မြေကမ္ဘာအင်မော်တယ်ဘိုးဘေးသည် ပြတ်တောက်သွားသော သူ၏ ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရပြီး သွေးများသည် စုတ်ပြဲနေသော ဝတ်ရုံစမှတစ်ဆင့် တတောက်တောက် စီးကျနေလေသည်။
သူ၏ ဒဏ်ရာကို ပိတ်ဆို့ရန် ဝိညာဉ်ချီစွမ်းအင် များကို အသည်းအသန် အသုံးပြုနေရသော်လည်း ထိုသို့ပြုလုပ်ရန်ပင် အတော်လေး အားစိုက်နေရ၏။ အကြောင်းမှာ သူတော်စင်အဆင့်ဓား၏ ဓားရည်ရွယ်ချက်များသည် ဒဏ်ရာအတွင်း၌ ကျန်ရှိနေပြီး ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်းကို ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။ သူ၏ မျက်ဝန်းအစုံမှာ တုန်ရီနေတော့သည်။
ဆက်တိုက်မလား?
သူတို့ ဘယ်လိုလုပ်ပြီး ဆက်တိုက်နိုင်တော့မည်နည်း
သူ၏ နောက်ကွယ်တွင် ကျန်ရှိနေသော
အင်မော်တယ်သုံးဦးမှာလည်း မျက်နှာများ ဖြူလျော့နေကြပြီး သူတို့၏ အရှိန်အဝါများသည်လည်း မတည်မငြိမ် ဖြစ်နေချေပြီ။
ရာစုနှစ်ပေါင်းများစွာ ကြာအောင် သွန်းလုပ်ခဲ့ရသော သူတို့၏ အဖိုးတန် ကောင်းကင်အဆင့် လက်နက်များမှာလည်း ဝင်းအတွင်း၌ အသုံးမဝင်သော သံတိုသံစများသဖွယ် အပိုင်းပိုင်းအပြတ်ပြတ် လွင့်စင်နေကြသည်။
ဖလှယ်မှု တစ်ကြိမ်တည်းသာ
ထိုမျှသာ လိုအပ်ခဲ့ခြင်း ဖြစ်သည်
သူတို့သည် ပိုင်ရမ်ကို အချိန်ဆွဲရန်ပင် မတတ်နိုင်ခဲ့ကြပေ။
မြေကမ္ဘာအင်မော်တယ်၏ အသက်ရှူသံများမှာ ပိုမိုပြင်းထန်လာသည်။
မူလက သူတို့သည် ပိုင်ရမ်ကို အနိုင်မတိုက်နိုင်လျှင်ပင် အနည်းဆုံးတော့ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။
အင်မော်တယ်ဘိုး လေးဦးနှင့် တစ်ဦး၊ သူတော်စင်အဆင့် လက်နက် ရှိနေဦးတော့— အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနိုင်မည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။
အခြားသော ပိုင်မျိုးနွယ်စုဝင်များကို ကိုင်တွယ်ရန် အချိန်ရလိမ့်မည်ဟု တွေးခဲ့ကြ၏။
သို့သော် လက်တွေ့ဘဝက ထိုစိတ်ကူးယဉ်မှုများကို သနားညှာတာမှုကင်းမဲ့စွာ ချေဖျက်ပစ်လိုက်လေပြီ။
သူတို့ သူ့ကို အချိန်မဆွဲနိုင်ခဲ့ပေ။
သူ့ကို ဖိအားမပေးနိုင်ခဲ့ပေ။
သူ့ကို အလေးအနက်ထား၍ ခြေတစ်လှမ်း တိုးလာအောင်ပင် မလုပ်နိုင်ခဲ့ပေ။
ပိုင်ရမ်သည် လွင့်မြောနေသော ပန်းပွင့်ဖတ်များကြားတွင် လမ်းလျှောက်နေသကဲ့သို့ သူတို့၏ တိုက်ခိုက်မှုများကို အေးဆေးစွာ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။
ချီလင်းတစ်ပိုင်း သားရဲကို သတ်ဖြတ်ခဲ့သော အစွမ်းထက် အတတ်ပညာများကိုပင် မသုံးရသေးဘဲ သာမန်တိုက်ခိုက်မှုများဖြင့်ပင် သူတို့ကို အရေးနိမ့်စေခဲ့သည်။
