဲ့ခြင်းက ပို၍ သင့်တော်ပေမည်။
စကားအပိုများ မဆိုတော့ဘဲ တိုက်ပွဲမှာ ချက်ချင်း စတင်တော့သည်။
မြစိမ်းရောင်နေမင်းဂိုဏ်း ဘိုးဘေးတစ်ဦးက အရင်ဆုံး တိုက်ခိုက်လိုက်၏။
ပေပေါင်းများစွာ ကျယ်ပြန့်သော ကြီးမားလှသည့် မီးလျှံလက်ဝါးကြီးတစ်ခုသည် ကောင်းကင်ယံတွင် ဖြစ်တည်လာ၏
ကြွေကျလာသော နေမင်းကြီးကဲ့သို့ ပိုင်ရမ် အပေါ်သို့ ဖိနှိပ်ကျဆင်းလာသည်။
ပိုင်ရမ်သည် သူ၏ဓားကို အေးဆေးစွာပင် မြှောက်လိုက်၏။
ရှပ်
ဓားချက်တစ်ချက်တည်းသာ။
ထိုမီးလျှံလက်ဝါးကြီးသည် အလယ်တည့်တည့်မှ သန့်ရှင်းစင်ကြယ်စွာ ကွဲအက်သွားသည်။
ပေါက်ကွဲခြင်း မရှိ
ခုခံခြင်းလည်း မရှိပေ။
လေဓားချက်တစ်ခုရှေ့မှ မြူခိုးများသဖွယ် ဘေးတစ်ဖက်စီသို့ လွင့်စင်သွား၏
အပိုင်းအစနှစ်ခုမှာ ဘာမျှမရှိတော့သည်အထိ ပျောက်ကွယ်သွားတော့သည်။
အင်မော်တယ်လေးဦး၏ မျက်ဝန်းများ ကျုံ့သွား၏။ အခြားအင်မော်တယ်တစ်ဦးက ချက်ချင်းပင် နောက်ဆက်တွဲ တိုက်ခိုက်မှုကို ပြုလုပ်ပြန်သည်။
နေမင်းစွမ်းအင်များ ပါဝင်နေသည့် တောက်ပသော လှံလက်နက်တစ်ခုသည် မီးတောက်များကို နောက်တွဲလျက် ပစ်လွှတ်လိုက်၏။ ၎င်းမှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် သူတို့ဂိုဏ်း၏ အနှစ်သာရဖြစ်သော နေမင်းတာအိုစဉ်ဖြင့် သွန်းလုပ်ထားသည့် ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်သည်။
၎င်းသည် ပိုင်ရမ် ရင်ဘတ်ဆီသို့ တိုးဝင်လာ၏။
ပိုင်ရမ်မှာ ရှောင်တိမ်းခြင်း မရှိပေ။
သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ဓားကို ခုတ်ချလိုက်သည်။
ချလွမ်
စက္ကန့်ပိုင်းမျှသာ ထိုလှံက တောင့်ခံနိုင်လိုက်သည်။
ဂျွတ်
လှံ၏ ကိုယ်ထည်တစ်လျှောက်တွင် အက်ကြောင်းလေးတစ်ခု ပေါ်လာ၏။
ထိုအင်မော်တယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဖောင်း
ထိုလှံသည် တောက်လောင်နေသော သတ္တုအပိုင်းအစများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
အင်မော်တယ်သည် နောက်သို့ အပြင်းအထန် လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
သူ၏ အစွမ်းထက်လှသော လက်နက်မှာ ဓားချက်တစ်ချက်တည်းဖြင့် ပျက်စီးသွားရလေပြီ။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"အားလုံး အတူတူ တိုက်ကြစမ်း”
ရွှေရောင်အလင်းတန်းများ ထပ်မံ မြင့်တက်လာသည်။
အင်မော်တယ်သုံးဦးသည် လက်ပိတ်ဆို့မှုများကို တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ကြသည်။ နတ်ဘုရားအဆင့် ဝိညာဉ်စာသားမျာနှင့် တောက်လောင်နေသော နေမင်းဒိုင်းလွှားများဖြင့် ဖွဲ့စည်းထားသည့် သုံးထပ်
ကွမ်းခံစစ်ကြီးသည် သူတို့ပတ်ပတ်လည်တွင် ပေါ်လာတော့သည်။
ယခုတစ်ကြိမ်တွင်မူ သူတို့ အတူတူ ရှေ့တိုးလာကြသည်။
သူတော်စင်အဆင့်လက်နက်တစ်ခုသည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း
သူတို့အနေဖြင့် အင်အားချင်းသာလွန်မှုဖြင့် ဖိနှိပ်ရန် ကြိုးစားခြင်းပင်။
ရွှေရောင်မီးတိုင်ကြီး သုံးခုကို ပိုင်ရမ်၏အပေါ်သို့ ပစ်လွှတ်လိုက်ကြသည်။
ကောင်းကင်ယံမှာ ယိုင်နဲ့သွားချေသည်။
ဟင်းလင်းပြင်သည် တုန်ခါသွား၏။
ပိုင်ရမ် မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
သူသည် ထိုတိုက်ခိုက်မှုကြီးအတွင်းသို့ တစ်လှမ်းတက်ကာ ဝင်လိုက်၏။
ရွှမ်
