သီရှီထျန်မသိသည်မှာ ကျားမျိုးနွယ်၏ အသံသုံးသံလျှို့ဝှက်နည်းလမ်းတွင် ပထမအသံသည် တစ်စုံတစ်ယောက်၏ စွမ်းအင်အရင်းအမြစ်နှင့် သူ့ကိုယ်ပိုင်မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် ရည်ရွယ်သည်။
ယင်းက မဟာနတ်ဘုရားပန်ဂု သူ၏ ကောင်းကင်ခွဲနတ်ပုဆိန်ဖြင့် ဗလာနတ္ထိဟင်းလင်းပြင်အား ခုတ်ပိုင်းကာ မိုးမြေကို ဖန်တီးခဲ့ခြင်းနှင့် ဆင်တူသည်။ သို့သော်လည်း ထိုသို့အခြေအနေမျိုးမှာ မိစ္ဆာစံအိမ်သည် အစောပိုင်းအသွင်သဏ္ဍာန်ဖြင့်သာ ရှိနေလိမ့်မည်။ ယင်းက မိစ္ဆာစံအိမ်၏ အားအနည်းဆုံးအချိန် ဖြစ်သည်။
အကယ်၍ မည်သည့်ထူးခြားမှုမှ မဖြစ်ပေါ်လာလျှင် အသစ်ဖွဲ့စည်းခဲ့သော မိစ္ဆာစံအိမ်သည် ဘေးပတ်ဝန်းကျင်မှ ဖိအားကြောင့် ဖျက်ဆီးခံရလိမ့်မည်။ ထို့ကြောင့် ဒုတိယမြောက်အသံရှိလာခြင်း ဖြစ်သည်။
ဒုတိယမြောက်အသံ၏ ရည်ရွယ်ချက်က ပျက်စီးလွယ်သော မိစ္ဆာစံအိမ်ကို မြန်ဆန်စွာ အခြေခိုင်မာလာစေပြီး သန်စွမ်းစေရန် ဖြစ်သည်။ သို့မှသာ ယင်းက စစ်မှန်သော မိစ္ဆာစံအိမ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
အမှန်မှာ ဒုတိယမြောက်အသံ ပဲ့တင်ထပ်သွားပြီးလျှင် မိစ္ဆာစံအိမ်က အမှန်တကယ် ဖွဲ့စည်းသွားလိမ့်မည်။ တတိယမြောက်အသံ မထွက်ပေါ်လာလျှင်ပင် မည်သည့်မတော်တဆမှုမှမဖြစ်သရွေ့ မိစ္ဆာစံအိမ်က ဖျက်ဆီးခံရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မိစ္ဆာစံအိမ်ကို အသံနှစ်သံတည်းဖြင့် ဖွင့်လှစ်နိုင်ပေသည်။
သို့သော်လည်း ကျားမျိုးနွယ်၏ မိစ္ဆာစံအိမ်ဖွင့်လှစ်သော အထူးလျှို့ဝှက်နည်းလမ်းတွင် အသံသုံးသံပါဝင်သည်။ ယင်း၏ နောက်ကွယ်မှာ သေချာပေါက် အကြောင်းအရင်းတစ်ခု ရှိရမည်။ ယင်းကို သီရှီထျန်က ရှင်းလင်းစွာ နားမလည်ထားပေ။
ဆန်းကြယ်သော အသံနှစ်သံကို ဆက်တိုက် ထုတ်လွှတ်ပြီးနောက် သူ၏ ဝိညာဉ်ထံမှ အလွန်ပြင်းထန်သော နာကျင်မှုကို စက်ကရာခံစားမိသွားသည်။ စွမ်းအားအများကြီး ကုန်ဆုံးသွားသောကြောင့် ပင်ပန်းနွမ်းနယ်မှုကို သူခံစားမိလာသည်။ ဤအခိုက်အတန့်မှာ သူက မည်သည့်အရာကိုမှ မတွေးချင်တော့ပေ။ သူက နှစ်ချိုက်စွာ အိပ်စက်အနားယူချင်နေသည်။ သူက မည်သည့်အရာကိုမှ မတွေးဘဲ အိပ်စက်ချင်သည်။ သို့သော်လည်း သူ၏ သန်စွမ်းသော စိတ်ခွန်အားက ယင်းကို လက်မခံရန် တိုက်တွန်းနေသည်။