တိုက်ပွဲတစ်ခုလုံး၏ အခြေအနေမှာလည်း ပိုကောင်းမနေပေ။
ပိုင်မျိုးနွယ်စု တပ်ဖွဲ့များသည် မှန်မှန်ကန်ကန်ပင် ရှေ့တိုးလာနေကြသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းတွင် လူအင်အား သာလွန်မှုရှိနေပြီး ရွှေရောင်ဝတ်ရုံဝတ် တပည့်များသည် ကောင်းကင်ယံ၌ လှိုင်းလုံးကြီးများသဖွယ် ပြည့်နှက်နေသော်လည်း သူတို့မှာ ညှာတာမှုကင်းမဲ့စွာ ချေမှုန်းခံနေရသည်။ ရလဒ်က ရှင်းလင်းနေ၏။
သူတို့ ရှုံးနိမ့်နေကြပြီ။
အောင်နိုင်မည့် အရိပ်အယောင် လုံးဝမရှိတော့ပေ။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးသည် သွားကို တင်းတင်းကြိတ်လိုက်မိသည်။
သူတို့ အစကတည်းက မှားယွင်းတွက်ချက်ခဲ့ခြင်း ဖြစ်သည်။
သူတို့ အထင်သေးခဲ့မိသည်မှာ ပိုင်ကျီဟန် တစ်ယောက်တည်း မဟုတ်ပေ
ပိုင်မျိုးနွယ်စု တစ်ခုလုံးကိုပါ အထင်သေးခဲ့မိခြင်း ဖြစ်သည်။
အကယ်၍ သူတို့ ဆက်တိုက်နေဦးမည်ဆိုလျှင်
အကောင်းဆုံးအခြေအနေမှာ
မသေဆုံးမီ ပိုင်ရမ်ကို ဒဏ်ရာအနည်းငယ် ရအောင်လုပ်နိုင်ခြင်း ဖြစ်လိမ့်မည်။
အဆိုးဆုံးမှာမူ
သူ၏ ဆံပင်တစ်ပင်ကိုပင် မထိနိုင်ဘဲ အားလုံး ဤနေရာ၌ပင် သေဆုံးသွားကြရလိမ့်မည်။
ထိုအခါ မြစိမ်းရောင်နေမင်းဂိုဏ်းသည် ၎င်း၏ အခြေခံအုတ်မြစ်အားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
အင်မော်တယ်များ မရှိဘဲနှင့်
ထိပ်သီးဂိုဏ်းတစ်ခု ဘာဖြစ်နိုင်ဦးမည်နည်း?
ဘာမှ မဟုတ်ချေ
ခွဲဝေစားသောက်ခြင်းကို စောင့်ဆိုင်းနေရသော အသေကောင်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
သူ၏ မာန်မာနကတော့ ကန့်ကွက်နေဆဲသာ
လက်နက်ချဖို့လား?
ပိုင်မျိုးနွယ်စုရှေ့မှာ ဒူးထောက်ဖို့လား?
မတွေးဝံ့စရာပင်
သို့သော်လည်း
သူသည် သူ၏ ပြတ်တောက်သွားသော လက်မောင်းကို ပြန်ကြည့်လိုက်သည်။
ပျက်စီးသွားသော လက်နက်များကို ကြည့်လိုက်သည်။
သူတို့ ဆက်လက် ခေါင်းမာနေဦးမည်ဆိုလျှင် ဂိုဏ်းမှာ အမှန်တကယ် ပျက်စီးသွားပေလိမ့်မည်။
ပိုင်ရမ် အစောပိုင်းက ပြောခဲ့သော စကားသည် သူ၏ နားထဲ၌ ပဲ့တင်ထပ်နေတော့သည်။
"ငါတို့ရဲ့ အမွေခံကို ရန်ပြုဖို့ ကြိုးစားတဲ့အတွက် မင်းတို့ဂိုဏ်း ပျက်စီးခြင်းဟာ အဲ့ဒီအကျိုးဆက်ပဲ"
၎င်းမှာ မောက်မာခြင်း မဟုတ်ပေ။
အမှန်တရားကို ဆိုမိန့်ခြင်းသာ ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးသည် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။
သူ၏ မျက်ဝန်းထဲမှ ဒေါသရိပ်များ မှိန်ဖျော့သွားသည်။
သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။
"ငါတို့..."
