"ဘာလို့ ငါလဲ။ "
ဆာဆာကီ ရော့စ်စူကဲက ဒေါသတကြီး ပြန်မေးသည်။ သူက နားမလည်နိုင်အောင် ဖြစ်နေသည်။
" ဒီအတိုင်း မင်းကို သဘောမကျလို့။ "
လော့မင်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
ဟုတ်သည်။ သူသည် ဆာဆာကီ ရော့စ်စူကဲဆိုတဲ့ ကောင်ကို သဘောမကျပါ။ ဒီဆာဆာကီ ရော့စ်စူကဲဆိုတဲ့ကောင်က ထောင်လွှားလွန်းပြီး သူ့ကိုယ်သူ ထောင်လွှားခြင်း ဘုရင်လို့တောင် ထင်နေတဲ့ပုံပဲ။ ဘယ်သူကမှ သူ့ကို ကြိုက်မှာ မဟုတ်ဘူး။
"နယ်သာလောက သွေးမီးတောက်။ "
ဘုန်း။
လော့မင်က လက်ကို တစ်ချက်ယမ်းလိုက်ချိန်တွင် သွေးနီရောင် မီးတောက်များက သူ့ကို လွှမ်းခြုံသွားပြီး ဆာဆာကီ ရော့စ်စူကဲထံသို့ အရှိန်အဟုန်နဲ့ ပြေးဝင်သွားသည်။ ထိုမီးတောက်များက ဝိုင်းပတ်ပစ်လိုက်သည်မှာ သူတို့နှစ်ယောက်ကို သီးသန့်စက်ဝိုင်းတစ်ခုအဖြစ် ပိုင်းခြားလိုက်သလိုမျိုး ဖြစ်သွားသည်။
"အခု ရှောင်နိုင်မယ် ထင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် မြန်တယ် ထင်နေတာ မဟုတ်လား။ ဒါဆိုရင် ရှောင်ကြည့်လေ။ "
သူက ပြောလိုက်သည်။
ဒုက္ခိတဘုရင်ရဲ့ အာဏာရှင် ပုဂ္ဂိုလ် အသက်သွေး။
"ကောင်းကင် ဝါးမြိုခြင်း နတ်လှံတံ။ "
စစ် စစ် စစ် စစ် စစ်...။
လော့မင်က ကောင်းကင် ဝါးမြိုခြင်း လှံတံကို ယမ်းလိုက်သည့် အချိန်တွင် သွေးနီရောင် အလင်းတန်းက လေဆာမီးတန်း ထိုးလိုက်သကဲ့သို့ 360 ဒီဂရီ အပြည့် မမြင်ရသော နေရာမရှိလောက်အောင် ထိန်လင်းတောက်ပသွားစေသည်။
"သေစမ်း။ "
ဆာဆာကီ ရော့စ်စူကဲက ဒေါသထွက်သွားသည်။ လော့မင်၏ အကွက်က သူ၏ မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် လျှင်မြန်သည်ဆိုသော အားသာချက်ကို ကန့်သတ်ချုပ်ခြယ်ပစ်လိုက်ခြင်း ဖြစ်သည်။
"သူ တကယ်ပဲ ထိပ်ဆုံးဆယ်ယောက်ထဲ မဝင်နိုင်တော့ဘူးလား။ "
သူက ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်လာသည်။
"လော့မင်။ "
ဆာဆာကီ ရော့စ်စူကဲသည် ခုခံမှုကို လက်လျှော့လိုက်ပြီး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ တိုက်ခိုက်ခြင်းကသာ အကောင်းဆုံး ခုခံမှုဖြစ်သည်။
ဝီး ဝီး ဝီး ဝီး ဝီး...။
သူသည် တစ်ဖက်မှ သူ့ကို တိုက်ရိုက်ထိုးလာသည့် သွေးနီရောင် အလင်းတန်းကို ရှောင်လိုက်သည့်အချိန်တွင် ခရမ်းရောင် အရိပ်နှစ်ခုက ကြက်ခြေခတ် လျှပ်တပြက် ပေါ်လာသကဲ့သို့ နှစ်ဖက်မှ ပိတ်ကာ ဝင်ရောက်ပြီး လော့မင်ကို ဝိုင်းလိုက်သည်။