သူတော်စင်အဆင့်ဓားသည် ပထမဆုံး မီးတိုင်ကြီးကို ပိုးသားကို ဖြတ်သကဲ့သို့ အလွယ်တကူ ဖြတ်တောက်လိုက်သည်။
ဒုတိယ ဓားချက်တွင်
ဒုတိယ မီးတိုင်မှာ ချက်ချင်းပင် ပြိုလဲသွားသည်။
တတိယ ဓားချက်တွင်မူ နောက်ဆုံး ကျန်ရှိနေသော အလင်းတန်းကြီးမှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
မီးလျှံအပိုင်းအစများ လွင့်စင်မသွားမီမှာပင်
ပိုင်ရမ်သည် သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိနေလေပြီ။
သူ၏ လှုပ်ရှားမှုမှာ မမြန်ဆန်လှပေ
သို့သော်လည်း ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာတစ်ခုကဲ့သို့ပင်။
"ခံစစ်လက်နက်တွေ ထုတ်ကြ”
တစ်ဦးက အော်ဟစ်လိုက်သဖြင့် ဒိုင်းလွှားသုံးခု ချက်ချင်း ပေါ်လာသည်။
ရှေးဟောင်း ကြေးမုံပြင်
ကောင်းကင်ဘုံ ရွှေခေါင်းလောင်းနှင့် ပြာလွင်သော ကျောက်စိမ်းဒိုင်း
တစ်ခုချင်းစီသည် အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။
၎င်းတို့သည် တောင်ကြီးများကိုပင် ပြိုလဲစေနိုင်သော ဒဏ်ချက်များကို ခံနိုင်ရည်ရှိသည့် အထပ်ထပ်သော အတားအဆီးများပင် ဖြစ်ကြသည်။
ပိုင်ရမ်ဓားသည် အပေါ်မှ ကျဆင်းလာသည်။
ကြေးမုံပြင်မှာ ထိတွေ့လိုက်သည်နှင့် အက်ကွဲသွား၏။
ဖြောင်း
ပြာလွင်သော ကျောက်စိမ်းဒိုင်းလွှာသည် ထောပတ်ကို လှီးဖြတ်သကဲ့သို့ ပြတ်တောက်သွားသည်။
၎င်းမှာ သန့်ရှင်းစင်ကြယ်စွာ အပိုင်းပိုင်း ပြတ်သွား၏။
ရွှေခေါင်းလောင်းကြီးသည် တစ်ကြိမ်မျှ မြည်ဟီးသွားသော်လည်း
အပူတပြင်း အသံတစ်ခုသာ ဖြစ်၏
၎င်းလည်း ထပ်တူပင် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။
အင်မော်တယ်အဆင့် ခံစစ်လက်နက် သုံးခုမှာ
စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားတော့သည်။
ရိုက်ခတ်မှု လှိုင်းလုံးကြီးကြောင့် အင်မော်တယ်သုံးဦးစလုံး နောက်သို့ လွင့်ထွက်သွားကြရသည်။
သူတို့၏ ဝတ်ရုံများ စုတ်ပြဲကုန်၏
ပါးစပ်များမှ သွေးများ ယိုစီးလာကာ သူတို့၏ အင်မော်တယ်အရှိန်အဝါများမှာလည်း တလှုပ်လှုပ်ဖြင့် မှိန်ဖျော့သွားတော့သည်။
မြေကမ္ဘာ အင်မော်တယ်ဘိုးဘေးသည် ဒေါသတကြီး ဟိန်းဟောက်ကာ ပိုင်ရမ် ဘေးဘက်မှနေ၍ တိုက်ခိုက်ရန် ပြေးဝင်လာပြန်သည်။
ပိုင်ရမ်က အနည်းငယ် ကိုယ်ကို လှည့်လိုက်၏။
ဓားကို အပေါ်သို့ တစ်ချက်တည်း ပင့်တင်လိုက်သည်။
ထိုအင်မော်တယ်အ၏ လက်တစ်ဖက်မှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားတော့သည်။
သွေးများသည် ကောင်းကင်ယံသို့ ပန်းထွက်
သွား၏။
"အားးးးးး”
သူ အော်ဟစ်လိုက်ရသည်။
ကျန်ရှိနေသော ဘိုးဘေးများမှာမူ ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြတော့သည်။
၎င်းသည် ညီတူညီမျှ တိုက်ပွဲတစ်ခု မဟုတ်တော့ပေ။
အားနည်းခြင်းမျိုးလည်း မဟုတ်ပေ။
၎င်းသည် တဖက်သတ် လွှမ်းမိုးချုပ်ကိုင်ခြင်း သာ ဖြစ်သည်။
ပိုင်ရမ်သည် သာမန် အင်မော်တယ်တစ်ဦး မဟုတ်ပေ။ သူ၏ အင်အားမှာ လုံးဝကို အခြားအဆင့်တစ်ခုတွင် ရှိနေခြင်းဖြစ်သည်။
ပိုင်ရမ်နှင့် အဆင့်တူသော မြေကမ္ဘာအင်မော်တယ်တစ်ဦးနှင့် အင်မော်တယ်အဆင့် ပညာရှင် သုံးဦး ပါဝင်နေသော်လည်း သူတို့သည် ပိုင်ရမ်ကို လုံးဝ ယှဉ်နိုင်စွမ်း မရှိကြပေ"ကဲ..." ပိုင်ရမ်က ဓားကို အနည်းငယ် နှိမ့်ချလိုက်ပြီး အေးဆေးစွာ ဆိုလိုက်၏။ "ဒီထဲက ဘယ်သူက ဆက်ပြီး တိုက်ချင်သေးလဲ"
***