“ မဖြစ်ဘူး… ငါအိပ်ပျော်လို့ မဖြစ်ဘူး… တတိယမြောက်အသံကို ငါမထုတ်လွှတ်ရသေးဘူး… ဒီတစ်ကြိမ် ငါကျရှုံးသွားရင် နောက်တစ်ကြိမ် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ဖို့ ကြိုးစားတဲ့အခါ အများကြီး ပိုခက်ခဲသွားလိမ့်မယ်… အဲ့ဒါကို ငါ့တစ်ဘဝလုံး မဖွင့်လှစ်နိုင်တော့မှာ စိုးရိမ်ရတယ်… ငါအရှုံးမပေးနိုင်ဘူး… တတိယမြောက်အသံကို ငါထုတ်လွှတ်ရမယ် ”
သီရှီထျန်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် နှစ်ချိုက်စွာ အိပ်စက်ချင်နေသော်လည်း သူ၏ သန်စွမ်းသော စိတ်ခွန်အားကြောင့် အသိစိတ်က အနည်းငယ် ပြန်ရှင်းလင်းသွားသည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် သူကျရှုံးသွားလျှင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအကျိုးဆက်များကို သူစဉ်းစားမိသည်။ အဆိုးဝါးဆုံး အကျိုးဆက်က ဤဘဝတွင် မည်သည့်အခါမှ သူမိစ္ဆာဖြစ်လာနိုင်တော့မည် မဟုတ်ချေ။
မိစ္ဆာလမ်းစဉ်ကို သူစတင်လျှောက်လှမ်းခဲ့သည့်အချိန်မှစ၍ မိစ္ဆာစွမ်းအားကို သူလိုချင်တောင့်တခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး သာမန်ကျားတစ်ကောင်အဖြစ် ဆက်နေသွားရန် သူဆန္ဒမရှိပေ။ သူက တခြားသားရဲများနည်းတူ ပုန်းလျှိုးကွယ်လျှိုးဘဝဖြင့် မရှင်သန်ချင်ပေ။ ထို့ကြောင့် ကြီးမြတ်သော စွမ်းအားကို သူပိုင်ဆိုင်ချင်သည်။ ယင်းက မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်ကို ကယ်တင်ရန်အတွက်သာ မဟုတ်ပေ။ ယင်းက အစသာ ဖြစ်သည်။
တစ်နေ့မှာ သူက မိစ္ဆာကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ တတ်လှမ်းသွားနိုင်ရန် မျှော်လင့်နေသည်။ ကျင့်ကြံခြင်း၏ အကန့်အသတ်မှာ သူက မည်မျှသန်မာလာမည်နည်း သိချင်သည်။ စွမ်းအားအကန့်အသတ်ကို သူရှာဖွေချင်သည်။
မိစ္ဆာစံအိမ်… ။
ယင်းက အထွတ်အထိပ်ဆီသို့ သူသွားမည့် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ အကယ်၍ သူက ထိုပထမခြေလှမ်းကိုပင် မလှမ်းနိုင်လျှင် အနာဂတ်အကြောင်း မည်သို့ဆက်ပြောနိုင်မည်နည်း။
သို့သော် စိတ်ခွန်အားသည် စိတ်ခွန်အားမျှသာ ဖြစ်၏။ ယင်းက အရာအားလုံးကို ကိုယ်စားမပြုပေ။ တစ်စုံတစ်ယောက်၏ စိတ်ပင်ပန်းနွမ်းလျမှုကို ရိုးရှင်းသော ဆန္ဒတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ပေ။ နည်းနည်းလေး စိတ်ယိမ်းယိုင်သွားလျှင်ပင် သူက ပုံရိပ်ယောင်ထဲမှာ ထပ်မံ နစ်မြုပ်သွားလိမ့်မည်။ သို့သော်လည်း သူက နှလုံးသားထဲမှာ ခေါင်းမာစွာ အော်ဟစ်နေဆဲပင်။ “ အရှုံးမပေးဘူး ”ဟူသော စကားက သူ၏ စိတ်ထဲမှာ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်နေသည်။
