မြစိမ်းရောင်နေမင်းဂိုဏ်းသည် အပြည့်အဝ လက်နက်ချခဲ့ရလေပြီ။
သူတို့ အလွန်အလေးထားရပါသည်ဆိုသော ဂိုဏ်းချုပ်ကိုယ်တိုင်ကပင် သူတို့ကို ပစ်ပယ်ကာ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သူတို့အားလုံး လုံးဝကို အဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
သို့သော် ပိုင်ကျီဟန်ကမူ သူတို့ကို အလွယ်တကူ လွှတ်ပေးရန် အကြံမရှိပေ။
သူသည် ဒူးထောက်နေကြသော ရွှေရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်များအုပ်စုကြီးနှင့် အရှေ့ဆုံး၌ ဝပ်စင်းနေကြသော အင်မော်တယ်လေးဦးကို ငုံ့ကြည့်လိုက်သည်။
"မင်းတို့က လက်နက်ချဖို့ ရွေးချယ်ခဲ့မှတော့... စနစ်တကျ လက်နက်ချကြစမ်း"သူက အေးစက်စွာ ဆိုလိုက်၏။
သူ ဘာကို ဆိုလိုသည်ကို မည်သူမျှ နားမလည်ခဲ့ကြသော်လည်း
သူ၏ နောက်ထပ်စကားလုံးများ ထွက်ပေါ်လာသည့်အခါ
"မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ အကြီးအကဲတွေအားလုံး..."
"အပြည့်အဝ ဒူးထောက်စမ်း။ နဖူးနဲ့ မြေကြီးနဲ့ ထိအောင် ဝပ်စင်းကြ"
လူအုပ်ကြီးကြားတွင် လှုပ်ခတ်သွားကြသည်။
သူတို့မှာ ဒူးထောက်နေကြပြီးသား ဖြစ်သော်လည်း
ယခုခိုင်းစေသည်မှာ
ကိုယ်ကို အောက်သို့ အပြည့်အဝ နှိမ့်ချကာ မြေကြီးပေါ်တွင် ဝပ်စင်းခိုင်းခြင်း ဖြစ်သည်။
"ဘာလဲ? ငါ့စကားကို ဖီဆန်ချင်ကြတာလား?"
ပိုင်ကျီဟန်က မေးလိုက်၏။
အကယ်၍ သူတို့သာ ဖီဆန်ခဲ့ပါက သူတို့အားလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်တော့မည့် ပုံစံမျိုး ဖြစ်သည်။
ပိုင်ကျီဟန်၏ အကြောင်းကို သိကြသူတိုင်းကလည်း သူ ထိုသို့ အမှန်တကယ် လုပ်လိမ့်မည်ဟု ယုံကြည်နေကြသည်။
မိန်မျိုးနွယ်စုသည် ရှန်လျန်ကို ကူညီပြီး ပိုင်ကျီဟန်ကို စွပ်စွဲခဲ့သည့်အတွက်ကြောင့်သာ ဖျက်ဆီးခံခဲ့ရသည် မဟုတ်ပါလော
ယခုတစ်ကြိမ်တွင်မူ သူတို့၏ ပြစ်မှုမှာ ပိုင်ကျီဟန်၏ အသက်ကိုပင် ရန်ရှာခဲ့ခြင်း ဖြစ်သဖြင့် သူ အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
မြေကမ္ဘာအင်မော်တယ်ဘိုးဘေးသည် မျက်လုံးများကို ခေတ္တမှိတ်လိုက်၏။
