ရက်သတ္တပတ် အတော်ကြာသည်အထိ လူအများ၏ ပါးစပ်ဖျားတွင် မြစိမ်းရောင်နေမင်းဂိုဏ်း အကြောင်းပင်ပြောနေကြ၏။
ပိုင်မျိုးနွယ်စု၏ လက်ချက်ဖြင့် မြစိမ်းရောင်နေမင်းဂိုဏ်းကြီး ပျက်သုဉ်းလုနီးပါး ဖြစ်သွားရသည့် သတင်းကို မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
ဂိုဏ်းဘက်မှ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို စကားလုံးလှလှလေးများဖြင့် ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အခြေအနေမှာ အဝေးသို့ ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းအတွင်းရှိ အင်မော်တယ်လေးဦးသည်လည်း အခြေအနေအရပ်ရပ်ကို စုံစမ်းရန် ရောက်ရှိလာကြသော ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များကို ဟန့်တားပယ်ချရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
"ဒါက ငါတို့နဲ့ ပိုင်မျိုးနွယ်စုကြားက နားလည်မှုလွဲတာ သက်သက်ပါပဲ”
"ငါတို့တွေ ပိုင်မျိုးနွယ်စုရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရတာ မဟုတ်ပါဘူး။ မင်းတို့ မြင်တဲ့အတိုင်းပဲ ငါတို့အားလုံး အကောင်းတိုင်းပါပဲ”
သူတို့သည် အင်အားကြီးဂိုဏ်းတစ်ခု၏ ပုံရိပ်ကို ထိန်းသိမ်းရန် အထူးဂရုပြုကာ တည်ငြိမ်သော လေသံများဖြင့် ပြောဆိုခဲ့ကြသည်။
သို့သော် ဟန်ပြသက်သက်မှာ အကန့်အသတ် ရှိပေသည်။
လူအတော်များများက အမှန်တရားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီး ဖြစ်သည့်အပြင် အခြားနည်းဖြင့် ရှင်းပြ၍မရနိုင်သော ဂိုဏ်းချုပ်ကြီး ပျောက်ဆုံးနေမှုမှာလည်း သိသာလွန်းနေသည်။
ဂိုဏ်းချုပ် ဝမ်ဟောင်ယုသည် ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်သည်ဟု မြစိမ်းရောင်နေမင်းဂိုဏ်းက လိမ်ညာရန် ကြိုးပမ်းခဲ့သော်လည်း လူအများက ထိုအချက်ကို အလွယ်တကူ မယုံကြည်ကြပေ။ အကြောင်းမှာ သူသည် မကြာသေးမီကမှ အဆင့်တက်လှမ်းထားခြင်း ဖြစ်ချေ၏၊
ထိုမျှ မြန်မြန်ဆန်ဆန် တံခါးပိတ်ကျင့်ကြံမှု ပြန်ဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ အင်အားကြီးပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းမှုများသည် ဖြစ်ပျက်ခဲ့ပြီးသော အရာများကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဤမျှကြီးမားသော အကျပ်အတည်းဖြစ်နေသည့်တိုင် လီ-ကျောက် မဟာမိတ်အဖွဲ့ ၏ တုံ့ပြန်မှုမှာ မျှော်လင့်မထားလောက်အောင် ထူးဆန်းနေသည်။
သူတို့၏ မဟာမိတ်အဖွဲ့ဝင်တစ်ဦးသည် အမြစ်ပြတ်လုနီးပါး ချေမှုန်းခံရသည် သို့မဟုတ် အနည်းဆုံးတော့ အပြင်းအထန် ဒုက္ခရောက်သွားသည် ဖြစ်သော်လည်း ထိတ်လန့်ကြောက်ရွံ့မည့်အစား စိတ်လှုပ်ရှားမှုများသာ ရှိနေကြသည်။
သူတို့ စိတ်လှုပ်ရှားနေရသည့် အကြောင်းရင်းမှာ မကြာမီမှာပင် ထင်ရှားလာခဲ့သည်။
ပိုင်မျိုးနွယ်စုက မြစိမ်းရောင်နေမင်းဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းမှာ သာဓကတစ်ခု ဖြစ်သွားခဲ့သည်။