ထိုစကားလုံးမှာ ပြာကဲ့သို့ ခါးသက်လှသည်။
သူသည် အားယူ၍ ဆိုလိုက်ရ၏။
"လက်နက်ချပါတယ်”
စစ်တလင်းတစ်ခုလုံး အေးခဲသွားသကဲ့သို့ပင်။
ကျန်ရှိနေသော နတ်ဘုရားသုံးဦးမှာ သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏
သို့သော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
နောက်ဆုံးတွင် သူတို့၌ မာန်မာန ရှိကြသော်လည်း ပိုင်ရမ်ဟူသော တောင်ကြီးရှေ့တွင်မူ ထိုမာန်မာနမှာ ဘာမျှ အရာမထင်တော့ချေ။
သူ၏ အသံမှာ ဝိညာဉ်ချီစွမ်းအင်များနှင့်အတူ စစ်တလင်းတစ်ခုလုံးသို့ ဟိန်းထွက်သွား၏။
"မြစိမ်းရောင်နေမင်းဂိုဏ်း တပည့်အားလုံး— တိုက်ပွဲကို ချက်ချင်း ရပ်တန့်ကြ”
သူ ဆက်လက်၍ ပြော၏
"ငါတို့ ရှုံးနိမ့်သွားပြီ”
ထိုစကားလုံးသည် တောင်တန်းများတစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။
အချို့သော တပည့်များမှာ တိုက်ခိုက်နေရင်း လမ်းခုလတ်မှာပင် တုံ့ဆိုင်းသွားကြ၏။
အချို့မှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် အေးခဲသွားကြသည်။
သို့သော် သူတို့၏ အင်မော်တယ်ဘိုးဘေးများ— သွေးသံရဲရဲဖြင့် အရေးနိမ့်နေသည်ကိုလည်းကောင်း၊
လက်နက်များ ပျက်စီးနေသည်ကိုလည်းကောင်း မြင်လိုက်ရသောအခါ
သူတို့၏ ခုခံလိုစိတ်များမှာ ပြိုလဲသွားတော့သည်။
တစ်ဦးပြီးတစ်ဦး
ရွှေရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်များသည် သူတို့၏ လက်နက်များကို ချလိုက်ကြသည်။
ကောင်းကင်ယံရှိ တောက်ပနေသော အစီအရင်များမှာလည်း တလှုပ်လှုပ်ဖြစ်ကာ မှိန်ဖျော့သွားတော့သည်။
ဂျွမ် ဂျလွမ် ဂွမ်
လက်နက်များ ကျောက်ပြားမြေပြင်ပေါ်သို့ ကျလာကြ၏။
ဆူညံသံများ၏ နေရာတွင် တိတ်ဆိတ်ခြင်းက အစားထိုးဝင်ရောက်လာသည်။
ပိုင်မျိုးနွယ်စု တပ်ဖွဲ့များကလည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည့်တိုင် သတိဝီရိယကိုမူ လျှော့ချခြင်း မရှိပေ။
ပိုင်ရမ်သည် မြေကမ္ဘာအင်မော်တယ်ဘိုးဘေးကို အေးဆေးစွာ ကြည့်နေ၏။
"လက်နက်ချတယ်? ဒီလောက် အလွယ်တကူလား?"