အသက်ရှင်ဖို့ အသနားခံရခြင်းမှာ သေရခြင်းထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ထို့နောက် သူသည် သူ၏နဖူးကို ကျောက်ပြားမြေပြင်ပေါ်သို့ ထိတွေ့သည်အထိ ဦးခေါင်းကို နှိမ့်ချလိုက်တော့သည်။
ကျန်ရှိနေသော အင်မော်တယ်သုံးဦးကလည်း လိုက်ပါလုပ်ဆောင်ကြ၏။
ပြိုကျလာသော ဒီရေလှိုင်းကြီးကဲ့သို့ပင်
ထောင်ပေါင်းများစွာသော သူတို့သည် ရှေ့သို့ ကိုင်းညွှတ်လိုက်ကြ၏
နဖူးများမှာ မြေပြင်သို့ ရိုက်ခတ်သွားကြတော့သည်။
"မင်းတို့ရဲ့ မောက်မာမှုတွေအတွက် ဝန်ခံကြစမ်း။ မင်းတို့ရဲ့ လောဘတွေအတွက် ဝန်ခံကြ။
ပြီးတော့ ပိုင်မျိုးနွယ်စုက မင်းတို့လို အကောင်ရိုင်းတွေကို ကရုဏာသက်ပြီး အသက်ချမ်းသာပေးတယ်ဆိုတာကိုပါ ဝန်ခံကြစမ်း"
ဝင်းအတွင်း၌ ဖိနှိပ်ထားသော ဒေါသရိပ်များနှင့် အရှက်ရမှုများကြောင့် တုန်ခါနေသော်လည်း
မည်သူမျှ တိတ်ဆိတ်စွာ မနေဝံ့ကြပေ။
"ကျွန်တော်တို့ မောက်မာခဲ့ကြပါတယ်”
"ကျွန်တော်တို့ မျက်ကန်းဖြစ်ခဲ့ကြပါတယ်”
"ကျွန်တော်တို့ကို အသက်ချမ်းသာပေးတဲ့အတွက် ပိုင်မျိုးနွယ်စုကို ကျေးဇူးတင်ပါတယ်”
အသံများမှာ ရှုပ်ထွေးစွာ ထပ်တူကျထွက်ပေါ်လာသည်။
အချို့မှာ အသံများ တိမ်ဝင်နေ၏
အချို့မှာ အသံများ ကွဲအက်နေ၏
အချို့မှာမူ အော်ဟစ်နေကြရရှာသည်။
"နောက်တစ်ခေါက်”
သူတို့ ထပ်ခါတလဲလဲ ဆိုကြရပြန်သည်။ မြစိမ်းရောင်နေမင်းဂိုဏ်းတစ်ခုလုံးသည် မိမိကိုယ်ကို အပြစ်တင်ကာ ပိုင်မျိုးနွယ်စုကို အားရပါးရ ချီးကျူးထောပနာ ပြုနေကြရတော့သည်။
ပိုင်ကျီဟန်ကမူ မည်သည့် ခံစားချက်မျှမပြဘဲ နားထောင်နေရင်း ကျေနပ်သည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ၊ မင်းတို့ နှိမ့်ချမှုကို နည်းနည်းတော့ သင်ယူတတ်သွားပြီပဲ"
သူ ကျေနပ်သွားပြီဟု ထင်မှတ်ကာ လူအများမှာ စိတ်သက်သာရာ ရသွားကြသည်။
သို့သော် ထိုစဉ်မှာပင် ပိုင်ကျီဟန်က ထပ်မံ ဆိုလိုက်ပြန်သည်။
"ကို့ပါးကို ကိုယ်အချက်တစ်ရာစီ ပြန်ရိုက်ကြစမ်း"
တိတ်ဆိတ်သွား၏။
"ဒါက သိပ်မများလွန်းဘူးလား? ကျွန်တော်တို့ လက်နက်ချပြီးပြီလေ"
မြေကမ္ဘာအင်မော်တယ်က ပိုင်ကျီဟန်ကို အကျိုးအကြောင်းပြ၍ ပြောရန် ကြိုးစားလိုက်သည်။
"ဟမ်? ခင်ဗျားတို့က ကျူပ်ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။ ခင်ဗျားတို့ကို ကရုဏာထားနေတာကို အပျော့ဆွဲလို့ ထင်နေတာလား?"