ကံမကောင်းစွာပင် သူက အလွန်ပင်ပန်းနွမ်းနယ်နေသည်။ သူ၏ စွမ်းရည်အရ ဒုတိယမြောက်အသံက သူ၏ လုပ်နိုင်စွမ်းအကန့်အသတ် ဖြစ်သည်။
သူ၏ အသိစိတ်က ပုံရိပ်ယောင်ထဲမှာ တဖြည်းဖြည်း နစ်မြုပ်သွားသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သီရှီထျန် စမ်းသပ်ကြည့်ရန် ထုတ်ယူခဲ့သော ပစ္စည်းက အံ့ဖွယ်အကျိုးသက်ရောက်မှုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ယခုကဲ့သို့ အရေးကြီးအချိန်မှာ သက်ဝင်လှုပ်ရှားလာသည်။
စက်ကရာ၏ အောက်မှာ တိတ်တဆိတ် လဲလျောင်းနေသော အဖြူရောင်ကျောက်စိမ်းသန္ဓေသားသည် သူ့နှလုံးသားထဲမှ ဆန္ဒမရှိမှုကို ကြားသွားဟန် ရ၏။ သူ၏ ခေါင်းမာမှုက ကျောက်စိမ်းသန္ဓေသားထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို လှုံ့ဆော်လိုက်သည်။
အဖြူရောင်ကျောက်စိမ်းအလင်းသည် အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေသဖွယ် ပျံ့ပွားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မည်းမှောင်နေသော လှိုဏ်ဂူက နေ့အချိန်ကဲ့သို့ လင်းထိန်သွားသည်။ လှိုဏ်ဂူထဲမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။ ကျောက်စိမ်းအလင်းသည် သိမ်မွေ့ညင်သာသည်။ အလင်းရောင်၏ ဖုံးလွှမ်းမှုအောက်မှာ ကျောက်စိမ်းသန္ဓေသားက အံ့ဖွယ်ထူးခြားပုံပေါ်လာသည်။
သို့သော်လည်း ကျောက်စိမ်းအလင်းသည် လှိုဏ်ဂူထဲမှာ အချိန်ကြာကြာ တည်ရှိမနေပေ။ စက္ကန့်ပိုင်းမျှ ကြာမြင့်ပြီးနောက် ကျောက်စိမ်းအလင်းက မြန်ဆန်စွာ ပြန်ဆုတ်သွားသည်။ နောက်အခိုက်အတန့်မှာ ကျောက်စိမ်းအလင်းက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်က တခြားမည်သည့်နေရာကိုမှ မသွားပေ။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် နှလုံးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သန်စွမ်းကြံ့ခိုင်သော နှလုံးသည် မရပ်မနား ခုန်မြည်နေသည်။ သို့သော်လည်း နှလုံးခုန်သံ၏ စည်းချက်သည် ယခင်ကထက် အများကြီး ပိုပြင်းထန်လာသည်။ အပေါ်ယံတွင် မီးခိုးရောင်အငွေ့များ ရှိနေသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သည် နှလုံးအရှေ့မှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မိစ္ဆာစွမ်းအားနှင့် မိုးမြေဝိညာဉ်စွမ်းအားကဲ့သို့ တစ်လုပ်တည်း ဝါးမျိုခံလိုက်ရသည်။
အသစ်ဖွင့်လှစ်ထားသော မိစ္ဆာစံအိမ်ထဲတွင် အဖြူရောင်ကျောက်စိမ်းအလင်းက လေထဲမှာ ထွက်ပေါ်လာသည်။ အဖြူရောင်ကျောက်စိမ်းအလင်းသည် မိစ္ဆာစံအိမ်၏ ဘေးပတ်ဝန်းကျင်မှာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေသည်။ တစ်ခဏကြာပြီးနောက် ယင်းက မိစ္ဆာစံအိမ်၏ အလယ်မှာ ရပ်နေသော သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။