ပိုင်ရမ် အသံမှာ ရန်သူများ အရှုံးပေးသွားသည်ကို ဝမ်းသာနေပုံမျိုး မဟုတ်ဘဲ စိတ်ပျက်နေပုံ ပေါက်နေသည်။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်တို့ရဲ့ အရှုံးကို ဝန်ခံပါတယ်"
သူ၏ အသံမှာ လေးလံနေသည်။
“ပိုင်မျိုးနွယ်စုက ဘယ်လို စည်းကမ်းချက်မျိုးပဲ သတ်မှတ်ပါစေ ကျွန်တော်တို့ လက်ခံပါ့မယ်"
ဝင်းအတွင်းတွင် လေပြေကလေး တစ်ချက် ဝေ့တိုက်သွားသည်။
ပိုင်ရမ်သည် သူ့ကို ခေတ္တမျှ ထပ်မံ စိုက်
ကြည့်နေပြန်သည်။
ထို့နောက်
သူသည် သူတော်စင်အဆင့်ဓားကို အနည်းငယ် ပြန်ရုတ်လိုက်၏။
ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ လျော့ပါးသွားသော်လည်း ၎င်း၏ တည်ရှိမှုမှာ ငြင်းဆို၍ မရနိုင်လောက်အောင် ရှိနေဆဲ ဖြစ်သည်။
"မင်း မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ"
တိုက်ပွဲစတင်ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပိုင်ရုဟုန်သည် ပိုင်ရမ် နောက်ကွယ်မှနေ၍ စကားဆိုလာသည်။
"မင်းတို့သာ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင်..." သူက အေးအေးဆေးဆေးပင် ဆိုသည်။ "နေဝင်ချိန်ရောက်တာနဲ့ ဒီလောကမှာ မြစိမ်းရောင်နေမင်းဂိုဏ်းဆိုတာ ရှိတော့မှာမဟုတ်ဘူး"
ထိုစကားသည် လှောင်ပြောင်သရော်ခြင်း မဟုတ်ပေ
ခြိမ်းခြောက်ခြင်းလည်း မဟုတ်ပေ။
စင်စစ်အားဖြင့် အမှန်တရားသက်သက်သာ ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေး၏ ပုခုံးနှစ်ဖက်မှာ သိသိသာသာပင် တွန့်ဆုတ်သွားတော့သည်။
သူ ထိုစကားကို အပြည့်အဝ ယုံကြည်သွားခြင်းပင်။
ပိုင်ရမ်သည် ပိုင်ကျီဟန်ဘက်သို့ အကြည့်ကို လွှဲလိုက်သည်။
"ကျီဟန်... မင်း ဘယ်လို ရှေ့ဆက်ချင်သလဲ"
ပိုင်ကျီဟန်က ချက်ချင်း အဖြေမပေးသေးဘဲ စီရင်ချက်ချမည့် အရှင်သခင်တစ်ဦးကဲ့သို့ တည်ငြိမ်နေသည်။
ထို့နောက် သူက မေးမြန်းလိုက်၏။
"တစ်ခုပဲ ရှိတယ်... အဲ့ဒါက ဘာလဲဆိုတာ ရှင်းပြစမ်း"
ပိုင်ရမ် မျက်လုံးများ မှေးကျသွားသည်။
"သေချာပြောစမ်း"
"ဂိုဏ်းမှာ ကောင်းကင်အဆင့် လက်နက်တစ်ခု ရှိပါတယ်" ဟု မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက အက်ရှရှအသံဖြင့် ဆက်ပြောသည်။
၎င်းမှာ ထိပ်သီးဂိုဏ်းတစ်ခုအတွက် ထူးဆန်းသည် မဟုတ်သော်လည်း
သူ၏ လေသံအရ သာမန်ရတနာတစ်ခု မဟုတ်ကြောင်း သိသာလှသည်။
"အဲ့ဒါကို ဟင်းလင်းပြင်ဖုံးကွယ်ဝတ်ရုံလို့ ခေါ်ပါတယ်။
“ ပုန်းကွယ်ဖို့အတွက် သီးသန့်ဖန်တီးထားတဲ့ လက်နက်ပါ"
ပိုင်ရုဟုန်က မျက်မှောင်ကြုတ်လိုက်၏။