ပိုင်ကျီဟန်၏ အသံမှာ အေးစက်ကာ ခြိမ်းခြောက်မှုများ ပါဝင်နေသည်။
ဂလု
ပိုင်ကျီဟန်၏ မျက်လုံးများကို ကြည့်ရသည်မှာ သူ ကရုဏာထားနေသည်ဟု ပြောခြင်းမှာ နောက်ပြောင်နေပုံ မရပေ။
မြေကမ္ဘာအင်မော်တယ်သည် မေးရိုးကို တင်းတင်းကြိတ်လေ၏
ကျန်ရှိနေသော လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ဖြောင်း
တိတ်ဆိတ်ခြင်းကြားတွင် ထိုအသံသည် ကျယ်လောင်လှသည်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများသည် သူတို့တစ်သက်တွင် တစ်ခါမျှ မမျှော်လင့်ထားသော မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
အခြားသော အင်မော်တယ်များကလည်း လိုက်ပါလုပ်ဆောင်ကြ၏။
ဖြောင်း ဖြောင်း
ဝင်းအတွင်း၌
ထောင်ပေါင်းများစွာသော လက်များ မြင့်တက်လာ၏
ထို့နောက် ပြန်လည်ကျဆင်းသွားကြသည်။
ထိုအသံမှာ တောင်တန်းများဆီသို့ ပဲ့တင်ထပ်သွားသော မိုးကြိုးသံအလား ဖြစ်လာတော့သည်။
ဖြောင်း ဖြောင်း ဖြောင်း
မျက်နှာများမှာ နီရဲလာပြီး ဖူးယောင်လာကြသည်။
ကျောက်ပြားပေါ်သို့ သွေးများ တတောက်တောက် ကျလာတော့သည်။
ဒူးထောက်နေသော လူအုပ်ကြားတွင် ဝိညာဉ်
ဖွဲ့စည်းခြင်းအဆင့် တပည့်တစ်ဦးမှာ မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။
အချက်တစ်ရာ ဟုတ်လား?
ကောင်းပြီ
ဒါပေမဲ့ ဘယ်လောက်ပြင်းပြင်း ရိုက်ရမယ်လို့ ဘယ်သူမှ မပြောထားဘူးပဲ
သူသည် လက်ကို မြင့်မြင့်မြှောက်လိုက်၏
အသံကတော့ ကျယ်လောင်ပါ၏။
သို့သော် သူ၏ လက်ဖဝါးမှာ ပါးပြင်ကို ခပ်ဖွဖွလေးသာ ထိတွေ့လိုက်ခြင်း ဖြစ်သည်။
ထပ်ပြီး
သူက ခေါင်းကို သိသိသာသာ ယိမ်းပြလိုက်ပြီး ပြင်းပြင်းထန်ထန် ရိုက်လိုက်သည့်အလား ဟန်ဆောင်နေသည်။
တကယ်တော့ သူ ဘာနာကျင်မှုကိုမျှ မခံစားရပေ။
အရေအတွက် ပြည့်သွားရင် ပြီးတာပဲဟု သူ တွေးနေမိသည်။
သခင်လေးက လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဘယ်စောင့်ကြည့်နိုင်ပါ့မလဲ
သူ အတွင်းစိတ်ထဲမှ ပြုံးလိုက်မိသည်။
ထိုစဉ် သူ၏အပေါ်သို့ အရိပ်တစ်ခု ကျရောက်လာ၏။
ထိုတပည့်၏ နှလုံးခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားသည်။
သူ မော့မကြည့်နိုင်မီမှာပင်
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက ပါးကို ဒီလိုပဲ ရိုက်တာလား?"