ပိုင်မျိုးနွယ်စု၏ အစွမ်းသည် ငြင်းမရလောက်အောင်ပင် အားကောင်းသော်လည်း ထိုအစွမ်းမှာ ဖျက်ဆီးလိုစိတ် လွန်ကဲနေသည်ဟု လူအများက ရှုမြင်လာကြသည်။
သတင်းများ အပြည့်အစုံ ပြန့်နှံ့သွားသည်နှင့်အမျှ အင်ပါယာအတွင်းရှိ တိုးတိုးတိတ်တိတ် ပြောသံများသည် အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပိုင်မျိုးနွယ်စုသည် မောက်မာလွန်းသည်ဟု သမုတ်ခံလာရသည်။
အနိုင်ကျင့်သူဟု အခေါ်ခံရသည်။
ဥပဒေအထက်တွင် ရှိနေသော အင်အားစု
"သူတို့က တခြားဂိုဏ်းတစ်ခုကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ရတာလဲ? အဲဒီဂိုဏ်းက အင်ပါယာကို ကာကွယ်ဖို့အတွက် အများကြီး စတေးခဲ့ရတဲ့ မြစိမ်းရောင်နေမင်းဂိုဏ်း ဖြစ်နေတာတောင်မှလား”
"သူတို့တွေက အင်ပါယာရဲ့ ဥပဒေတွေထက်မှာ ရှိနေကြတာလား? သူတို့ကို တားဆီးမဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား?"
ကုန်သည်များက ပိုင်မျိုးနွယ်စု၏ နယ်ပယ်ကျော်လွန် လုပ်ဆောင်မှုများကို တိုးတိုးတိတ်တိတ် ပြောဆိုကြပြီး ပညာရှိများကလည်း အာဏာနှင့် ကျင့်ဝတ်များအကြောင်း ငြင်းခုံခဲ့ကြသည်။
အချို့က ပိုင်မျိုးနွယ်စုသည် ရဲတင်းလွန်းလာသည်။ ယုံကြည်ချက် လွန်ကဲနေပြီး ကိုယ်ကျင့်တရားကို လျစ်လျူရှုကာ သူတို့၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်နေကြသည်ဟု ဆိုကြသည်။
အခြားသူများကမူ မည်သည့်ဂိုဏ်းပင် ဖြစ်စေကာမူ မည်မျှပင် အင်အားကြီးစေကာမူ ပိုင်မျိုးနွယ်စုကို ဆန့်ကျင်ပါက ဤကဲ့သို့သော ကံကြမ္မာမျိုးကိုပင် ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းကြသည်။
အကယ်၍ သူတို့ကို ယခုပင် မတားဆီးနိုင်ပါက လူတိုင်း ပိုင်မျိုးနွယ်စု၏ ဖိနှိပ်မှုအောက်သို့ ရောက်သွားပေလိမ့်မည်။ မြစိမ်းရောင်နေမင်းဂိုဏ်းမှာမူ သူတို့၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း၊ ပိုင်မျိုးနွယ်စုကို အံတုသူများ ရင်ဆိုင်ရမည့် နောက်ဆက်တွဲရလဒ်၏ ပြယုဂ်တစ်ခု ဖြစ်သွားခဲ့ရသည်။
ပိုင်ကျီဟန်၏ နာမည်မှာလည်း အချို့သော နယ်ပယ်များတွင် နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားလာခဲ့သည်။
သူသည် အခြားနယ်မြေများကို ကျူးကျော်ရန်အတွက် အကြောင်းပြချက်ကောင်း ရရှိစေရန် လူအများကို တမင်တကာ လိမ်ညာခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။
အချို့ကလည်း လီမျိုးနွယ်စုဝင်များသည် မြစိမ်းရောင်နေမင်းဂိုဏ်း၏ တပည့်များဖြစ်နေသည်ဟူသော အချက်ကို အခြေခံ၍ ပိုင်ကျီဟန်က ကျူးကျော်မှုကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
သူတို့သည် ပိုင်မျိုးနွယ်စု၏ ရဲတင်းမှုနှင့် ထိုအရာက ဖြစ်ပေါ်စေသော ကြောက်ရွံ့မှုတို့အပေါ် စိုးရိမ်နေကြသည်။
လူထု၊ တရားရုံးများနှင့် ပြိုင်ဘက်မျိုးနွယ်စုများပင်လျှင် ကောင်းကင်အင်ပါယာ၏ တရားဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်များအားမေးခွန်းထုတ်လာကြတော့သည်။
မျိုးနွယ်စု တစ်စုတည်းက အပြစ်ပေးခံရခြင်းမရှိဘဲ မိမိအလိုရှိသလို လုပ်ဆောင်နိုင်နေသည်မှာ ဖြစ်သင့်ပါသလား?