“ အမ် ”
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်က သူနှင့်ပေါင်းစပ်သွားသည့်အခါ မူလက ပင်ပန်းနွမ်းနယ်မှုက ချက်ချင်း ပျောက်ကွယ်သွားကြောင်း သီရှီထျန် ခံစားမိသွားသည်။ ရွှင်လန်းတတ်ကြွမှုက ရုတ်တရက် ပြန်ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးက ချက်ချင်း လန်းဆန်းသွားသည်။ ဆန်းကြယ်သော အသံကို ထုတ်လွှတ်ရာမှ ဖြစ်ပေါ်လာသော ဝိညာဉ်တုန်ခါမှုက ဖြည်းဖြည်းချင်း ပြန်ငြိမ်သက်သွားသည်။ နာကျင်မှုသည်လည်း သက်သာလျော့ပါးသွားသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားက အပြည့်အဝ ပြန်အားပြည့်သွားသည်။ ယခု သူ၏ အခြေအနေက ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိနေသည်။ ယခု သူက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူက စိတ်ဓာတ်ကျနေရာမှ စိတ်ဓာတ်ပြန်တတ်ကြွသွားသည်။ သူ၏ စိတ်အခြေအနေက အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။
“ အဲ့ဒါ ကျောက်စိမ်းသန္ဓေသား… အဲ့ဒါ ကျောက်စိမ်းသန္ဓေသားပဲ… စောစောက ငါလုပ်ခဲ့တဲ့ ပြင်ဆင်မှုက တကယ်အကျိုးသက်ရောက်မှုရှိတာပဲ... ကျောက်စိမ်းသန္ဓေသားကို ကြိုပြင်ဆင်ခဲ့တာ ကံကောင်းတာပဲ… မဟုတ်ရင် တတိယမြောက်အသံကို ထုတ်လွှတ်ဖို့ ငါ့မှာ စွမ်းအားအလုံအလောက်ရှိမှာ မဟုတ်ဘူး ”
သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးသည် မူလက အရောင်မှေးမှိန်နေရာမှ ပြန်လည်ထွန်းလင်းလာသည်။ ယင်းက ခရမ်းရောင်မီးတောက်တစ်ခုနှယ် တအိအိလှုပ်ယမ်းနေသည်။ သားရဲဘုရင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြည့်လျှံနေသည်။ သူက နောက်ထပ် စဉ်းစားမနေဘဲ တတိယမြောက် ဆန်းကြယ်အသံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
“ ဝေါင်း ”
တတိယမြောက်အသံကို သူ၏ ပါးစပ်မှ ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆန်းကြယ်အသံသုံးသံသည် လက်ရှိ သူ၏ စွမ်းရည်ဖြင့် ထိန်းချုပ်နိုင်သောအရာမဟုတ်ပေ။ သူက ယခုထက် ဆယ်ဆပိုပြီးသန်မာလျှင်ပင် ဆန်းကြယ်အသံသုံးသံကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို အသံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟုပင် မဆိုနိုင်ပေ။ ယင်းက သူ့ဝိညာဉ်၏ တုန်ခါမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အလွန်ပြင်းထန်သော နာကျင်မှုက ထပ်မံ ထွက်ပေါ်လာသည်။ အရှေ့နှစ်ခေါက်နှင့် နှိုင်းယှဉ်လျှင် ယင်းက အဆပေါင်းများစွာ ပိုပြင်းထန်သည်။ ဖော်မပြနိုင်သော နာကျင်မှုက ထွက်ပေါ်လာသည်။ ယင်းက အလွန်ပြင်းထန်လေရာ စိတ်ခွန်အားမသန်မာသော လူဆိုလျှင် နေရာမှာတင် ရူးသွပ်သွားနိုင်၏။