၎င်းမှာ ကျင်းယွမ်ကျန်းပင်ဖြစ်သည်။သူသည် ပိုင်ကျီဟန်၏ ညွှန်ကြားချက်အရ ဘာလုပ်ရမည်ကို သိထားပြီးသား ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် တပည့်မှာ တောင့်တင်းသွား၏။
ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးချက်တစ်ခုသည် သူ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။
ဝိညာဉ်ချီစွမ်းအင်များ ပါဝင်နေသော အင်အားကြောင့် သူ၏ ဦးခေါင်းသည် လည်ထွက်သွားပြီး အရိုးများ အက်ကွဲကာ သွေးများနှင့် သွားများ ပါးစပ်မှ ပန်းထွက်လာတော့သည်။
သူသည် ဝင်းအတွင်း၌ လိမ့်ထွက်သွားပြီး တိုင်တစ်ခုကို ဝင်တိုက်မိသွား၏။
ခေတ္တမျှ တစ်ဝင်းလုံး အေးခဲသွားသည်။
ကျင်းယွမ်ကျန်းက အေးဆေးစွာ ရှေ့သို့ လှမ်းတက်လာ၏။ သူသည် အခြေတည်ဝိညာဉ်အဆင့်သာ ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ တည်ငြိမ်လှသည်။
"မင်းက ဘယ်လိုရိုက်ရမလဲ မသိဘူးဆိုရင် ငါ ကိုယ်တိုင် သေသေချာချာ ပြပေးမယ်"
သူက သတိတစ်ဝက်လွတ်နေသော ထိုတပည့်ကို ကော်လာမှ ဆွဲမလိုက်သည်။
ထို့နောက်
ရိုက်ချက်တိုင်းတွင် ထူထပ်သော ဝိညာဉ်ချီများ ပါဝင်နေသည်။
ပိုင်မျိုးနွယ်စု၏ ဖိနှိပ်မှုအောက်တွင် ထိုတပည့်မှာ မိမိကိုယ်ကို ကာကွယ်ရန် သူ၏ စွမ်းအားများကို အသုံးမပြုနိုင်ပေ။
သူ၏ မျက်နှာမှာ ပျက်စီးသွား၏
သွေးများ အရှိန်အဟုန်ဖြင့် စီးကျလာသည်။
ဆယ်ချက်မြောက်တွင် သူ၏ သတိမှာ ပျောက်ဆုံးသွားချေသည်။
အချက်နှစ်ဆယ် ရောက်သောအခါ
သူ၏ ကိုယ်ခန္ဓာမှာ ပျော့ခွေသွားတော့သည်။
ကျင်းယွမ်ကျန်းက ထိုအလောင်းကို အမှိုက်သဖွယ် ပစ်ချလိုက်၏။
တိတ်ဆိတ်ခြင်းသည် ဝင်းအတွင်းသို့ ဖိနှိပ်ဝင်ရောက်လာသည်။
စိတ်ထဲတွင် ထိုတပည့်ကဲ့သို့ ခိုးလုပ်ရန် ကြံစည်ထားသူများမှာ ကျောပြင်တွင် ချွေးစေးများ ထွက်လာကြတော့သည်။
ခပ်ဖွဖွလေး ရိုက်နေသော သူတို့၏ လက်များမှာ ချက်ချင်းပင် ပြင်းထန်လာကြတော့သည်။
အရေပြားများ ကွဲအက်ကုန်ကြသည်။
တခြားတစ်ယောက်က ဝိညာဉ်ချီသုံးပြီး အရိုက်ခံရတာထက်စာရင် ကိုယ့်လက်ဖဝါးဖြင့် ကိုယ်နာအောင်ရိုက်တာက ပို၍ သာလွန်ပေလိမ့်မည်။
ထိုမိုးကြိုးသံကဲ့သို့ ရိုက်သံများသည် အရင်ကထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
အင်မော်တယ်များပင်လျှင် သူတို့ကိုယ်သူတို့ အားမနာတမ်း ရိုက်နှက်ကြတော့သည်။
အချက်တစ်ရာ ပြည့်သွားသည့်အခါ
ဝင်းအတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားတော့သည်။
ဖူးယောင်နေသော မျက်နှာများ
ကျိုးပဲ့နေသော သွားများနှင့်
ရွှေရောင်ဝတ်ရုံများပေါ်တွင် စွန်းထင်နေသော သွေးစများ...။