သူတို့တွင် အင်အားရှိရုံမျှဖြင့် အခြားဂိုဏ်းတစ်ခုကို ဤသို့ ဖြိုဖျက်ပစ်နိုင်သလော?
ပျံ့နှံ့နေသော ကောလာဟလတိုင်းတွင် ဒေါသအငွေ့အသက်များ၊ အံ့သြတုန်လှုပ်မှုများနှင့် ပိုင်မျိုးနွယ်စုသည် မည်မျှအထိ လက်ရဲဇက်ရဲ ရှိနိုင်မည်နည်းဟူသော စိုးရိမ်စိတ်များ ရောပြွမ်းနေသည်။
"တော်ဝင်မိသားစုက ဘာတွေလုပ်နေတာလဲ? ဥပဒေကို ချိုးဖောက်တဲ့ ပိုင်မျိုးနွယ်စုကို အရေးမယူသင့်ဘူးလား?"
"တော်ဝင်မိသားစုကိုယ်တိုင်က ပိုင်မျိုးနွယ်စုကို ကြောက်နေတာ ဖြစ်နိုင်တယ်"
"ဒါ့အပြင် မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ ဘိုးဘေးတွေက ဒါဟာ နားလည်မှုလွဲတာပါလို့ ပြောနေကြတာပဲ။ သတင်းအချက်အလက်တွေက မရေရာဘဲနဲ့ တော်ဝင်မိသားစုက ဘယ်လိုလုပ် ရှေ့ထွက်လာနိုင်ပါ့မလဲ?"
လူအများက ပိုင်မျိုးနွယ်စုသည် မည်သည့်နောက်ဆက်တွဲ ဆိုးကျိုးမှ မရှိဘဲ ဤကိစ္စကို အေးအေးဆေးဆေး ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ထင်မှတ်နေစဉ်မှာပင် တော်ဝင်
မိသားစုသည် ပိုင်ထျန်းဟမ်ကို နန်းတော်သို့ ဆင့်ခေါ်လိုက်လေသည်။
တော်ဝင်နန်းတော်၏ ဆင့်ခေါ်စာသည် အင်ပါယာတစ်ခုလုံးကို တင်းမာမှုလှိုင်းတံပိုးများ ရိုက်ခတ်သွားစေသည်။
ဧကရာဇ်မင်းမြတ်သည် ပိုင်မျိုးနွယ်စုကို စိန်ခေါ်ရန် သတ္တိရှိနေသေးသည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူသည် ပိုင်မျိုးနွယ်စု၏ အစားထိုးမှု ခံရမည်ကို မကြောက်တော့ပြီလော?
ထို့အပြင် အဘယ်ကြောင့် ယခုအချိန်မှ ပိုင်ထျန်းဟမ်ကို နန်းတော်သို့ ဆင့်ခေါ်ရသနည်း?