စိတ်ခွန်အား အလွန်သန်စွမ်းသော စက်ကရာသည်ပင် အံတင်းတင်းကြိတ်၍ နာကျင်မှုကို တောင့်ခံနေရသည်။
တတိယမြောက် ဆန်းကြယ်အသံ ပဲ့တင်ထပ်သွားသည့်အခါ ကြီးမားသော အပြောင်းအလဲတစ်ခုက မိစ္ဆာစံအိမ်ထဲမှာ ထွက်ပေါ်လာသည်။ မိစ္ဆာစံအိမ်သည် ရုတ်တရက် အရွယ်အစားကြီးမားလာပြီး အပြင်ဘက်သို့ မြန်ဆန်စွာ ကျယ်ပြန့်သွားသည်။ ထို့နောက် ဖျက်ဆီးခံလိုက်ရသော မီးခိုးရောင်နယ်မြေက မိစ္ဆာစံအိမ်၏ ပိုင်နက်ဖြစ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာစံအိမ်က မူလထက် ဆယ်ဆပိုကြီးမားသွားသည်။
မိစ္ဆာစံအိမ်၏ ကြီးမားလာမှုက အကန့်အသတ်မရှိခြင်း မဟုတ်ပေ။ မူလထက် ဆယ်ဆပိုကြီးမားသွားပြီးနောက် ယင်းက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် မိစ္ဆာစံအိမ်သည် အံ့ဖွယ်ကောင်းသော စုပ်အားကို ထုတ်လွှတ်လိုက်သည်။ ထိုစုပ်အားအောက်မှာ ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအင်က အဆက်မပြတ် တုန်ယင်သွားသည်။ ယင်းတို့က လုံးဝ မခုခံနိုင်ဘဲ မိစ္ဆာစံအိမ်ထဲသို့ မြန်ဆန်စွာ စုပ်သွင်းခံလိုက်ကြရသည်။
မီးခိုးရောင်မူလစွမ်းအင်သည် မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့် မပျံ့နှံ့သွားပေ။ ယင်းက မိစ္ဆာစံအိမ်နှင့်လည်း မပေါင်းစပ်သွားပေ။ ယင်းအစား မူလစွမ်းအင်သည် မိစ္ဆာစံအိမ်၏ အလယ်ဗဟိုမှာ အမြန်စုဝေးသွားသည်။ ပမာဏများပြားသော မူလစွမ်းအင်က အတူတကွ စုဝေးသွားသည့်အခါ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ဝဲကတော့သည် မြန်ဆန်စွာ လှည့်ပတ်နေပြီး မူလစွမ်းအင်ကို ဝဲကတော့ထဲသို့ အဆက်မပြတ် စုပ်သွင်းနေသည်။
“ ဘာဖြစ်နေတာလဲ… သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ငါရှာတွေ့ခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ ဒီလိုအဖြစ်အပျက် မပါဝင်ပါဘူး… ငါ့ရဲ့ မိစ္ဆာစံအိမ်က ဘာဖြစ်နေတာလဲ ”
သူ့အရှေ့မှ အံ့ဖွယ်မြင်ကွင်းကို သီရှီထျန်မြင်သောအခါ သူက အံ့ဩသွားသည်။ သူ၏ သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ထိုသို့မှတ်တမ်း မပါဝင်ပေ။ သို့သော်လည်း သူက တစ်ခဏမျှသာ အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက ကောင်းမွန်သော ကိစ္စဖြစ်ကြောင်း သူသိလိုက်သည်။