ပိုင်ကျီဟန်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"သူတို့ရဲ့ ကျင့်စဉ်တွေကို ချိပ်ပိတ်လိုက်စမ်း”
ပိုင်မျိုးနွယ်စု အကြီးအကဲများ ချက်ချင်း ရှေ့တိုးလာကြသည်။
သူတို့သည် အလွန် တိကျသေချာသော လှုပ်ရှားမှုများဖြင့် ရန်သူတို့၏ သွေးကြောများကို ပိတ်ဆို့လိုက်ကြရာ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ဝိညာဉ်ချီကို မလည်ပတ်နိုင်တော့ပေ
စွမ်းအားမဲ့စွာ ဒူးထောက်ကျန်ရစ်ခဲ့ကြသည်။
ပိုင်ကျီဟန်က အင်မော်တယ်လေးပါးဘက်သို့ လှည့်လိုက်၏။
"ရတနာတိုက် “
မြေကမ္ဘာအင်မော်တယ်ဘိုးဘေး၏ မျက်နှာမှာ အနည်းငယ် တွန့်ရှုံ့သွားသော်လည်း
"...ဒီဘက်ပါ”
ရှေ့မှ ဦးဆောင်၍ ဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ခေါ်ဆောင်သွားတော့သည်။
ပိုင်ရမ်သည် ပိုင်ကျီဟန်၏ ဘေးမှ စကားတစ်ခွန်းမှ မဆိုဘဲ လိုက်ပါလာသည်။ သူ၏ အာရုံခံစားမှုသည် ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေ၏။
ရန်သူက လက်နက်ချထားသည် ဆိုသော်လည်း အထူးသဖြင့် ပိုင်ကျီဟန်၏ အသက်အန္တရာယ်နှင့် ပတ်သက်လာလျှင် မည်သည့် အန္တရာယ်မှ မရှိစေရန် သတိထားရပေမည်။
သူတို့သည် ဝင်းအထပ်ထပ်နှင့် အတွင်းဆောင်များကို ဖြတ်ကျော်ပြီးနောက် ပင်မတောင်ထိပ်၏ နောက်ကွယ်ရှိ ကျောက်ဆောင်နံရံတွင် မြှုပ်နှံထားသော ကြီးမားလှသည့် ကြေးဝါတံခါးကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ တံခါးမျက်နှာပြင်ပေါ်တွင် ရှေးဟောင်း အစီရင်များ မှိန်ပျပျ တောက်ပနေ၏။ မြေကမ္ဘာအင်မော်တယ်က လက်ကိုမြှောက်၍ ချိပ်ပိတ်တံဆိပ်ပေါ်သို့ ဖိနှိပ်လိုက်၏
အလွှာလိုက် ရှိနေသော တားမြစ်ချက်များသည် ပွင့်ထွက်သွားချေသည်။
တံခါးကြီးမှာ ဟိန်းခနဲ ပွင့်သွားတော့သည်
ထူထပ်လှသော ဝိညာဉ်စွမ်းအင်များ အပြင်ဘက်သို့ တိုးထွက်လာ၏။
အတွင်းဘက်တွင်မူ
အစီအရီ ချိတ်ဆွဲထားသော လက်နက်များ၊ ဓားများ၊ လှံများ၊ ဒိုင်းလွှားများနှင့် ဝတ်ရုံများ။
မြေကမ္ဘာအဆင့် ပစ္စည်းများသည် ဖန်ဗူးများအတွင်း စုပုံနေ၏
ရွှေဒင်္ဂါးများမှာလည်း တောင်ငယ်လေးများသဖွယ် ရှိနေကြသည်။
အဆင့်အတန်းစုံလှသော ဆေးပုလင်းများမှာလည်း အများအပြားပင်။
၎င်းသည် နှစ်ပေါင်းထောင်ချီ၍ စုဆောင်းထားသော အနှစ်သာရများပင် ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်သည် ခေါင်းငုံ့လျက် "ဒါ ကျွန်တော်တို့ဂိုဏ်းရဲ့ ရတနာတိုက်ပါပဲ" ဟု ဆိုသည်။
ပိုင်ကျီဟန်က အေးဆေးစွာ အတွင်းသို့ လှမ်းဝင်လိုက်၏။
သူက အရာအားလုံးကို တစ်ချက်၊ နှစ်ချက် ဝေ့ကြည့်လိုက်သော်လည်း
မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။
ဤနေရာတွင် ရှိသမျှအရာအားလုံးသည် သူ ပိုင်ဆိုင်ထားပြီးသား အရာများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ
ပိုင်မျိုးနွယ်စု၏ ကိုယ်ပိုင်ရတနာတိုက်ကိုလည်း မမီပေ။
ပိုင်ရမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"မြစိမ်းရောင်နေမင်းဂိုဏ်းက ငါထင်ထားတာထက် ပိုဆင်းရဲတာပဲ"
"ဟုတ်တယ်... ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ" ဟု ပိုင်ကျီဟန်ကလည်း ထောက်ခံလိုက်သည်။
ထိုစကားလုံးများသည် ဘိုးဘေး၏ မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ ခံစားရစေသည်။
နှစ်ပေါင်းထောင်ချီ ကြိုးစားစုဆောင်းခဲ့သမျှကို ပိုင်ရမ်က ဆင်းရဲသည်ဟု ဆိုဝံ့သည် မဟုတ်ပါလော
ပိုင်မျိုးနွယ်စုကို မမီသည်မှာ မှန်သော်လည်း ဤပစ္စည်းများမှာ အလွန်များပြားလှပါသည်။
ထိုသို့ အထင်သေးစွာ ပြောဆိုနေသော်လည်း ပိုင်ကျီဟန်က အရာအားလုံးကို သိမ်းယူရန် လှုပ်ရှားလိုက်သည်။ အရာအားလုံးမှာ ပိုင်ကျီဟန်၏ သိုလှောင်လက်စွပ်ထဲသို့ ပျောက်ကွယ် ဝင်ရောက်သွားတော့သည်။
သတ္တုရိုင်းများနှင့် အဆင့်နိမ့်ပစ္စည်းများကိုပင် ချန်မထားခဲ့ပေ။
စက္ကန့်ပိုင်းအတွင်းမှာပင်
ကျယ်ပြောလှသော ရတနာတိုက်ကြီးမှာ ပြောင်သလင်းခါ သွားတော့သည်။
နံရံဗလာများသာ ကျန်ရစ်၏။
မြေကမ္ဘာအင်မော်တယ်သည် မျက်စိများပင် ပြာဝေသွားတော့သည်။
အပိုင်းအစလေးတစ်ခုတောင် မကျန်ခဲ့ပေ။
သူ၏ လက်များသည် ဝတ်ရုံစအတွင်း၌ တုန်ရီနေ၏။ နှစ်ပေါင်းထောင်ချီ၍ မျိုးဆက်အလိုက် စုဆောင်းခဲ့သမျှ၊ အနာဂတ်အတွက် သေသေချာချာ ထိန်းသိမ်းခဲ့သမျှ အရာအားလုံး…ဂိုဏ်းကြီးထွားလာချိန်မှာပင် သူကပ်စေးနှဲပြီး စုခဲ့သမျှ အရာအားလုံးသည် ယခုမူ သူတစ်ပါး အိတ်ထဲသို့ ရောက်သွားလေပြီ။
ဒီလိုဖြစ်မှန်းသိရင် အရင်ကတည်းက အကုန်ဖြုန်းပစ်ခဲ့သည်ဟု သူ နောင်တရမိသွားသည်။
အနည်းဆုံးတော့ တစ်စုံတစ်ယောက်က သူတို့ သမိုင်းကြောင်းတစ်ခုလုံးကို လက်ဖျားတစ်ချက်ခါရုံနဲ့ သိမ်းသွားခြင်းကို ကြည့်နေရတာထက်စာရင် တော်ဦးမည်။
ရတနာတိုက်ကြီးမှာ ဗလာဖြစ်သွား၏
သို့သော်လည်း ပိုင်ကျီဟန်က တံခါးဝတွင် ခေတ္တရပ်နေပြန်သည်။
မြစိမ်းရောင်နေမင်းဂိုဏ်းဘိုးဘေးက ပြီးပြီဟု ထင်မှတ်နေစဉ်မှာပင်
ပိုင်ကျီဟန်၏ အကြည့်က သူ့ဆီသို့ ပြန်ရောက်လာသည်။
"နောက်ထပ် တစ်ခု ကျန်သေးတယ်"
မြေကမ္ဘာအင်မော်တယ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။
"နေမင်းတာအိုအပိုင်းအစ ဘယ်မှာလဲ?"