ရုတ်တရက် ဆင့်ခေါ်ရခြင်း၏ အကြောင်းရင်းမှာ မကြာမီမှာပင် ထင်ရှားလာခဲ့သည် - မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ဟောင်ယုက နှုတ်ဖွင့်ပြောကြားလိုက်ခြင်းကြောင့် ဖြစ်သည်။
အင်မော်တယ်ဘိုးဘေးလေးဦး၏ ဂုဏ်သိက္ခာထိန်းသော ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဝမ်ဟောင်ယုသည် ပျံ့နှံ့နေသော တုန်လှုပ်ဖွယ်ရာ ကောလာဟလအားလုံးမှာ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ပိုင်မျိုးနွယ်စုသည် မြစိမ်းရောင်နေမင်းဂိုဏ်းကို ကျူးကျော်ခဲ့ကြောင်း သူက အတိအလင်း ပြောကြားခဲ့သည်။
ဂိုဏ်းဝင်တပည့်များကို ဓားစာခံအဖြစ် ဖမ်းဆီးထား၏
ဂိုဏ်း၏ အကြီးအကဲများ သတ်ဖြတ်ခံလိုက်ရ၏
ဘိုးဘေးများက လူသိရှင်ကြား ငြင်းဆိုနေကြသော်လည်း ဂိုဏ်းတစ်ခုလုံးမှာ အမှန်တကယ် ဖိနှိပ်ထိန်းချုပ်ခံလိုက်ရခြင်းပင် ဖြစ်၏။
သူ၏ စကားများသည် ဓားတစ်လက်ကဲ့သို့ ငြင်းဆိုချက်များကို ပိုင်းဖြတ်လိုက်သည်။
ဂိုဏ်း၏ သိက္ခာကို ဆယ်ယူရန် ကြိုးပမ်းမှုများ၊ မရှုံးနိမ့်နိုင်သော ပုံရိပ်ကို ထိန်းသိမ်းရန် အားထုတ်မှုများအားလုံးသည် ခဏချင်းမှာပင် အဓိပ္ပာယ်မဲ့သွားခဲ့ရသည်။
မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဘိုးဘေးလေးဦးမှာလည်း ယခုအခါ အားကိုးရာမဲ့ ဖြစ်သွားကြရသည်။
လူအများက ဘိုးဘေးများသည် အမှန်တရားကို ဖုံးကွယ်နေသည်ဟု သံသယရှိခဲ့ကြသော်လည်း
ယခု ဝမ်ဟောင်ယု၏ အတည်ပြုချက်ကြောင့် မည်သည့် သံသယမှ မရှိတော့ပေ။
အဘယ်ကြောင့် ဝမ်ဟောင်ယုက သူ၏ဂိုဏ်းဂုဏ်သိက္ခာကို ထိခိုက်စေမည့် အမှန်တရားကို ထုတ်ဖော်ရသနည်းဟု မသိကြသော်လည်း မည်သူက လိမ်ညာနေသည်ကိုမူ အားလုံးက ကောင်းကောင်း သိမြင်သွားကြပြီ ဖြစ်သည်။
ဝမ်ဟောင်ယုသည် ကောလာဟလများကို အတည်ပြုရုံဖြင့် ရပ်မနေခဲ့ပေ။
သူသည် ပိုင်မျိုးနွယ်စုကို တရားဝင် တိုင်ကြားချက်တင်သွင်းခဲ့သည်။
ကျူးကျော်မှု၊ ဓားစာခံဖမ်းဆီးမှုနှင့် အကြီးအကဲများ သေဆုံးမှုများကို ကိုးကားခဲ့၏
ပိုင်မျိုးနွယ်စုသည် ကောင်းကင်အင်ပါယာ၏ ဥပဒေများကို နင်းခြေကာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင် တရားဝင် တိုင်ကြားလာပြီဖြစ်ရာ တော်ဝင်မိသားစုအနေဖြင့်လည်း အမှန်တရားကို စုံစမ်းစစ်ဆေးရန်နှင့် ဤကြီးလေးသော ရာဇဝတ်မှုကို ကျူးလွန်သူများအား အပြစ်ပေးရန် တာဝန်ရှိလာတော့သည်။
သို့ဖြစ်ပါ၍ ပိုင်ထျန်းဟမ်သည် နန်းတော်သို့ ဆင့်ခေါ်ခြင်းခံရပြီး သူသည်လည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံကာ တက်ရောက်ခဲ့လေသည်။
***