"သွားသေတော့။ "
သူက လက်ထဲမှ ဓားနှစ်လက်ကို ကြက်ခြေခတ် ကိုင်ထားသည်။
"အနက်ရောင် ကာကွယ်ခြင်း။ "
ရပြီ။ လော့မင်၊ ဒါက မင်းရဲ့ ထောင်လွှားတဲ့ အကျိုးဆက်ပဲ။
အနက်ရောင် အမွှာ ဓားနှစ်လက်က လော့မင်၏ လည်မျိုးကို ထိုးဖောက်သွားသည့် အခိုက်အတန့်တွင် ဆာဆာကီ ရော့စ်စူကဲ မြေပြင်ပေါ်၌ အမောတကော ဒူးထောက်ချရင်း အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ဒီတစ်ခေါက်တွင် သူဟာ လော့မင်ကို နိုင်သွားလေပြီ။
"ဟား... လော့မင် ရှုံးသွားပြီ။ အား... မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ထောင်လွှားတဲ့ ရလဒ်ပေါ့။ လော့မင်က အငိုက်မိသွားတာ။ "
"ဘုရားရေ... လော့မင်က ထိပ်ဆုံး ဆယ်ယောက်မှာတင် ရပ်သွားတယ်ပေါ့။ အဲ့ဒီဂျပန်က လာတဲ့ ကျောင်းသားက မဆိုးတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ သိက္ခာကျတယ်။ "
"သူ အရင်က အဲ့ဒီလို မထောင်လွှားနေသင့်ဘူးလေ။ တစ်မိနစ်ခွဲကာ လူတစ်ယောက်ကို အနိုင်ယူဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟုတ်တယ်မလား။ ဒီလို ထောင်လွှားနေမှတော့လည်း ခံပေါ့။ လုံးဝကို အရူးဖြစ်သွားတာပဲ။ "
ကြည့်ရှုသူများက အော်ဟစ် ဆဲဆိုကြသည်။ ဒါက သူတို့အတွက် အမှန်တကယ် သိက္ခာကျရခြင်း ဖြစ်သည်။ ယန်ရှားတက္ကသိုလ် အတွက်လည်း သိက္ခာကျပြီး အခြေအနေကို ပိုဆိုးစေသည်မှာ သူတို့ဟာ ဂျပန်ထံတွင် ရှုံးနိမ့်သွားခြင်းဖြစ်သည်။
သို့ရာတွင် စင်ပေါ်မှ လူများက မလှုပ်ကြပေ။ အကြောင်းမူကား သူတို့သည် တစ်စုံတစ်ရာ မှားယွင်းနေမှန်း သိလိုက်ကြရ၍ ဖြစ်သည်။
တက် တက် တက် တက်...။
နယ်သာလောက သွေးမီးတောက်၏ ယမ်းခါနေသော မီးညွှန့်များကြားမှ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ထွက်လာသည်။
" မဆိုးပါဘူး။ ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို နိုင်လိုက်တာပဲ။ "
တစ်ချက်တည်းနှင့် လည်မျိုးအထိုးခံရသော လော့မင်က အနီရောင် အလင်းအဖြစ် ပျောက်ကွယ်သွားသည်။
"ဟား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ "
မြေပြင်တွင် ဒူးထောက်နေသော ဆာဆာကီ ရော့စ်စူကဲကလည်း ကြီးမားသော အရိပ်ကြီးက သူ့ကို အုပ်မိုးလာသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ဟာတာတာ ဖြစ်သွားပြီဟု ခံစားလိုက်ရသည်။