အသံက ဆက်ပြီး ပဲ့တင်ထပ်နေဆဲပင်။
ဝိညာဉ်တုန်ခါမှုသည် စွမ်းအားအများကြီးကို ကုန်ဆုံးစေသည်။ သို့သော်လည်း ကျောက်စိမ်းသန္ဓေသားကြောင့် အစောနက သူကုန်ခမ်းသွားခဲ့သော စွမ်းအားက အပြည့်အဝ ပြန်ဖြည့်တင်းသွားသည်။
ထို့ပြင် အသံပဲ့တင်ထပ်နေသရွေ့ မိစ္ဆာစံအိမ်၏ အပြင်ဘက်မှ မူလစွမ်းအင်က အထဲသို့ စုပ်သွင်းခံလိုက်ရပြီး ဝဲကတော့တစ်ခုအဖြစ် မြန်ဆန်စွာ လှည့်ပတ်သွားကြောင်း သူသတိထားမိသွားသည်။
ငတုံးတစ်ယောက်သည်ပင် ဆန်းကြယ်အသံက အချိန်ကြာကြာ ပဲ့တင်ထပ်နေလေ သူ့အတွက် အကျိုးပိုရှိလေဖြစ်ကြောင်း သိနိုင်ပေသည်။ ဤသို့အခွင့်အရေးကောင်းကို အမိအရမဖမ်းဆုပ်လျှင် သူက တကယ့်ငတုံး ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ တတိယမြောက် ဆန်းကြယ်အသံကို အချိန်ကြာကြာ ထုတ်လွှတ်နိုင်စေရန် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်သည်။
မိစ္ဆာစံအိမ်သည် သူ၏ နှလုံးထဲမှာ တည်ရှိသည်။ မူလစွမ်းအင်သည် အကန့်အသတ်မဲ့စွာ တည်ရှိနေခြင်းမဟုတ်ပေ။ ယင်း၏ တစ်စိတ်တစ်ပိုင်းက မိစ္ဆာစံအိမ်ဖွင့်လှစ်ရန် အသုံးပြုခြင်းခံလိုက်ရသည်။ ယခု ဆန်းကြယ်အသံ၏ ပဲ့တင်ထပ်မှုအောက်မှာ ကျန်ရှိသော မူလစွမ်းအင်က မိစ္ဆာစံအိမ်ထဲသို့ မြန်ဆန်စွာ စုပ်သွင်းခံလိုက်ရသည်။ အချိန်တစ်ခဏကြာပြီးနောက် မိစ္ဆာစံအိမ်၏ အပြင်ဘက်မှ မူလစွမ်းအင်သည် မိစ္ဆာစံအိမ်ထဲသို့ အကုန်အစင် စုပ်သွင်းခံလိုက်ရသည်။
ဤအခိုက်အတန့်မှာ မိစ္ဆာစံအိမ်၏ အလယ်ဗဟိုမှ မီးခိုးရောင်ဝဲကတော့သည် အံ့ဖွယ်ကောင်းသော အလျင်ဖြင့် မြန်ဆန်စွာ လှည့်ပတ်နေသည်။ မူလစွမ်းအင်သည် အစတွင် အငွေ့သာ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ယင်းက ဝဲကတော့၏ လှည့်ပတ်မှုအောက်မှာ အရည်ဘောလုံးအဖြစ် အမှန်တကယ် ဖွဲ့စည်းသွားသည်။ ထို့ပြင် ဝဲကတော့၏ လှည့်ပတ်မှုအမြန်နှုန်းက လုံးဝ မလျော့ကျသွားပေ။ ယင်းအစား ဝဲကတော့က ပိုပြီးမြန်ဆန်စွာ လှည့်ပတ်သွားနေသည်။
အားကောင်းသော လှိုဏ်းဂယက်များက ဝဲကတော့ထံမှ အဆက်မပြတ် ထွက်ပေါ်လာသည်။
“ မကောင်းတော့ဘူး ”
ယင်းကို သီရှီထျန်မြင်သောအခါ သူက ထိတ်လန့်ချောက်ချားသွားပြီး တိတ်တဆိတ် အော်လိုက်သည်။ ဝဲကတော့သည် မရပ်တန့်နိုင်ပေ။ အကယ်၍ ယင်းက ရုတ်တရက် ပေါက်ကွဲသွားမည်ဆိုလျှင် ယင်းထဲမှာ ကိန်းအောင်းနေသော အံ့ဖွယ်စွမ်းအားက သူ၏ မိစ္ဆာစံအိမ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။
***