"ပုန်းကွယ်ဖို့ ဟုတ်လား"
အင်မော်တယ်ဘိုးဘေးက ခေါင်းညိတ်ပြ၏
"လူတစ်ယောက်ရဲ့ တည်ရှိမှုကို အစအနမကျန် ဖျောက်ကွယ်ပစ်နိုင်ပါတယ်”
သူတံတွေးမျိုချလိုက်၏
“ဝိညာဉ်ချီစွမ်းအင် လှုပ်ခတ်မှုတွေရော အရှိန်အဝါနဲ့ ပတ်သက်တာမှန်သမျှ အကုန်လုံးကို ဖုံးကွယ်နိုင်တာပါ။ အဲ့ဒါကို အသက်သွင်းလိုက်ပြီဆိုရင် အင်မော်တယ်ဘိုးဘေးတစ်ဦးရဲ့ ဝိညာဉ်အာရုံနဲ့တောင် ရှာဖွေလို့ မရနိုင်တော့ပါဘူး"
ပိုင်မျိုးနွယ်စုဝင်များကြားတွင် လှုပ်ခတ်သွားကြသည်။ ဤကဲ့သို့သော ရတနာမှာ အလွန်ရှားပါးပြီး တန်ဖိုးကြီးလှသည်။
ယခု ဝမ်ဟောင်ယုသည် ၎င်းကိုသုံး၍ ထွက်ပြေးသွားခဲ့ချေပြီ။ အကယ်၍သာ ၎င်းကို လုပ်ကြံသတ်ဖြတ်မှုတွင် အသုံးပြုခဲ့မည်ဆိုလျှင် မည်မျှ ကြောက်စရာကောင်းလိုက်မည်
နည်း။
အင်မော်တယ် အဆင့်တစ်ဦးကိုပင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
ပိုင်ကျီဟန်၏ အကြည့်မှာ မဲမှောင်သွား၏။
“ဒါဆို ဝမ်ဟောင်ယုက အဲ့ဒါကို သုံးပြီး ထွက်ပြေးသွားတာပေါ့"
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက ခေါင်းငုံ့လိုက်သည်။
"ဖြစ်နိုင်ခြေ အများဆုံးပါပဲ"
သူ အဖြေပေးလိုက်သော်လည်း စိတ်ထဲတွင်တော့ သိပ်မတင်မကျ ဖြစ်နေသည်။
ဂိုဏ်းချုပ်တစ်ယောက်သည် လူတိုင်းကို ပစ်ထားပြီး တစ်ယောက်တည်း ထွက်ပြေးသွားလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။
"ကျွန်တော်တို့နဲ့ အကြီးအကဲ ပိုင်ရမ်တို့ တိုက်ပွဲဖြစ်ပြီး လူတိုင်း အာရုံရောက်နေတဲ့ ရှုပ်ထွေးမှုကြားမှာ သူ အဲ့ဒါကို သုံးသွားတာ ဖြစ်ရမယ်"
ပိုင်ရမ် အရှိန်အဝါမှာ အေးစက်သွားတော့သည်။
"မင်းပြောချင်တာက... မင်းတို့ ဂိုဏ်းချုပ်က သူ့ရဲ့ ဘိုးဘေးတွေ လက်နက်မချခင်ကတည်းက အရင် ထွက်ပြေးသွားတယ်ပေါ့ ဟုတ်လား"
ထိုစကားလုံးများသည် တိုးညှင်း၏
သို့သော်လည်း မည်သည့်ဓားချက်ထက်မဆို ပို၍ နာကျင်စေသည်။
ကျန်ရှိနေသော အင်မော်တယ်ဘိုးဘေးသုံးဦးမှာ မျက်လုံးများကို မှိတ်လိုက်ကြ၏။
ဒဏ်ရာများထက် အရှက်ရမှုက ပို၍ ပူလောင်လှသည်။
ဝမ်ဟောင်ယုသည် သူ၏ ဘိုးဘေးများ ရှုံးနိမ့်တော့မည်ကို ကြိုတင်တွက်ဆကာ သူတို့ကို မယုံကြည်ဘဲ စွန့်ခွာသွားခဲ့ခြင်းပင်။
"ဟုတ်ပါတယ်”
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက အားယူ၍ ဝန်ခံလိုက်ရသည်။
"သူက ရှုံးနိမ့်မှုက သေချာနေပြီလို့ ဆုံးဖြတ်ပြီး အဲ့ဒီနောက်ပိုင်းဆိုရင် ထွက်ပြေးဖို့ မလွယ်တော့ဘူးလို့ ယူဆခဲ့ပုံရပါတယ်"
ပိုင်ရုဟုန်၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