လော့မင်၏ အစစ်အမှန် ပုံသဏ္ဌာန်က သူ၏ အရှေ့တွင် ရှိနေသည်။ သူက မလှုပ်ရဲတော့ပေ။ လှုပ်ရှားမှုတိုင်းက လည်စင်းပေးသလို ဖြစ်သွားမည်ကို ကြောက်သွားသည်။
"ဒီခံစားချက်က...။ "
သူက မျက်လုံးပြူးသွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်လာသည်။ အရိပ်က တိုက်ခိုက်တော့မည့် အချိန်တွင် ဆာဆာကီ ရော့စ်စူကဲ၏ အတွင်းစိတ်ထဲမှာ အချက်ပေး ခေါင်းလောင်းသံများ မြည်ဟီးလာသည်။
"ရှောင်။ "
သူက အင်အားများ အားလုံးကို ခြေထောက်ဆီသို့ ပို့၍ ရှောင်ရန် ကြိုးစားသည်။
" ဘယ်သွားမလို့လဲ။ "
ရုတ်တရက် ကြီးမားသော သွေးနီရောင် လက်ကြီးတစ်ဖက်က အနောက်မှ ထွက်လာပြီး ခေါင်းကို လှမ်းကိုင်သည်။
"မိပြီ။ သွေးရင့်မီးတောက် လောင်ကျွမ်းလိုက်တော့။ "
သွေးနီရောင် မီးတောက်မုန်တိုင်းက ချက်ချင်းထွက်ပြီး ဆာဆာကီ ရော့စ်စူကဲကို လွှမ်းခြုံသွားသည်။
" အား။ "
သူက နာကျင်စွာ အော်ဟစ်သည်။ မီးတောက်များက သူ၏ အရာအားလုံးကို ဝါးမြိုသည်။ လွှမ်းမိုးမှု ပြင်းထန်သော စိတ်ပျက်အားငယ်သည့် ခံစားချက်က နှလုံးသား၏ ထောင့်တိုင်းမကျန် ပျံ့နှံ့သည်။ သူ... သူ့ဘဝတစ်ခုလုံး အိပ်မက်ဆိုး ဖြစ်တော့မည် ထင်သည်။
ချွမ်း။
ဓားတိုနှစ်လက်က မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ လော့မင်က ဆာဆာကီ ရော့စ်စူကဲအား အမှိုက်တစ်ခုကဲ့သို့ မြေပြင်ပေါ် ပစ်ချလိုက်သည်။
ဆွတ်။
သူက လေထဲသို့ ခုန်တက်ပြီး ဆာဆာကီ ရော့စ်စူကဲ ရပ်နေခဲ့သော နေရာကို ဝင်ယူလိုက်သည်။
" တစ်မိနစ်ခွဲ ကွက်တိပဲ။ "
လော့မင်သည် မြေပြင်ကို ခြေထောက်ထိလိုက်သည့် အချိန်တွင် ရှားချင်းချန်၏ အသံက ထွက်လာသည်။
"အချိန်ပြည့်ပြီ။ ထိပ်ဆုံးဆယ်ယောက် အဆင့် တိုက်ပွဲ ပြီးပြီ။ "
လူအုပ်ထံမှ အော်ဟစ်အားပေးသံများ ထွက်လာသည်။ ကြည့်ရှုသူများ အားလုံးက မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြသည်။
"တအား လန်းတယ်။ တစ်မိနစ်ခွဲဆို တစ်မိနစ်ခွဲ အတိပဲ။ သူ ဘာလို့ ဒီလောက် လန်းနေရတာလဲ။ "
"ဘုရားရေ... ဘုရားရေ... ဘုရားရေ... ငါ ဘယ်အချိန်မှာများ လော့မင်ရဲ့ အင်အားမျိုးကို ပိုင်ဆိုင်ရမှာလဲ။ "
"ငါ့ရဲ့ နတ်ဘုရား လော့။ ဒါက ဆာဆာကီ ရော့စ်စူကဲနော်။ ဂျပန်ဘက်က ပညာလာသင်တဲ့သူ။ မူလအဆင့် (၉) မှာ ရှိတာ။ အရမ်းကို ထူးချွန်လွန်းတယ်ဆိုပြီး ဂျပန်မှာ နာမည်ကြီးတဲ့သူ။ ဒါကို ငါတို့ရဲ့ လော့ရှန်းက တစ်မိနစ်ခွဲထဲနဲ့ နိုင်သွားတာ။ "