အင်မော်တယ်လေးပါးစလုံး တောင့်တင်းသွားကြသည်။
မြေကမ္ဘာအင်မော်တယ်က အားယူကာ ပြုံးလိုက်ရင်း "အဲ့ဒါက... ကျွန်တော်တို့ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး အမွေအနှစ်ပါ။ ပိုင်မျိုးနွယ်စုအနေနဲ့ အဲ့ဒါကိုပါ သိမ်းယူဖို့တော့ မရည်ရွယ်လောက်ပါဘူး..."
သူ စကားမဆုံးလိုက်ပေ။
ပိုင်ကျီဟန်က သူ့ကို ကြည့်လိုက်သည်
အကြည့်တစ်ချက်မျှသာ။
သို့သော် ထိုအေးစက်သော မျက်ဝန်းနက်များတွင် လုံးဝဥဿုံ လျစ်လျူရှုမှုများ ပါဝင်နေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းသည် သူ၏ လက်ဝါးအတွင်း၌ ရှိနေပြီဖြစ်သည်။
သူတို့ အသက်ရှင်မလား၊ သေမလား ဆိုသည်မှာ သူ၏ စိတ်အခြေအနေပေါ်တွင်သာ မူတည်နေ၏။
မြေကမ္ဘာအင်မော်တယ်၏ လည်ချောင်းမှာ ခြောက်ကပ်သွားတော့သည်။
"...ဒီဘက်ကို ကြွပါ”
သူသည် ချက်ချင်းပင် လမ်းညွှန်လိုက်ရပြန်သည်။
သူတို့သည် တားမြစ်ထားသော တောင်တန်း၏ အတွင်းပိုင်းဆီသို့ ဆက်လက်သွားကြသည်။
ယခုတစ်ကြိမ်တွင်မူ ပင်မတောင်ထိပ်၏ အောက်ဘက်၊ အနက်ရောင် ဝိညာဉ်ကျောက်သားများဖြင့် ထုဆစ်ထားသော မြေအောက်ခန်းမတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
လမ်းအဆုံးတွင် ကြီးမားလှသော တံခါးကြီးတစ်ခု ရှိနေ၏။
ရတနာတိုက်တံခါးနှင့် မတူဘဲ ဤတံခါးသည် ရှေးဟောင်း အရှိန်အဝါများ ထွက်ပေါ်နေသည်။ အချိန်ကာလထဲတွင် အေးခဲနေသော တောက်ပသည့် နေမင်းကြီးအလား အခင်းအကျင်းများမှာ တံခါးမျက်နှာပြင်ပေါ်တွင် ရောယှက်နေကြသည်။
ရှုပ်ထွေးလှသော သင်္ကေတများမှာ စည်းချက်ကျကျ တုန်ခါနေပြီး ပြင်းထန်သော တာအိုလမ်းစဉ်များကို ထုတ်လွှတ်နေ၏။
အနားသို့ ကပ်သွားရုံနှင့်ပင် လေထုမှာ ပူပြင်းလှသဖြင့် ပုံပျက်ယိုင်နဲ့သွားရသည်။
အင်မော်တယ်နတ်ဘုရားသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်၏
"ဒါကတော့ နေမင်းတာအို အပိုင်းအစ ကို ချိပ်ပိတ်ထားတဲ့ နေရာပါပဲ"
***