"ဒါကြောင့် သူ ထွက်ပြေးသွားတာပေါ့"
"ဟမ့်၊ သူရဲဘောကြောင်လိုက်တာ"
မြစိမ်းရောင်နေမင်းဂိုဏ်းဘိုးဘေးများပင် ထိုလုပ်ရပ်ကို မကာကွယ်နိုင်တော့ပေ။
ပိုင်ကျီဟန်ကတော့ တိတ်ဆိတ်စွာ ရပ်နေရင်း အတွေးများကို လျင်မြန်စွာ လှည့်ပတ်
နေသည်။
"အဲ့ဒီဝတ်ရုံက ဘယ်လောက်ကြာကြာ ခံသလဲ"
"အများဆုံး သုံးရက်ပါ" မြေကမ္ဘာအင်မော်တယ်ဘိုးဘေးက ချက်ချင်းဖြေသည်။ "အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဖုံးကွယ်နိုင်စွမ်းက အားနည်းသွားပါလိမ့်မယ်"
ပိုင်ရမ်က မျက်လုံးများကို မှေးလိုက်၏
"သူ့လို အဆင့်အတန်းရှိတဲ့သူအတွက် သုံးရက်ဆိုတာ လုံလောက်တာထက်တောင် ပိုသေးတယ်”
မြေကမ္ဘာအင်မော်တယ်က မငြင်းပေ
သုံးရက်အတွင်း နယ်မြေအတော်များများကို ဖြတ်ကျော်နိုင်သလို တခြားအင်ပါယာတစ်ခုထဲကိုတောင် ဝင်သွားနိုင်၏ ထိုအချိန်အတွင်း သူ့ကို ဖမ်းဖို့က မလွယ်ပေ
ပိုင်ကျီဟန်က တည်ငြိမ်နေဆဲပင်။
ပိုင်ရမ်က သူ့ကို ကြည့်လိုက်၏
"ငါ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး သူ့နောက်ကို လိုက်ရမလား"
သူ၏ လေသံမှာ အေးဆေးဖြစ်နေ၏
သို့သော်လည်း သတ်ဖြတ်လိုသည့် ဆန္ဒများ ကိန်းအောင်းနေသည်။
အကယ်၍ ပိုင်ရမ်ကိုယ်တိုင် သူတော်စင်အဆင့်ဓားကို ကိုင်ဆောင်ကာ လိုက်လံဖမ်းဆီးမည်ဆိုပါက ထိုဝတ်ရုံရှိသော်လည်း ဘေးကင်းရန် မသေချာတော့ပေ။
ပိုင်ကျီဟန်သည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ပျက်စီးနေသော ဝင်းအတွင်း၌ လေပြေများ ဝေ့တိုက်နေ၏။
လက်နက်ချထားသော တပည့်များမှာလည်း အစီအရီ ဒူးထောက်နေကြသည်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ကံကြမ္မာသည် ပိုင်မျိုးနွယ်စု၏ လက်ထဲတွင်သာ ရှိတော့သည်။
နောက်ဆုံးတွင် ပိုင်ကျီဟန်က စကားဆိုလာသည်။
"မလိုဘူး”
ပိုင်ရမ်က မျက်ခုံးပင့်လိုက်သည်။
မိမိကို သတ်ရန် ကြိုးစားခဲ့သူကို ပိုင်ကျီဟန်က လွှတ်ပေးလောက်အောင် ကြင်နာလိမ့်မည်ဟု သူ မထင်ထားပေ။
ပိုင်ကျီဟန်၏ အသံမှာ ခိုင်မာနေသည်။
"သူ ပြေးပါစေ"
သူက ဆက်လက်ပြောလေ၏
"ဂိုဏ်းမရှိတော့တဲ့ ဂိုဏ်းချုပ်တစ်ယောက်က ဘာလုပ်နိုင်ဦးမှာလဲ။ သူ အသက်ရှင်နေဦးတော့ ဘာမှ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
သူက ဒူးထောက်နေသော အင်မော်တယ်များဘက်သို့ အကြည့်လွှဲလိုက်၏ “သူတို့ထဲက အင်အားအကြီးဆုံးသူတွေက ကျွန်တော်တို့လက်ထဲမှာ ရှိနေပြီပဲ။ သူ့လို လူတစ်ယောက်ကို လိုက်ရှာဖို့ အပင်ပန်းခံနေစရာ မလိုပါဘူး"
***