"နောက်ပြီး လော့ရှန်းက အဆင့်မြင့်တဲ့ ပြိုင်ဘက်ကို တိုက်ခိုက်လိုက်တာနော်။ အရမ်းကို တော်တာပဲ။ "
ကျောင်းသားများအားလုံးက လော့မင်ကို လေးစားမှု အပြည့်နှင့် ကြည့်သည်။ ဒီတစ်ခေါက်တွင် သူဟာ အမှန်ပင် ရှိုးပွဲတစ်ခုလုံးကို ခိုးယူသွားခြင်း ဖြစ်သည်။
"သူက တကယ်ကို လေးစားဖို့ကောင်းတယ်။ ငါလည်း သူက ထောင်လွှားတယ်၊ ဒုက္ခရောက်တော့မယ်လို့ ထင်နေတာ။ လက်စသတ်တော့ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ။ "
"နောက်ပြီး သူက ဆာဆာကီ ရော့စ်စူကဲကို အစောပိုင်းထဲက နိုင်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးတစ်စက္ကန့်မှာ အနိုင်ရအောင် ယူသွားတာ။ ဒီလို တိုက်ပွဲတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ အမျိုးအစားက လူနည်းစုလောက်ပဲ လုပ်နိုင်တယ်။ "
ရဲ့ချန်အန်းနှင့် ရန်ဟွမ် နည်းပညာတို့က သူ့ကို ဘာလို့ ဒီလောက်ထိ အလေးထားနေလဲ။ ငါ သိသွားပြီ ထင်တယ်။
ရှောင်ဖျင်အန်းကလည်း ခေါင်းညိတ်သည်။
လော့မင် နှင့် ဆာဆာကီ ရော့စ်စူကဲကြားမှာ ယခုဖြစ်သွားခဲ့သော တိုက်ပွဲသည် ယခင်နှစ်များက ချန်ပီယံရှစ်ပွဲများထက်ပင် စိတ်ဝင်စားစရာ ကောင်းသည်။
"ကောင်းပြီ။ ထိပ်ဆုံးဆယ်ယောက် ပြိုင်ပွဲ အဆုံးသတ်ပြီလို့ ငါ ကြေညာတယ်။ တတိယပွဲက ချန်ပီယံ ရွေးချယ်တဲ့ ပြိုင်ပွဲပဲ။ "
ထိပ်ဆုံးဆယ်ယောက်ကို ရွေးချယ်၍ ပြီးသွားလေပြီ။ ထိုလူများမှာ လော့မင်၊ ရှားချင်းချန်၊ ထန်မော့မော့၊ ကျောင်းယွီယန်၊ ချူချင်းနင်၊ လီထျန်း နှင့် US မှ လာသော သန်မာသော လူမည်း ဂျိုးစ်နှင့် ဂိုလျူယောမှ လာသော လက်ဝှေ့ထိုးပညာရှင် ချန်လီယိုလဲ့တို့ ဖြစ်သည်။
နောက်တစ်ယောက်သည် ဗြိတိန် အင်ပါယာမှ အန်နာ ဟု ခေါ်သော သုံးဆ အဆိပ် ပျားကို နိုးထထားသည့် ကောင်မလေး ဖြစ်သည်။ သူမဟာ အဆိပ်အခြေပြု အထောက်အပံ့ စွမ်းရည်ကို ပိုင်ဆိုင်ထားရုံတင် မဟုတ်ဘဲ ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်ပြီး ကျွမ်းကျင်သော သတ်ဖြတ်သူမျိုး ဖြစ်သည်။ သူမ၏ အင်အားသည် မက်သရူးထက်ပင် အဆပေါင်းများစွာ သာလွန်သည်။ ရှင်းရှင်းလင်းလင်းပဲ သူမက အမြဲတစေ အစစ်အမှန် အင်အားကို ဖုံးကွယ်ထားခဲ့သူ ဖြစ်နေသည်။
နောက်ဆုံးတစ်ယောက်သည် ရှေးဟောင်း ရောမမှ လာသော မြေကမ္ဘာအက်ကွဲခြင်း သံချပ်ကာ သားရဲဆိုသော မွန်းစတားကို နိုးထထားသူ၊ အင်အားကြီးမားလွန်းသည့် မြေသား အခြေပြု ထိန်းချုပ်နိုင်စွမ်းရည် ပိုင်ဆိုင်သော အာဒူး ဖြစ်သည်။
ထိုသို့ဖြင့် ထိပ်ဆုံးဆယ်ယောက်က ပေါ်လာသည်။
"ချန်ပီယံရှစ် တိုက်ပွဲမှာ မင်းတို့ဟာ နောက်ဆုံးဆယ်ယောက်ထဲက ကိုယ့်ကို အနိုင်အဖြစ် လက်ခံနိုင်တဲ့အထိ စိတ်ကြိုက်တိုက်ခိုက်လို့ရတယ်။ " ရှားချင်းချန်က လက်ကို တစ်ချက်ယမ်းသည်။ "ကောင်းပြီ၊ အခု ကြိုက်သလို လုပ်ကြတော့"
ရှောင်ဖျင်အန်းက ထိုသို့သာ ပြောလိုက်ရသေးသည်။ ဗုန်း ခနဲ အသံထွက်လာသည်။ လီထျန်းမှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘဲ စင်ပေါ်မှ ခုန်ဆင်းလာသည်။
" လော့မင်။ "
"စိတ်မရှိပါနဲ့။ လော့မင်က ငါ့ရဲ့ ပြိုင်ဘက်။ "
ဝှစ်။
အနက်ရောင် ပုံရိပ်က သူ၏ လမ်းကို လာပိတ်သည်။ သွေးနီရောင် မျက်ဝန်းခြောက်စုံက အေးစက်သော အလင်းဖြင့် တောက်ပသည်။
"မင်းက ဘာလဲ။ ရှေ့က ဖယ်စမ်း။ ငါ့ရဲ့ လမ်းကို လာပိတ်နေတယ်။ "
လီထျန်းကလည်း အရှေ့မှ ပုံရိပ်ကို အေးစက်စွာ ကြည့်ပြီး အော်သည်။
" SSS အဆင့် နိုးထသူ။ "
"ခြေထောက်တစ်ထောင် အနက်ရောင် ကင်းခြေများ ကျောင်းယွီယန်။ "
"အိုး...။ "
လီထျန်း၏ မျက်လုံးထဲတွင် စနောက်လိုသော အလင်းမျိုးက လက်လာသည်။
"SSS အဆင့် နိုးထသူတဲ့လား။ စိတ်ဝင်စားစရာပဲ။ မင်းက ငါ့လမ်းကို ပိတ်ချင်တာ ဟုတ်လား။ "
သူက လော့မင်ကို လှမ်းကြည့်သည်။
"ကြည့်ရတာ မင်းလည်း အဲ့ဒီကောင်အတွက် သွားချင်တာပဲ။ ကောင်းတယ်။ ဒါဆိုရင် ငါ မင်းကို အရင် ခြေမွလိုက်မယ်။ အဲ့ဒီနောက် ငါ အဲ့ဒီကလေးကို အလဲထိုးမယ်။ ပြီးရင် တစ်ကွင်းလုံးကို ရှင်းလိုက်မယ်။ ပထမနေရာက ငါ့ဟာပဲ။ ဟားဟား။ "
ဝေါင်း။
ဧရာမ သားရဲသုံးကောင်က နေရာတင် ပေါ်လာသည်။ ပုခုံးတစ်ဖက်စီပေါ်တွင် ခေါင်းနှစ်ခေါင်းရှိပြီး နဂါးခေါင်းက ခေါင်းပေါ်မှာ နေ၍ ဟိန်းဟောက်ကာ အလွန်အမင်း မင်းမူနိုင်လွန်းသော အရှိန်အဝါမျိုးကို လွှတ်ထုတ်သည်။
"ကျောင်းယွီယန် ... ကောင်းပြီ။ မင်း အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲခံရချင်တာလား။ "
ဗုန်း။
သူဟာ လက်သည်းများကို ဆန့်ထုတ်၍ ကျောင်းယွီယန်ကို ကုပ်ဆွဲရန် ကြံစည်လေသည်။
ဝီး ဝီး ဝီး...။
ခြေထောက်တစ်ထောင် အနက်ရောင် ကင်းခြေများ၏ ဓားသွားကဲ့သို့ လက်တံများကို ဆန့်ထုတ်ရင်း သူဟာ ရေရွတ်သည်။
"လာစမ်းပါ။ ဒါက ငါ့ရဲ့ ပထမဦးဆုံး တိုက်ပွဲပဲ။ အဲဒါကို မင်း သေချာကြည့်ထား။ "
ထို့နောက် တစ်စက္ကန့်တွင် သူတို့နှစ်ယောက်ဟာ ထိပ်တိုက် ရင်ဆိုင်ကြသည်။
အပိုင်း ၁၁၁ ပြီး၏။
***